ကျွန်မ၏ ဖယောင်းရုပ်လေးများ

ကျွန်မ၏အိမ်တွင် ကလေးနှစ်ယောက် ရှိသည်။ မောင်နီ နှင့် မောင်ဖြူ ဟုပင် ခေါ်ကြပါစို့။  ကျွန်မ၏ မောင်နှစ်ဝမ်းကွဲများ ဖြစ်သည်။  မောင်နီ၏ အဖေ နှင့် မောင်ဖြူ၏ အမေသည် မောင်နှမဖြစ်သောကြောင့် သူတို့နှစ်ဦးမှာ ညီအစ်ကိုတစ်ဝမ်းကွဲများ တော်စပ်သည်။ မောင်နီက မောင်ဖြူထက် နှစ်ရက်သာကြီး၏။ သူတို့နှစ်ဦးလုံးသည် ယခုနှစ်ကျောင်းဖွင့်လျှင် သတ္တမတန်းသို့ တက်ရောက်ကြမည်ဖြစ်သည်။

မောင်နီ၏ မိဘနှစ်ပါးသည် လွန်ခဲ့သော သုံးနှစ်ခန့်က ဆုံးသွားကြပြီဖြစ်သည်။ မောင်နီ့တွင် အစ်မတစ်ယောက်ရှိ၏။ သူတို့မောင်နှမနှစ်ဦးကို အဒေါ်အရင်းဖြစ်သော မောင်ဖြူ၏ အမေက စောင့်ရှောက်ထားသည်။ ယခုအခါ မောင်နီ၏ အစ်မကို တစ်ဝမ်းကွဲအဒေါ်များက ခေါ်ယူစောင့်ရှောက်ထားသောကြောင့် အိမ်တွင် မောင်နီတစ်ယောက်သာ ကျန်တော့၏။ မောင်ဖြူ့တွင်တော့ ညီတစ်ယောက်ရှိသည်။ မောင်ဖြူ့အောက် ငါးနှစ်ခန့်ငယ်သည်။ ထို့ကြောင့် မောင်ဖြူတို့မိသားစုတွင် မောင်ဖြူ့အဘွား (အမေ၏ အမေ)၊ မောင်ဖြူ့ မိဘနှစ်ပါး၊ မောင်ဖြူတို့ ညီအစ်ကို၊ မောင်နီ၊ မောင်ဖြူ့အဖေ၏ တူမ နှင့် မိသားစုဝင် (၇) ယောက်ရှိ၏။

မောင်ဖြူသည် သားကြီးပီပီ မိဘကို တွယ်တာသည်။ မိသားစုကို သိတတ်သည်။ ငါးနှစ်ခန့် တစ်ဦးတည်းအချစ်ခံလာရင်း ညီတစ်ယောက်ထပ်ရလာသောအခါ ခံစားချက်တို့ မသိမသာဖြစ်ပေါ်လာသည်။ သမီးကြီးဖြစ်သော ကျွန်မ  ထိုခံစားချက်တို့ကို မြင်နေရ၏။ ထို့ကြောင့်  အငယ်ကို ပိုအလေးပေးတတ်ကြသူများကြားတွင် ကျွန်မ၏အချစ်တော်မှာ မောင်ဖြူဖြစ်လာခဲ့သည်။ မောင်ဖြူ၏အကျင့်မှာ တစ်ဦးတည်း အေးအေးဆေးဆေးနေလို၏။ အလွန်အဆော့သန်သော ညီနှင့် အတူတူရှိနေချိန်များကို စိတ်ညစ်၏။ အမေက ညီငယ်ကို ချော့မြူနေသည်ကို မြင်လျှင် သိပ်မကြည်လင်တော့ချေ။ အမေသည် သူ့ထက် ညီလေးကို ပိုချစ်သည်ဟုသာ စွဲနေလေတော့သည်။

ထိုသို့နေလာရင်း မောင်နီ၏ မိဘများ ဆုံးသွားသောအခါ မောင်နီသည် မောင်ဖြူတို့၏ မိသားစုဝင်ဖြစ်လာသည်။ မိဘမဲ့ဖြစ်သော တူငယ်ကို အဒေါ်က ဂရုဏာပို၏။ သားနှင့်တူတို့ ရန်ဖြစ်လျှင် မိဘမဲ့တူဘက်က ရပ်တည်ပေးသည်။ ဆူစရာရှိလျှင် သားကိုသာ ဆူသည်။ ထိုလုပ်ရပ်များသည် လူကြီးများဘက်ကကြည့်လျှင် မှန်သည်ဟု ထင်ရသော်လည်း ခံစားချက်အခံရှိသော မောင်ဖြူ့အတွက်မူ ပိုဝမ်းနည်းစေသည်။ ပထမတွင် ညီငယ်၊ အခုတွင် အစ်ကိုဝမ်းကွဲ။ မောင်ဖြူ၏ စိတ်တို့သည် ခန့်မှန်းရခက်လာသည်။ စိတ်ကောင်းဝင်နေချိန်တွင် အဆင်ပြေနေသော်လည်း တစ်ခါတစ်ခါတွင် ဘာမဟုတ်တာလေးနှင့် အကြီးအကျယ်ထဖြစ်သည်။ စာကို အပြင်းအထန်ကြိုးစားသည်။ ပညာတတ်ဖြစ်ချင်သည့်စိတ်က ပထမ၊ မောင်နီ့ထက်သာချင်စိတ်က ဒုတိယ။ တကယ်တမ်းတွင် မောင်နီက ဉာဏ်ပိုကောင်းသည်။ သို့သော် စာမကြိုးစားချေ။ မောင်ဖြူက ကြိုးစားသည်။ မောင်နီမသိအောင် တိတ်တိတ်လေး စာကျက်သည်။ မနက်အစောကြီးထသည်။ မောင်နီနိုးမည်စိုး၍ ခြေသံလုံလုံနှင့် အိမ်ရှေ့ထွက်သည်။ ဖယောင်းတိုင်အလင်းရောင်ကို စာအုပ်နှင့် ကွယ်သည်။ ထို့နောက် အိမ်ရှေ့ခန်းအကွယ်တွင် စာကျက်တော့သည်။ ထို့သို့ ကြိုးစားသည့်ကြားမှ တစ်ခါတစ်လေ မောင်နီက အမှတ်သာသွားလျှင် အကြီးအကျယ်ပေါက်ကွဲသည်။ အော်ဟစ်ငိုသည်။ မောင်နီ့ကို ကြိမ်းမောင်းသည်။ စိန်ခေါ်သည်။ ကျွန်မ၏ အမေနှင့် သူ့အမေတို့က ဟန့်သည်။ မောင်ဖြူ့ခံစားချက်တို့​ပိုဆိုးလေတော့သည်။

မောင်နီကမူ ကျွန်မတို့နှင့် အနေဝေးခဲ့သည်။ မောင်နီ၏ မိဘများသည် ဆွေမျိုးများကြားတွင် မလိမ္မာသူများအဖြစ် နာမည်ရှိသည်။ မည်သို့ပင် ထောက်ပံ့ထောက်ပံ့ အခြေအနေက တိုးတက်မလာချေ။ သူတို့နှင့် တည့်သူလည်းရှားသည်။ ထိုသူတို့မှ မွေးဖွားလာသော မောင်နီတို့ မောင်နှမကို ကျွန်မတို့ သိပ်မချစ်ခဲ့ချေ။ အထူးသဖြင့် ရွယ်တူဖြစ်သော မောင်ဖြူနှင့် မောင်နီ့အပေါ်တွင် ကျွန်မတို့မိသားစု၏ ဆက်ဆံမှုသည် အတော်ပင် ခြားနားသည်။ မှုန်တေတေနှင့် ဂျစ်ကန်ကန်မျက်နှာထားရှိသော မောင်နီ့ကို မေးထူးခေါ်ပြောမှလွဲ၍ စေ့စေ့ပင် မကြည့်မိခဲ့ကြောင်း ဝန်ခံချင်ပါသည်။ ထို့နောက် အိမ်နှင့်အတော်ကြာဝေးနေသည်နှင့်အမျှ မောင်နီနှင့်လည်း ဝေးသွားခဲ့သည်။ ယခုနောက်ပိုင်း အိမ်သို့မကြာခဏပြန်ဖြစ်သည့်အခါမှ မောင်နီ့ကို ကျွန်မ ပြန်သတိထားမိတော့သည်။ မောင်နီသည် အတော်ပင် ပြောင်းလဲသွားချေပြီ။ မျက်နှာငယ်ငယ်လေးနှင့် ကုပ်ကုပ်လေးဖြစ်နေသည်။ (ကျွန်မရှေ့မို့လို့လားတော့ မသိပေ။) ကျွန်မအမေ၏ ပြောပြချက်အရ အဆော့သန်သည်။ တီဗီကြိုက်သည်။ စာလည်း မကြိုးစား၊ လက်ရေးလည်းမလှနှင့် ခဏခဏအတိုင်ခံရသည်။ ဆူလျှင် မျက်နှာပျက်ပြီး မျက်ရည်တွေတွေကျသည်။ ပြီးလျှင် ထထွက်သွားသည်။ အတော်လည်း အကြောမာသည့်ကလေးဟု အမေက ကောက်ချက်ချသည်။

ထိုနေ့က ကျွန်မ အပြင်သွားနေသည်။ ပြန်လာတော့ အမေက ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်ကြသည်ဟု ဆီးတိုင်သည်။ မောင်ဖြူက စာအုပ်ဖတ်နေသည်။ မောင်နီက အဲ..အဲ ဟု သွားစသည်။ မောင်ဖြူက ထထိုးသည်။ စိတ်ဆိုးပြီး အော်ဟစ်သည်။ ကျွန်မအမေက နှစ်ယောက်စလုံးကို ထဆူသည်။ ကျွန်မ အိမ်ပြန်ရောက်တော့ နှစ်ယောက်သားတွင် မျက်ရည်ကိုယ်စီနှင့်။ အမေလည်း စိတ်ညစ်လှပြီ။ သည်လိုသာဖြစ်နေလျှင် အတူတူထားရမည်ကိုပင် စဉ်းစားရပေပြီ။ ထို့ကြောင့် သည်နှစ်တွင် မောင်နီ့ကို ဘုရားကြီးသို့ သွားပို့မည်ဟု ပြောသည်။ ဘုရားကြီးဆိုသည်မှာ တွံ့တေးက ဘုရားကြီးပရဟိတကျောင်း ဖြစ်သည်။ မိဘမဲ့ကလေးများနှင့် နွမ်းပါးသောကလေးများကို စောင့်ရှောက်ထားသော နေရာဖြစ်သည်။ ကျွန်မက အထိတ်တလန့်နှင့် ထတားသည်း မောင်နီ့ကို ကျွန်မ မပို့ရက်ပေ။ အမေကတော့ ထိုကျောင်းက စည်းစနစ်ကောင်းသောကြောင့် ရွာဘက်က ငွေရှိသူတွေပင် သွားထားကြသည်ဟု ဆိုသည်။ (အလှူငွေဖြင့် ရပ်တည်နေသော ထိုကျောင်းတွင် ပြေလည်သူများ၏  ကလေးများပါ ရောက်နေသည်ကိုတော့ ကျွန်မ သိပ်သဘောမတွေ့လှပေ။ ထိုအကြောင်းကိုတော့ နောက်မှပင် ဆက်ပါတော့မည်။) မည်သို့ပင်ဖြစ်စေ ကျွန်မကတော့ လုံးဝမပို့ရန် အပြတ်ပြောလိုက်သည်။ အမှန်တော့ အမေလည်း တမင်ပြောခြင်းဖြစ်သည်။ မိဘမရှိတော့သော မောင်နီ့ကို မောင်ဖြူ့ထက် ပိုထူးချွန်စေချင်သည်။ ပိုကြိုးစားစေချင်သည်။ မောင်နီက ပေါ့ပျက်ပျက်လုပ်နေသောအခါ အမေ့မှာ ဂရုဏာဒေါသောနှင့် အားမလိုအားမရဖြစ်နေခြင်းဖြစ်သည်။ ထို့နောက် ငိုနေသော မောင်ဖြူ့နားသွားပြီး ချော့ရပြန်သည်။ စိတ်ဆိုးဆိုးနှင့် ပြောနေသော စကားများမှတစ်ဆင့် မောင်နီ့ကို မုန်းနေသော မောင်ဖြူ့စိတ်ကို ကျွန်မ အထိတ်တလန့် မြင်ခဲ့သည်။ ကလေးနားလည်နိုင်မည့် စကားလုံးများနှင့်တော့ တတ်နိုင်သလောက် ဖြောင်းဖြခဲ့ပါသည်။

သို့နှင့် မောင်နီနှင့် ပတ်သက်ပြီး အမေနှင့် အကျေအလည် ဆွေးနွေးရတော့သည်။ မိသားစုကြီးနှင့် စီးပွားရေးသိပ်မပြေလည်သော အဒေါ့်အတွက် မောင်နီတစ်ယောက်၏ စရိတ်ကလည်း မသေးလှပေ။ သားကြီးဖြစ်သော မောင်ဖြူ့ခမျာလည်း ညီငယ်ကို ညှာရသည့်အပြင် မောင်နီတစ်ယောက်ပါ ရှိနေသည့်အတွက် အရာရာကို ခွဲတမ်းနှင့်သာ ရတော့သည်။ အမေလုပ်သူက နှစ်ယောက်စာဝယ်ရသည့်အတွက် တော်ရုံအရာတို့ကို မပူဆာတော့ဘဲ အလိုက်တသိနေတတ်လာသည်။ သို့နှင့် နောက်ဆုံးတွင် ကျွန်မသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။ မောင်နီ၏ ပညာရေးကုန်ကျစရိတ်များကို ကျွန်မတာဝန်ယူမည်။ ကလေးများကို သိပ်မဆူရန်၊ အထူးသဖြင့် မိဘမရှိတော့သူမို့ ပိုကြိုးစားစေချင်သည် ဟူသော စကားကို မောင်နီ့ကို ခဏခဏမပြောရန် (သူ့ကို အားပေးရာမရောက်ဘဲ ပိုအားငယ်ရာ ရောက်နိုင်သည် ဟု ထင်မိသည်)၊ အဆော့သန်သောအကျင့်ကို အတင်းကြီး ထိန်းချုပ်မထားရန် အမေ့ကို မေတ္တာရပ်ခံခဲ့သည်။

အနေဝေးနေသော ကျွန်မကို နှစ်ယောက်စလုံးက ချစ်လည်းချစ်သည်၊ ရှိန်လည်းရှိန်သည်။ ထို့ကြောင့် သူတို့၏ စိတ်ဓာတ်လေးများကို ကျွန်မ ပြင်ပေးကြည့်ချင်သည်။ သို့သော် ကိုယ်တိုင်က လူကြီးသိပ်မဆန်သေးသော ကျွန်မအတွက် နည်းလမ်းမှားများ ပေးမိမည်ကိုလည်း စိုးရိမ်မိပြန်သည်။ ပန်းပုမတတ်သော ကျွန်မ၏ ဖယောင်းရုပ်ကလေးများက မင်းသားရုပ်လေးများ ဖြစ်မလာဘဲ ဘီလူးရုပ်များ ဖြစ်လာမည်ကို ကြောက်မိသည်။ ကျွန်မ၏ အရုပ်ကလေးများကို အလှပဆုံး ဖြစ်စေချင်ပါသည်။

24 comments

  • naywoon ni

    April 24, 2015 at 11:45 am

    ငင်​ ​မောင်​နီ ​မောင်​နီ နဲ့ နာ့​စောင်​း​ရေး​ထားတယ်​ 🙂

  • ခင်ဇော်

    April 24, 2015 at 11:50 am

    ရတန်း ၈တန်း ဆို အရွယ် အရ ပြောရခက်မှာပဲ။
    စာများများဖတ်ဖြစ်အောင် သွယ်ဝိုက်ပြီး တိုက်တွန်းကြည့်လေ။

  • ရွှေတိုက်စိုး

    April 24, 2015 at 1:26 pm

    ကျွန်တော်ထင်တာကတော့လေ… ကလေးတွေရဲ.ဘဝကို ပုံသွင်းထုဆစ်ဖို.ထက် သူတို.ကိုယ်သူတို. ထုဆစ်ပုံဖော်တတ်အောင် လမ်းကြောင်းခင်းပေးဖို.ပဲလိုတယ်ထင်တယ်….
    ဒါပေမယ့် အဲဒီဖယောင်းရုပ်လေးတွေ အရည်ပျော်ပြီး ပုံပျက်မသွားဖို. ကျွန်တော်တို.က ခပ်ကျယ်ကျယ် လေးထောင့်ကွက်လေးနဲ. ထိန်းထားဖို.တယ်လိုမယ်ဗျ…

    ကျုပ်အထင်အမြင်ကိုပြောဒါနော်…

    • မတွေ့တာကြာပေါ့.. တိုက်တိုက် .. အံစရာ ဒက်ဒီခေါ်လို့ ပတ်ပြေးနေသလား.. :k:

      ဟုတ်… သူတို့ကို လမ်းကြောင်းတစ်ခု ချပေးရမှာ.. ဒါပေမယ့် ကိုယ်ချပေးတဲ့လမ်းကြောင်းက သူတို့နဲ့ မကိုက်သွားမှာ စိုးတာ.. 🙄

    • ဟုတ်ကဲ့… သူတို့နဲ့အနီးကပ်နေပြီး လမ်းကြောင်းတစ်ခု ချပေးနိုင်ဖို့ ကြိုးစားနေပါတယ်..

  • manawphyulay

    April 24, 2015 at 1:37 pm

    ဘယ်လိုပဲဖြစ်ဖြစ် ပြုပြင်ပေးချင်တဲ့ လူကြီးစိတ်ကလေးရှိနေတာပဲ။ ဆက်လုပ် ကလေးမလေး….. :mrgreen:

  • Mr. MarGa

    April 24, 2015 at 2:20 pm

    ပြောရရင်
    ကျုပ်ကို ဘာလုပ် ဘာမလုပ်နဲ့ ဆိုပြီးတိုက်ရိုက်ဆုံးမတာမျိုး သိပ်မရှိခဲ့ဘူး
    မိသားစုထဲမှာ တစ်ဦးတည်းသောယောက်ျားလေးလို ဖြစ်နေတာမို့ အတုခိုးဖို့ အနီးကပ် ဆုံးမဖို့လည်း မရှိခဲ့
    စာအုပ်တွေကြောင့်သာ ဒီလိုမျိုးဖြစ်လာတာ…
    ဆိုတော့
    မသိမသာ စာဘက်ကို နည်းနည်းလေး ဆွဲကြည့်ပါ
    ခိုင်းလို့ ဖတ်တာမျိုး မဟုတ်ဘဲ လိုလိုလားလား ဖတ်တာမျိုး ဖြစ်အောင် သွေးဆောင်ကြည့်ပါ
    စာအုပ်တွေ ရွေးပေးပါ (သိပ်မမြင့်၊ သိပ်မနိမ့်လွန်းတာမျိုး)
    အဲ့လောက်ပဲ ပြောတတ်ရဲ့
    ဒါပဲ

  • Alinn Z

    April 24, 2015 at 2:50 pm

    မင်းသားမဖြစ်လည်း ဘီလူးရုပ်ဖြစ်မယ့်အခြေအနေဆိုရင်
    မင်းသားခေါင်းလေး ဆောင်းတတ်အောင်သာ
    သင်ပေးလိုက်ပေါ့ကွယ်. . .

    မင်းသားခေါင်း မပါတဲ့ဘီလူးထက် မင်းသားခေါင်းလေးပါတော့ ပိုလှတာပေါ့
    :k:

    .နောက်တာပါ. . . တကယ်

    ဒါနဲ့ ဒို့သဂျီးရဲ့ အာဘော်ဖြစ်တဲ့ ကျွန်တော် ကျွန်မဆိုတဲ့ အသုံးအနှုန်းကို မသုံးပဲ
    ကျနော် ကျမလို့ သုံးမှ ကျေးတော် ကျွန်တော်မျိုးဝါဒက လွတ်မယ်ဆိုတာလေး. . .
    အခုတလော ကျနော် သဘောတူနေတယ်
    ဒီတော့ ”ကျွန်မ”လို့ရေးထားတာတွေ့ရင်
    ”သခင်မျိုးဟေ့ ဒို့ဗမာ”လို့သာ အော်လိုက်ချင်. .

    :k:

    • မြစပဲရိုး

      April 25, 2015 at 4:11 am

      “ကျွန်” ဖြစ်တာ ကမှ ကြိုးစားရင် သခင် ဖြစ်ဦးမယ်။
      “ကျ” လိုက်ရင် ပြန်တက်မရ ဘဝ ဆုံး မှဖြင့်။
      ဒီတော့ “ကျွန်” မှာဘဲ “မ” နေ ပါရစေ ကိုကိုဆက် ရယ်။
      “ကျ” ပြီး “မ” မချင်လို့ပါ။ lol:-))))))))))))))

    • နာ့ခေးတွေကို အတတ်ကောင်းတွေ သင်ပေးနေတယ်.. ဝက်စုတ်… :k:

      အစွဲကြီးတယ်ပဲပြောပြော… ကျွန်မ ဆိုတာလေးပဲ သုံးချင်တယ်…. သတ်ပုံအသစ်မထွက်မချင်းပေါ့.. 🙂

  • မဟာရာဇာ အံစာတုံး

    April 24, 2015 at 8:39 pm

    ရေးထားတာလေးက ကောင်းလိုက်တာ …
    ဘူလေးလဲ တိဘူး …
    စာဖတ်ရင်းနဲ့ .. ဟင်းးး ခနဲ သက်ပြင်းကြီးပါ ချလိုက်မိသေး …
    ဒဂယ် .. ဒဂယ် ..

    • မြစပဲရိုး

      April 25, 2015 at 4:15 am

      . မောင်အံ
      တစ်သိန်း ရ အောင် မယူ နိုင်ရင် မင်းကို ကျုပ် အမွေဖြတ်မယ်။
      မင်ဂါဆောင် ရင် အသိအမှတ်မပြုဘူး။
      နည်း လဲ ပြောထားပြီး။ ဒီ အတိုင်း တွန်းတာ မဟုတ်။
      :angry:

      • မဟာရာဇာ အံစာတုံး

        April 26, 2015 at 9:39 am

        ယူမယ် .. ယူမယ် .. အရီး ..
        အမွေဒေါ့ ဖြတ်ပါနဲ့ …

        နောက်လထဲ တစ်သိန်း ယူတော့မယ် …
        ဘဂျီး … ပိုက်ပိုက် ကြိုစုထားတော့ …

  • lamin ngel

    April 25, 2015 at 1:06 am

    မလုံမလေးရေတတ်သလောက်မှတ်သလောက်လေးဝင်ပြောကြည့်မယ်နော်။ စာအုပ်နဲ့ပတ်ဝန်းကျင်ကသူတို့အတွက် အကောင်းဆုံးပုံသွင်းဆရာတွေပါ။ ပတ်ဝန်းကျင်ကောင်းလေး ဖန်တီးပေးကြည့်ပါလား

  • မြစပဲရိုး

    April 25, 2015 at 4:08 am

    . ပြောရရင် ဒီ ကလေး နှစ်ယောက် (နောက်ဆို မောင်ဖြူ့ ညီလေးပါ ကြီးလာကချိန်ကျ ) သုံးယောက် ကို ရေရှည် ထိန်းကျောင်းဖို့က လုံမ မှ မဖြစ်နိုင်တာ။
    ဒီတော့ အဝေး ကဘဲ လှမ်းပြီး ဘယ်သူက ဘာလုပ် ဆိုတာ ပြောဖို့ခက်သား။
    တကဲ့ ပဲ့ကိုင်မဲ့ သူက မောင်ဖြူ့ အမေ ပါဘဲ။
    သူရဲ့ ပါးနပ်မှု ပေါ်မှာ ကလေး တွေ ရဲ့ ကြမ္မာ က အများကြီး မှီနေတယ်။
    လောလောဆယ်မှာတော့ သူ့ကြည့်ရတာလဲ နိုင်ပေါ်မရှိဘူး။

    ကလေး တစ်ယောက် ရဲ့ အပြုအမူ ဟာ ဗီဇ မှာရော ပါတ်ဝန်းကျင် ပေါ်မှာရော မှီတယ်လို့ ပြောနိုင်ပါတယ်။
    ဒါပေမဲ့ အရီး ကတော့ ပါတ်ဝန်းကျင် က ပိုအားသာတယ် လို့ မှတ်ပါတယ်။
    အခုပြသနာက ကလေး တစ်ယောက် ရဲ့ ပြသနာမဟုတ်။
    ၃ ယောက် ရဲ့ နောင်ရေးပါ။ မိန်းကလေး ထက် ကျားလေး တွေ မို့ ပိုပြီး ခက်နိုင်သေးတယ်။
    . ကျောင်းမှာ သူတို့ ပေါင်းသင်းတဲ့ အပေါင်းအသင်း တွေ ရဲ့ စရိုက် ကလဲ သူတို့ ကို လွှမ်းမိုးနိုင်သေးတယ်။
    ဒီမှာ အကောင်းမြင်တာလေး ရှေ့တင်ကြည့်ရရင် ဆေးတို့ အရက်တို့ မစွဲသေးတာ တော်သေးတယ်။
    ဒီမှာ ပြသနာက မောင်ဖြူ က မောင်နီ့ ပါတ်ဝန်းကျင် ဖြစ်နေသလို မောင်နီ ကလဲ မောင်ဖြူ့ ပါတ်ဝန်းကျင် ဖြစ်နေရော။
    ဒီ ပါတ်ဝန်းကျင် နှစ်ရပ်လုံး က ကိုယ်ပိုင် စိတ် အနာတွေ နဲ့။
    သူတို့ အချင်းချင်း စံနမူနာ ပြစရာလို့ ထားမရ။ အဓိက မောင်ဖြူ က မောင်နီ ကို အမြင်မကြည်။
    ဒါနဲ့တင် သူတို့မှာ ပါတ်ဝန်းကျင်ကောင်းမရနိုင်တော့။

    အရီး သာဆို ရင် နဲ့ ပြောမယ်နော်။
    ကလေး နှစ်ယောက် ကို သပ်သပ်စီ ခေါ်ပြီး စကားပြောမယ်။
    လုံမ အမေပြောသလို မောင်နီ ကို တစ်ခြားကို ပို့ဖို့။
    သူတို့ ဒါ ကို ဘယ်လို ဆွေးနွေး တုန့်ပြန်လဲ ဆိုတဲ့ အပေါ်မှာတည်ပြီး မောင်နီ ကို အဝေး ပို့ သင့်လဲ ပို့ လိုက်ဖို့ ကောင်းပါတယ်။
    မဟုတ်ရင် မောင်ဖြူ မှာ ရှိတဲ့ မနာလိုမှု က သူ့ဘဝ ကို ပျက်သွားနိုင်တယ်။
    ဘာလို့ လဲ ဆိုတော့ မောင်နီ ကို ဖျောင်းဖျလို့ မောင်နီ က စာတွေကြိုးစားပြီး မောင်ဖြူ့ ထက်သာချိန် မောင်ဖြူ့ စိတ် မှာ ပိုပြီး ဒါဏ်ရာဖြစ်လာမယ်။
    မောင်နီ ကို မိဘမဲ့ကျောင်းပို့ပြီး လုံမ က မပြတ်အားပေး နေ၊ စာကို ကြိုးစားဖို့ တွန်းအားပေး။
    သူ့မှာ တစ်ကောင်ကြွက် မဟုတ်ဘူး ဆိုတာ သိမယ်၊ မောင်ဖြူ နဲ့ ဆက်ပြီး နေတာ သူ့ အတွက် ကျဉ်းကျပ်နေမယ် ဆိုတာ သိရင် လက်ခံမယ် ထင်ရဲ့။

    မောင်ဖြူ ကိုလဲ မောင်နီ နဲ့ ဝေးသွားချိန် ပိုပြီး တွန်းအားပေး ဆုံးမ စကား ပြောပေါ့။
    သူ့ ကို မောင်နီ ကြောင့် ဆူနေ တွန်းနေတာ မဟုတ်ဘူးလို့ သူ မြင်သွားချိန် ဟာ သူ့ ကို ကောင်းဖို့ အတွက် ပို ဖြစ်ပါလိမ့်မယ်။

    တစ်ခါတစ်ခါ ကောင်းဖို့ စကား တွေ ကြားဖို့ ဆိုတာ အခံမရှိတဲ့ နားထောင်နိုင် တဲ့ စိတ်ရှိနေမှလဲ ဖြစ်မှာကိုး။

    လုံမ ရဲ့ ဥပမာ အရ ဆို အရုပ် ပုံသွင်းဖို့ အတွက် နှစ်ရုပ် စာ ကို သပ်သပ်စီ ခွဲ ပြီး သီးသန့် စီ ပုံသွင်း လိုက်တာက အငြိအစွန်းမရှိ ပိုလွယ်မလားလို့ပါ။

    PS – အရီး က တစ်ခါတစ်ခါ နဲနဲ စက်ရုပ်ဆန် တယ်။ 😉

  • lu lu

    April 25, 2015 at 7:01 pm

    လုလု ထင် တယ်
    ကလေးနှစ်ယောက်လုံးရှိနေတဲ့အချိန် သူတို ့ရဲ ့အားနည်းချက်တွေကို
    ဖွင့်မပြောဘဲ ကလေးတစ်ယောက်ချင်းစီ ကိုကွယ်ရာရောက်မှ ဆုံးမ ပြောပြ တာ ပိုကောင်းမယ် လို ့ထင်ပါတယ် နို ့မဟုတ်ရင်
    ရှက်ရမ်းရမ်း ပြီး ပိုဆိုးလာတတ် တာ ကို မြင်ဖူးလို ့ပါ
    ပြီးရင် လူရှေ ့သူရှေ ့ တွေမှာ သူတို ့မကောင်းတာကိုထုတ်မပြောသင့်ပါဘူး
    ဆိုလိုတာက လူအများရှေ ့မှာ သူ တို ့ဟာတော်ကြောင်း တတ်ကြောင်းတွေပဲ ပြောသင့် ပါတယ် ကလေး နဲ ့ကိုယ်နဲ ့နှစ်ယောက်တည်း ရှိတဲ့အချိန်ကြမှ ကိုယ်လိုချင်တာကိုပြောပြ ဆုံးမသင့်ပါတယ်
    ဒါ လုလု သိထားတာတွေ ပါလို ့
    :mrgreen:

  • padonmar

    April 25, 2015 at 9:12 pm

    ဘဝမှာ တခါတလေတော့ ကိုယ်လုပ်သလို မဖြစ်တာတွေလည်း ရှိတယ် ။အဲဒါလေးတော့ ကြို တွက်ထားနော်။
    ဘာပဲဖြစ်ဖြစ် အဲဒီ ကလေးတွေတွက် ကျောင်းစားရိတ် လိုရင် အန်တီဒုံလည်း ကူပါမယ်။
    အားမနာတမ်း ပြောပါနော်။

  • မွသဲ ( 17082011 )

    April 26, 2015 at 5:13 pm

    ကောင်းလိုက်တဲ့စာမူလေး။ နောက်မှပြန်လာမယ်

Leave a Reply