မနေ့က ကိုးကန့်မှာ (credit to Thurein Hlaing Win)

Travis ZawApril 25, 20151min4029

https://www.facebook.com/thurein.hlaingwin/posts/518209994984286

 

မနေ့က ကိုးကန့်မှာ တပ်ကအလူးအလဲခံရတာတွေမြင်ရတော့ တော်တော်ဒေါသထွက်တယ်။

လိုင်းပေါ်က စစ်တပ်ထောက်ခံတဲ့သူတွေက ရေလိုက်ငါးလိုက်လွဲနေတယ်။

သူပုန်ကိုဖိဆဲတယ်၊

စစ်တပ်မထောက်ခံတဲ့သူတွေကိုဖိဆဲတယ်။

သူတို့ကိုဆဲလို့ ဘာမှဖြစ်မလာဘူး။

တကယ်ဆဲရမယ့်သူတွေကိုတော့ ဆဲဖို့၊ ဖိအားပေးဖို့ ကျန်နေတယ်။

စစ်တပ်က ဘက်ဂျက်ဝေစုကို တောက်လျောက် အများဆုံးသုံးခဲ့တာ။ ပညာရေး ကျန်းမာရေး အသုံးစရိတ်နှစ်ခုပေါင်းလို့မှ တစ် ရာခိုင်နှုန်းလောက်မရှိတဲ့အချိန်မှာ တပ်ကဘက်ဂျက်ကို တစ်ဝက်နီးပါးလောက်ထိသုံးခဲ့တာတွေတောင်ရှိတယ်။ အဲလောက်သောက်သောက်လဲသုံးထားတာ အခုသောက်သောက်လဲခံရဖို့လား။

ဆဲခြင်းဆဲရင် ခင်ဗျားတို့အပွင့်ကြီးတွေအခက်ကြီးတွေကို လှိမ့်ဆဲရမှာ။။

ဘက်ဂျက်ကိုအသေယူထားတာက အောက်ခြေစစ်သားတွေအတွက်မှမဟုတ်တာပဲ။ တပ်မတော်မှာ ပစ္စလက္ခတ်အလုပ်အခံရဆုံးကလူပဲ။ စစ်သာတိုက်ခိုင်းချင်တာ ဘာများထောက်ပံ့မှုတွေလုပ်ပေးနေလို့လဲ။

ကျွန်တော့်အမျိုးတစ်ယောက်တော့ ရှေ့တန်းထွက်ရတော့မယ်ဆိုရင် မင်္ဂလာဒုံဈေးကနေ စစ်ပစ္စည်းတွေကိုယ့်အိတ်ကိုယ်စိုက် သွားသွားဝယ်ရတယ်။ တပ်အပြောင်းအရွှေ့အော်ဒါထွက်ရင် ကိုယ့်စားရိတ်နဲ့ကိုယ် အပြောင်းအရွှေ့လုပ်ရတယ်။ ဒါကအသေးအမွှားလေးတွေပဲရှိသေးတယ်။

အမြဲတမ်းလိုလိုလေ တပ်မတော်ကြီးက ဒါလုပ်ဒါလုပ်ဆိုပြီး အမိန့်သာရောက်လာတာ တော်တော်များများက အိတ်စိုက်ပဲ။ စစ်သားယောက်ျားကိုယူလိုက်မိရင် အဲဒီမိန်းမပါ စစ်တပ်အစေခံဖြစ်ပြီး ဝေယျာဝစ္စလုပ်ပေးရတယ်။ အဲလိုမျိုးကိုတခြားနိုင်ငံတွေ ဘယ်မှာများကြားဖူးလို့လဲ။

အောက်ခြေစစ်သားမိန်းမဆိုရင် တပ်ကိစ္စတွေအပြင်လူကြီးအိမ် အောက်ခြေသိမ်းတွေကပါလိုက်လုပ်ကြရသေးတယ်။ အရာရှိကတော်ဆိုရင် လူကြီးမိန်းမသွားဖားပေးရတယ်။ အဲဒီကိစ္စတွေကို ငြင်းချင်ငြင်း မငြင်းချင်နေ ကျွန်တော်စိတ်မဝင်စားဘူး။ ဟုတ်လားမဟုတ်လားဆိုတာ အခုစစ်တပ်အသိုင်းအဝိုင်းအသိဆုံးနေမှာပဲ။

တပ်က ပရော်ဖက်ရှင်နယ်အစစ်လိုနေလားမနေဘူးလားဆိုတာစစ်တပ်အသိုင်းအဝိုင်းအသိဆုံးနေမှာပဲ။

စစ်တပ်က တိုက်ဆိုပြီးတော့သာ တိုက်နေကြတာ ရှေ့တန်းစစ်သားတွေအတွက်တောင် လိုအပ်ချက်တွေ ဘာမှပြည့်ပြည့်ဝဝပေးနိုင်တာမဟုတ်ဘူး။

လူအင်အားနဲ့ဖိတိုက်ရင် နိုင်မှာပဲဆိုရအောင် ဓားတွေလှံတွေနဲ့တိုက်တဲ့ခေတ်မဟုတ်တော့ဘူးလေ။

တပ်မတော်ကွ စိတ်ဓာတ်ရှိတယ်၊ သတိ္တရှိတယ် ဘာညာလုပ်နေရုံနဲ့တော့ ဒီထက်ပိုသေဖို့ပဲရှိမယ်။

နည်းပညာနဲ့တိုက်တဲ့ခေတ်မှာ သတ္တိရှိတယ်ဆိုပြီးတက်လုုံးတော့ ဟိုကစက်သေနတ်နဲ့အပြုတ်ဖြုတ်တော့မှာပေါ့။ မဟာဗန္ဓုလ သတ္တိဘယ်လောက်ရှိရှိ အမြှောက်မှန်တော့သေတယ်ဗျ။

ဘက်ဂျက်တွေသာ တောင်းနေတာ စစ်လက်နက်ပစ္စည်းတွေတောင် ပြည့်ပြည့်စုံစုံကောင်းကောင်းမွန်မွန်မလုပ်ပေးနိုင်ဘူး။ တစ်ခါကြုံမိလို့ ရဲဘော်တစ်ယောက်ကိုင်တဲ့သေနတ်ကိုင်ကြည့်ပါတယ်။ လက်နှစ်ဘက်နဲ့တောင်တော်တော်မနေရတယ်။ ရှေ့တန်းထွက်မယ့်သူတွေကို ကျည်ကာအကျင်္ီတွေထုတ်ပေးတော့ ကျည်ကာအကျင်္ီတစ်ထည်က ငါးပိဿာလောက်လေးနေတယ်။

ပြီးတော့ အဲဒီကျည်ကာအင်္ကျီက သေနတ်ထိတော့လည်း သေတာပဲတဲ့။ အရည်းအသွေးညံ့ဖျင်းတဲ့ သေနတ်အလေးကြီးကိုင်၊ ဘာမှသောက်သုံးမကျတဲ့ ခပ်လေးလေးကျည်ကာအကျင်္ီကြီးဝတ်ပြီး စစ်တိုက်ဖို့မပြောနဲ့ လမ်းလျှောက်ဖို့တောင်ခက်ခက်ရယ်။ စစ်လက်နက်ပစ္စည်းတွေအသုံးကျအောင်မလုပ်ပေးနိုင်ဘူးဆိုတော့ တခြားဟာတွေကောင်းလားဆိုတော့လည်း ဘာမှပြစရာမရှိ။ ရှေ့တန်းထွက်တဲ့စစ်သားတွေကိုကြည့်လိုက်ရင် အာဟာရမပြည့်တဲ့ပုံစံတွေနဲ့။

တပ်အလဲအလှယ်ကိုမလုပ်ဘဲ အကြာကြီးတပ်တစ်ခုတည်းကိုရှေ့တန်းမှာထား။ အိမ်မပြန်ရတာကြာတော့ စိတ်ဓာတ်တွေကျ။ စစ်တိုက်ဖို့မပြောနဲ့ လမ်းလျှောက်ဖို့တောင်အနိုင်နိုင်။ ဒဏ်ရာရတဲ့စစ်သားကို ကုပေးဖို့ အလုံအလောက်ဆေးဝါးပစ္စည်းကိရိယာမရှိ၊ နောက်တန်းပြန်ပို့ဖို့ သယ်ယူပို့ဆောင်ရေးမရှိ၊ အဲလိုနဲ့ မသေသင့်ဘဲသေ ပြုတ်ပြုတ်ပြုန်းရတာကလည်းအများကြီး။ ခြေပြတ်လက်ပြတ်ဖြစ်ပြီး ဒုက္ခိတဖြစ်တော့ ဘဝအာမခံအတွက်စောင့်ရှောက်ဖို့ဆိုတာဝေးလို့ ခြေတုလက်တုတွေတောင် လူမှုရေးအဖွဲ့တွေက လုပ်ပေးမှတပ်ရတဲ့ဘဝ။ တာဝန်ထမ်းဆောင်ရင်းကျဆုံးတော့ ဂုဏ်ပြုလက်မှတ်ဆိုတာက မှန်ဘောင်တောင်မသွင်းထားတဲ့ စစ်တောင်းစက္ကူအစုတ်သာသာနဲ့။ ဒုက္ခိတဖြစ်ပြီး တပ်ကထွက်ရတော့ စာအုပ်လိုက်ရောင်းရတဲ့သူတွေနဲ့ တောင်းစားနေရတဲ့သူတွေနဲ့။ အငြိမ်းစားတပ်မတော်သားတွေအတွက် စီးပွားရေးလုပ်နေပါတယ်ပြောတဲ့ဟာတွေဆီကလည်း ဘာအသံမှမထွက်။ တပ်မတော်ကြီးရဲ့စေတနာကို အောက်ခြေစစ်သားတွေခံစားနေရတာလေ။ ဒီလောက်တောင် စုတ်ပြတ်သတ်နေရအောင် သုံးထားတဲ့ဘက်ဂျက်တွေက လေထဲပျောက်သွားတာတော့မဖြစ်နိုင်ဘူး။

ဟိုဟာလုပ်ပေးပါတယ် ဒီဟာလုပ်ပေးပါတယ်ငြင်းချင်လည်းငြင်းပါ။ အပွင့်ကြီးတွေအခက်ကြီးတွေ ဘယ်လိုနေကြလဲ၊ သူတို့သားသမီးမိသားစုတွေ ဘယ်လိုနေထိုင်သုံးဖြုန်းကြလဲဆိုတာတော့ မြင်နေကျလူတွေအသိဆုံးဖြစ်မှာပဲ။

သူပုန်က သူပုန်အလုပ်သူပုန်လုပ်မှာပဲ။

သူ့ဆဲနေရုံနဲ့တော့ ဘာမှဖြစ်မလာဘူး။ ကလဲ့စားချေချင်တယ်ဆိုရင် နိုင်အောင်တိုက်လေ။

ပစ္စည်းကိရိယာအစုတ်ပလုတ်တွေနဲ့ စိတ်ဓာတ်ရှိတယ် ဘာညာပဲလုပ်နေရင်တော့ ဒီထက်ပိုဆိုးဦးမှာပဲ။ စိတ်ဓာတ်ရှိတယ်သာပြောနေတာ ပစ္စည်းကိရိယာလည်းဘာမှ ကောင်းကောင်းကန်းကန်းမရှိ၊ ကျဆုံးဒဏ်ရာရဆိုပြန်တော့လည်း ဘာမှဘဝအာမခံချက်မရှိဘဲ ဘယ်သူက စိတ်ဓာတ်ကောင်းကောင်းနဲ့တိုက်နိုင်မှာလဲ။

အသက်ကိုပဓာနမထားဘူး ပဓာနမထားဘူးနဲ့ပြောနေတာ အမှန်ပဲ။ လက်အောက်ငယ်သားအသက်တွေပဓာနမထားလို့ အကျအဆုံးအဲလောက်များနေတာပေါ့။ ခုလည်းဟိုဘက်က ဘယ်လောက်ကျတယ်ဘာညာနဲ့ အောင်စည်အောင်မောင်းတီး သတင်းထုတ်ပြန်တာတွေ အဆက်မပြတ်လုပ်နေချိန်မှာ ဒီဘက်က တပ်မတော်ကြီးက မထုံတတ်တေး ဘာမှလည်းမထုတ်ပြန်၊ ဘာမှလည်းမသိရ။ တပ်မတော်ကအကျအဆုံးမှန်သမျှဟာ သူပုန်သတ်တာကတစ်ဝက်၊ စစ်တပ်က ကိုယ့်လူကိုယ်ပေယျာလကန်ထားပြီး လုပ်စရာရှိတာမလုပ်ပေး သောက်ဂရုမစိုက်ဘဲထားလို့ သေတာကတစ်ဝက်ပဲ။

အခုစစ်ပွဲမှာကျသမျှတပ်မတော်သားတိုင်း တပ်မတော်သားတိုင်းအတွက် တပ်ဘက်ဂျက်တွေကို လူစားမစားဘဲ တိရိစာ္ဆန်စားစားထားတဲ့သူတွေအကုန်လုံးမှာ တာဝန်ရှိလိမ့်မယ်။

အဂတိလိုက်စားမှုကို အသေအချာမကိုင်တွယ်ဘဲ သူစားငါစားအကုန်လုံးစားလုပ်နေတဲ့ အစိုးရအဖွဲ့မှာတာဝန်ရှိလိမ့်မယ်။ ဒီစစ်ပွဲဟာ တပ်ရဲ့ အရည်အသွေးအတွက် တကယ့်သတိပေးခေါင်းလောင်းသံပဲ။

ခင်ဗျားတို့တကယ်ဆဲချင်တယ်ဆိုရင် ကိုယ့်အတွက်ပဲကိုယ်ကြည့်နေတဲ့ သောက်သုံးမကျတဲ့ အဲလူတွေကိုပါဆဲပါ။

ဒါမှမဟုတ်ရင် စစ်တပ်ကို တကယ်အဂတိလိုက်စားမှုကင်းကင်းနဲ့ ပရောက်ဖက်ရှင်နယ်ကျကျ တည်ဆောက်နို်င်အောင် နိုင်ငံရေးအရ ဖိအားဝိုင်းပေးပါ။

ဒါမှမဟုတ်ဘဲ တပ်က ဒုံရင်းဒုံရင်း၊ ပေါ်ဖားအောက်ဖိ အထက်လူကောင်းစား အောက်လူသူတောင်းစား၊ အပွင့်ကြီးတွေအခက်ကြီးတွေ အဆီရစ်နေချိန် အောက်ခြေစစ်သားတွေ အာဟာရမပြည့်ဝတဲ့ပုံစံတွေနဲ့ ဘာမှဘဝအာမခံချက်မရှိ ဖြစ်သလိုနေဖြစ်သလိုစားပြီး စစ်တိုက်နေရဦးမယ်ဆိုရင်တော့ နောက်နောင်ဖြစ်လာမယ့် စစ်ပွဲတွေမှာလည်း အခုလိုပဲ အထိနာနေဦးမှာပဲ။

9 comments

  • ခင်ဇော်

    April 25, 2015 at 8:21 pm

    သောကြာနေ့က The Chevrons ကို ရောက်ဖြစ်တယ်။
    ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု အတွက် သွားရတာ။
    အတူသွားတဲ့ ကောင်လေးကို အဲဒါ ဘာ အဆောက်အဦးတုန်းလို့ မေးတော့
    သူပြောတာကို အနီးစပ်ဆုံး နားလည်လိုက်တာက တပ် ရိပ်သာခေါ်မပေါ့နော့။
    .
    ရေကူးကန်ရှိတယ်။ ကေတီဗီ အစစ်ရှိတယ်၊ စားသောက်ခန်းရှိတယ်။ စာကြည့်တိုက်ရှိတယ်။ ဘား ရှိတယ်။
    .
    ကောင်လေးက NS (National Service) ပြီးထားတာမို့ သူ့ဆီမှာ မန်ဘာကဒ် ရှိတယ်တဲ့။
    အဲဒီမှာ တပ်မတော် အမှတ်တရပစ္စည်းတွေ ဝယ်ချင်ရင်ရတယ်ဆိုလို့ အားတုန်း ဝင် ကြည့်ဖြစ်တယ်။
    .
    တောထဲမှာ သုံးရမဲ့ ပစ္စည်းပစ္စယလေးတွေရယ်၊ စစ်ဝတ်စုံ၊ အိတ်၊ ဖိနပ် စတာတွေကို စံနစ်တကျ ပြသရောင်းချထားတယ်။
    .
    ကိုယ်က ကွန်မန်ဒို အဆင် သိပ်ကြိုက်တာ။ အရင်တုန်းက မီဒီယာကောင်းမှုနဲ့ ကွန်မန်ဒိုဆင် ဆိုတာ သူပုန်ဝတ်တယ် ဆိုပြီး မဝတ်ရဲလို့။
    ခွီးးးးး
    :byee:
    .
    အာ့နဲ့ ဦးထုတ်လေးတစ်လုံး ဝယ်ဖြစ်လိုက်တယ်။
    သေချာကြည့်တော့ ကိုယ်တွေ သိထားတဲ့ ကွန်မန်ဒိုဆင် မဟုတ်ဘူးးးး
    ဒါဘာ ဒီဇိုင်းလဲ လို့ သူ့ကို မေးတော့ ဒစ်ဂျစ်ဒယ် ကွန်မန်ဒိုဆင်တဲ့။
    .
    တောထဲမှာ စစ်တိုက်ရင် ရေဒါနဲ့ စမ်းသလားဘာလားး တစ်ဖက်က ဖမ်းလို့ မမြင်တဲ့ အဆင် တဲ့။
    ဦးထုတ်ကလည်း အဲလိုမျိုးနဲ့။ ဖိနပ်ကလည်း အလေးကြီးး၊ ထိပ်က သံပြားပါတယ်တဲ့။
    .
    ကိုယ်က ခုမှ အာ့တွေ သေချာမြင်ဖူးတာရယ်။
    အဲဒီတော့မှ တွေးမိတာ… ခု တိုက်နေတဲ့ စစ်သားလေးတွေ စစ်ဝတ်စုံကရော ဘာ စံချိန်နဲ့ ဘယ်လို လုပ်ထားလဲလို့ တွေးမိတယ်။
    တစ်ခါတစ်လေ အာဏာရှင်စစ်အစိုးရကို မုန်းမုန်းနဲ့ စစ်သားဆိုရင် လှည့်မကြည့်၊ စိတ်မဝင်စား ဒီတိုင်းထားမိခဲ့တာ။
    ခု သေကြတာတွေ မြင်တော့ စိတ်မကောင်းဘူးးး။
    ဒီမှာ၂ နှစ် စစ်မှုမထမ်းမနေရဲ့ စစ်မှုထမ်းတွေရဲ့ လစာကိုက ကိုယ်တွေ မန့်နေ့(ချ) မန့် တစ်လ စာနဲ့ ညီတယ်။
    ဒါတောင် စစ်ပွဲ အစစ် မတိုက်ရသေးဘူးးး
    ရင်နာတာ။

    😥

  • ကြွေလွင့် ပန်း

    April 26, 2015 at 6:29 am

    ၂ နှစ် စစ်မှုမထမ်းမနေရလေးတွေလဲ ဘရူနိုင်းဘက်မှာ သွားပြီး စစ်တိုက်လေ့ကျင့်ရပါတယ်။ တစ်ခါတုန်းကများပေါ့၊ ၂၀၀၈ လောက်တုန်းက အဲ့မှာ သွားလေ့ကျင့်ခန်းဆင်းရင်း မတော်တစ်ဆ သေသွားတဲ့တစ်ယောက်ကို နိုင်ငံတော် အခမ်းအနားနဲ့ သဂျီင်္ုလ်ဖူးတယ်။ လီရှန်လွန်းကြီး ကိုယ်တိုင်ကကို ဝမ်းနည်းစကားပြောရတယ်။ ဘာလို့လဲဆိုတော့ သူက ထူးထူးခြားခြား စစ်မှုထမ်းဆောင်ရင်း သေတာကိုး။ ဆိုတော့ စလုံးက စစ်သားတွေ ကမ့်သွင်းတဲ့ လင်ချူးကန်မှာ ကျွန်တော်က နေခဲ့ရတာလား၊ အဲ့ဒီတစ်ဝိုက်မှာ လင်ချူးကန် လေတပ်အခြေစိုက်စခန်းလဲရှိတယ်။ သူတို့ လေ့ကျင့်ရတဲ့ တောကြီးဆိုတာ သိပ်သာယာတာ၊ စားစရာသောက်စရာ သီးနှံတွေကလဲ ပေါပါ့။ ရိက္ခာတွေကလဲ လူနဲ့သယ်ရတာမဟုတ်ပဲ တင့်ကားတွေနဲ့ သယ်သွားတာဗျ။ ပြီးတော့ အရွယ်ရောက်ပြီးသူတိုင်း စစ်သားဖြစ်နေရတော့ စစ်သားဆိုပြီး ထူးထူးခြားခြား လူမမုန်းဘူးပေါ့ဗျာ။ ပြောရရင် စစ်သားဆိုတာလည်း လူသားထဲက လူပါလားလို့သိတာပေါ့။

    ဆိုတော့ ကိုးကန့်အကြောင်း ပြန်ဆက်ရအောင်။ သျှမ်းတွေမှာ ကိုးကန့်ဆိုတာ မောသျှမ်းအနွယ်ဝင်လို့တောင် မသတ်မှတ်ဘူး။ သူက တရုတ်စစ်စစ်။ ပြီးတော့ မြန်မာနိုင်ငံက တိုင်းရင်းသားပါလို့ ဇွတ်ပြောနေတယ်။ သူက သျှမ်းသာဆိုရင် တိုင်းရင်းသား ဘာသာစကားတစ်ခုတော့ သုံးရမယ်။ ဆိုတော့ကာ တစ်ပိုင်းစီခွဲမြင်ရမယ်ထင်တယ်။

    အထက်ပိုင်းက လုပ်တာနဲ့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးသာပုပ်ရိုးဆိုရင် အရပ်ရပ် အရွာရွာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တော်လှန်နေကြတာနဲ့ မြို့ပြနိုင်ငံငယ်လေးတွေ ဖြစ်လာမယ်။ တစ်ခါလောက် ရှေ့တန်းရောက်စေချင်တယ်။ အွန်လိုင်းကနေတော့ ပြောတာလွယ်ပါ့။ အသုံးချခံ၊ ဦးဏှောက်မရှိသူတွေ၊ နိုင်ငံရေး ကစားကွက်က ဓါးစာခံတွေ၊ စစ်ခွေးတွေ။ အဲ့လိုပြောနေကြသူတွေ အောက်ခြေဘဝကိုသွားကြည့်၊ အဲ့လိုတွေပြော၊ ပြီးတော့ ရှေ့တန်းကိုလိုက်၊ တစ်ဖက်ကလူတွေကို အဲ့ဒါတွေ နားလည်အောင် သွားပြောဆွေးနွေး၊ အဲ့လိုမျိုး တိုင်းရင်းသားအချင်းချင်း မတိုက်သင့်ဘူးပြော၊ ပြီးတော့ လက်နက်တွေအကုန်ယူလာပြီးတော့ ပြတိုက်တွေမှာထား၊ အဲ့လိုတွေ ဖြစ်စေချင်တယ်တစ်ကယ်။

    ပြောရရင် လူတော်တော်များများ လက်ထဲမှာ သေနတ်ကိုင်တာနဲ့ နည်းနည်း မြောက်သွားတယ်၊ ရှေ့တန်းမှာဆို သူ့ကို ကိုယ်က မသတ်နိုင်ရင် ကိုယ့်ကို သူက သတ်သွားမှာပဲ။ ဒါ စစ်ရဲ့ နိယာမပဲ။ ကျန်တာတွေ နောက်မှ ပြောကြပေါ့။ ကမ္ဘာစစ်ကြီးတွေပဲကြည့်၊ ဘာရော ညာရော မသိဘူး၊ တိုက်ဆိုတိုက်၊ သတ်ဆိုသတ်၊ နောက်ဆုံးမုဆိုးမတွေပဲကျန်။

    ပြောရရင် စစ်သားတွေကို လေးစားကြပါ။ နှစ်ဖက်လုံးက စစ်သားတွေပါ။ အထူးသဖြင့်တော့ ဒီမြန်မာနိုင်ငံဆိုတာကြီးကို တော်ကြာနေ ကချင်နိုင်ငံတော်ကြီး ပြောင်းလိုက်ရ၊ တော်ကြာနေ ချင်းနိုင်ငံတော်ကြီးလို့ နာမည်တပ်လိုက်ရ၊ စသဖြင့် အမျိုးမျိုးပြောင်းနေရမယ့်အစား တစ်ခုတည်းမှာပဲ စုစုစည်းစည်းနေရင် ပိုကောင်းမယ်ထင်တယ်။ နိုင်ငံရေးသမားများ ကိုယ့်ပေါ်လစီနဲ့ မကိုက်တာနဲ့ စစ်တပ်ကို ရန်သူစာရင်း မသွင်းပါနဲ့။ တော်ကြာနေ သူတို့ အာဏာရလာတော့မှ စစ်တပ်အကာအကွယ်နဲ့ သူတို့ လုပ်ချင်တာတွေ လုပ်လို့ရမှာ (ပြောချင်တာ တိုင်းပြည်ထူထောင်ရေး) ကိုတော့ မေ့နေလားမသိ။

    သိပ်ပြီးတော့ မပြောချင်ဘူး။

    စစ်သားတွေသေရင် ဝမ်းနည်းတယ်
    ရှေ့တန်းပြန်ဝင်ရင် ကြိုတဲ့ မိသားစုတွေကို မြင်ယောင်တယ်
    နောက်တော့ တပ်ရင်းလိုင်းခန်းကနေ အတင်းနှင်ထုတ်ခံရသူတွေ မြင်ယောင်တယ်
    နောက်ဆုံးတော့ စစ်သားစစ်စစ်တွေကို မြင်ယောင်တယ်
    နောက်ဆုံးမှာတော့

    စစ်သားဖြစ်ရတာ မွန်မြတ်တယ်လို့ သေတဲ့ထိ ယုံကြည်သွားတဲ့သူတွေ နှမျောလိုက်တာ။

    (တော်သေးဘီ)

  • ခင်ဇော်

    April 26, 2015 at 1:22 pm

    စစ်တပ်နှင့် အထက်အမိန့်
    ————
    ( Aye Chan )

    “ တစ်သွေး တစ်သံ တစ်မိန့် ” ဆိုတာဟာ စစ်တပ်ရဲ့ အရိုးစွဲလာတဲ့ အလေ့အကျင့်ပါ ။ အဲဒါနဲ့အတူ စစ်တပ်မှာ ခေတ်စားလာတာကတာ့ “ဗူးပေါက်တာမလို ချင်ဘူး ရေပါတာပဲလိုချင်တယ်” ဆိုတဲ့ စကားပုံပါ ။ ဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်ဆိုတာကတော့ အထက်အရာရှိက ရေခပ် ခိုင်းလိုက်ရင် ရေဗူးပေါက်လို့ ရေမပါဘူးဆိုတဲ့ ဆင်ခြေမျိုးကို မလိုချင်ဘူး ။ ရေခပ်ခိုင်းရင် ရေကို ပါအောင်ကို ခပ်ခဲ့ရမယ်လို့ ဆိုလိုပါတယ် ။ အထက်ကအမိန့်ပေးရင် ဆင်ခြေပေးစရာမလိုပဲ အထက်မိန့်အတိုင်း အကောင်ထည်ဖော်ရတယ်ဆိုတာ စစ်သားဘဝရဲ့ သမုုတိသစ္စာပါ ။

    စစ်သည်တော်တစ်ယောက်ရဲ့ သစ္စာအဓိဌာန်လေးချက်ထဲမှာ အထက်က အမိန့်ကို နာခံသစ္စာစောင့်သိပါမည်ဆိုတဲ့အချက်ဟာ တစ်ချက် အပါအဝင်ပါ ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ အာဏာရှင်တွေဟာ စစ်တပ်ကို ထင်သလို အုပ်ချုပ်ရင်းနဲ့ အာဏာရှင်တွေရဲ့ ပါးစပ်ထဲက စကားဟာ အထက်အမိန့် ဖြစ်သွားပြီး စစ်တပ်က အကောင်ထည်ဖော်ပေးရင်းနဲ့ မြန်မာစစ်တပ်ဟာ ကမ႓ာပေါ်မှာ မသိမသာ နောက်ပိုင်းမှာ သိသိသာသာ ဗီလိန်ဖြစ်သွားခဲ့ရပါတယ် ။ ဒါနဲ့ပါတ်သတ်ပြီး အထက်အမိန့်ဆိုတာ ဘာလဲ ။ အထက်အမိန့်ဆိုတာ နေရာတိုင်းမှာ မှန်သလား ။ နေရာတိုင်းမှာ အထက်က အမိန့်ဆိုတာကို နာခံသင့်မသင့် ဆွေးနွေးကြည့်ပါမယ် ။

    ၁။ နေဝန်းနီ ဂျပန်စစ်သည်တော်များ

    ပထမဆုံး ဒုတိယ ကမ႓ာစစ်တုန်းက ဂျပန်စစ်သည်တော်တွေ အကြောင်းကို ပြောပါရစေ ။ နေဝန်းနီတံဆိပ်နဲ့ ဖက်ဆစ်ဂျပန်တွေဟာ သူတို့ကိုယ်ကို နေမင်းရဲ့ သားတော်တွေအဖြစ် မှတ်ယူကြပါတယ် ။ ဂျပန်စစ်သည်တော်တွေဟာ သူတို့ကိုယ်ကို ရဲရင့်တဲ့ နေမင်းသားတော်တွေအဖြစ်မှတ်ယူပြီး ရန်သူ့ထံမှာ ဒူးထောက်အရှုံးပေးရမှာကို သေမလောက် ရှက်ကြောက်ကြပါတယ် ။

    ဂျပန်စစ်သည်တော်တွေဟာ သူတို့ လည်ပင်းမှာ အဆိပ်ပုလင်းကို ချိတ်ဆွဲထားလေ့ရှိပါတယ် ။ အဆိပ်ပုလင်းကို ချိတ်ဆွဲထားရတာကတော့ ကိုယ့်တပ်ဟာ တိုက်ပွဲ ရှုံးလို့ရှိလျင် ရန်သူထံမှာ ဒူးထောက် အရှုံးပေးရမည့်အစား အဆိပ်သောက်ပြီး သတ်သေရမယ်လို့ အထက်ကအမိန့်ပေးထားတာကြောင့် အဆိပ်ပုလင်းကို ချိတ်ဆွဲထားရတာပါ ။ စစ်ရှုံးပြီဆိုရင်တော့ ဂျပန်စစ်သားဟာ လည်ပင်းမှာချိတ်ထားတဲ့ အဆိပ်ပုလင်းကို သောက်ပြီး အသေခံကြပါတယ် ။

    စစ်ရှုံးပြီဆိုရင်တော့ ဂျပန်စစ်သားဟာ အထက်ကပေးတဲ့ အမိန့်အရ ကိုယ့်ကိုယ်ကို အဆိပ်သောက်ပြီး သတ်သေရမှာဖြစ်သလို ကိုယ်ကိုယ်ကို မသတ်သေလျင်လည်း အထက်ကအမိန့်နဲ့ အသတ်ခံရမှာ ဖြစ်ပါတယ် ။ ရန်သူမဟာမိတ်စစ်တပ် (Alied Unit ) ကလည်း ဒါကိုသိတော့ ဂျပန် တပ်ရင်း တစ်ရင်းကို ဖြုတ်ချင်လျင် ဂျပန်စစ်သားကို မသတ်ပဲ စစ်ဗိုလ်တွေကိုသာ ရွေးလုပ်ကြံသည် ။ စစ်ဗိုလ်မရှိလျင် စစ်ကြောင်းမှာ စစ်ရှုံးပြီ ။ စစ်ရှုံးပြီဆိုလျင် အလိုလို စစ်သားတွေ မိမိကိုယ်ကို သတ်သေလိမ့်မည် ။ ကျည်ဆံတောင်သိပ်ဖြုန်းစရာမလိုပါ ။

    မဟာမိတ် စစ်တပ်မှာတော့ ဒီလိုမျိုးအမိန့်တွေမရှိ ။ စစ်ရှုံးလျင် စစ်သည်တော်တွေဟာ အသေခံစရာမလိုဘဲ အခြားတပ်ရင်း တွေနှင့်ပေါင်း အင်အားဖြည့်ပြီး ပြန်တိုက်ရသည် ။ ဒီလိုနဲ့ ဒုတိယ ကမ႓ာစစ်မှာ ဂျပန်တွေ ကျရှုံးသွားခဲ့ရသည် ။

    ၂။ NATO စစ်ဗိုလ်ကြီး James Blunt

    မြောက်အတ္တလန္တိတ်စာချုပ်တပ်ဖွဲ့ (North Atlantic Treaty Organizattion) ဆိုတာ အနောက်နိုင်ငံတွေဟာ သူတိုု့အကျိုးစီးပွားနဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက် စစ်အေးကာလမှာ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးပါ ။ ၁၉၉ဝခုနစ်တွေမှာ NATO အဖွဲ့ဝင် ယူကိုစလားဗီးယားနိုင်ငံထဲက ကိုဆိုဗိုဒေသမှာ ဒေသခံ အယ်ဘေးရီးယားတွေကို ဆားဗီးယား စစ်တပ်က သတ်ဖြတ်တာကြောင့် NATOစစ်တပ်ဟာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဖြစ်စဉ်အနေနဲ့ ဒေသခံ အယ်ဘေးရီးယားတွေကို အကူအညီပေးခဲ့ပါတယ် ။ ဒီလိုပါပဲ ဆားဗီးယားစစ်တပ်ကိုလည်း သူနဲ့ရှေးရိုးအစဉ်လာ မဟာမိတ်ဖြစ်တဲ့ ဆိုဗီယက် တပ်နီတော်က အကူအညီပေးခဲ့ပါတယ် ။ ဒီလိုနဲ့ NATO နဲ့ တပ်နီတော်တို့ဟာ ကိုဆိုဗိုဒေသမှာ မျက်နှာချင်းဆိုင်ခဲ့ရပါတယ် ။

    ဗိုလ်ကြီး James Blunt ဆိုတာ NATO တပ်ဖွဲ့ရဲ့ ရှေ့ပြေးကင်းထောက် ဗိုလ်ကြီးပါ ။ James Blunt ဟာ အင်အား ၃၀၀၀ဝ ရှိတဲ့ NATO တပ်ဖွဲ့ကို ဦးဆောင်ပြီး ကိုဆိုဗို ဒေသ ပရစ္စတီးနား Pristina ဒေသကို ဦးဆောင် ချီတက်နေပါတယ် ။ ပရစ္စတီးနားကို James Blunt တို့ မရောက်သေးခင်မှာ ရုရှားတပ်နီတော်ဟာ ပရစ္စတီးနားလေဆိပ်ကို သိမ်းပိုက်ပြီးပါပြီ ။ အဲဒီအချိန်မှာ James Blunt ဆီကို ရေဒီယို ဆက်သွယ်ရေးက တစ်ဆင့် ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး Wesley Clerk ဆီကနေ အမိန့်တစ်ရပ် ရခဲ့ပါတယ် ။

    အဲဒါကတော့ အင်အား၂၀ဝ လောက်ရှိတဲ့ ရုရှားတပ်ကို ချေမှုန်းပစ်ဖို့ အမိန့်ပါ ။ ရုရှားတပ်ကို တိုက်ပြီး လေယာဉ်ကွင်းကိုရရင် NATO တပ်တွေ Pristina မှာ လက်မထောင်ပြီး ဇိမ်ကျကျ တပ်ချထားနိုင်ပြီဆိုတဲ့ ရည်ရွယယ်ချက်နဲ့ပါ ။ လက်တွေ့မှာ ဒီလို ရုရှားတပ်တွေကို NATOက တိုက်လိုက်ရင် တတိယ ကမ႓ာစစ်ကြီး ဖြစ်သွားနိုင်ပါတယ် ။ ဒါကြောင့် James Blunt ဟာ အထက်အမိန့်ကို စောဒက တက်ခဲ့ပါတယ် ။

    အထက်က အမိန့်ကို ဖီဆန်ရင် NATO စစ်ခုံရုံးကို ရောက်သွားနိုင်တာ သိပေမယ့် James Blunt ဟာ အမိန့်ကို ဖီဆန်ခဲ့ပါတယ် ။

    သာမန်ကြည့်ရင် ဗိုလ်ကြီး နှင့် ဗိုလ်ချုပ်ကြီးဆိုတဲ့ရာထူးကြားမှာ အရမ်းကွာလွန်းတာကြောင့် စောဒက မတက်ဘဲ အထက်ကအမိန့်အတိုင်း အကောင်ထည်ဖော်လိုက်ရင် တတိယကမ႓ာစစ်ဖြစ်သွားနိုင်ပါတယ် ။ ဒါပေမယ့် စစ်ဗိုလ်တစ်ယောက်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကြောင့် တတိယကမ႓ာစစ်ဖြစ်မှာကို အချိန်မှီတားနိုင်လိုက်ပါတယ် ။ အဲဒါနဲ့ ဆန့်ကျင်ဖက်ကတော့ အထက်ကအမိန့်ပဲ ခိုင်းတဲ့ အတိုင်းအကုန်သတ်ပစ်ရမှာပေါ့ ဆိုတဲ့ ဗိုလ်ချုပ်သူရမြင့်အောင်ရဲ့ လုပ်ရပ်ပါ ။

    ၃။ ခရစ္စတီးကျွန်းလူသတ်မှု နှင့် အထက်ကအမိန့်

    “ အထက်ကအမိန့်ပဲ ခိုင်းတဲ့အတိုင်း အကုန်သတ်ပစ်ရမှာပေါ့ ။”
    ဇေဘာတီကုလားလေလိုမျိုး ပြောသူမှာဗိုလ်ချုပ်သူရမြင့်အောင်ပါ ။

    “ အခြေနေလေးလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ပါဦး ။ ဘာလို့လဲဆိုတော့ ဒီအချိန်က ညကိုးနာရီခွဲကြီး ဗိုလ်ချုပ်မှူ းကြီး မောင်အေး အရက်သောက်ပြီး မူးတဲ့အချိန် ။ တော်ကြာ မူးမူးရူးရူးနဲ့ပေးတဲ့ အမိန့်ဖြစ်နေဦးမယ် ”
    ဗိုလ်ချုပ်မြင့်ဆွေ (လေ) [ရန်ကုန်တိုင်းဒေသ ဝန်ကြီးချုပ် ဦးမြင့်ဆွေ မဟုတ်] သူကတော့ ပုတီးသမားမို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရန်ပြောသည် ။

    “ ကောင်းပြီ မနက်မှ ဒို့တွေ ကိုမြင့်ဆွေ [ယခုရန်ကုန်တိုင်းဒေသဝန်ကြီးချုပ်] ကို မေးကြည့်တာပေါ့ ။ အခုကိုဇော်မင်းတို့ကို ချမပေးနဲ့ဦး ”
    တတိယလူမှာ ဗိုလ်ချုပ် ကြည်မင်း (ရေ) ဖြစ်သည် ။

    သို့သော် အမိန့်ကျလာသည်မှာ ဗိုလ်ချုပ်ကြီးမောင်အေး ဆီက မူးလို့ကျလာသောအမိန့် မဟုတ် ။ ဗိုလ်ချုပ်သန်းရွှေဆီက အမိန့်ဖြစ်သည် ။

    အမိန့်ဆိုတာမှာ အခြားမဟုတ်ပါဘူး ။ ခရစ္စတီးကျွန်းပေါ်မှာရောက်နေတဲ့ အရပ်သား ၅၉ ယောက်ကို သတ်ပစ်ဖို့အမိန့်ပါ ။

    ခရစ္စတီးကျွန်းဆိုတာ မြန်မာနိုင်ငံတောင်ပိုင်းဆုံး တနင်္သာရီတိုင်းရဲ့ တောင်ဘက်ပင်လယ်ထဲက ကျွန်းငယ်လေးပါ ။ အချိန်ကတော့ ၁၉၉၈ ခုနစ်လောက်တုန်းကပါ ။ ကျောင်းသားတပ်မတော် ABSDF ဟာ တနင်္သာရီကျွန်းစုတွေမှာ ခြေကုပ်ယူဖို့ကြိုးစားနေတဲ့အတွက် မြန်မာတပ်မတော်ဟာ ဇာဒက်ကြီးရေတပ်စခန်းမှာ အခြေချပြီး စစ်ဆင်ရေးတွေလုပ်နေပါတယ် ။ ရှေ့တန်းစစ်မျက်နှာပြင်ကတော့ ခရစ္စတီးကျွန်းပါ ။

    ဒီကျွန်းတွေမှာ ကာဖျူ း ပုဒ်မ (၁၄၄) ထုတ်ထားပါတယ်။

    ဒါပေမယ့် တနင်္သရီကျွန်းစုတွေမှာ ဒေသခံတွေဟာ သစ်ခုတ် ဝါးခုတ် တံငါလုပ်တဲ့သူတွေများပါတယ် ။ ပညာမတတ်တဲ့သူတွေဟာ ပုဒ်မတွေ ပုဒ်ထီးတွေ ဘယ်နားလည်ပါ့မလဲ ။ ထုံးစံအတိုင်း ငါးရှာ ဖားရှာရင်းနဲ့ ကျွန်းပေါ်တက်လာမိတော့ ၅၉ ရောက်စလုံးကို ဖမ်းလိုက်ပါတယ် ။ အဲဒီအချိန်မှာ အထက်က အမိန့်တစ်ရပ်ရလာပါတယ် ။ အဲဒါကတော့ အားလုံးကို ရှင်းပစ်ရမယ်တဲ့ ။ ရှင်းပစ်ရမယ်ဆိုတာ သတ်ပစ်ရမယ်လို့ ပြောတာပါ ။ ၅၉ ယောက်ထဲမှာ သုံးနှစ်သမီးလေးတစ်ယောက်နဲ့ ကိုယ်ဝန်သည် မိန်းမ တစ်ယောက် ပါပါတယ် ။

    သတ်ပစ်ဖို့ အမိန့်ရတဲ့ အချိန်မှာ ဗိုလ်ချုပ်မြင့်အောင်ရဲ့ မှတ်ချက်ကတော့ “ အထက်အမိန့်အတိုင်းပဲ သတ်ဆို အကုန်သတ်ပစ်ရမှာပေါ့ ” တဲ့ ။

    အဲဒီ အမိန့်ဟာ ပြန်ပြင်လို့မရခဲ့ပါဘူး ။ အဲဒီအမိန့်အတိုင်းပဲ ဗိုလ်ချုပ်မြင့်အောင်ရယ် သူ့လက်အောက်က ဗိုလ်မှူ းကြီးဇော်မင်း (လျှပ်စစ်ဝန်ကြီးပြုတ် မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားတွေပိုလို့ နိုင်ငံခြားကို ရောင်းစားနေရပါတယ်ဆိုတဲ့ ဝန်ကြီး)ရယ်က သောင်ပြင်မှာ အကုန်လုံးကို သေနတ်နဲ့ ပစ်ပြီး မြှုပ်လိုက်ပါတယ် ။

    ၂၀၀၈ ခုနစ် VOA မှာ အင်တာဗျူ းကိုဖြေသွားတဲ့ ဗိုလ်မှူ းအောင်လင်းထွဋ်ရဲ့ စကားအရ သတ်ပစ်ခဲ့တဲ့ လူတွေရဲ့ အလောင်းတွေ သောင်ပြင်ကို တူးကြည့်လိုက်ရင် အရိုးတွေကိုတောင် တွေ့နိုင်ပါသေးတယ်တဲ့ ။

    ၄ ။ အာဏာရှင်ရဲ့ အထက်အမိန့်

    အာဏာရှင်ဆိုတာဟာ သူ့အာဏာကိုအဆုံးအစွန်းတည်မြဲအောင် တညိဆောက်လေ့ရှိပါတယ် ။ အဲဒီအခါမှာ သူ့အမိန့်ကိုတည်မြဲအောင် အောက်ကလူတွေကို ကျွန်ဇာတ်သွင်းလေ့ရှိပါတယ် ။ အာဏာရှင်ဟာ အသက်ဆက်ဖို့ သူ့အမိန့်ကိုမြေဝယ်မကျ နားထောင်တတ်တဲ့ ကျွန်ကောင်းတွေကို အရမ်းလိုအပ်ပါတယ် ။

    စစ်သည်တော် တစ်ယောက်ဟာ အထက်ကအမိန့်ပေးလို့ ရန်သူကိုလှံစွပ်နဲ့တပ်ပြီးထိုးဆိုရင် အသက်ကိုပဓာနမထားဘဲ တက်ထိုးရပါတယ် ။ တိုက်ပွဲတစ်ပွဲမှာ အထက်အမိန့်ကို ငြင်းဆန်နေလို့ရှိရင် ရှေ့ာရှိပါတယ် ။ စစ်သားကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် အထက်အမိန့်ကို နာခံတတ်ရပါမယ် ။
    စစ်သားဟာ စစ်သားမို့ရှေ့တန်းမှာ အထက်အမိန့်ကို နာခံတတ်တာ စစ်သားကောင်းပေမဲ့ ရှေ့တန်းစစ်မြေပြင်မှာမဟုတ်တော့ဘဲ နေရာတကာမှာ အထက်အမိန့်ကို နာခံနေတတ်ပီဆိုရင်တော့ အဲဒီစစ်သားဟာ အာဏာရှင်ရဲ့ ကျွန်ဇာတ်သွင်းတာကိုခံနေရပါပြီ ။

    ကျွန်ဇာတ်သွင်းတယ်ဆိုတာ အထက်အမိန့်ကိုအလွံအကျွံနာခံတတ်အောင် လုပ်တာပါ ။

    စစ်တက္ကသိုလ်မှာ ပထမနှစ်ကျောင်းသားကို ဒုတိယနှစ်ကျောင်းသားက သူ့အဝတ်တွေလျော်ခိုင်းရင် လျော်ပေးရပါတယ် ။ ပျင်းလို့ ဖားခုန်ခုန်ပြစမ်းဆို ခုန်ပြရပါတယ် ။ မတ်တတ်ရပ်ပြီး တနေကုန်သတိဆွဲဆို ဆွဲရပါတယ် ။ ဒါကို ဘာလုပ်တာလဲလို့မေးတော့ စစ်ဗိုလ်တစ်ယောက်က ပြန်ဖြေတာ အထက်အမိန့်ကို နာခံတတ်အောင် ခေါက်ရိုးကျိုးအောင်ချိုးတာတဲ့ ။ ဒုတိယနှစ်ကျောင်းသားကို တတိယနှစ်ကျောင်းသားက ဒီအတိုင်းခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်ပြရပါတယ် ။

    ဒါဟာ အထက်အမိန့်ကို ခေါက်ရိုးကျိုး စနစ်တကျလိုက်နာအောင် မသိမသာကျွန်ဇာတ်သွင်းထားတဲ့ သဘောပါ ။ နောက်ပိုင်းမှာ ဘယ်လောက်ဆိုးသလဲ ဆိုရင် ဘူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့ စကားပုံတွေထွက်လာတဲ့အထိ ချေးခြမ်းအောင်အထက်အမိန့်လိုက်နာတတ်ဖို့အထိကို ဦးဏှောက်တွေကို တိုက်ချွတ်လာပါတယ် ။

    ၅ ။ ဦးဆန်းဆင့်နဲ့ သမ္မတအမိန့်

    အထက်အမိန့်နဲ့ ပါတ်သတ်ရင် အာဏာရှင်တွေဟာ စပ်စပ်ထိမခံနိုင်ဘူးဆိုတာ ဦးဆန်းဆင့်ကြီးက သက်သေပါ ။ ဦးဆန်းဆင့်အမှုကို ဧရာဝတီတိုင်းကလူတွေက ပိုသိကြပါတယ် ။ ဦးဆန်းဆင့်ဟာ ဧရာဝတီတိုင်းလွှတ်တော်မှာကတည်းက တိုင်းဒေသဝန်ကြီးချုပ်ထက် လူထုထောက်ခံမှုကို ပိုရသူဖြစ်ပြီး လာဘ်ပေးမှုနဲ့ ပါတ်သတ်ရင် အနည်းဆုံးလို့ ထင်ရှားသူဖြစ်ပါတယ် ။

    လူချစ်လူခင်များတဲ့သူဆိုရင် မြန်မာပြည်မှာ ထုံးစံအတိုင်းချောင်ထိုးခံရလေ့ရှိတဲ့အတွက် ဦးဆန်းဆင့်ဟာ သာသနာရေးဝန်ကြီးဌာနကို ရောက်လာပါတယ် ။ ပီနန်ဆရာတော်ကြီးရဲ့ မဟာသန္တိသုခကျောင်းကို မဟနဘုန်းကြီးတွေဝင်စီးတဲ့အခါမှာ မှတ်မှတ်ရရပါလာသူကတော့ ဦးအံ့မောင်ပါ ။ ဦးအံ့မောင်ဆိုတာဟာ သာသနာရေးမှာ နာမည်ပျက်ရှိသူ ဘုန်းကြီးလူထွက် မယားလေးယောက်ရှိသူဖြစ်ပြီး သူ့ကို ဘုန်းကြီးတွေက ပါရာဇိကံအံ့မောင်လို့ ခေါ်ပါတယ် ။ သူဟာ ဗိုလ်ချုပ်မှူ းကြီးသန်းရွှေကို ပိဋကတ်တွေသင်ကြားပေးတဲ့သူလို့လည်း နာမည်ထွက်ပါတယ် ။

    မဟာသန္တိသုခကျောင်းကို ဝင်စီးတော့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ရှောင်ခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ ဦးဆန်းဆင့်ကို သိန်းတစ်ရာ လာဘ်စားမှု ဆိုဖမ်းပြီး ထောင်ဒဏ် ၁၃ နှစ်ချခဲ့ပါတယ် ။

    မြန်မာနိုင်ငံမှာ သာမန်ဗိုလ်မှူ းအဆင့်တိုင်းလိုလိုဟာ သိန်းထောင်ချီစားပြီး ဘီယာစက်ရုံ အရင်ချက်စက်ရုံတွေ ထောင်နိုင်နေတဲ့အချိန်မှာ ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ပါးဟာ သိန်းတစ်ရာ လာဘ်စားလို့ အဖမ်းခံရတယ်ဆိုတာဟာ အဲဒီအချိန်က ဟာသကြီးဖြစ်ခဲ့ပါတယ် ။ ဗိုလ်မှူ းနဲ့ ဝန်ကြီးအဆင့်ဆိုတာ တော်တော်ကွာပါတယ် ။ သိန်းတစ်ရာလာဘ်စားမှု ဆိုတာထက် အဲဒီအချိန်က သမ္မတအမိန့်ကို မလိုက်နာလို့ ဖမ်းတာဆိုတဲ့ ဦးရဲထွဋ်ရဲ့ အဖြေဟာ ပိုပြီး ဆီလျော်မှု ရှိပါတယ် ။

    အဲဒီအချိန်က မလိုက်နာတဲ့ အမိန့်ဟာ ဘာလဲ ဆိုတာတော့ ဒီနေ့အထိဘယ်သူမှ မသိတဲ့ နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်ချက်ကြီး ဖြစ်နေပြီး ဦးဆန်းဆင့်က ဘာလို့ မလိုက်နာတာလဲဆိုတာတော့ ပဟေဌိကြီး အဖြစ်ရှိနေတုန်းပါ ။

    ဦးဆန်းဆင့် သိန်းတစ်ရာအလွဲသုံးစားပြုမှု ကြီးဟာ သာသနာရေးဝန်ကြီးဌာနတစ်ခုလုံး ပလောရိုက်သွားပေမဲ့ အေးအေးဆေးဆေး ကျန်ခဲ့တာကတော့ ဦးအံ့မောင်ကြီးပါ ။ ဦးဆန်းဆင့်လာဘ်စားမှုဟာ Undertable မဟုတ်ဘဲ အစိုးရဌာနတိုင်းမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ငွေကြေးအရှုပ်အရှင်းတွေကနေပြီးမှ အပြစ်ရှာပြီး အထက်အမိန့်ကို ဖီဆန်လို့ အငြိုးအတေးနဲ့ ထောင်အချခံလိုက်ရတာပါ ။ ဦးဆန်းဆင့်ကတော့ မီဒီယာတွေရှေ့မှာ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီးသစ္စာဆိုပါတယ် ။ တပြားတချပ်မှ မစားပါဘူးဆိုပြီးမှ ကျိန်ပြောခဲ့လေရဲ့ ။ သေချာတာကတော့ အထက်အမိန့်ကို ဖီဆန်ရင် ဦးဆန်းဆင့်လို အဖြစ်မျိုးဖြစ်သွားမယ်ဆိုတာ ဥပမာပြလိုက်တာပါ ။

    ဒီလိုပါပဲ ၄၃၆ပြင်ဆင်ရေးမှာ လက်မှတ်ထိုးတဲ့ဗိုလ်မှူ းကျော်စွာဝင်းဆိုရင်လည်း မိုးကုတ်ထောင်မှာ ထောင်ဒဏ် ၅ နှစ်ချခံလိုက်ရပါတယ် ။ ဒါဟာ ဘာကိုပြတာလဲဆိုရင် သူတို့အာဏာနဲ့ ပါတ်သတ်ရင် နဲနဲမှ အပုပ်မခံနိုင်ဘူးဆိုတာကို ပြလိုက်တာပါ ။

    ၆ ။ ဒုတိယအတွေးဝင်သွားသူများ

    အာဏာရှင်စနစ်မှာ အခရာအကျတာက အထက်အမိန့်ပါ ။ အာဏာရှင်ရဲ့ စကားတစ်ခွန်းက လူတစ်ယောက်ကို သေဆိုသေ ရှင်ဆိုရှင် ဆုံးဖြတ်နိုင်ပါတယ် ။ ဒီလိုပဲအရေးကြီးတာက အထက်အမိန့်ကို လိုက်ပြီး အကောင်ထည်ဖော်သူတွေပါ ။ လက်ခုပ်ဆိုတာ တစ်ဖက်တည်းနဲ့ မမြည်နိုင်သလို အာဏာရှင်အလိုကျ အကောင်ထည်ဖော်ပေးတဲ့သူတွေ မရှိရင် အာဏာရှင်ရဲ့အာဏာတွေ အညွန့်တုံးသွားမှာပါ ။

    လစ်ဗျားမှာ ကဒါဖီဟာ လူတွေရာနဲ့ချီပြီး ပစ်သတ်ဖို့ သူ့ရဲ့စစ်တပ်ကို အကောင်ထည်ဖော်ခိုင်းတဲ့အခါမှာ စစ်တပ်ဟာ သူ့ရဲ့အမိန့်ကိုစဖီဆန်လာပါတယ် ။ နောက်ဆုံးမှာ အကုန်လုံး ပေါက်ကွဲမှတ်ရောက်ပြီး သူ့စစ်တပ်က သူ့ကိုပုန်ကန်တော့ အာဏာရှင်ကဒါဖီဟာ မြောင်းထဲမှာ ခွေးသေဝက်သေ သေခဲ့ရပါတယ် ။ ပြန်ကြည့်လိုက်ရင် လစ်ဗျားစစ်တပ်ဟာ ကဒါဖီကျွေးမွေး ထူထောင်လာရာကနေဖြစ်လာတာပါ ။ ဒါပေမယ့် နောက်ဆုံးမှာ ပေါက်ကွဲမှတ်ရောက်ပြီးမှ ကဒါဖီကို တော်လှန်တဲ့အထိဖြစ်လာပါတယ် ။

    ဒီနေရာမှာ ပေါက်ကွဲမှတ်က အရေးကြီးပါတယ် ။ ပေါက်ကွဲမှတ်ပြီးသွားရင် လူတစ်ယောက်က ဒုတိယအတွေး( Second Thought) ဝင်သွားတတ်ပါတယ် ။ Second Thought ဝင်သွားပြီဆိုရင် အဲဒီလူဟာ ဘယ်တော့မှ ပထမအတွေး(First Thought) ကို ပြန်မရောက်တော့ပါဘူး ။ အဲဒါကို သိပ္ပံနည်းကျ လေ့လာထားတာတွေရှိပါတယ် ။

    ဒါကြောင့်မို့ လက်အောက်ငယ်သားတွေ Second Thought ဝင်သွားရင် ကဒါဖီလို ဇာတ်သိမ်းမလှနိုင်ဘူးဆိုတာ အာဏာရှင်တွေက သိပါတယ် ။ ကမ႓ာပေါ်မှာ အာဏာရှင်နိုင်ငံတွေဟာ ဇာတ်သိမ်းသွားပေမဲ့ ရှားရှားပါးပါးကျန်ခဲ့တာဟာ မြန်မာနိုင်ငံပါ ။( ဒီမိုကရေစီ စနစ်လို့သာပြောနေပေမယ့် အစိုးရရဲ့လုပ်ရပ်တွေဟာ အာဏာရှင်နဲ့ ဘာမှမထူးပါဘူး ။ နောက်ကွယ်မှာလည်း စာဖတ်နေတဲ့သူကြီးရဲ့ လက်မဲကြီး ရှိနေပါသေးတယ် ။) ဒါဟာ ဘာကြောင့်မို့လဲဆိုရင် အထက်အမိန့်ကို မလွန်ဆန်နိုင်အောင် ဦးဏှောက်တွေကို တိုက်ချွတ်ခံထားရလို့ပါ ။ မြန်မာ့တပ်မတော်မှာလည်း လစ်ဗျားမှာလိုပဲ အာဏာရှင်တွေကို ပုန်ကန်တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ တပ်တွင်းပုန်ကန်မှုလိုမျိုး ပုန်ကန်မှု တွေရှိခဲ့ပေမဲ့ မအောင်မြင်ခဲ့တာဟာ အထက်ကအမိန့်ကို မလွန်ဆန်နိုင်ခဲ့လို့ပါ ။

    အဲဒီအချိန်က ဗိုလ်ချုပ်နေဝင်းရဲ့ လမ်းစဉ်တွေကြောင့် မြန်မာပြည်ဟာဆင်းရဲသွားတဲ့အချိန်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့လူစုဟာ ဗိုလ်နေဝင်းရဲ့လမ်းစဉ်တွေကို မကြိုက်တာကြောင့် ဗိုလ်နေဝင်းကို လုပ်ကြံပြီး အဲဒီအချိန်က ပြည်သူတွေသဘောကျတဲ့ ဗိုလ်ချုပ်သူရဦးတင်ဦး [ယခု NLDနာယက ဦးတင်ဦး] ကိုတင်ပြီး ပြောင်းလဲမှုတွေလုပ်ဖို့ကြံကြပါတယ် ။ စစ်တပ်ဟာလည်း အဲဒီအချိန်က ကာကွယ်ရေးတင်မကဘဲ လမ်းစဉ်ပါတီရဲ့ စည်းရုံးရေးတွေပါလုပ်နေတဲ့အတွက် စစ်တပ်ကို သန့်စင်ပြီး ကာကွယ်ရေးသက်သက်ပဲလုပ်ဖို့ အစီစဉ်တွေချခဲ့ပါသေးတယ် ။ တကယ်တမ်းလုပ်ကြံတဲ့အခါမှာ နောက်က ပါမလာတော့ဘဲ အထက်ကိုမလွန်ဆန်နိုင်ပဲ ကြောက်နေတာကြောင့် လုပ်ကြံမှုဟာ မအောင်မြင်ခဲ့ပဲ ကြိုးမိန့်ကျသွားခဲ့ရပါတယ် ။ အဲဒီအချိန်က လုပ်ကြံမှုသာ အောင်မြင်ခဲ့ရင် မြန်မာ့နိုင်ငံရေးဟာ အခုချိန်လောက်ဆိုးရွားနေမှာ မဟုတ်တာတော့ အမှန်ပါပဲ ။

    ၈၈ အရေးတော်ပုံမှာလည်း ဒုတိယအတွေးဝင်သွားပြီး ပြည်သူတွေဖက်ပေါင်းလာတဲ့ ပြည်သူစစ်သားတွေရှိပေမယ့်လည်း နောက်ပိုင်းမှာတော့ စစ်တပ်မှာ အထက်အမိန့်ကို တစ်သွေမတိမ်းလိုက်နာတတ်အောင် ဦးဏှောက်ကို တိုက်ချွတ်လာတာကြောင့် ပြည်သူ့ဘက်တော်သား စစ်သားတွေဟာ အတော်ကိုရှားပါးသွားပါပြီ ။ ဒါဟာလည်း အာဏာရှင်တွေဟာ ဒုတိယအတွေးဝင်သွားမှာကြောက်တာကြောင့် ဦးဏှောက်ကို တိုက်ချွတ်ထားတာပါ ။ အမှန်ကိုတွေး အမှန်ကိုမြင်တတ်ရင် ကမ႓ာမှာအာဏာရှင်စနစ်ကျဆုံးသလို မြန်မာပြည်မှာလည်း အာဏာရှင်စနစ်ဆိုတာ ကျဆုံးသွားမှာပါ ။

    Aye Chan
    25/ APR

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 26, 2015 at 2:12 pm

      ”ဒို့တာဝန်အရေးသုံးပါး”
      ◆ ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး
      ◆ တိုင်းရင်းသားစည်းလုံး
      ညီညွတ်မှုမပြိုကွဲရေး ဒို့အရေး
      ◆ အချုပ်အခြာအာဏာ
      တည်တံ့ခိုင်မြဲရေး ဒို့အရေး

      ”ပြည်သူ့သဘောထား”
      ◆ ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား
      ဆန့်ကျင်ကြ။
      ◆ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်နိုင်ငံတော်
      တိုးတက်ရေးကိုနှောင့်ယှက်ဖျက်ဆီးသူများအား
      ဆန့်ကျင်ကြ။
      ◆ နိုင်ငံတော်၏ပြည်တွင်းရေးကိုဝင်ရောက်စွက်
      ဖက်နှောင့်ယှက်သောပြည်ပနိုင်ငံများအား
      ဆန့်ကျင်ကြ။
      ◆ ပြည်တွင်းပြည်ပအဖျက်သမားများအားဘုံ
      ရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ။

      ”နိုင်ငံရေးဦးတည်ချက်(၄)ရပ်”
      ◆ နိုင်ငံတော်တည်ငြိမ်ရေး ၊ရပ်ရွာအေးချမ်း
      သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး
      ◆ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး
      ◆ ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်
      ဖြစ်ပေါ်လာရေး
      ◆ ဖြစ်ပေါ်လာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်
      နှင့်အညီခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်
      သစ်တစ်ရပ်တည်ဆောက်ရေး

      ”စီးပွားရေးဦးတည်ချက်(၄)ရပ်”
      ◆ စိုက်ပျိုးရေးကိုအခြေခံ၍အခြားစီးပွားရေး
      ကဏ္ဍများကိုလည်းဘက်စုံဖွံ့ဖြိုးတိုးတက်အောင်
      တည်ဆောက်ရေး
      ◆ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာဖြစ်ပေါ်လာရေး
      ◆ ပြည်တွင်းပြည်ပမှအတတ်ပညာနှင့်အရင်းအနှီး
      များဖိတ်ခေါ်၍စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်
      တည်ဆောက်ရေး
      ◆ နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကိုဖန်တီးနိုင်
      မှုစွမ်းအားသည်နိုင်ငံတော်နှင့်တိုင်းရင်းသား
      ပြည်သူတို့၏လက်ဝယ်တွင်ရှိရေး

      ”လူမှုရေးဦးတည်ချက်(၄)ရပ်”
      ◆ တစ်မျိုးသားလုံး၏စိတ်ဓာတ်နှင့်အကျင့်စာရိတ္တ
      မြင့်မားရေး
      ◆ အမျိုးဂုဏ် ၊ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ်ကျေး
      မှုအမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ
      မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး
      ◆ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး
      ◆ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်ပညာ
      ရည်မြင့်မားရေး

  • ဦးကြောင်ကြီး

    April 27, 2015 at 2:31 am

    ရွာထဲက ဖွတ်အောက်ဆွဲနဲ့ စစ်လမ်းနီးတွေ ဘယ်တွားတေကုန်ဂျလဲ မတိ…။ ရီးဗဲကွ မင်းတို့ကို.. လဗြွတ်စ်

  • kai

    April 27, 2015 at 3:32 pm

    စနစ်ကြောင့်မဟုတ်..။
    စစ်တပ်ကြောင့်မဟုတ်..။
    ဘယ်သူတက်တက်.. ဘယ်အစိုးရတက်တက်.. ဘယ်စနစ်နဲ့အုပ်ချုပ်ချုပ်.. ဒုံရင်းက.. ဒုံရင်းပါပဲ..။

    နှစ် ၁ထောင်ကျိန်စာ..။
    သခင်မျိုးဟေ့.. ဒို့ဘားမန်င်း..။ :k:

  • uncle gyi

    April 27, 2015 at 10:53 pm

    သူပုန်လည်းရံပုံငွေအကြောင်းပြပြီးသံယံဇာတထုတ်ရောင်းတာပဲ
    အစိုးရလည်းဘတ်ဂျက်လိုငွေအကြောင်းပြပြီးသံယံဇာတထုတ်ရောင်းတာပဲ
    အဓိကကအဓိကပါပဲ
    အမျိုးကိုချစ်ပါ

Leave a Reply