https://www.facebook.com/thurein.hlaingwin/posts/518209994984286

 

မနေ့က ကိုးကန့်မှာ တပ်ကအလူးအလဲခံရတာတွေမြင်ရတော့ တော်တော်ဒေါသထွက်တယ်။

လိုင်းပေါ်က စစ်တပ်ထောက်ခံတဲ့သူတွေက ရေလိုက်ငါးလိုက်လွဲနေတယ်။

သူပုန်ကိုဖိဆဲတယ်၊

စစ်တပ်မထောက်ခံတဲ့သူတွေကိုဖိဆဲတယ်။

သူတို့ကိုဆဲလို့ ဘာမှဖြစ်မလာဘူး။

တကယ်ဆဲရမယ့်သူတွေကိုတော့ ဆဲဖို့၊ ဖိအားပေးဖို့ ကျန်နေတယ်။

စစ်တပ်က ဘက်ဂျက်ဝေစုကို တောက်လျောက် အများဆုံးသုံးခဲ့တာ။ ပညာရေး ကျန်းမာရေး အသုံးစရိတ်နှစ်ခုပေါင်းလို့မှ တစ် ရာခိုင်နှုန်းလောက်မရှိတဲ့အချိန်မှာ တပ်ကဘက်ဂျက်ကို တစ်ဝက်နီးပါးလောက်ထိသုံးခဲ့တာတွေတောင်ရှိတယ်။ အဲလောက်သောက်သောက်လဲသုံးထားတာ အခုသောက်သောက်လဲခံရဖို့လား။

ဆဲခြင်းဆဲရင် ခင်ဗျားတို့အပွင့်ကြီးတွေအခက်ကြီးတွေကို လှိမ့်ဆဲရမှာ။။

ဘက်ဂျက်ကိုအသေယူထားတာက အောက်ခြေစစ်သားတွေအတွက်မှမဟုတ်တာပဲ။ တပ်မတော်မှာ ပစ္စလက္ခတ်အလုပ်အခံရဆုံးကလူပဲ။ စစ်သာတိုက်ခိုင်းချင်တာ ဘာများထောက်ပံ့မှုတွေလုပ်ပေးနေလို့လဲ။

ကျွန်တော့်အမျိုးတစ်ယောက်တော့ ရှေ့တန်းထွက်ရတော့မယ်ဆိုရင် မင်္ဂလာဒုံဈေးကနေ စစ်ပစ္စည်းတွေကိုယ့်အိတ်ကိုယ်စိုက် သွားသွားဝယ်ရတယ်။ တပ်အပြောင်းအရွှေ့အော်ဒါထွက်ရင် ကိုယ့်စားရိတ်နဲ့ကိုယ် အပြောင်းအရွှေ့လုပ်ရတယ်။ ဒါကအသေးအမွှားလေးတွေပဲရှိသေးတယ်။

အမြဲတမ်းလိုလိုလေ တပ်မတော်ကြီးက ဒါလုပ်ဒါလုပ်ဆိုပြီး အမိန့်သာရောက်လာတာ တော်တော်များများက အိတ်စိုက်ပဲ။ စစ်သားယောက်ျားကိုယူလိုက်မိရင် အဲဒီမိန်းမပါ စစ်တပ်အစေခံဖြစ်ပြီး ဝေယျာဝစ္စလုပ်ပေးရတယ်။ အဲလိုမျိုးကိုတခြားနိုင်ငံတွေ ဘယ်မှာများကြားဖူးလို့လဲ။

အောက်ခြေစစ်သားမိန်းမဆိုရင် တပ်ကိစ္စတွေအပြင်လူကြီးအိမ် အောက်ခြေသိမ်းတွေကပါလိုက်လုပ်ကြရသေးတယ်။ အရာရှိကတော်ဆိုရင် လူကြီးမိန်းမသွားဖားပေးရတယ်။ အဲဒီကိစ္စတွေကို ငြင်းချင်ငြင်း မငြင်းချင်နေ ကျွန်တော်စိတ်မဝင်စားဘူး။ ဟုတ်လားမဟုတ်လားဆိုတာ အခုစစ်တပ်အသိုင်းအဝိုင်းအသိဆုံးနေမှာပဲ။

တပ်က ပရော်ဖက်ရှင်နယ်အစစ်လိုနေလားမနေဘူးလားဆိုတာစစ်တပ်အသိုင်းအဝိုင်းအသိဆုံးနေမှာပဲ။

စစ်တပ်က တိုက်ဆိုပြီးတော့သာ တိုက်နေကြတာ ရှေ့တန်းစစ်သားတွေအတွက်တောင် လိုအပ်ချက်တွေ ဘာမှပြည့်ပြည့်ဝဝပေးနိုင်တာမဟုတ်ဘူး။

လူအင်အားနဲ့ဖိတိုက်ရင် နိုင်မှာပဲဆိုရအောင် ဓားတွေလှံတွေနဲ့တိုက်တဲ့ခေတ်မဟုတ်တော့ဘူးလေ။

တပ်မတော်ကွ စိတ်ဓာတ်ရှိတယ်၊ သတိ္တရှိတယ် ဘာညာလုပ်နေရုံနဲ့တော့ ဒီထက်ပိုသေဖို့ပဲရှိမယ်။

နည်းပညာနဲ့တိုက်တဲ့ခေတ်မှာ သတ္တိရှိတယ်ဆိုပြီးတက်လုုံးတော့ ဟိုကစက်သေနတ်နဲ့အပြုတ်ဖြုတ်တော့မှာပေါ့။ မဟာဗန္ဓုလ သတ္တိဘယ်လောက်ရှိရှိ အမြှောက်မှန်တော့သေတယ်ဗျ။

ဘက်ဂျက်တွေသာ တောင်းနေတာ စစ်လက်နက်ပစ္စည်းတွေတောင် ပြည့်ပြည့်စုံစုံကောင်းကောင်းမွန်မွန်မလုပ်ပေးနိုင်ဘူး။ တစ်ခါကြုံမိလို့ ရဲဘော်တစ်ယောက်ကိုင်တဲ့သေနတ်ကိုင်ကြည့်ပါတယ်။ လက်နှစ်ဘက်နဲ့တောင်တော်တော်မနေရတယ်။ ရှေ့တန်းထွက်မယ့်သူတွေကို ကျည်ကာအကျင်္ီတွေထုတ်ပေးတော့ ကျည်ကာအကျင်္ီတစ်ထည်က ငါးပိဿာလောက်လေးနေတယ်။

ပြီးတော့ အဲဒီကျည်ကာအင်္ကျီက သေနတ်ထိတော့လည်း သေတာပဲတဲ့။ အရည်းအသွေးညံ့ဖျင်းတဲ့ သေနတ်အလေးကြီးကိုင်၊ ဘာမှသောက်သုံးမကျတဲ့ ခပ်လေးလေးကျည်ကာအကျင်္ီကြီးဝတ်ပြီး စစ်တိုက်ဖို့မပြောနဲ့ လမ်းလျှောက်ဖို့တောင်ခက်ခက်ရယ်။ စစ်လက်နက်ပစ္စည်းတွေအသုံးကျအောင်မလုပ်ပေးနိုင်ဘူးဆိုတော့ တခြားဟာတွေကောင်းလားဆိုတော့လည်း ဘာမှပြစရာမရှိ။ ရှေ့တန်းထွက်တဲ့စစ်သားတွေကိုကြည့်လိုက်ရင် အာဟာရမပြည့်တဲ့ပုံစံတွေနဲ့။

တပ်အလဲအလှယ်ကိုမလုပ်ဘဲ အကြာကြီးတပ်တစ်ခုတည်းကိုရှေ့တန်းမှာထား။ အိမ်မပြန်ရတာကြာတော့ စိတ်ဓာတ်တွေကျ။ စစ်တိုက်ဖို့မပြောနဲ့ လမ်းလျှောက်ဖို့တောင်အနိုင်နိုင်။ ဒဏ်ရာရတဲ့စစ်သားကို ကုပေးဖို့ အလုံအလောက်ဆေးဝါးပစ္စည်းကိရိယာမရှိ၊ နောက်တန်းပြန်ပို့ဖို့ သယ်ယူပို့ဆောင်ရေးမရှိ၊ အဲလိုနဲ့ မသေသင့်ဘဲသေ ပြုတ်ပြုတ်ပြုန်းရတာကလည်းအများကြီး။ ခြေပြတ်လက်ပြတ်ဖြစ်ပြီး ဒုက္ခိတဖြစ်တော့ ဘဝအာမခံအတွက်စောင့်ရှောက်ဖို့ဆိုတာဝေးလို့ ခြေတုလက်တုတွေတောင် လူမှုရေးအဖွဲ့တွေက လုပ်ပေးမှတပ်ရတဲ့ဘဝ။ တာဝန်ထမ်းဆောင်ရင်းကျဆုံးတော့ ဂုဏ်ပြုလက်မှတ်ဆိုတာက မှန်ဘောင်တောင်မသွင်းထားတဲ့ စစ်တောင်းစက္ကူအစုတ်သာသာနဲ့။ ဒုက္ခိတဖြစ်ပြီး တပ်ကထွက်ရတော့ စာအုပ်လိုက်ရောင်းရတဲ့သူတွေနဲ့ တောင်းစားနေရတဲ့သူတွေနဲ့။ အငြိမ်းစားတပ်မတော်သားတွေအတွက် စီးပွားရေးလုပ်နေပါတယ်ပြောတဲ့ဟာတွေဆီကလည်း ဘာအသံမှမထွက်။ တပ်မတော်ကြီးရဲ့စေတနာကို အောက်ခြေစစ်သားတွေခံစားနေရတာလေ။ ဒီလောက်တောင် စုတ်ပြတ်သတ်နေရအောင် သုံးထားတဲ့ဘက်ဂျက်တွေက လေထဲပျောက်သွားတာတော့မဖြစ်နိုင်ဘူး။

ဟိုဟာလုပ်ပေးပါတယ် ဒီဟာလုပ်ပေးပါတယ်ငြင်းချင်လည်းငြင်းပါ။ အပွင့်ကြီးတွေအခက်ကြီးတွေ ဘယ်လိုနေကြလဲ၊ သူတို့သားသမီးမိသားစုတွေ ဘယ်လိုနေထိုင်သုံးဖြုန်းကြလဲဆိုတာတော့ မြင်နေကျလူတွေအသိဆုံးဖြစ်မှာပဲ။

သူပုန်က သူပုန်အလုပ်သူပုန်လုပ်မှာပဲ။

သူ့ဆဲနေရုံနဲ့တော့ ဘာမှဖြစ်မလာဘူး။ ကလဲ့စားချေချင်တယ်ဆိုရင် နိုင်အောင်တိုက်လေ။

ပစ္စည်းကိရိယာအစုတ်ပလုတ်တွေနဲ့ စိတ်ဓာတ်ရှိတယ် ဘာညာပဲလုပ်နေရင်တော့ ဒီထက်ပိုဆိုးဦးမှာပဲ။ စိတ်ဓာတ်ရှိတယ်သာပြောနေတာ ပစ္စည်းကိရိယာလည်းဘာမှ ကောင်းကောင်းကန်းကန်းမရှိ၊ ကျဆုံးဒဏ်ရာရဆိုပြန်တော့လည်း ဘာမှဘဝအာမခံချက်မရှိဘဲ ဘယ်သူက စိတ်ဓာတ်ကောင်းကောင်းနဲ့တိုက်နိုင်မှာလဲ။

အသက်ကိုပဓာနမထားဘူး ပဓာနမထားဘူးနဲ့ပြောနေတာ အမှန်ပဲ။ လက်အောက်ငယ်သားအသက်တွေပဓာနမထားလို့ အကျအဆုံးအဲလောက်များနေတာပေါ့။ ခုလည်းဟိုဘက်က ဘယ်လောက်ကျတယ်ဘာညာနဲ့ အောင်စည်အောင်မောင်းတီး သတင်းထုတ်ပြန်တာတွေ အဆက်မပြတ်လုပ်နေချိန်မှာ ဒီဘက်က တပ်မတော်ကြီးက မထုံတတ်တေး ဘာမှလည်းမထုတ်ပြန်၊ ဘာမှလည်းမသိရ။ တပ်မတော်ကအကျအဆုံးမှန်သမျှဟာ သူပုန်သတ်တာကတစ်ဝက်၊ စစ်တပ်က ကိုယ့်လူကိုယ်ပေယျာလကန်ထားပြီး လုပ်စရာရှိတာမလုပ်ပေး သောက်ဂရုမစိုက်ဘဲထားလို့ သေတာကတစ်ဝက်ပဲ။

အခုစစ်ပွဲမှာကျသမျှတပ်မတော်သားတိုင်း တပ်မတော်သားတိုင်းအတွက် တပ်ဘက်ဂျက်တွေကို လူစားမစားဘဲ တိရိစာ္ဆန်စားစားထားတဲ့သူတွေအကုန်လုံးမှာ တာဝန်ရှိလိမ့်မယ်။

အဂတိလိုက်စားမှုကို အသေအချာမကိုင်တွယ်ဘဲ သူစားငါစားအကုန်လုံးစားလုပ်နေတဲ့ အစိုးရအဖွဲ့မှာတာဝန်ရှိလိမ့်မယ်။ ဒီစစ်ပွဲဟာ တပ်ရဲ့ အရည်အသွေးအတွက် တကယ့်သတိပေးခေါင်းလောင်းသံပဲ။

ခင်ဗျားတို့တကယ်ဆဲချင်တယ်ဆိုရင် ကိုယ့်အတွက်ပဲကိုယ်ကြည့်နေတဲ့ သောက်သုံးမကျတဲ့ အဲလူတွေကိုပါဆဲပါ။

ဒါမှမဟုတ်ရင် စစ်တပ်ကို တကယ်အဂတိလိုက်စားမှုကင်းကင်းနဲ့ ပရောက်ဖက်ရှင်နယ်ကျကျ တည်ဆောက်နို်င်အောင် နိုင်ငံရေးအရ ဖိအားဝိုင်းပေးပါ။

ဒါမှမဟုတ်ဘဲ တပ်က ဒုံရင်းဒုံရင်း၊ ပေါ်ဖားအောက်ဖိ အထက်လူကောင်းစား အောက်လူသူတောင်းစား၊ အပွင့်ကြီးတွေအခက်ကြီးတွေ အဆီရစ်နေချိန် အောက်ခြေစစ်သားတွေ အာဟာရမပြည့်ဝတဲ့ပုံစံတွေနဲ့ ဘာမှဘဝအာမခံချက်မရှိ ဖြစ်သလိုနေဖြစ်သလိုစားပြီး စစ်တိုက်နေရဦးမယ်ဆိုရင်တော့ နောက်နောင်ဖြစ်လာမယ့် စစ်ပွဲတွေမှာလည်း အခုလိုပဲ အထိနာနေဦးမှာပဲ။

About Travis Zaw

Travis Zaw has written 11 post in this Website..