အပတ်စဉ်တင်ပြပေးနေတဲ့ ….

အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ် ) အောင်ဇေမီဒီယာရဲ့ သတင်းအစီအစဉ်ကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …

 

 

  • ထိုင်းနိုင်ငံထဲမှာ တရားမ၀င် မြန်မာ အလုပ်သမားတွေကို အရှိန်အဟုတ်မြှင့် စစ်ဆေး ဖမ်းဆီးနေတဲ့သတင်း ..
  • ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်    ၆ သောင်းကျော်ရဲ့ နောက်ဆုံးရ သတင်းများ…
  • ကိုးကန့်ဒေသနဲ့ ရခိုင်ဒေသတွေမှာ ဖြစ်ပွါးနေတဲ့ ပြည်တွင်း စစ်ပွဲဆိုင်ရာ သတင်းများ …
  • ကရင်ပြည်နယ်က ဇွဲကပင်တောင်ပေါ်ကို တက်ရောက်နိုင်ကြဖို့ ကေဘယ်လ်ကားစီမံကိန်း လုပ်ကိုင်ရေးကို ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတို့က စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်း
  • လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြကြချိန်က ရဲတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတဲ့ တောင်သူဒေါ်ခင်ဝင်းရဲ့ အမှု နောက်ဆက်တွဲသတင်း ၊
  • US ၊ နယူးရောက်အခြေစိုက် CPJ သတင်းထောက်များ ကာကွယ်ပေးရေးကော်မတီက ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဆင်ဆာ ဖြတ်တောက်မှု အများဆုံး (၁၀) နိုင်ငံစာရင်းနဲ့  မြန်မာပြည်ရဲ့ အခြေအနေသတင်း
  • ရခိုင်ပြည်၊ သံတွဲမြို့နယ်က ပျံလွန်တော်မူပြီးတဲ့ သံဃာတော်နှစ်ပါးရဲ့ မပုပ်မသိုး ခန္ဓာကိုယ်ကနေ ဓါတ်တောက်နေတယ်ဆိုတဲ့ သတင်း၊
  • ဦးဝင်းတင်ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အမှတ်တရဂုဏ်ပြုပွဲဆိုင်ရာ သတင်းအချက်အလက်များ၊
  • တရုတ်နိုင်ငံဟာ မြန်ပြည်ကနေ ဆန် ဝယ်လိုအား ပိုမို မြင့်မားလာတဲ့သတင်း၊
  • မြန်မာပြည်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတစ်ဦးကို US အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကြီးက ၂၀၁၅ ခုနှစ်အတွက်The Goldman ဆု ပေးအပ်လိုက်တဲ့သတင်း ၊
  • မန္တလေးမြို့က နာမည်ကျော် တောင်သမန်အင်းအတွင်းကို စက်မှုဇုန်တွေကနေ စွန့်ပစ်ရေဆိုးတွေ ဝင်နေတာကြောင့် အင်းအတွင်းမှာ မွေးမြူထားတဲ့ ငါးများ သေဆုံးကုန်တဲ့သတင်း ၊
  • ပြည်သူ့လွှတ်တော် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဂျာမန်ီနိုင်ငံရဲ့ ဘဏ်လုပ်ငန်း အခြေအနေတွေ လေ့လာရေးဆိုင်ရာ သတင်းများ ၊
  • ပြည်သူပြည်သားအားလုံးကို ကျေးဇူးတင်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့ သတင်း ၊
  • US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာသတင်းများအပါအဝင် ထူးခြားသိမှတ်ဖွယ်ရာ သတင်းထူး အဖြာဖြာကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

အရေးတော်ပုံ အောင်ရမည်…

 

ဧပြီ ၂၂ ။

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲကို ဒုတိယအကြိမ်အဖြစ် လာမယ့်မေလဆန်းမှာ ကျင်းပနိုင်ဖွယ်ရှိကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းဝေးမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ပထမအကြိမ် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကော်မတီဝင်တွေကို ရှင်းလင်းပြောကြားခဲ့ရာမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။

NLD ဌာနချုပ်မှာ ကျင်းပတဲ့ ဗဟို အလုပ်အမှုဆောင်အစည်းအဝေးအတွင်း လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်နိုင်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဖမ်းပြန်ပြီတဲ့…. အို…ဘယ့်နှယ့်….

 

 

ဧပြီ ၂၂ ။

ထိုင်းနိုင်ငံ အလယ်ပိုင်း ၊ ပထုန်ဌာနီခရိုင်ထဲမှာ တရားမ၀င် အလုပ်သမားတွေကို လိုက်လံစစ်ဆေး ဖမ်းဆီးနေပြီး ကလေးငယ်များ အပါအ၀င် မြန်မာ အလုပ်သမားများ ရာနဲ့ချီပြီး ဖမ်းဆီးခံနေရကြောင်း သိရပါတယ်။

ပထုန်ဌာနီခရိုင် ပထုန်ဌာနီမြို့ပေါ်ရှိ အလုပ်သမားတွေ ငှါးရမ်းနေထိုင်တဲ့ နေရာနဲ့ လုပ်ငန်းခွင်များ၊ ဈေးတန်းတွေမှာပါ နေ့စဉ် ၀င်ရောက်စစ်ဆေးပြီး ဖမ်းဆီးနေတဲ့အတွက် အလုပ်သမားတွေဟာ လုံခြုံမှု မရှိဘူးလို့ သိရပါတယ်။

ထိုင်းရဲတွေက နေ့တိုင်းလိုလို လိုက်လံစစ်ဆေးနေပြီး အလုပ်သမားကဒ်များ ၊ ပတ်စပို့များ ရှိတယ်ဆိုသူကိုတောင် အလုပ်ရှင် နာမည်မတူဘူး ဆိုပြီး ဖမ်းဆီးကြောင်း သိရပါတယ်။

ဒါ့အပြင် အဖေနဲ့ အမေမှာ အလုပ်သမားကဒ်ရှိပြီး ကလေးငယ်မှာ ယာယီနေခွင့်ကဒ်ရှိတာတောင် ဖမ်းဆီးသွားတာတွေ ရှိနေပါတယ်။

မြန်မာ သင်္ကြန်မတိုင်ခင်ကတည်းက ဖမ်းဆီးနေတာဖြစ်ပြီး သင်္ကြန်တွင်းမှာ ၃ ရက်သာ အဖမ်းအဆီးနည်းခဲ့ပါတယ်။ အဲဒီနောက် ပြန်လည် စစ်ဆေးပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေရာ အိမ်ရှေ့ထွက်ထိုင်နေသူကိုတောင် ခေါ်ယူ မေးမြန်း စစ်ဆေးပြီး ဖမ်းသွားတာတွေ ရှိနေပါတယ်။

ခုရက်ပိုင်းအတွင်း ဖမ်းနေတာ ၂၅၀ လောက် ရှိပြီလို့ သိရတဲ့အပြင် အဖမ်းခံရတဲ့သူတွေကို ငွေနဲ့သွားရွေးတဲ့အခါ ပြန်လွတ်လာတာတွေ ရှိကြောင်းလည်း သိရပါတယ်။

ပြန်ရွေးယူရတဲ့အခါ တစ်ယောက်လျှင် ဘတ် ၆ ထောင် ၇ ထောင်ထိ တောင်းယူနေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ပထုန်ဌာနီမြို့မှာ ကရင်ပြည်နယ် ၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက ဝင်ရောက်လာတဲ့ မြန်မာ အလုပ်သမားတွေ ရှိနေပြီး ဈေးရောင်း အကူ၊ ဆောက်လုပ်ရေး၊ အိမ်ဖော် … စတဲ့ အလုပ်ကြမ်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

အခုလို လုံခြုံမှု မရှိဘဲ လုပ်ကိုင်စားသောက်နေရခြင်းကို သက်ဆိုင်ရာမြန်မာသံရုံးက  အလုပ်သမားရေးရာ အရာရှိတွေ အနေနဲ့ စည်းကမ်းတင်းကျပ် ဖမ်းဆီးတာမျိုး မလုပ်ဖို့ ထိုင်းအာဏာပိုင်တွေကို ညှိနှိုင်းပေးစေလိုကြောင်း ပြောဆိုနေကြပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဟိုပြေး ဒီပြေး… စစ်သေဘေး….

 

 

ဧပြီ ၂၂ ။

တည်ငြိမ်မှုမရှိသေးတဲ့ ကိုးကန့်ဒေသတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်ခဲ့ ရသူတွေထဲက ဒုက္ခသည် ၆ သောင်းကျော်ဟာ လောက်ကိုင်မြို့ထဲကို ပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။

ပြန်ရောက်လာတဲ့ ဒုက္ခသည်တွေဟာ လားရှိုးမြို့ဘက်ကို တိမ်းရှောင်သွားသူတွေအပြင်        တရုတ်မြန်မာ နယ်စပ်နဲ့ တရုတ်နိုင်ငံဘက်ထိ ထွက်ပြေးခဲ့ရသူတွေလည်း ပါဝင်ကြောင်း ဒုက္ခသည်ကူညီရေးအဖွဲ့က ပြောပါတယ်။

၂၀၁၅ ဖေဖော်ဝါရီလ ကတည်းက ဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသ စစ်ပွဲဟာ အခုလက်ရှိ ဏပြီလ ၂၂ ရက်နေ့အထိ မရပ်တန့်သေးပါဘူး။

ဧပြီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ထဲကို ပြန်လည် ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေအတွက် စားဝတ်နေရေးပိုင်းနဲ့ပတ်သတ်ပြီး ကူညီ ဆောင်ရွက်ပေးစရာတွေ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ လောက်ကိုင်မြို့အတွင်း ဒုက္ခသည် ၆ သောင်းကျော် ရှိနေပြီး တိုက်ပွဲတွေကြောင့် လူနေအိမ်ခြေ ၃၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ပျက်စီးသွားခဲ့တဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို သမ္မတရဲ့သီးသန့်ရန်ပုံငွေရရှိတဲ့အခါမှာ ပြန်လည်တည်ဆောက်ပေးနိုင်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ဒီအတောအတွင်းမှာ တရုတ်နိုင်ငံအစိုးရဘက်ကလည်း တရုတ်နိုင်ငံထဲ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ နေရပ်ကို ပြန်ကြဖို့ ပြန်လည်စေလွှတ်တာတွေ ရှိနေပြီး တရုတ်နိုင်ငံထဲက ဒုက္ခသည်တချို့ဟာ နေ့ခင်းဘက်မှာသာ လောက်ကိုင်မြို့ထဲမှာနေပြီး ညပိုင်းရောက်ရင်တော့ တရုတ်နိုင်ငံထဲကို ပြန်လည် ဝင်ရောက် နေထိုင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.မြန်လေ ကောင်းလေ…

 

ဧပြီ ၂၂ ။

ကရင်ပြည်နယ်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဇွဲကပင်တောင်ပေါ်ကို ကေဘယ်လ်ကားနဲ့ တက်ရောက်နိုင်ကြဖို့ စီမံကိန်း လုပ်ကိုင်ရေးကို ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတို့က စိတ်ဝင်စားတာကြောင့် လာရောက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အဆိုပါ ကေဘယ်လ်ကား စီမံကိန်း ဖြစ်မြောက်ရေးအတွက် ယခင်က မလေးရှားနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့ပေမဲ့ ဦးဆောင်လုပ်ကိုင်တဲ့ ပီနန်ဆရာတော်ဟာ မြန်မာနိုင်ငံကို ပြန်လည် ကြွချီလာခြင်း မရှိတဲ့အတွက် မလေးရှားကုမ္ပဏီနဲ့ ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့တာ ဖြစ်ပါတယ်။

အခြားနိုင်ငံတွေနဲ့ လုပ်ကိုင်ဖို့ ဆွေးနွေးနေရာမှာ ဂျပန်အစိုးရဘက်က နှစ်ကြိမ်တိုင်တိုင် လာရောက်ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ဇွဲကပင်တောင် ဆရာတော်က မိန့်ခဲ့ပါတယ်။

ငွေအလုံအလောက်ရှိမှ ကေဘယ်လ်ကား စီမံကိန်းကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပြီး လှူဒါန်းကြဖို့လည်း လိုကြောင်း ပြောဆိုထားတဲ့အပြင်  ဒီစီမံကိန်းကို မဖြစ်ဖြစ်အောင် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

အခုလက်ရှိအချိန် ဧပြီ လထဲမှာကိုပဲ ကေဘယ်လ်ကားလုပ်ငန်းဆိုင်ရာ ကိုရီးယားကုမ္ပဏီနှစ်ခုက ဆောင်ရွက်ချင်တာကြောင့် လာရောက်မေးမြန်းစုံစမ်းခဲ့တယ်လို့ သိရပါတယ်။

ဇွဲကပင်ကေဘယ်လ်ကား စီမံကိန်း ဖြစ်မြောက်ရေးကို ပီနန်ဆရာတော်၊ ဇွဲကပင်တောင် ဆရာတော်နဲ့ သုံးထပ်ကျောင်း ဆရာတော်တို့က ဦးဆောင်နေတာဖြစ်ပါတယ်။

လူဦးရေ ၄၀ လောက် စီးနိုင်တဲ့ ကေဘယ်လ်ကား စီမံကိန်းဖြစ်မြောက်ရေးအတွက် အလှူငွေကောက်ခံရာမှာ ကျပ်သိန်း ၄၀၀၀ ကျော် ရရှိနေပြီးဖြစ်ပေမဲ့ တွက်ချက်မှုများအရ  US ဒေါ်လာ ၇ သန်းလောက် ကုန်ကျမယ်လို့ သိရပါတယ်။

ကေဘယ်လ်ကား စီမံကိန်း အကောင်အထည်မဖော်နိုင်သေးတဲ့ အခုအချိန်မှာ ဇွဲကပင်တောင်ထိပ်က ဆံတော်ရှင်မြတ်ကြီးကို လာရောက်ဖူးမြော်သူတွေဟာ သုံးနာရီခန့် ကြာမြင့်တဲ့ ခြေလျင်ခရီးနဲ့ တက်ရောက်နေကြရတာဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

တရားလိုက….သူတို့….တဲ့….

 

ဧပြီ ၂၂ ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြတဲ့ ဒေသခံတွေကို ရဲတွေက  သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ တောင်သူ ဒေါ်ခင်ဝင်းရဲ့ အမှုကို သေမှုသေခင်းကနေ လူသတ်မှုအဖြစ် ပြောင်းလဲလိုက်ပြီလို့ သိရပါတယ်။

၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့တုန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လယ်ယာမြေလျော်ကြေးမယူထားတဲ့ ဒေသခံတွေက ကန့်ကွက် ဆန္ဒပြကြရာ   ဒေသခံတွေနဲ့ ရဲတွေအကြား ပဋိပက္ခဖြစ်ပွါးခဲ့ပြီး ရဲတွေဘက်က ပစ်ခတ်မှုကြောင့် တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အမှုနဲ့ပတ်သက်ပြီး တောင်သူ ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက အမှုဖွင့်တာကို လက်မခံခဲ့ပဲ ဆိုင်းငံ့ဆိုပြီး အကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိ အချိန်မှာတော့ အဆိုပါ အမှုကို သေမှုသေခင်း ကနေ လူသတ်မှုအဖြစ် ပြောင်းလဲပြီး ဆားလင်းကြီး မြို့နယ် ဒုရဲမှူးက တရားလို ပြုပြီး အမှုဖွင့်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

ရဲစခန်းအနေနဲ့ ဘယ်သူ့ကို တရားခံအဖြစ် စွပ်စွဲပြီး တရားစွဲထားသလဲ ဆိုတာကိုတော့ အသေအချာ မသိရသေးပေမယ့် အခုလို လူသတ်မှုအဖြစ် ပြင်ဆင် အမှုဖွင့်လိုက်တာကို ကြိုဆိုကြောင်း ကာယကံရှင် မိသားစုရဲ့ ရှေ့နေက ဆိုပါတယ်။

လုပ်ထုံးလုပ်နည်းအရ အစိုးရက တရားလို လုပ်ပြီး ဒီအမှုကို လူသတ်မှုအဖြစ် အမှုဖွင့်လိုက်တာဖြစ်တဲ့အတွက် ကာယကံရှင် မိသားစုဘက်က ရှေ့နေတွေအနေနဲ့                နောက်ထပ် အမှု မဖွင့်တော့ပဲ အစိုးရရဲ့ ဆောင်ရွက်မှုအောက်ကနေ တရားလို အကျိုးဆောင်အဖြစ် ပူးပေါင်းဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဂုဏ်ယူရမှာလား …ဟင်…

 

 

ဧပြီ ၂၂ ။

US ၊ နယူးရောက်အခြေစိုက် CPJ လို့ခေါ်တဲ့ သတင်းထောက်များ ကာကွယ်ပေးရေးကော်မတီက ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဆင်ဆာ ဖြတ်တောက်မှု အများဆုံး (၁၀) နိုင်ငံစာရင်းထဲမှာ          မြန်မာနိုင်ငံလည်း ပါဝင်နေကြောင်း သိရပါတယ်။

မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့် ရှိအောင် ဆောင်ရွက်မယ်လို့ သမ္မတဦးသိန်းစိန်အစိုးရက ကတိကဝတ်ပေးထားပေမယ့် အခုလို ကမ္ဘာ့ဆင်ဆာ ဖြတ်တောက်မှု အများဆုံး (၁၀) နိုင်ငံစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့ မြန်မာအစိုးရကို မေးခွန်းထုတ်စရာတွေ ရှိလာကြောင်း CPJ အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဆင်ဆာဖြတ်တောက်မှုအများဆုံး (၁ဝ) နိုင်ငံစာရင်းကို ပြုစုရာမှာ အင်တာနက်အသုံးပြုမှုကို အာဏာပိုင်တွေက ကန့်သတ်စောင့်ကြည့်ခြင်းများ ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချခြင်းများကို မြန်မာပြည်ဟာ ဆယ်နိုင်ငံစာရင်းရဲ့ နံပါတ် (၉) အဆင့်မှာ ပါဝင်နေကြောင်း သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အခုလို စာရင်း ထုတ်ပြန်ကြေညာရတာဟာ အဲဒီနိုင်ငံတွေဆီက ဖိနှိပ်တတ်တဲ့ အစိုးရတွေရဲ့ မူဝါဒတွေကို မီးမောင်းထိုးပြနိုင်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။

CPJ ကထုတ်ပြန်တဲ့ ကမ္ဘာ့ ဆင်ဆာဖြတ်တောက်မှု အများဆုံး (၁ဝ) နိုင်ငံစာရင်းထဲမှာ အဆိုးရွားဆုံးနိုင်ငံကတော့ အီရီထရီးယားဖြစ်ပြီး ဒုတိယအနေနဲ့ မြောက်ကိုရီးယားက ပါဝင်နေပါတယ်။

အဆင့် ၃ ကေ ဆော်ဒီအာရေဗျ၊ အဆင့် ၄ က အီသီယိုးပီးယား၊ အဆင့် ၅ က အာဇာဘိုင်ဂျန်၊      အဆင့် ၆ က ဗီယက်နမ်၊ အဆင့် ၇ က အီရန်၊ အဆင့် ၈ က တရုတ်၊ အဆင့် ၉က မြန်မာဖြစ်ပြီး အဆင့် ၁၀ ကတော့ ကျူးဘားနိုင်ငံဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စတင်လုပ်ဆောင်ချိန်မှာ အစိုးရက ကတိပေးခဲ့တဲ့အရာတွေဟာ နောက်ပြန်ဆုတ်နေပြီဖြစ်ကြောင်းနဲ့ သတင်းထောက်တွေဟာ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရခြင်း၊ အစိုးရ ဆန့်ကျင်သူတွေ၊ စစ်တပ်ကို ဝေဖန်သူတွေကိုလည်း ဖမ်းဆီးခြင်းတွေ ရှိနေကြောင်း ထောက်ပြထားပါတယ်။

မှတ်သားထားတဲ့ စာရင်းတွေအရ လက်ရှိအချိန် မြန်မာပြည်မှာ သတင်းသမား(၁ဝ) ဦး ဖမ်းဆီးခံထားရတဲ့အတွက် မြန်မာပြည်မှာ သတင်းမီဒီယာဥပဒေပြဌာန်းခဲ့တယ်ဆိုတာဟာလည်း သတင်းသမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ခိုင်မာသော ဥပဒေမျိုး မပေါ်ပေါက်သေးဘူးလို့ ယူဆနိုင်ကြောင်း ပြောဆိုပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

လူ့အခွင့်အရေးမို့ ပညာရမှာ စိုးတယ်တဲ့…

 

 

ဧပြီ ၂၂ ။

ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပမယ့် လူ့အခွင့်အရေးပညာပေးသင်တန်းတစ်ခု ကျင်းပဖို့ကို ချင်းပြည်နယ်အစိုးရက ခွင့်ပြုချက် မပေးဘူးလို့ သတင်းရရှိပါတယ်။

ဖလမ်း လူငယ်အဖွဲ့အစည်းတစ်ခုက ဦးဆောင်ပြီး တစ်ရက်နဲ့အပြတ် လူ့အခွင့်အရေးပညာပေးသင်တန်း ပြုလုပ်ရာမှာ အဆိုပါ သင်တန်းဟာ မည်သည့်အကြောင်းပြချက်မှ မပါတဲ့အတွက်ဆိုပြီး  ချင်းပြည်နယ်အစိုးရက ကျင်းပခွင့်မပေးဘဲ ပိတ်ပင်တားဆီးလိုက်တာ ဖြစ်ပါတယ်။

အခုလို ပိတ်ပင်တားဆီးတာဟာ လူမပြောင်း၊ မူပြောင်းစနစ်ကို ကျင့်သုံးနိုင်ဖို့ ချင်းပြည်နယ် အစိုးရအနေနဲ့ အရည်အချင်း မရှိရာ ရောက်ကြောင်း အဆိုပါသင်တန်းမှာ ဟောပြောပို့ချမယ့်သူတွေက ပြောဆိုဝေဖန်လိုက်ပါတယ်။

အဆိုပါ လူ့အခွင့်အရေး ပညာပေး သင်တန်းကို ဖလမ်းမြို့ရှိ မြို့တော်ခန်းမမှာ ကျင်းပဖို့ ပြည်နယ်အစိုးရထံကို ဖလမ်းလူငယ်အဖွဲ့အစည်းက ဦးဆောင်၍ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.မြေစာပင်များရဲ့ အခြေအနေ…

 

 

ဧပြီ ၂၂ ။

အစိုးရစစ်တပ်နဲ့ ရခိုင်တပ်မတော်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးသင့်ပြည်သူ လေးရာကျော်ရှိနေပြီး ကူညီကယ်ဆယ်ရေးအတွက် ဒေသတွင်းအုပ်ချုပ်သူတွေက တားမြစ်နေကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ကျောက်တော်မြို့နဲ့ မိုင် ၂၀ခန့်အကွာမှာ ရှိတဲ့ အောင်လံချောင်း၊ ဘင်ချောင်းနဲ့ ပင်လုံကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အဲဒီရွာသုံးရွာက ဒေသခံလေးရာကျော် ပိတ်မိနေပြီး ရွာတွေအနီး တောင်ခြေမှာ ရခိုင်တပ်မတော်တပ်ဖွဲ့ဝင်တွေ ရှိနေနိုင်တယ်ဆိုပြီး ဒေသခံတွေကို အစိုးရစစ်တပ်က နေရာရွှေ့ခိုင်းထားတာကြောင့် အခက်အခဲတွေ ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့တွေကလည်း ကျောက်တော်မြို့တွင်းမှာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အစိုးရစစ်တပ်နဲ့ ရခိုင်တပ်မတော်တို့ဟာ ဧပြီလ ဒုတိယပတ်က စပြီး တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ရခိုင်သောင်းကျန်းသူတွေ စိမ့်ဝင်ခိုအောင်းမှုမရှိစေရေးအတွက်ဆိုပြီး               တပ်မတော်စစ်ကြောင်းတွေက နယ်မြေရှင်းလင်းမှုတွေ ဆက်လက် ဆောင်ရွက်နေကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဓါတ်တောက်နေသတဲ့… ဘယ်လိုကြီးပါလိမ့်…

 

ဧပြီ ၂၁ ။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပျံလွန်တော်မူ သွားခဲ့ပြီ ဖြစ်ပေမဲ့ မပုပ်မသိုးဘဲ ရှိနေနဲ့ သံဃာတော်နှစ်ပါးရဲ့ ခန္ဓာကိုယ်ကနေ ဓါတ်တောက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဆိုဖြစ်ရပ်ဟာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ထဲက မဲနယ်ကွင်း ကျေးရွာအုပ်စု ၊ ဇလွန်ကျေးရွာအတွင်းမှာ ဖြစ်ပွါတာ ဖြစ်ပြီး ဆရာတော်တွေရဲ့ မပုပ်မသိုးရုပ်ကလပ် ကနေ ဓါတ်တောက်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံနဲ့ ပြည်သူဟာ နေ့စဉ် သွားရောက် ဖူးမျှော်နေကြပါတယ်။

ပထမ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ရဲ့ ဘွဲ့တော်က ဥူးသုဇာတ ဖြစ်ပြီး ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့မှာ ပျံတော်မူခဲ့တာကြောင့် အခုဆိုရင် ၃၁ နှစ်ရှိပြီဖြစ်ပါတယ်။

ဒုတိယဆရာတော်ကတော့ ဘွဲ့တော်က ဘဒ္ဒန္တကဝိနန္ဒ ဖြစ်ပြီး ၂၀၁၅ ခုနှစ် ၊ဇန်နဝါရီလ ၃ ရက်နေ့က ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆရာတော် နှစ်ပါးလုံးရဲ့ ကိုယ်ခန္ဓာတွေက မပုပ်မသိုးပဲ ဖြစ်နေပြီး   ဧပြီလ ၁၇ ရက်နေ့မှာတော့ ဆရာတော် နှစ်ပါးလုံးဟာ ဓါတ်တော်တွေ စတင်ကွန့်မြူးလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဆရာတော်တွေဆီက ဓါတ်တော်တောက်တယ်ဆိုတဲ့ သတင်းက ပျံ့နှံ့သွားပြီး  မြန်မာပြည် အရပ်ရပ်ကနေ သွားရောက် ဖူးမျှော်သူတွေအပြင် နိုင်ငံခြားသားတွေပါ လာရောက် လေ့လာနေကြပါတယ်။

မပုပ်မသိုးဘဲ တည်ရှိနေတဲ့ ဆရာတော်နှစ်ပါးရဲ့ ခြေသလုံး၊ လည်ပင်းနဲ့ လက်ရိုးတော်တွေမှာ မီးစုန်းလို အရောင်တွေ လင်းလက်တောက်ပနေပြီး နေ့ခင်းဘက်ရော ညဘက်မှာပါ ဓါတ်တော်တွေ တောက်နေကြောင်း မျက်မြင်တွေက ပြောဆိုနေကြပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

တန်ဖိုးရှိလျှင် တန်ဖိုးသိ…

 

 

ဧပြီလ ၂၁ ။

ဧပြီလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ဦးဝင်းတင်ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အမှတ်တရဂုဏ်ပြုပွဲတွေကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါတယ်။

ဗမာပြည် သတင်းလွတ်လပ်ခွင့်အတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့သူ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ဆုံးရှုံးမှုကြီးတခုဖြစ်တဲ့အပြင်   အခု လက်ရှိ ဗမာပြည်ရဲ့ သတင်းမီဒီယာလောကအပေါ် အာဏာပိုင်တွေရဲ့ ဖိအားပေးတာတွေ ပိုပြီးတိုးလာနေကြောင်း နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။

စစ်အစိုးရလက်ထက်က အကျဉ်းထောင်ထဲမှာ ၁၉ နှစ်ကြာအောင် အကျဉ်းချခံခဲ့ရတဲ့ NLD အဖွဲ့ချုပ် နာယကလည်းဖြစ်သူ၊ သတင်းစာဆရာကြီး ဟာံဝတီဦးဝင်းတင်ဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရဖို့အတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းတွေကို  နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့တွေက အမှတ်တရ ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

ဦးဝင်းတင်ဟာ သတင်းလွတ်လပ်ခွင့်ကို မြတ်နိုးတန်ဖိုးထားသူတဦးဖြစ်ပြီး                                         မြန်မာ စစ်အစိုးရအဆက်ဆက်မှာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ကလည်း ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် နယူးယောက်မြို့အခြေစိုက် CPJ လို့ခေါ်တဲ့ သတင်းထောက်များ အကာကွယ်ပေးရေး ကော်မတီကလည်း ဦးဝင်းတင်ကွယ်လွန်ခြင်း ၁ နှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်ဟာ ဆိုးရွားနေဆဲပဲလို့ ဝေဖန်လိုက်ပါတယ်။

ဦးဝင်းတင်ဟာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ကြီးဖြစ်တဲ့ UNESCO ကနေ ၂၀၀၁ ခုနှစ်မှာ နိုင်ငံတကာသတင်းလွတ်လပ်ခွင့် Guillermo Cano ဆုကို ချီးမြှင့်ခံခဲ့ရတဲ့အပြင်  WAN လို့ခေါ်တဲ့ ကမ္ဘာ့သတင်းစာများအဖွဲ့ချုပ်ကလည်း ရွှေကလောင်ဆုကို ၂၀၀၁ ခုနှစ်မှာ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

NLD ပါတီ အဖွဲ့ချုပ်မှာ စတင်တည်ထောင်ကတည်းက founder တဦးအနေနဲ့ ပါဝင်ခဲ့သူလည်း ဖြစ်တဲ့အပြင် ဦးဝင်းတင် မရှိတော့တာဟာ NLD အတွက် ထိခိုက်နစ်နာစရာဖြစ်ကြောင်း ပြောဆိုကြပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဆန်မလုံလောက် ခြံခုန်ပေါက်

 

 

ဧပြီ ၂၀ ။

တရုတ်နိုင်ငံဟာ မြန်ပြည်ကနေ ဆန်ဝယ်လိုအား ပိုမို မြင့်မားလာကြောင်း သိရပါတယ်။

မှောင်ခိုကုန်ကူးမှုများကို ဖမ်းဆီးမယ်လို့ တရုတ် အစိုးရက ကြေညာထားပြီး ပြည်နယ်တွင်းလိုအပ်ချက်မြင့်မားနေမှုကြောင့် မြန်မာ့ဆန်ကို နေ့စဉ်တိုးမြှင့် ၀ယ်ယူနေကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင်တွေက ဆိုပါတယ်။

တရုတ်နိုင်ငံဘက်က ဆန်ဝယ်လိုအား မြင့်မားလာတဲ့အတွက် သင်္ကြန်ကာလက စတင်ပြီး    နေ့စဉ် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂,၅၀၀ ခန့်ထိ တိုးမြှင့်ဝယ်ယူနေတဲ့အပြင် ဆန်ဈေးနှုန်းမြင့်တက်မှု လည်း ရှိလာကြောင်း သိရပါတယ်။

မြန်မာ့ဆန်က ဈေးသက်သာပြီး ဗီယက်နမ်နိုင်ငံဘက်က ဆန်တွေကတော့ ဈေးကြီးကြောင်း သိရပါတယ်။

အခုအခါမှာ တရုတ်ဘက်က ဆန်လိုအပ်ချက်ကြောင့် ငွေပေးချေမှုတွေလည်း ပိုမြန်လာပြီး အရင်ကထက် ပိုအဆင်ပြေလာကြောင်း ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပသို့ ဆန်တင်ပို့မှုဟာ ၂၀၁၄-၁၅ မှာ ဆန်နဲ့ ဆန်ကွဲ စုစုပေါင်း  တန်ချိန် ၁၈သိန်းကျော်တင်ပို့ထားပြီး နယ်စပ်က တစ်ဆင့် တရုတ်နိုင်ငံကို တန်ချိန် ၁၁ သိန်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနရဲ့ စာရင်းတွေက ထုတ်ပြန်ထားပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ကိုမြင့်ဇော်

 

 

ဧပြီ ၂၀ ။

မြန်မာနိုင်ငံက Save the Irrawaddy ဆိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဝင် ကိုမြင့်ဇော်ကို နိုင်ငံတကာက ထင်ရှားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆုကြီးတခု ချီးမြှင့်လိုက်ပါတယ်။

မြန်မာပြည်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ကိုမြင့်ဇော်ကို       ကမ္ဘာတလွှား လူထုအခြေပြု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ အောင်မြင်စွာ လုပ်ဆောင်နိုင်သူတွေအတွက်   နှစ်စဉ် ဆုချီးမြှင့်ပေးနေတဲ့ US အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကြီးက ၂၀၁၅ ခုနှစ် ဆုရှင် အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ကိုမြင့်ဇော်ပါဝင်တဲ့ Save the Irrawaddy ဆိုတဲ့ ဧရာဝတီမြစ် ကယ်ဆယ်ရေးအဖွဲ့အဟာ ကချင်ပြည်နယ် မြစ်ဆုံမှာ တရုတ်နိုင်ငံက တည်ဆောက်နေတဲ့ မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်သွားအောင် လူထုလှုပ်ရှားမှုအသွင်နဲ့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ခဲ့တဲ့ ဒီဆည်ကြီးကြောင့် မြန်မာနိုင်ငံရဲ့ အရေးအပါဆုံးနဲ့ အရှည်ဆုံး ဧရာဝတီမြစ်ကြီးကို ပျက်စီးစေနိုင်ပြီး၊ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုဘ၀ ရပ်တည်မှုတွေကို ပျက်ပြားစေနိုင်တယ်ဆိုပြီး မြန်မာပြည်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ဝေဖန်ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာ ဆိုင်းငံ့ထားတဲ့ မြစ်ဆုံဆည်စီမံကိန်းကို အပြီးသတ် ဖျက်သိမ်းရေးအတွက် ဆက်လက် လှုပ်ရှားသွားမှာ ဖြစ်ကြောင်း                                                                                   The Goldman (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆုရှင်) ကိုမြင့်ဇော်က ပြောဆိုလိုက်ပါတယ်။

ဆုရရှိသူ ကိုမြင့်ဇော်ကို US ၊ San Francisco မြို့မှာ ဧပြီလ ၂၀ ရက်နေ့က   ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲမှာ ဆုပေးအပ်ပွဲ ကျင်းပပေးခဲ့ပြီး   ဧပြီလ ၂၂ ရက်နေ့ကလည်း ၀ါရှင်တန်ဒီစီမြို့မှာ ဆုချီးမြင့်ပွဲ ထပ်မံပြုလုပ်ခဲ့ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

တိုင်းရင်းသား မစုံသေးပါဘူး…

 

 

ဧပြီ ၁၉ / ၂၀ ။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မြန်မာအစိုးရ စစ်တပ်တွေနဲ့ ကေအိုင်အေ တပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွါးနေဆဲပဲလို့ သိရပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံရွာသူ ရွာသားများ အပြင်မထွက်ကြဖို့နဲ့  ဘေးကင်းလုံခြုံရာမှာ နေထိုင်ကြဖို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နှိုးဆော်ထားရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က စတင်ပြီး ကိုးကန့်ဒေသတွင်းက အစိုးရစစ်တပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း၂၅၃ ကြိမ်ဖြစ်ပွါးခဲ့ရာ လက်ရှိအချိန်ထိ အစိုးရစစ်တပ်ဘက်က ၁၂၆ ယောက် ကျဆုံးပြီး၊ ၃၅၉ ယောက် ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာစစ်တပ်ပိုင် မြ၀တီသတင်းက ကြေညာထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အတွင်းမှာလည်း မြန်မာအစိုးရတပ်တွေနဲ့ ရခိုင်တပ်မတော် AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။

ရခိုင်တပ်မတော် AA ဟာ ရခိုင်ပြည်နယ်အတွင်းက ရခိုင်လူထုကို ကာကွယ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ အခြေချလှုပ်ရှားနေတာဖြစ်ပြီး အခုအချိန်မှာ ရင်ဆိုင်နေရတဲ့တိုက်ပွဲတွေဟာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ရတဲ့အထိ ပြင်းထန်လာကြောင်း သိရပါတယ်။

ရခိုင့်တပ်မတော်နဲ့ မြန်မာတပ်မတော်တို့ဟာ ၂၀၁၅ မတ်လကုန်ပိုင်းကစပြီး တိုက်ပွဲများ ဖြစ်ပွါးခဲ့ရာ မြန်မာတပ်မတော်သားနှစ်ဦးကို ရခိုင့်တပ်မတော်က ဖမ်းဆီးထားပါတယ်။

အဲဒီနောက် ဧပြီလ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွါးနေတာဖြစ်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.တောင်သမန်အင်းတော့… ပြောင် မကျန်ရှင်းပေါ့…

 

ဧပြီလ ၂၀ ရက် ။

မန္တလေးမြို့ ၊ အမရပူရမြို့နယ်အတွင်းက နာမည်ကျော် တောင်သမန်အင်းအတွင်းကို ဝင်ရောက်နေတဲ့ စက်မှုဇုန်တွေဆီက စွန့်ပစ်ရေဆိုးတွေကြောင့် အင်းအတွင်းမှာ မွေးမြူထားတဲ့ ငါးများ သေဆုံးသွားပါတယ်။

စက်မှုဇုန်တွေကတဆင့် ပရံတော်ချောင်းကနေ စီးဝင်လာတဲ့ စွန့်ပစ်ရေဆိုးတွေဟာ ပြန်လည်သန့်စင်မှုမပြုလုပ်ဘဲ တိုက်ရိုက် စွန့်ထုတ်နေတာ ဖြစ်ပါတယ်။

အဆိုပါ ရေဆိုးတွေကြောင့် အင်းအတွင်းရှိ ငါးတွေဟာ အောက်ဆီဂျင် ပြတ်တောက်ပြီး သေဆုံးမှုများ ဖြစ်ပေါ်နေရတာပါ။

အခုလို ဖြစ်ပွါးခဲ့ရတာနဲ့ ပတ်သက်ပြီး အင်းလုပ်ငန်း ပိုင်ရှင်က တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံ အကြောင်းကြားခဲ့တာကြောင့် တိုင်းဦးစီးမှူးအရာရှိတွေက ကြည့်ရှုစစ်ဆေးပြီး ငါးတွေသေဆုံးမှု အများဆုံးဖြစ်ပွားတဲ့နေရာက ရေတွေကို စစ်ဆေးတိုင်းတာမှုတွေ လုပ်ခဲ့ပါတယ်။

စစ်ဆေးချက်အရ စွန့်ပစ်ရေဆိုးတွေကြောင့် ငါးတွေ သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အင်းအတွင်းရှိ ရေတွေ အနံ့ဆိုးများပျောက်ဖို့နဲ့ ငါးတွေသေဆုံးမှု နည်းပါးပြီး ရေတွေအနည်ထိုင်ဖို့အတွက် အင်းအတွင်းမှာ ထုံးများ ပက်ဖျန်းလိုက်ပါတယ်။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလတွေမှာ တောင်သမန်အင်းကို မြို့ခံပြည်သူများ၊ အမြို့မြို့အနယ်နယ်မှ ပြည်သူများ၊ နိုင်ငံခြားသား ခရီးသည်များ လာရောက်အပန်းဖြေနေကြပြီး  တောင်သမန်အင်းအတွင်း ရေကစားကြပါတယ်။

အခုနှစ်မှာတော့ တောင်သမန်အင်းကို လာရောက်လည်ပတ်သူတွေ များပြားပေမဲ့ စက်မှုဇုန် စွန့်ပစ်ရေဆိုးတွေကြောင့် ငါးများသေဆုံးပုပ်ပွပြီး ရေအနံ့အသက် မကောင်းတာကြောင့် အင်းအတွင်း ရေကစားသူ နည်းပါးခဲ့ပါတယ်။

စက်မှုဇုန်မှရေဆိုးများဝင်ရောက်မှုကြောင့် ငါးသေဆုံးမှု ပမာဏကတော့ ပိဿာချိန် ၁ဝဝ ကျော်လောက် သေဆုံးခဲ့ပြီး ငါးအမျိုးအစားပေါင်း ခြောက်မျိုးလောက် သေဆုံးနေကြောင်း သိရပါတယ်။

သေဆုံးနေတဲ့ ငါးတွေကို စားသုံးမိလျှင်လည်း ဘေးဥပါဒ် အန္တရာယ်ဖြစ်ပွားမှု ရှိနိုင်တာကြောင့် သေဆုံးငါးတွေကို လိုက်လံသိမ်းဆည်းပြီး မြေမြှုပ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.လေ့လာရေးတဲ့ … ရီးလေ့လေ့….

 

ဧပြီ ၁၉ ။

ပြည်သူ့လွှတ်တော် ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးအောင်သောင်းတို့ အဖွဲ့ဟာ ဂျာမန်ီနိုင်ငံရဲ့ ဘဏ်လုပ်ငန်း အခြေအနေတွေကို လေ့လာဖို့ ဧပြီလ ၁၉ ရက်နေ့က ဂျာမနီကို ထွက်ခွါသွားပါတယ်။

ဦးအောင်သောင်းနဲ့ ကော်မတီဝင် ခြောက်ဦးဟာ ဂျာမန်ီနိုင်ငံရဲ့ ဘဏ်လုပ်ငန်း ဘဏ်စနစ်နဲ့ ပါလီမန်စနစ်တို့ကို လေ့လာဖို့အတွက် ဧပြီလ ၂၀ ရက်ကနေ ၃၀ ရက်နေ့အထိ ဂျာမနီနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင်တချို့အနေနဲ့  ၂၀၁၄ ခုနှစ် ဧပြီလကလည်း တရုတ်နိုင်ငံရဲ့ စတော့ အိတ်ချိန်းဈေးကွက်ကို သွားရောက်လေ့လာခဲ့ဖူးပါတယ်။

ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးအောင်သောင်းဟာ   US အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံဆီသွားမယ့်ခရီးစဉ်မတိုင်ခင် ရန်ကုန်လေဆိပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဦးအောင်သောင်းက “မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ တခြားတိုင်းပြည်တွေနဲ့ယှဉ်ရင် နည်းနေသေးကြောင်း ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်ရဲ့ ငွေဖောင်းပွမှုနှုန်း ခုန်တက်သွားတာနဲ့ပတ်သက်ပြီး US ဒေါ်လာငွေ တန်ဖိုးတက်လာပြီး မြန်မာငွေတန်ဖိုး ကျဆင်းသွားတာကြောင့် မြန်မာ့ငွေဖောင်းပွမှုနှုန်း တက်လာရတဲ့သဘောကိုလည်း ဦးအောင်သောင်းက ပြောသွားပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေဖောင်းပွမှုနှုန်းဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ပျှမ်းမျှ ၅.၁၂% ရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ် မှာတော့ ၈.၄% အထိ တက်သွားတာကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဖော်ပြထားပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဂျပန်တွေ ရွာထဲဝင်လာတော့မယ်တဲ့ … ငှဲ့ငှဲ့…

 

ဧပြီ ၁၇ ။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကူအညီတွေ ပေးနေမယ်လို့ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြုလိုက်ပါတယ်။

ဧပြီလ ၁၄ ရက်နေ့က ဂျပန်နိုင်ငံကိုသွားရောက်ခဲ့တဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကတိပြုပြောဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးသဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်တာကို မြင်တွေ့လိုကြောင်းနဲ့၊ အခုနှစ်ကုန်ပိုင်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေကိုလည်း လွတ်လပ်၊ တရားမျှတစေလိုကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဆီကို မြန်မာသမ္မတ ဦးသိန်းစိန်က စာတစ်စောင် ထည့်ပေးလိုက်ပြီး           မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်းပါ့မယ်လို့ ဦးသိန်းစိန်က စာထဲမှာ ကတိပြု ရေးသားထားပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.ကျေးဇူးရှင်က ကျေးဇူးတင်…

 

ဧပြီ ၁၇ ။

ဧပြီလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ၁၃၇၇ ခုနှစ် ၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ ပြည်သူပြည်သားအားလုံးကို ကျေးဇူးတင်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကြောင့်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်နိုင်တာဖြစ်တာကြောင့် ပြည်သူပြည်သားအားလုံးကို ကျေးဇူး တင်ကြောင်း ပြောဆိုခဲ့တာပါ။

ရန်ကုန်မြို့ရှိ ၊ NLD အဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးများနဲ့ NLD အဖွဲ့ချုပ် လူကြီးသူမတွေကို ပူဇော်ကန်တော့ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

NLD ပါတီဟာ ချမ်းသာတဲ့ အဖွဲ့အစည်း မဟုတ်ဘဲ အချိန်တိုင်း ရုန်းကန်ခဲ့ရတာဖြစ်ပေမဲ့   ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ ယုံကြည်မှုကို ရနေတဲ့အတွက် အခုလို ရပ်တည်နိုင်တာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာတွေရဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ NLD ပါတီရဲ့ ကျေးဇူးရှင် ပြည်သူ ပြည်သားတွေကို အာရုံပြုပြီး မြန်မာ နိုင်ငံသူ နိုင်ငံသား ၊ ပြည်သူ ပြည်သားများ အားလုံးကျန်းမာ ၊ ချမ်းသာပြီး ဘေးဘယာဝေးကွာကြပါစေကြောင်းလည်း ဆုတောင်းစကားဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပါတီနာယကဖြစ်သူ ဦးတင်ဦးလို အာဏာ၊ ရာထူးထည့်မတွက်ပဲ ကိုယ်ကျိုးစွန့် အနစ်နာခံမူတွေကို လူငယ်များ အားကျအတုယူစေလိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အဆိုပါ အခမ်းအနားအတွင်း ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ NLD အဖွဲ့ချုပ်လူကြီးတွေကို ပူဇော်ကန်တော့အပြီးမှာ သံဃာတော်တွေက ပရိတ်တရားတွေ ဟောကြားခဲ့ကြောင်းလည်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ပွဲလမ်းသဘင် နွှဲစမ်းချင်…

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

US ၊ နယူးဝေါ့ခ်မြို့မှာ တည်ရှိတဲ့ အလိုတော်ပြည့် ဗောဓိသုခ ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းအတွင်းမှာ “အဘယ လာဘမုနိ” ဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးကို ရခိုင်ရိုးရာ ရေသပ္ပာယ်ပွဲနဲ့ မြန်မာနှစ်သစ်ကူးပွဲတော် ကျင်းပမယ်လို့ သိရပါတယ်။

ပွဲတော်ကို ဧပြီလ ၂၆ ရက် ၊ တနင်္ဂနွေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ကျောင်းတိုက် တည်ရှိရာ 6263 Thornton Ave, Newark, CA 94560 ကို သွားရောက်ကာ တရားတော်နာခြင်း၊ ကျွေးမွေးမယ့် အာဟာရတွေကို သုံးဆောင်ခြင်းနဲ့ ရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ထားပါတယ်။

အသေးစိတ် သိရှိလိုသူများအနေနဲ့ ဖုန်း (510) 337-4750 ကို ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ဟေးဝပ်ဒ်မြို့၊ မုဒိတာ ရွှေကျောင်းတည်ရှိတဲ့ 27695 Leidig Ct. Hayward, CA 94544 မှာ ရွှေသိမ်တော်တည်ဆောက်လျက်ရှိရာ သိမ်အောင်ပွဲကို ဇူလိုင်လ ၁၂ ရက် ၊ တနင်္ဂနွေနေ့မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ဓမ္မမိတ်ဆွေများ ကြွရောက် ကုသိုလ်ယူပါဝင်နိုင်ပါကြောင်း ဖိတ်ခေါ်ထားပါတယ်။

အသေးစိတ်သိရှိလိုသူများအနေနဲ့ ဖုန်း 510 574 5442 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေးလီးစီးတီးမြို့ ၊ Theravada Dhamma Society,  699 Serramonte Blvd. # Daly City, CA 94015 မှာ ဆရာတော် ဦးဃောသိတာ ဘိဝံသကနေပြီးတော့ ထေရဝါဒ ဓမ္မတရားတော် သင်တန်းတွေကို ပို့ချ သင်ကြားပေးနေပါတယ်။

ဓမ္မသင်တန်းတွေကို ဇွန်လ (၂) ရက်နေ့အထိ နေ့စဉ် ည(၇)နာရီမှာ သင်ကြားပို့ချပေးနေတာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများအနေနဲ့ မည်သူမဆို တက်ရောက် နာယူ သင်ကြားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

သင်တန်းအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း – (၆၅၀) ၉၉၃ ၈၇၇၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျနော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျနော် ဖတ်မိသမျှကို ကျနော့်ရေးဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လိုက်လံ ရှာဖွေ ဖတ်နေစရာမလိုပဲ… ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျနော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ကျနော်တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  နဲ့ www.azmtv.com/mobile မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားဆင်နိုင်ပါကြောင်းးးး

 

 

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .