အကုန် ပျော်မယ်…ကျုံထော်ဝယ်…

alinsettApril 25, 20151min32733

ခရီးတွေ သွားရတာကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေကို စိတ်လှုပ်ရှားစရာ ခရီးစဉ်တခုနဲ့ မိတ်ဆက်ပေးပါရစေ။
သဘာဝတောတောင် ရေမြေရှုခင်းတွေကို ချစ်ခင်တွယ်တာ မက်မောတတ်တဲ့ခရီးသွားတို့ သွားသင့်ရောက်သင့်တဲ့နေရာ ဖြစ်ပါတယ်။

ကျနော် အခုပြောပြနေတဲ့ ခရီးစဉ်က ကရင်ပြည်နယ် ၊ ဘားအံမြို့ကနေ မြိုင်ကြီးငူဘက်ကို (မိုင် ၅ဝ ကျော်လောက်) ထပ်သွားရင် ရောက်မယ့်
“ကျုံထော်ရေတံခွန်”ပါ။
ဘားအံမြို့ အဝေးပြေး ကားဝင်းနားက လမ်းခွကနေ မြိုင်ကြီးငူဘက်ကို တည့်တည့်မောင်းလာရင် ရောက်ပါတယ်။
လမ်းတလျှောက်မှာ ရာဘာတောကြီးတွေနဲ့ ကျောက်တောင်နံရံကြီးတွေကို ကွေ့ကာဝိုက်ကာ မြင်ရပြီး လတ်ဆက်သင်းပျံ့တဲ့ သဘာဝလေတဟူးဟူးနဲ့
သွားလာရတဲ့ ခရီးစဉ်မို့  ပျော်ရွှင်ကြည်နူးစရာ ကောင်းပါတယ်။

မြင်ရတဲ့ ကျောက်တောင်နံရံကြီးတွေဟာ မှိုင်းညှို့ပြီး ကျောက်သားစိုင် အချွန်အတက်တွေနဲ့ ထီးထီးမားမားကြီးတွေပါ။
ကျောက်တောင်နံရံတွေမှာ ကပ်လျက်ပေါက်နေတဲ့ သစ်ပင်ကြီးတွေကလည်း ပင်စည်ဖြူဖြူတွေ ဖြောင့်တန်း မတ်ထောင်နေတော့ ကြည့်ရတာ…
အိပ်မက်အလား… ဆန်းပြားနေပါတော့တယ်။

လမ်းတဝက်လောက် ကားလမ်းမပေါ်မှာပဲ ရွှေဂွန်းဆိုတဲ့ ရွာကြီးရဲ့ ဒေသရိုးရာ ဈေးကလေးထဲဝင်ပြီး လိုအပ်တဲ့ အစားအသောက်နဲ့
အသုံးအဆောင်လေးတွေ ဝယ်နိုင်ပါတယ်။ အသီးအနှံတွေ ပေါပါတယ်။

လမ်းတလျှောက် ကားလမ်းနံဘေးက ရွာတွေမှာ တွေ့ရသမျှ ဒေသခံ ကရင်လူမျိုးတွေဟာ ဘာသာတရားကို အတော်လေး ကိုင်းရှိုင်းပုံရတဲ့
ဗုဒ္ဓဘာသာဝင်တွေ များပါတယ်။ ဘုန်းကြီးကျောင်းတွေ ၊ စေတီပုထိုးတွေနဲ့ စည်စည်ကားကားပါပဲ။ ဒါပေမဲ့… ဆူညံနေတာမျိုးမဟုတ်ဘဲ အေးချမ်းတည်ငြိမ်စွာ
သွားလာလှုပ်ရှား ပျော်ပါးနေကြတာပါ။

ရွှေဂွန်းရွာ/ ဈေးဟာ သံလွင်မြစ်ကမ်းစပ်ပေါ်မှာ ရှိနေတာကြောင့် သံလွင်မြစ်ရေ စီးသံကိုလည်း ကောင်းကောင်း ကြားနိုင်ပါတယ်။
အဲဒီရွှေဂွန်းရွာရောက်ပြီးရင်တော့ ဟိုဘက်တလျှောက်က ဈေးဆိုင်တွေမှာ ရောင်းချကြတဲ့ လူသုံးကုန်/စားသောက်ကုန်တော်တော်များများဟာ
ထိုင်းနိုင်ငံဘက်က လာတာတွေချည်းလိုလိုပါပဲ။ ကိုကာကိုလာဗူးလို အချိုရည်ဗူးတွေကအစ ကျနော်တို့ ရန်ကုန်မှာ မြင်ရသလို ပုံစံမဟုတ်တော့ဘဲ
ထိုင်းနိုင်ငံထဲမှာ ဖြန့်တဲ့ ဒီဇိုင်းပုံစံတွေကို ပြောင်းလဲနေတာ တွေ့ရပါတယ်။

တချို့ ဒေသခံရွာသားတွေ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး အလုပ်သွားလုပ်နေကြပါတယ်။ ရွာသူားတော်တော်များများဟာ ထိုင်းစကားကို
ထမင်းစားရေသောက် ပြောနိုင်နေပါတယ်။ သီချင်းတောင်မှ ကရင်သီချင်းနဲ့ ထိုင်းသီချင်းကို မျှမျှတတ ကြားရနိုင်ပါတယ်။

မြိုင်ကြီးငူဆရာတော် တည်ရှိရာ မြိုင်ကြီးငူ အထူးဒေသကို ရောက်ရင်တော့ ဖြတ်သွားသမျှ ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးရေးဂိတ်တွေက
စစ်ဆေးပါတယ်။ စစ်ဆေးသူတွေက ပြောက်ကျားဝတ်စုံ ဝတ်ထားတဲ့ ကရင်လူမျိုး လက်နက်ကိုင်တွေပါ။ အဲဒီလမ်းမကြီးတလျှောက်ကို မြိုင်ကြီးငူဆရာတော်နဲ့
DKBA တပ်ဖွဲ့တို့ ပူးပေါင်းပြီး တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။

လက်နက်ကိုင်တပ်သားတွေဟာ ရုတ်တရက် ကြည့်လိုက်ရင် ခပ်တည်တည်ကြီးတွေနဲ့ ခက်ထန်မယ့်ပုံစံပေမဲ့
ရေတံခွန် သွားမလို့ပါလို့ ပြောလိုက်ရင်တော့ ဖော်ရွေစွာနဲ့ သွားပါ သွားပါလို့ ပြောတတ်ပါတယ်။

သူတို့ဟာ ရေတံခွန်ကို အလည်အပတ်သွားမယ့်သူနဲ့ ရန်သူကို ခွဲခြား အကဲခတ်နေကြတာပါ ။ အလည်အပတ်လာသူတွေကိုတော့
စိတ်အနှောင့်အယှက်ကလေးတောင် မဖြစ်စေလိုတဲ့ဟန် ရှိပါတယ်။ သေချာတာတော့ ကျနော်တွေ့ဖူးနေကျ စစ်သားကြီးတွေလို
ရာထူးကြီးလေ မျက်နှာခက်ထန်ပြီး အာဏာရူးပုံစံပေါက်နေတာမျိုးနဲ့ တော်တော်ကွာပါတယ်။

ဟောဒီ ပြောက်ကျားဝတ်စုံနဲ့ တပ်သားတွေကတော့ ဒေသလုံခြုံရေးကို ရိုးသားတဲ့တောသူတောင်သားတွေက လုပ်နေသလိုပုံစံပါပဲ။
အာဏာရူး/ ရာထူးရူးနေတဲ့ ရုပ်မျိုးတွေ မတွေ့ရပါဘူး ။

မြိုင်ကြီးငူအထူးဒေသဆိုတဲ့ ဆိုင်းဘုတ်ကြီးကို တွေ့ရပြီဆိုရင်တော့ ဘားအံမြို့နဲ့ မိုင် လေးဆယ်ကျော် ဝေးကွာခဲ့ပါပြီ။
လှိုင်းဘွဲ့ဆိုတဲ့ နယ်ထဲရောက်နေပြီ ဆိုပါစို့။ မြိုင်ကြီးငူဒေသမှာ ရှိတဲ့ ရွာတွေဟာ ဆရာတော်ကြီးရဲ့ ဆိုဆုံးမ စောင့်ရှောက်မှုနဲ့ DKBA တပ်ဖွဲ့တွေရဲ့
လုံခြုံရေးတာဝန်ယူမှုအောက်မှာ အေးချမ်းစွာ ရှိနေပါတယ်။

ရေ မီး နဲ့ တယ်လီဖုန်းဆက်သွယ်မှုလိုင်းတွေကအစ တတ်နိုင်သမျှ ပြည့်စုံနေအောင် စီစဉ်ပေးထားတာကို မြင်ရပါတယ်။
မြိုင်ကြီးငူအထူးဒေသတွင်းမှာ သား၊ငါး၊အရက်သေစာ သောက်စားခွင့်မရှိဘူးလို့ စည်းကမ်းချက်ထုတ်ထားတဲ့အတွက် သောက်စားမူးရူးနေတဲ့သူတွေကို သင်္ကြန်တွင်းမှာတောင် မတွေ့ရပါဘူး ။

မြိုင်ကြီးငူဒေသ အစည်ကားဆုံးရွာစဉ်တန်းကို ဖြတ်ကျော်ပြီးရင်တော့ ဟိုဘက်ကိုနောက်ထပ် ၁ဝ မိုင်ကျော်ကျော်လောက် သွားရပါဦးမယ်။
ဒါပေမယ့် မြေပြန့်ရယ်လို့ မဟုတ်တော့ပဲ တောင်ပေါ် တက်ရပါမယ်။

တောင်တက်လမ်းဟာ ကျိုက်ထီးရိုးလမ်းလို မက်စောက်ပြီး ကွေ့ဝိုက်တာတွေ များပါတယ်။ တခု… ကျိုက်ထီးရိုးလမ်းနဲ့ မတူတာကတော့
လမ်း သိပ်မကောင်းသေးတဲ့အတွက် သတိကြီးကြီးထားပြီး မောင်းနိုင်ပါမှ အန္တရာယ်ကင်းပါလိမ့်မယ်။ တောင်ပေါ် ထိုးတက်ရမယ့်လမ်းရော
ထိုးဆင်းရမယ့်လမ်းကပါ အကွေ့အဝိုက်တွေရှိနေတဲ့အပြင် လမ်းဘေးက ချောက်ကမ်းပါးမှာ အကာအရံရယ်လို့ မည်မည်ရရ မရှိသေးတဲ့အတွက်
ချောက်ထဲ ထိုးမကျသွားအောင် သတိထားရမှာပါ။

ကားပေါ် ပါလာသူတွေအနေနဲ့ တောင်တက်လမ်းတလျှောက် ကုသိုလ်တွေအများကြီးရမှာပါ။ ဘာလို့လဲဆိုတော့ ဘုရား ဘုရားဆိုတာကို
ပါးစပ်ဖျားကမချဘဲ တတွတ်တွတ်နဲ့ သတိတရ ရွတ်ဆိုနေမိကြမယ်လေ။ တောင်တက်လမ်းဟာ တကယ့်ကို အန္တရာယ်များလှပါတယ်။

ကျနော် ၂၀၁၄ နဲ့ ၂၀၁၅ မှာ ၂ နှစ်ဆက်တိုက် သွားခဲ့တာ ၂ နှစ်လုံး ချောက်ထဲ ကားထိုးကျသွားတာကို မြင်ခဲ့ရပါတယ်။
မနှစ်တုန်းကတော့ ရေတံခွန်ကို သွားကြတဲ့ အလည်အပတ်ကားတစ်စီး ထိုးကျခဲ့ပြီး လူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ ပရိုဘောက်စ်တစ်စီး ချောက်ထဲထိုးကျသွားတာကို မြင်ရပြန်ပါတယ်။ ခဏ ရပ်ကြည့်ရသလောက်တော့
ဆင်းကယ်ဆယ်ကြတဲ့အဖွဲ့က လူသေအလောင်း ၃ လောင်းကို တွန့်လိမ်နေတဲ့ ကားထဲကနေ ဆွဲထုတ်ထားပြီးတာ မြင်ခဲ့ရပါတယ်။

အဲဒီ တောင်တက်လမ်းဟာ တောင်တန်းမြင့်မြင့်ကြီးကို တက်လိုက်ဆင်းလိုက်နဲ့ ၁ဝ မိုင်လောက် သွားရပါတယ်။
အဲဒီနောက်မှာတော့ ကျုံထော် ရေတံခွန်ဆိုတာကို ရောက်ပါပြီ။ တောင်တန်းမြင့်ကြီးပေါ်က ထိုးဆင်းကျလာတဲ့ ရေတံခွန်ရဲ့ ရေသံ တဝေါဝေါကိုလည်း
အဝေးကတောင် ကြားရပါလိမ့်မယ်။

k t wf-1

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

.

 

 

 

.ရေတံခွန်ဝန်းကျင်တစ်ခုလုံးကိုလည်း ပြောက်ကျားဝတ် သေနတ်ကိုင် တပ်သားတွေကပဲ ထိန်းသိမ်းစောင့်ရှောက်ထားတာ တွေ့ရတယ်။
ဒါပေမဲ့ ခရီးသွား လည်ပတ်သူတွေနဲ့ ဝေးဝေးကနေပဲ ကြည့်နေကြတာပါ။ လည်ပတ်သူတွေ လွတ်လပ်ပျော်ရွှင်မှုရအောင် ဦးစားပေးထားကြပါတယ်။

.ရေတံခွန်ကို လာရောက်လည်ပတ်သူတွေဟာ အသားငါး စားခွင့်မရှိ … အရက် ဘီယာ သောက်ခွင့်မရှိပါဘူး ။ ဈေးဆိုင်တွေကလည်း
သက်သတ်လွတ်တွေသာ ရောင်းချကြပြီး များသောအားဖြင့် ထိုင်းဘက်က လာတဲ့ အစားအသောက်တွေပါပဲ။ တကယ့်အသား၊ငါး အစား အသားလုံးအတုတွေ
ပုစွန်အတုတွေ ကြော်ချက်ပြီး ရောင်းကြပါတယ်။

.ရေတံခွန်ဟာ သိပ်မကျယ်ဝန်းပေမယ့် အင်မတန် သာယာလှပပါတယ်။ ရေကလည်း အေးစက်ပြီး ၁ နာရီလောက် စိမ်လိုက်တာနဲ့ ခိုက်ခိုက်တုန်
ချမ်းလာပါတယ်။ ရေစိမ်ရတာ ချမ်းတဲ့အခါ ကမ်းပေါ်ပြန်တက်ပြီး အစားအသောက်တွေ သွားစားလိုက် ၊ ရေထဲ ပြန်ဆင်းလိုက်နဲ့ အတော့်ကို
နေလို့ကောင်းပါတယ်။

.ရေတံခွန်တဝိုက်မှာ အမှိုက်မပစ်ဖို့နဲ့ ဘီယာအရက် မသောက်ကြဖို့ကိုတော့ အတော်လေး တင်းကျပ်ထားပါတယ်။ ရေတံခွန်က ကျလာတဲ့ရေတွေ
စုနေရာ ရေအိုင်ကြီးထဲမှာ အေးအေးလူလူ ရေစိမ်နေသူတွေထဲ ထိုင်းလူမျိုးတွေလည်း ပါပါတယ်။

.ရေတံခွန်ရှေ့က ကားလမ်းမကြီးကနေ တောင်တက်လမ်းတလျှောက် ဆက်သွားရင် ထိုင်းနယ်စပ်တနေရာကို ရောက်တယ်လို့
ဒေသခံတွေက ပြောပါတယ်။ ကျုံထော်ရေတံခွန်နဲ့ ထိုင်းနယ်စပ်ဟာ တောင်တက်လမ်းတလျှောက် နာရီဝက်လောက် ကားမောင်း သွားရုံပဲတဲ့ ။
ဒီတော့ ထိုင်းဘက်က ထိုင်းလူမျိုးတွေလည်း အလည်အပတ် ဝင်လာကြပြီပေါ့ ။ (ဒေသခံ ကရင်တွေက ထိုင်းလူမျိုးတွေကို ရှမ်းတွေလို့ ခေါ်ပါတယ်။
ထိုင်းနိုင်ငံထဲ အလုပ် လုပ်ဖို့ ကိုယ့်ဆွေမျိုးသားချင်းတွေကို ပို့တာတော်တော် များပါတယ်။ ထိုင်းနယ်ထဲ ဝင်သွားတာကို တောင်ပေါ်တက်သွားတယ်လို့
ပြောကြပါတယ်။)

.ရေစိမ် ရေကူးလို့ အားရပြီ ဆိုရင်တော့ ကုန်းပေါ် ပြန်တက်လိုက်တာနဲ့ ရေပေါ်မှာ ဆောက်ထားတဲ့ ထမင်းဆိုင်၊ အအေးဆိုင်လေးတွေရှေ့မှာ
သနပ်ခါးတုံးတို့ ၊ ဆေးမြစ်တုံးတို့နဲ့ အတူ ကျောက်ပြင်လေးတွေလည်း အသီးသီးချပေးထားတယ်။ အဲဒီမှာ ဘယ်သူမဆို ပိုက်ဆံတပြားမှ မပေးရဘဲ
သနပ်ခါးတွေ သွေးလိမ်းကြ ၊ ဆေးမြစ်တွေ သွေး လိမ်းကြနဲ့ ပျော်စရာတမျိုးပါ။ သနပ်ခါးတုံးအစစ်၊ ဆေးမြစ်အစစ်တွေဆိုတော့ လိမ်းသူတွေဆီက
မွေးပျံ့တဲ့ ရနံ့တွေ ကြိုင်လှိုင်နေပါတော့တယ်။

ကျုံထော် ရေတံခွန်ဆိုတာဟာ ခမ်းနားလှတဲ့ နေရာကြီး မဟုတ်ပေမဲ့ သဘာဝတောတောင် ရှုခင်းတွေကို အိပ်မက်တမျှ လှပစွာမြင်တွေ့ရတဲ့အပြင်
ရိုးသားဖော်ရွေကြတဲ့ ဒေသခံ ကရင်လူမျိုးတွေနဲ့ ဆုံတွေ့ ကြုံကြိုက်ရတာဖြစ်တဲ့အတွက် (ခရီးနည်းနည်း ကြမ်းတာကို မေ့သွားပြီး) သွားမိတာကို
ကျေနပ်ဂုဏ်ယူမိစေတဲ့ အမှတ်တရ ခရီးစဉ်တစ်ခုအဖြစ် ဘဝမှာ အမှတ်ထင်ထင် ရှိနေပါကြောင်း ။

Untitled-1

 

 

 

 

 

 

 

 

 

 

=============================

Untitled-2

 

 

 

 

 

 

 

 

 

=================

 

.အောင်ရဲလင်းထက်တောင် ကျနော်က အောင်ရဲလင်းနဲ့ ပိုတူ...
.အောင်ရဲလင်းထက်တောင် ကျနော်က အောင်ရဲလင်းနဲ့ ပိုတူ…

 

 

 

 

 

 

 

 

 

 

 

 

———————-

Alinn Z @ Maung Thura

၂၀၁၅ သင်္ကြန်တွင်း ၊ ကရင်ပြည်နယ် ၊ ကျုံထော်ရေတံခွန်ရောက် အမှတ်တရ

33 comments

  • ခင်ဇော်

    April 25, 2015 at 8:52 am

    ဟယ်…
    သဘောကျတာအေ…
    သွားးး မယ်အေ..
    သွားး မယ်..
    မှတ်ထားးလိုက်ပြီ
    :chit:

    • Alinn Z

      April 25, 2015 at 9:28 am

      .ရောက်ဖြစ်စေချင်တယ် မမဂျီးရေ
      တခြားရေတံခွန်တွေနဲ့ မတူတဲ့ သဘာဝကျတဲ့ တောတောင်အလှနဲ့ ဒေသခံ ကရင်လူမျိုးတွေရဲ့
      .နွေးထွေးမှု
      အဲ့ဒါလေးနဲ့တင် သွားပျော်တယ်
      အဲ. . . တောင်တက်လမ်းကို တက်တော့မယ်ဆိုရင်တော့
      .မောင်းမယ့် ကားဆရာရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ ရှိ မရျှိတော့
      နည်းနည်း လေ့လာသင့်တယ်ထင့်. . .
      နို့မို့ဆို အန္တရာယ်များလို့ပါ

  • အောင် မိုးသူ

    April 25, 2015 at 9:24 am

    ပျော်စရာကြီးပဲ………..။ ရေတံခွန်ဆို ဘယ်လိုသဘောကျမှန်းကိုမသိဘူး။

    • Alinn Z

      April 25, 2015 at 9:30 am

      ဟုတ်တယ် သယ်ရင်းးး တကယ်ပျော်စရာ
      .ရေကလည်း ရေခဲရေလို အေးစက်နေတာပဲ
      .ရေကူးတဲ့နေရာက ကန်ရေပြင်ဟာလည်း ကြည်လင်အေးမြနေတာပဲ

      ကျနော်လည်း ရေတံခွန်တွေကို ချစ်တယ်

      😆

  • Wow

    April 25, 2015 at 9:31 am

    နိပုံကို သေးသေးလေးနဲ့မမြင်ရအောင်တင်ထားတာတော့ ကျေနပ်တယ်အေ :mrgreen:

    • Alinn Z

      April 25, 2015 at 9:35 am

      တိန် တိန် (နှစ်ခါတိန်)
      :k:

      ပုံက အကြီးချဲ့ပြလိုက်ရင် ကျနော့်အချောအလှကို ထင်ထင်ရှားရှားမြင်ပြီး
      သဘောကျသူတွေ ကားတင်ပြေးမယ် ကောင်မလေးတွေ ပေါ်လာမှာစိုးလို့ပါ
      ပလို့ ဂျိ

      :k:

      :mrgreen:

      တကယ့်အောင်ရဲလင်းတောင် ကျနော့်လောက် အောင်ရဲလင်းနဲ့မတူပါဘူးဆို. . .

      • Alinn Z

        April 25, 2015 at 10:07 am

        နိထက် ခန့်ညားချောမောတာကို အကုန်သိသွားမှာ စိုးလို့ပါကွယ်
        :mrgreen:

        • Alinn Z

          April 25, 2015 at 10:57 am

          ဖြစ်ရလေ ဝိုင်းစိန်ရယ်
          ဟုတ်ပေါင်
          ဖြစ်ရလေ. . . ဘဂျီးအောင်ရယ်. . .

          :mrgreen:

  • Mr. MarGa

    April 25, 2015 at 10:33 am

    သွားချင်တယ်
    သွားချင်တယ်
    သွားချင်တယ်
    🙁

    • Alinn Z

      April 25, 2015 at 10:56 am

      .သွားပေါ့ကွယ်
      အရွယ်ရော ကျန်းမာသန်စွမ်းမှုရော ငွေကြေးအသင့်အတင့်ရော
      ဒီအချိန် မင့်မှာ ရှိနေတာပဲ
      နှစ်ရက် ခရီးစဉ်လောက်
      အလုပ်က ခွင့်ယူသွားရင် ရပါတယ်။
      သွားချင်ရင် နီးပါတယ်

      😆

      • အောင် မိုးသူ

        April 25, 2015 at 11:18 am

        သူကိုက မသွားတာပါ။ ငွေကြေးကော အချိန်ကော အသက်အရွယ်ကောက သွားသင့်တဲ့အရွယ် ကောင်းတဲ့အချိန်။ သူက ပါးစပ်ကပဲပြောနေတာ။ ခိခိ။

        • Mr. MarGa

          April 25, 2015 at 11:41 am

          အမ်
          အဖော်အပေါင်းနဲ့ ဝိုင်း ဖဲ့နေကြတယ်ဟ

  • Kaung Kin Pyar

    April 25, 2015 at 11:52 am

    နာမပြောလား…နာမပြောလား
    ကရင်ဒွေက
    သဘောကောင်းတယ်
    စိတ်ထားဖြူတယ်
    ကူညီတတ်တယ်
    ဖော်ရွေတယ်
    ခင်စရာကောင်းတယ်
    မကောက်ကျစ် ဘူးလို့
    အဟွတ်!
    :mrgreen:
    မရောက်ဖြစ်သေးတဲ့နေရာကို ဒါ့ပုံအကူအညီနဲ့ ရောက်ဖူးသွားလို့ ကျေးဇူး
    အောက်ဆုံးက ပုံသေးအတွက်လဲ ကျေးဇူး
    :k:

    • Alinn Z

      April 25, 2015 at 12:18 pm

      ကိုယ်က ရခိုင်လူမျိုး… ဒါမယ့် ကရင်တွေနဲ့ ရှမ်းတွေကို ချစ်နေမိ…
      ပလို ့ ဂျိ

      :k:

      လူ ပုံလေး သေးထားလို့ တော်သေးတယ်ဟ
      နို့မို့ဆို… နာတော့ ကားတင်ပြေး ခံရနိုင်တယ်..
      ကိုယ်ကလည်း အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့တူနေတာဆိုတော့လေ… ခွိခွိ

      :k:

  • lu lu

    April 25, 2015 at 3:27 pm

    သွားဖူးချင်တယ်
    :buu:

    • Alinn Z

      April 25, 2015 at 3:48 pm

      အင်း… သွားပေါ့…
      အဲဒီနေရာမှ မဟုတ်…. သွားသာသွား..
      .ရောက်တဲ့နေရာတိုင်းမှာ …ဒေသအစားအစာတွေရှိတယ်… စားသာစား…
      အဲဒီ ရေတံခွန်အနီးတဝိုက်မှာတော့…. ကွတ်တယိုနဲ့ ယိုးဒယားသင်္ဘောသီးထောင်း…
      အတော်စားကောင်း…
      တန်လည်းတန်….

      :k:

  • မြစပဲရိုး

    April 25, 2015 at 5:24 pm

    မော်လမြိုင် က ဂျုံးဂျုံးကျ ရေတံခွန် ကို ရောက်ဖူးတယ်။
    အဲဒါထက် ကို ပိုလှပါရောလား။
    ရေတံခွန် နဲ့ သစ်ပင် သစ်အုပ် သစ်တော တောင်တန်း တွေ ရှိတဲ့ နေရာ ကို ကမ်းခြေ တွေထက် ပိုကြိုက်တာတော့ အမှန်ဘဲ။
    ခရီး လေး ကို ခေါ်သွားလို့ ကျေးဇူးကြီးပါ ဆက်ဆက်ရေ။

    • Alinn Z

      April 25, 2015 at 10:16 pm

      အပြင်မှာ ပိုလှပါတယ် အရီးရေ။
      ရေစီးကျသံကြီးကလည်း နားထောင်ကောင်းလိုက်တာ
      ဒီတခေါက် အဲ့ဒီကိုသွားတာ ကျနော့်မှာ ဖုန်းတောင် ပါမသွားတော့
      သူများ ဖုန်းကင်မရာလေးနဲ့သာ ပုံလေး လေးငါးပုံ ရိုက်ရတယ်
      ရှုခင်းကို ထောင့်ပေါင်းစုံက ရိုက်ပြချင်တာ

      :k:

  • Mike

    April 27, 2015 at 1:59 pm

    .ဖားအံဖက်မရောက်ဖူးသေးဘူး…သွားအုံးမယ်..ပင်စင်ယူပီးမှ :k:

    • Alinn Z

      April 27, 2015 at 2:08 pm

      တိန်
      ဒီနေ့(စနေပဲထား)ည ရ နာရီထွက်ရင် ဘားအံမြို့ထဲ Sunday မနက် အစောကြီး ၃ နာရီလောက်ဆိုရောက်
      ၅ နာရီလောက်ထိ ရွှေယာဉ်မျှော်စေတီမှာ နားနေပြီး
      မိုးလင်းတာနဲ့ နာရီစင်ကနေ ဇွဲကပင်ခန်းမတို့
      ဇွဲကပင်တောင်ခြေနဲ့ (ကြောင့်ကမ်လာဘ်) ကျောက်ကလက်စေတီတို့
      ကော့ကသောင်ဂူနဲ့ ဆဒ္ဒန်ဂူတို့ သွံားရင် sunday ညနေ ၆ နာရီ ကားလောက်နဲ့ ပြန်လာလို့ ရတာပဲဗျ။
      ရန်ကုန်ကို တင်္နလာနေ့ မနက် လေးနာရီလောက် ရောက်တယ်ပဲထား။
      ရုံး ပြန်တက် လို့တောင် ရသေး

      :k:

      ပင်စင် ယူပြီးမှ သွားမလို့လားဟင်. . .

      :kwi:

  • Ma Ei

    April 27, 2015 at 3:03 pm

    ကျုံ ထော် ရေတံခွန်..
    နွေရာသီမှာတောင် ရေတွေအများကြီးကျနေတာ ရှိသေးတာဘဲ
    အတော်လှတဲ့ ရေတံခွန်လေးနော်…
    ရေကြောက်ပေမင့် ရေတံခွန်တော့ သဘောကျတယ်
    ခရီးသွားရတာလဲ သဘောကျတယ်…

    • Alinn Z

      April 28, 2015 at 11:16 am

      .နွေနှောင်းရာသီဆိုပေမယ့်…တကယ့်ကို ရေတွေ များပါသေးတယ်.. ။
      တဝုန်းဝုန်းထိုးဆင်းပြီး..ကျနေရာ…ကနေ…ရေကန်ကြီးတောင် ဖြစ်နေပါသေးတယ်။
      .ရေကန်ကြီးကိ ုဓါတ်ပုံ မပြနိုင်ဘူးဖြစ်နေတယ်…
      သွားသာ သွားတယ်.. ဖုန်းတောင်မှ တည်းတဲ့ အိမ်မှာ ထားခဲ့လို့…
      တကယ်လှပ အေးချမ်းလှတဲ့ နေရာပါ… တီအိရေ…

      😆

  • မဟာရာဇာ အံစာတုံး

    April 29, 2015 at 4:13 pm

    တွေ့ပြီ .. တွေ့ပြီ …
    သူ့ကိုယ်သူ အောင်ရဲလင်း .. အောင်ရဲလင်း ဆိုပြီး
    ပြောပြောနေတဲ့ ကောင်လေးတစ်ယောက်
    ရွာသာကြီး က ပျောက်သွားလို့ ဆိုပဲ …
    လတ်စသတ်တော့ … အဲ့ကောင်က ရေတံခွန်ကို ရောက်နေတာကိုး …
    ဖုန်းဆက် အကြောင်းကြား လိုက်ဦးမှ …

    • Alinn Z

      April 29, 2015 at 4:35 pm

      .အေး…. လာခေါ်ရင် နီ လိုက်သွား….
      နီက နာ့ထက် အခြေအနေ ပိုဆိုးနေပြီ…
      ဆရာကြီး ရူး ရူးနေတာ…

      :k:

  • တောင်ပေါ်သား

    April 29, 2015 at 4:47 pm

    ဘီယာမရဘူး ဆိုတော့လည်း 😛

    • Alinn Z

      April 29, 2015 at 4:57 pm

      .ရေတံခွန်မှာတော့ တကယ်မရဘူး…ဦးမျိုး..
      အဲ.. မသောက်ရဘူးလို့ စည်းကမ်းထုတ်ထားတာကိုလည်း လိုက်နာကြသားပဲ…
      အပြန်မှာတော့ လမ်းက ရွာတွေမှာ ဝင်သောက်… ပေါမှပေါ… ထိုင်းက ထုတ်တဲ့ ဘီဘီတွေ…
      အဲ… ထန်းရေ စစ်စစ်လေးတွေလည်း…ပေါမှပေါ့…

      :k:

  • naywoon ni

    April 29, 2015 at 9:46 pm

    အလက်​ဇင်​းဒါး ​ရေ နာ​ဒေါ့ နီ့စာဖတ်​ရတာ ငပိ​ကြော်​နံ့ ရသလိုပဲ 🙂

    • Alinsett @ Maung Thura

      April 30, 2015 at 12:42 am

      ဟင် ဟုတ်လားးး
      ပါးပါးလေးဖုတ်ထားတာပါ အဲလေ ပါးပါးလေး ပုတ်ထားတာပါ။

      :mrgreen:

  • uncle gyi

    April 29, 2015 at 10:39 pm

    အဲဒီရေတံခွန်ပိတ်ပြီးရေအားလှ ျပ်စစ်ထုတ်ရင်တရားခံဘယ်သူဖြစ်မလဲ

    • Alinsett @ Maung Thura

      April 30, 2015 at 1:04 am

      အန်ကယ်ဂျီးးး အနော်တို့ ပူးပေါင်းပြီး တရားခံ လုပ်ကြမလားးး

      :k:

Leave a Reply