https://www.facebook.com/notes/10153242147608276/?pnref=story

တောကျတယ်ဆိုဆို ခေတ်မမီဘူးပြောပြော ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ မြန်မာပြည်မှာ အသံဆူဆူတွေကို အသုံးပြုကြ၊ သဘောကျကြပါတယ်။ မိုးမလင်းမီကတည်းက ဖွင့်လိုက်ကြရတဲ့ ကုသိုလ်ရေးနှိုးဆော်သံကနေ ဘတ်စ်ကားသံ၊ လုပ်ငန်းခွင်သံ စသဖြင့် အသံမျိုးစုံဟာ ဒီနေ့ခေတ်မှာတော့ ဆူညံသံတွေ ဖြစ်လာခဲ့ပါပြီ။

ဆူညံသံတွေကို နာရီကနေ ရက်၊ ရက်ကနေ လအထိ ဆက်တိုက် ကြားရတဲ့အခါ ဒေါသဖြစ်တာတွေ၊ စိတ်မထိန်းနိုင်တော့ဘဲ တုံ့ပြန်မိတာတွေ၊ အရေးယူအပြစ်ပေးရတာတွေ ဖြစ်လာပါတယ်။ မြန်မာတွေဝန်းကျင်က ဆူညံသံတွေ ညံလွန်းနေပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ DVB ဒီဘိတ်ကို မျိုးမျိုးက တင်ဆက်ခဲ့ပါတယ်။

ဦးဆောင်ဆွေးနွေးသူတွေအဖြစ် စာရေးဆရာ အတ္တကျော်၊ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာစိုးမင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်လေးတင်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဒေါက်တာအေးမင်းတို့က ပါဝင်ကြပါတယ်။

.

ဘယ်အသံက ဆူညံသံလဲ

စကားပြောတာ၊ တရားဟောတာ၊ မိန့်ခွန်းပြောတာ၊ ဈေးရောင်းတာ၊ ဒီဘိတ်လုပ်တာ၊ သီချင်းဆိုတာ၊ ဂစ်တာတီးတာ စသဖြင့် အသံမျိုးစုံ ထွက်နေကြပါတယ်၊ ထုတ်လုပ်နေကြပါတယ်။ ဒါပေမဲ့ ဘယ်အသံက ဆူပြီး ဘယ်အသံက အိုကေတယ်လို့ ပြောနိုင်ပါသလဲ။ စာရေးဆရာ အတ္တကျော်က လောပိတရေအားလျှပ်စစ်စက်ရုံနား ဒိုင်းနမိုက်ခွဲပြီး တောင်ဖြိုတဲ့အသံကို နားခံသာလို့ အိပ်နိုင်ပေမယ့် သူ့အမေ ဈေးကနေ ဝယ်လာတဲ့ သကြားကို စက္ကူကတော့နဲ့ ပုလင်းထဲ ထည့်တဲ့ အသံကတော့ လန့်နိုးစေပါတယ်လို့ ခံသာတဲ့ အသံနဲ့ မခံသာတဲ့ အသံတွေကို ဘဝအတွေ့အကြုံနဲ့ယှဉ်ကာ ပြောပြပါတယ်။

ရိုးရိုးအသံနဲ့ ဆူညံသံ ကွာခြားချက်ဟာ လူတစ်ဦးချင်းရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဆိုင်သလို ကျင့်သားရမှု (ခံနိုင်ရည်) နဲ့လည်း ဆက်စပ်နေတယ်လို့ ဒေါက်တာစိုးမင်းက ရှင်းပြပါတယ်။ ဒါပေမဲ့ ခံနိုင်ရည်ရှိတဲ့ အသံတောင် အချိန်တစ်ခု ကျော်လာရင် စိတ်ဖိစီးမှုကို ဖြစ်စေတယ်လို့ ဆက်ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုက ထုရိုက်သံဟာ ကန်ထရိုက်လုပ်ငန်းရှင်အတွက် ငွေရလမ်းဖြစ်လို့ စိတ်ချမ်းသာစေပေမယ့် လုပ်ငန်းခွင်ဝန်းကျင်နေသူတွေအတွက်ကတော့ ငရဲတမျှဖြစ်နိုင်ပါတယ်လို့ ဒေါက်တာစိုးမင်းက ဥပမာပေးလို့ ရှင်းလင်းစေပါတယ်။

ဆူညံသံဖြစ်မဖြစ်ကို သိပ္ပံနည်းကျကတော့ ဒက်ဆီဘယ် (Decibel) နဲ့ တိုင်းတာနိုင်ပြီး ဒက်ဆီဘယ် ၅ဝ အောက်ဆို ပြဿနာ မရှိပေမယ့် ၇ဝ ကျော်ရင်တော့ ဒုက္ခရောက်စေနိုင်တယ်လို့ ဒေါက်တာအောင်လေးတင်က ပြောပါတယ်။ ညဘက်ဆိုရင်တော့ ၄၅ ဒက်ဆီဘယ်လောက်နဲ့လည်း ဆူညံသံဖြစ်နိုင်ပြီး ပေ ၅ဝ အကွာလောက်က တူထုသံဟာ ဒက်ဆီဘယ် ၁၅ဝ လောက်အထိ ရှိနိုင်တယ်လို့လည်း ဥပမာပေးပါတယ်။ ဒက်ဆီဘယ် ၉ဝ ဆိုရင် တစ်နာရီလောက်အထိ ခံနိုင်ပြီး အသံချဲ့စက်က ထွက်တဲ့အသံဟာ ဒက်ဆီဘယ် ၁၁ဝ လောက် ရှိတာကြောင့် နာရီဝက်လောက်ပဲ ခံနိုင်ရည် ရှိနိုင်တယ်လို့လည်း ဆရာက ပြောပါတယ်။ ဒက်ဆီဘယ် ၁၁ဝ ကျော် ပေမယ့်လည်း နှစ်သက်တဲ့ အသံဆိုရင်တော့ (ဥပမာ ဂီတသံ) နားခံသာပြန်တယ်လို့ ဆိုပါတယ်။

.

ဆူညံသံဆိုရင် ဘယ်လိုလုပ်မလဲ

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၈ မှာ အသံချဲ့စက် အသုံးပြုလိုသူတွေအတွက် ခွင့်ပြုမိန့် တောင်းခံရပြီး ပတ်ဝန်းကျင်ကို ထိခိုက်စေမယ်လို့ ယူဆရင် ခွင့်ပြုချက် မပေးဘဲ နေလို့ရတယ်လို့ ဒေါက်တာအေးမင်းက ပြောပါတယ်။ ဥပဒေချိုးဖောက်သူတွေကို သီတင်းတစ်ပတ်ထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေကျပ် ၅၀၀ဝ ထက် မပိုတဲ့ ငွေဒဏ်တွေလည်း ချမှတ်နိုင်တယ်လို့ ဆရာက ဆက်ပြောပါတယ်။ ဆူညံသံကြောင့် အသက်ကြီးသူ၊ နှလုံးရောဂါရှိသူတွေ တစ်ခုခုဖြစ်တယ်လို့ သက်သေထင်ရှားပြနိုင်ရင် တရားမနစ်နာမှုနဲ့လည်း တရားစွဲဆိုလို့ ရပါတယ်။ စည်ပင်သာယာနဲ့ပတ်သက်ပြီး လုပ်ငန်းလိုင်စင်ရယူထားတဲ့ လုပ်ငန်းခွင်တွေဟာ ဆူညံနေရင်တော့ လုပ်ငန်းကို စစ်ဆေးတာ၊ ရပ်ဆိုင်းတာ၊ လိုင်စင်ရုတ်သိမ်းတာတွေ လုပ်လို့ရတယ်လို့ ဒေါက်တာအေးမင်းက ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အများစုနေထိုင်ရာ မြန်မာပြည်မှာ အခုအခါ ဘာသာရေးဆိုင်ရာ အသံတွေကလည်း ပြည်သူတချို့ကို စိတ်ဒုက္ခရောက်စေပါတယ်။ အသံမစဲပဋ္ဌာန်းရွတ်ဆိုပွဲတွေ၊ ရပ်ကွက်ဓမ္မာရုံနဲ့ တရားပွဲအလှူခံတွေက လော်စပီကာနဲ့ ပြောနေတဲ့ အသံတွေဟာလည်း နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ကြာလာတဲ့အခါမှာ ဆူညံသံတွေ ဖြစ်လာပါတယ်။ အင်းစိန်ဘက်မှာဆိုရင် ဆွမ်းလောင်ရုံမှာ ဖွင့်တဲ့ လော်စပီကာသံကြောင့် ဓားနဲ့ ဝင်ခုတ်တဲ့အထိ ပြဿနာတွေ တက်ပါတယ်။ တကယ်က ကုသိုလ်ရေးပါ၊ ဒါပေမဲ့ အသံကြောင့် အကုသိုလ်တွေ ဖြစ်ကုန်ပါတယ်။ မြန်မာတွေပီပီ ဆိုင်းသံဗုံသံလော်သံကို ကြိုက်ကြပေမယ့် ကြာကြာ ကြားရ နားထောင်ရတဲ့အခါ ဒေါသတွေထွက်၊ သည်းမခံနိုင်ဖြစ်၊ စိတ်ဆင်းရဲရ၊ အကုသိုလ်တွေ ဖြစ်ကုန်ပါတယ်။ ပြောပြန်ရင်လည်း ပြောတဲ့သူက မကောင်းတဲ့သူ၊ အကုသိုလ်များသူ ဖြစ်ရပါလိမ့်မယ်။ ဒါကို ဆရာအတ္တကျော်က ရွာဓလေ့ (ဝါ) တောကျတာပါလို့ ဝေဖန်သုံးသပ်ပါတယ်။

မြို့ပြမှာက နေထိုင်မှုပုံစံတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေနဲ့ မတူတော့ပါဘူး။ မြို့ပြနေသူတချို့ဟာ ညဉ့်နက်သန်းခေါင်အထိ အလုပ်လုပ်ကြရပါတယ်၊ ဒါမှမဟုတ် သွားရေးလာရေးနဲ့ ညဉ့်တော်တော်နက်မှ အလုပ်ကနေ အိမ်ပြန်ရောက် စားသောက်ပြီး အနားယူရပါတယ်။ တချို့လည်း ပွဲလန်းသဘင်နဲ့ စားပွဲသောက်ပွဲတက်ပြီး မိုးကြီးချုပ်မှ အိမ်ပြန်ရောက်ပါတယ်။ အဲဒီလို သန်းခေါင်ကျော် မိုးသောက်ယံလောက်မှ အိပ်ရာဝင်တဲ့အခါ ဆွမ်းလောင်းဓမ္မာရုံက စောစောစီးစီး ဖွင့်လိုက်တဲ့ ကုသိုလ်သံ တရားသံတွေဟာ လိုတာထက် ကျယ်လောင်စွာ ဖွင့်လိုက်ရင် တချို့တချို့အတွက် ဗုဒ္ဓဘာသာဝင်ပင် ဖြစ်သော်ငြား ဆူညံသံအဖြစ် ပြောင်းလဲသွားပါတော့တယ်။ တစ်ရပ်ကွက်လုံးကြားအောင် ဖွင့်တဲ့ လော်စပီကာသံမျိုး မဆိုထားနဲ့၊ အိမ်သားတစ်ယောက်ယောက်က ဖွင့်ထားတဲ့ သီချင်းသံ၊ တီဗီက ထွက်တဲ့အသံမျိုးတောင် မခံနိုင်ကြပါဘူး။ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြတဲ့ မြန်မာပြည်မှာ ဘာသာရေးဆိုင်ရာ အသံအများစုကို ဗုဒ္ဓဘာသာဝင်တွေက လုပ်ဆောင်ကြတာ မှန်ပေမယ့် ဘာသာခြားတွေကလည်း မလိုအပ်ပါဘဲ အသံအကျယ်ကြီး အော်ဟစ်တာ၊ ဆူညံအောင် လုပ်တာတွေလည်း ရှိနေပါသေးတယ်။

.

ဆူညံသံနဲ့ ဆင်ခြင်တုံတရား

ခွင့်ပြုချက်မရှိရင် ရပ်ကွက်ထဲ ဆူညံတဲ့ လုပ်ငန်းတွေ လုပ်လို့ မရတာကြောင့် လူထုက တိုင်ရင် လိုအပ်သလို အရေးယူဆောင်ရွက်ပါတယ်လို့ ဒေါက်တာအေးမင်းက ပြောပါတယ်။ ရှောင်တခင် စစ်ဆေးတာတွေလုပ်ပြီး လိုင်စင်ပိတ်သိမ်းတာ ဒါမှမဟုတ် လိုင်စင်ဆိုင်းငံ့တာကို လုပ်ပါတယ်လို့ ဆရာက ပြောပါတယ်။ ဒါပေမဲ့ တစ်ခါတလေ တိုင်ကြားတာမှာ အာဃာတနဲ့ တိုင်တာမျိုးလည်း တွေ့ရတယ်လို့ ပြောပါတယ်။ လူထုအနေနဲ့ တိုင်စရာ မလိုဘဲ သက်ဆိုင်ရာက လိုက်လံ စစ်ဆေး အရေးယူတာမျိုး လုပ်ပေးလို့ မရဘူးလားလို့ ပရိသတ်ထဲက ကဗျာဆရာ ညလယ်မိုးက မေးခွန်းထုတ်ပါတယ်။ မှန်နေတယ်ဆိုရင် မတိုင်ရဲစရာတော့ မရှိသင့်ပါဘူးလို့ ဒေါက်တာအေးမင်းက ပြန်ဖြေကြားပါတယ်။

တစ်ခါ ဒေါက်တာအေးမင်းက ဗြဟ္မစိုရ်တရား (မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော တရားမြတ်လေးပါး) နဲ့ နေနိုင်ကြရင် ကောင်းပါတယ်လို့ မှတ်ချက်ပြုတာကို ဒါဟာ နားထောင်ကောင်းတဲ့ စကားမျှသာဖြစ်ပြီး လက်တွေ့ဘဝမှာ အသုံးမတည့်ပါဘူးလို့ ဆရာအတ္တကျော်က ပက်ကနဲ ထောက်ပြပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ရွေးကောက်ခံရသူကို စာရေးဆရာက ကလိတိတိ လုပ်ပါတော့တယ်။ မြန်မာပြည်မှာက အစိုးရအရာရှိတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဆရာအတ္တကျော် ပြောသလိုပါပဲ စာအုပ်ထဲက စာတွေကို ရွတ်ပြတာ များပါတယ်၊ ပြင်ပမှာ တကယ်ဖြစ်နေတဲ့ လက်တွေ့နဲ့တော့ တစ်ခါတစ်ခါ ကင်းကွာသလို ဖြစ်နေတတ်ပါတယ်။ ၁၉၆၂ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်မှာ မြန်မာပြည်က လူတွေဟာ ခွေးသားအုပ်မ နို့လုစို့သလို ဖြစ်နေကြတယ်၊ ညီအစ်ကိုမောင်နှမလည်း မသိဘူး၊ ကိုယ်စို့ဖို့ပဲ သိကြတယ်၊ လုနေကြတယ်၊ အတ္တကြီးနေကြတယ်လို့ ပြင်းရှတဲ့ ဥပမာကို ဆရာအတ္တကျော်က ပေးပါတယ်။

ငါးယောက်မြောက် ဦးဆောင်ဆွေးနွေးသူအဖြစ် ရုပ်သံကနေ ပါဝင်ဆွေးနွေးတဲ့ စာရေးဆရာမ သွေး (စစ်ကိုင်း) ကတော့ ဒီမိုကရေစီဆိုတာ လွတ်လပ်ခွင့်ရှိတယ်ဆိုပေမယ့် သူများကို အနှောင့်အယှက် မဖြစ်စေရပါဘူးလို့ ပြောပါတယ်။ တခေတ်က ကျေးလက်တောရွာတွေမှာ လော်စပီကာ သုံးနေတယ်ဆိုတာ ဆက်သွယ်ရေးအဖြစ် သုံးတာဖြစ်ပြီး ဒီနေ့ခေတ်မှာတော့ တောရောမြို့ပါ ဆက်သွယ်ရေးက ကောင်းနေပြီလို့ ထောက်ပြပါတယ်။ ဆူညံသံနဲ့ပတ်သက်ပြီး မီဒီယာတွေကနေ ပညာပေးဖို့ လိုသလို ကျောင်းသင်ရိုးတို့ နီတိတို့ကနေလည်း နားလည်အောင် ပို့ချပေးရမယ်လို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။ ပညာပေးဖို့တွေကလည်း မြန်မာပြည်မှာ များလွန်းနေတော့ အရာထင်မှာ မဟုတ်ပါဘူးလို့ စာရေးဆရာ အတ္တကျော်က စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။ လူတွေရဲ့သဘောထားပြောင်းဖို့အလုပ်ဟာ အင်မတန်ခက်တယ်လို့ ဆရာက ဆက်ပြီး ထောက်ပြပါတယ်။

ပြည်သူတွေမှာ ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်လာသလို စိတ်ပိုင်းဆိုင်ရာကိုလည်း မြှင့်တင်ပေးရမယ်၊ အထူးသဖြင့် ဆင်ခြင်တုံတရား ရှိရမယ်လို့ ဒေါက်တာအေးမင်းက ပြောပါတယ်။ လူတွေရဲ့ စိတ်တွေကို ပြင်ဖို့ လိုတယ်၊ ဒေါသကြီးရင် အတ္တကြီးရင် မငြိမ်းချမ်းပါဘူးလို့ ဆရာက ထောက်ပြပါတယ်။ လော်စပီကာက ထွက်တဲ့ ဆူညံသံက အလွယ်သိနိုင်ကြပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်းခွင်တွေက ထွက်တဲ့ ဆူညံသံတွေကြောင့်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ ဖိစီးမှုတွေ ရှိနိုင်တယ်လို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။ ဒါတွေကို ပြည်သူတွေကို အသိပေးဖို့လိုသလို ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေကလည်း ဆူညံသံတွေ မလုပ်အောင်၊ ဒါမှမဟုတ် အရေးယူနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်လို့ ဆရာက သုံးသပ်ပြောပါတယ်။

စာနာစိတ်ကို လူတွေမှာ ရှိလာအောင် ကလေးဘဝကတည်းက မိဘတွေက သင်ကြားပေးဖို့ကို စာရေးဆရာအတ္တကျော်က တောင့်တပါတယ်။ လူတွေဟာ ကိုယ်ကြိုက်တာကိုယ်လုပ်ရင် ကောင်းတယ်၊ ဆရာ ဆိုလိုတာက ကိုယ်မကြိုက်တာဆိုရင် သူများတွေလည်း ကြိုက်မှာ မဟုတ်ဘူးဆိုတဲ့ စာနာစိတ်နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရင် ဆူညံသံတွေ သက်သာနိုင်တယ်လို့ ဆရာက ယူဆပုံ ရပါတယ်။ ဒါပေမဲ့ စာနာစိတ်တွေ ရှိလိမ့်မယ်လို့ မျှော်လင့်ချက်တော့ မရှိပါဘူးလို့ဆိုခဲ့ပါတယ်။ ဆူညံသံတွေကို စာနာစိတ်နဲ့ပဲ ထိန်းလို့ရမယ်လို့ ယူဆစရာပါ။

၂၀၁၅ ဧပြီ ၁၂

ရန်ကုန်။

About Travis Zaw

Travis Zaw has written 11 post in this Website..