ချစ်သူ ရဲ့ စကား :D

မြစပဲရိုးApril 29, 20151min39733

ဒီ ပို့စ် က ကျွန်မ ရဲ့ အပုဒ် ၁၀ဝ မြောက် ဆိုတဲ့ နံပါတ်ယူလိမ့်မည်။ ဒါကြောင့် ဒီ ပို့စ်မှာ ကိုယ့် အချစ်ဆုံး သူ ပါရပါလိမ့်မည်။
“ချစ်သူ ရဲ့ စကား” နောက်မှာ 😀  ဆိုတာ တပ်ထား တာမို့ misleading လို့ မစွပ်စွဲပါနဲ့။
စွပ်စွဲချင်လဲ စွပ်စွဲပေါ့။ ဟုတ်သလိုလို။ 🙂

. ဒေါ်အောင်ဆန်းစုကြည် ရဲ့  “ဒီစကား – ၁၀၀” ထဲ က အနှစ်သက်ဆုံး တစ်ပုဒ် ကို ပြောဖို့ပါ။

မဖတ်ချင်သူတွေ အတွက် ပြန်ထွက်သွားဖို့ အချိန်ရှိပါသေးတယ်။
မထွက် ခင်လေး အရင် သတိလေးတော့ ပေးပါရစေ။
အပိုစကား တွေလို့ မှတ်လိုက်ရင်လဲ ရပါတယ်။
ဒါပေမဲ့ ကိုယ့်အကျိုးမပါ အများကို စေတနာထားသူတစ်ယောက် ဘယ်လို တွေးခေါ် နေထိုင်ကျင့်ကြံတတ်တယ် ဆိုတဲ့ အသိ နဲ့ စဉ်းစားစရာမျိုး ကို ဆုံးရှုံးနိုင်ပါလိမ့်မယ်။
သူ့စကား တွေ ကို ယုံစရာမလိုပါ။
ချင့်ချိန်ပြီး ယှဉ်ထိုးကြည့်တတ်ရင် ကို မြင်နိုင်ပါမယ်။

ဆွေမျိုး ၊သူငယ်ချင်း အပေါင်းအသင်း တွေထဲ ပြောနေကြတယ်။
ဘယ်အစိုးရတက်တက်
ကိုယ်လုပ်မှ ကိုယ်စားရတာ။
ကိုယ်ကြိုးစားမှ ကိုယ်ချမ်းသာမှာ။
တဲ့။
အမြဲကို ကြားခဲ့ရတာပါ။
မှန်ပါတယ်လေ။
အဲဒီလို စိတ်နဲ့ကြိုးစားနေကြလို့လဲ လူတန်းစေ့ မက ပိုပြီး တောင် တင့်တင့်တယ်တယ် အလျှံအပယ် စားနေ ဝတ်နေ နိုင်ကြတာဘဲ။
ဒါပေမဲ့ သူတို့ ကို တကယ်ချမ်းသာတယ် ခေါ်နိုင်လား တော့ ကျွန်မ မသိ။
. နေမကောင်းလို့ အထူး ဆေးခန်း ကို ကြေးကြီးပေးပြီး ပြတာတောင်မှ မျက်နှာရှစ်ခေါက်ချိုး နဲ့ အရေးလုပ်ပြီး စကားမပြောတဲ့ သမားတော် ကြောင့်
အများထဲ ကိုယ့်ကို ပိုပြီးမှတ်မိအောင် ရွှေကြိုး တွေ၊ ရွှေလက်ကောက် တွေ လိုမျိုး ထပ်ဆောင်းပေးရသတဲ့။
. နောက်တော့ သည်းမခံနိုင်တာနဲ့ စကာင်္ပူ အထိ လေယာဉ်မစီးနိုင်လို့ နီးရာ ဘန်ကောက်ကိုဘဲ သွားတော့တယ်တဲ့။
. တွေးကြည့်မိတယ်။ မြန်မာပြည်ထဲ ဒီ အထူးကုဆေးခန်းမှာ ထိုင် တဲ့ သမားတော် တွေ မှ ဘဲ ဆေးကုတတ်သတဲ့လား။
တစ်ခြား သူ့ဟာသူ အိမ်မှာဖွင့်တဲ့ ဆေးခန်း တွေ မှာရော ဘာလို့ မပြရဲကြတာလဲ။
ကိုယ် အသေအချာမသိနိုင်လို့ ဆက်ပြီး မဝေဖန်တော့ပါဘူး။
သေချာတာက မြန်မာပြည်ထဲ နာ ရမဲ့ အရေး ကတော့ ကိုယ်ခန္တာ အတွက်ကြောက်ရမှာထက် စိတ်ပင်ပန်း တာအတွက်  ကို ပိုပြီး ကြောက်နေရမလားဘဲ။

. ရွှေပြည်ပြန်တုန်း ယောင်းမ ကလေးမွေးတာ စောင့်တဲ့ ဂျူတီ ကျ ခဲ့တယ်။
. အဲဒီ မွေးမဲ့ နေ့မှာ လက်ဖျား မက ခေါင်းပါ ခါလိုက်ရတဲ့ အကြောင်း က အမှတ်တရပါဘဲ။
. အမြင့်ဆုံး ကြေး ပေးထားပါရက် နဲ့ ကလေး ထွက်လာချိန် မှာ ကလေး ရော၊ အမေပါ ဘယ်လို ဘာညာ သတင်းစကား အတိအကျ အသေအချာ မပါးဘဲ
သုတ်သုတ်ပြာပြာ ထွက်လာတဲ့ ဆရာဝန်မ လို့ ထင်ရ တဲ့ အမျိုးသမီး ရဲ့ “ကလေး ရော အမေ ရော နေကောင်းတယ်၊ ကလေး က ဘယ်နှစ်ပေါင်” လို့ ပြောပြောပြေးပြေး လုပ်သွားတာ ကို
အံ့ဩခြင်း ကြီးစွာ ကြုံ ခဲ့ ပြီး အိမ်မက်လို့သာမှတ်ချင်ရဲ့။
အဲဒီ ဆရာဝန်ထွက်သွားပြီး တော်တော်ကြာတာတောင် ထွက်မလာနိုင်တဲ့ သမီး အတွက် စိုးရိမ်လွန်းလို့ ဒူးတောင် မခိုင်သလို ဖြစ်လာတဲ့ ယောင်းမလေး ရဲ့ အမေ ကို အားပေးရင်း
ကိုယ့် စိတ်ကို မပေါက်ကွဲ အောင် ထိန်းဖို့ အတော်လေးချုပ်ခဲ့ရတယ်။
ဒါတောင် ရှယ် မို့ သူများ တွေ နဲ့ မရောဘဲ ထားပေးတာတဲ့။
စက်ရုပ်တွေလို ဝန်ဆောင်မှု ပေးနေမှတော့ လူလို တွေးနိုင်တဲ့ စာနာစိတ် ခေါင်ပါးခဲ့ပြီပေါ့။
. ငွေနောက် ကို လိုက်ရင်း အလကား တောင် မဟုတ် ကိုယ် မတန်တဆ ကြေးယူထား တဲ့ လူနာစောင့် တွေ နဲ့ စကားပြော ဖို့ ကို တောင် အချိန် မမျှ နိုင်တဲ့ ပရို တစ်ယောက် ရဲ့ ကျင့်ဝတ် ဆိုတာ ကို မေ့ချန်ခဲ့ကြပြီ။

သူမှာလဲ မေ့ သင့်တယ်။
သူ့ ကလေး ပညာရေး အတွက် စိတ်တိုင်းမကျ တာ တွေ ကို ဖုံးဖို့ ငွေလို တာ မဟုတ်လား။
ဒီလိုဘဲ ကျောင်း က ဆရာမ ကလဲ သူ့ ဈေးဖိုး၊ ဆေးဖိုး နဲ့ တစ်ခြား စရိတ် တွေ အတွက် စက်ရုပ်လိုမှ မရှာ ဘယ်လို ရပ်တည်နိုင်ပါ မလဲ။
ဒီလို Service ပေးသူ တွေ စက်ရုပ် လို ဖြစ်ရခြင်းမှာ ဒီအတိုင်း ကံ စီမံရာလို့ ထားလိုက်သင့် ပါသလား။

တစ်ညနေမှာ ပြည်လမ်း ပေါ်က ဖြတ်တော့ ကားတွေ ပိတ်ပြီး  နိုဗိုတဲလ် ဆိုလား။
အကောင်းစား ဟော်တယ်ကြီး ရှေ့မှာ တစ် နေရော။
အဲဒီအချိန် ဟိုတယ်မှာ ပွဲ တက် မဲ့ ဝတ်ကောင်းစားလှ မပေါ့တပေါ် မမ လေးများ တော်တော်ဝေးဝေး ကနေ ကားပေါ်ကဆင်း ခြေလျင် ကျိတ် ပြီး အပြေးဝင်သွားကြတာ တွေ့တော့ ပြုံးရသေး။
သူများဒုက္ခရောက်တာ ကို တော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ကားပိတ် တာ က တော့ ဆင်းရဲ ချမ်းသာ မရွေး တစ်ပြေးညီ ခံစားရတာဘဲ ဆိုတာ တွေးလိုက်လို့ပါ။
ဟပ်စကီး ရဟတ်ယာဉ် တွေ သုံးဖို့ လဲ သူတို့ အကြံရှိမှာပါ။
မပူပါနဲ့။ ၂၀၁၅ အလွန် ဒီ အတိုင်းဘဲ ဆက်လက် ဖြစ်တည် ခွင့် ကို ပေးကြည့်လေ။
တွေ့ပါလိမ့်မယ်။

ဆိုချင်တာ က
ရုပ်ဝတ္တု ချမ်းသာတိုင်းလဲ ကိုယ်ကျင့်တရားမချမ်းသာ တဲ့ စက်ရုပ်လို လူ တွေ ကြားမှာ စိတ်ချမ်းသာမှု၊ အေးချမ်းမှု ရမယ် မထင်နဲ့။
ဆင်းရဲ သူ တွေ အများကြီးကြားမှာ ချမ်းသာနေလဲ ကိုယ့်ဟာ ကို တင့်တင့်တယ်တယ် ဂုဏ်ထည်တယ် မထင်ပါနဲ့။
လူတန်းစား ကွာဟ လေ လူတွေ ရဲ့ စိတ်ဓာတ်တွေ (ဆင်းရဲ၊ ချမ်းသာမရွေး) ကျဆင်းလေ ဖြစ်နေပါမယ်။
ချမ်းသာသူ တွေ က ကိုယ့်ချမ်းသာဖို့ ဘဲ ရှေ့ထားတာ တွေ များလာပြီး ဘေး လူ တွေ ကို ပါ မြင့်အောင် ခေါ်ဖို့ စိတ်မရှိ တာဟာ စိတ်ဓာတ် အောက်တန်းကျခြင်း တစ်မျိုးပါဘဲ။
ဆင်းရဲသားတွေ ကလဲ ချမ်းသာသူ တွေ ကို မရှူစိမ့် ဖြစ်ပြီး တရား/မတရား မသိနိုင်တော့။  ရတဲ့ နည်း နဲ့ ခိုး ဝှက် တိုက်ယူဖို့ ကို ဝန်လေးလာတော့ မှာ မဟုတ်။
. လောလောဆယ် တောင်အာဖရိကနိုင်ငံ မှာ ဒီ လို အဖြစ်တွေ က သာဓက ပြနေပါတယ်။
. မြို့ပေါ်မှာ တောင် နေ ရတာ မလုံခြုံ တဲ့ ဘဝ တွေ ပါ။
အဆိုးဆုံး က တရား ဥပဒေ မဲ့ ပြီး လူတန်းစား တစ်ရပ် ကသာ စိတ်ကြိုက်ချယ်လှယ် လို့ရနေတာပါဘဲ။
ဒီတော့ သူတို့ နဲ့ လက်ဝါးချင်း ရိုက်နိုင်သူ/ ရိုက်တတ်သူ တွေ အတွက် အကြောင်းမဟုတ်ပေမဲ့ သူများ ကို ဖင် မမ ချင်၊ ဖင်မမ တတ် သူ တွေ လှိမ့်ခံပေတော့ ဆို တဲ့ အခြေ ရောက်ဖို့ ပို များလာပါမယ်။
အခု တောင် ဒီ လက်ဝါးရိုက် ယဉ်ကျေးမှု အတော်လေး ကြီးနေပါပြီလေ။

ကိုယ့်အတွက် လုပ်ပေးရမဲ့တာဝန် ကို စေတနာ ပါဖို့ မပြောနဲ့ ကျေပြွန် ဖို့ ကို တောင် ငွေ နဲ့ ဆက် ပြီး
လဲ နေရတဲ့ ဘဝ တွေ ဟာ တကယ်ဘဲ နေပျော်တယ်လား၊
တကယ်ဘဲ ချမ်းသာတယ်လား။

. ပြောရင်း ပြောရင်း မျှချင်တဲ့ ချစ်သူ့စကား တွေ အတွက် နောက်ကျ တော့မှာမို့
ကျွန်မ ပြောလိုတာ ကို ရပ်ပါပြီ။
ကျွန်မ ချစ်လွန်း တဲ့ ချစ်သူ အမျိုးသမီးကြီး ရဲ့ စကား လေးတစ်ချို့ကို ဖတ်ကြည့်ကြပါ။
နောက် အသေအချာ ချဲ့ တွေး ကြည့် ကြပါ။
ဘယ်လိုအစိုးရ ကို ကိုယ့် အတွက် တာဝန် ယူခိုင်း စေချင်တာလဲ။
. အခုချိန် မှာ ဘယ်သူ ဘယ်ဝါ ကို ကြိုက်တယ် လို့ စိတ်ကြိုက် စံရွေးနေဖို့ ထက် မတရားစီး ထားပြီး တာဝန်မယူနိုင်သူ တွေ ကို ဖယ်ဖို့ က အရေးကြီးဆုံး ဖြစ်နေတာပါ။
အခါမနှောင်းခင် အားလုံး စည်းစည်းလုံးလုံး နဲ့ အကောင်းဆုံး အမှန်နိုင်ဆုံး ရှာဖွေ ရွေးထုတ်နိုင်ကြပါစေ။
. ရွှေပြည်ထဲ တွေ့ရတဲ့ ဘဝ တွေ ရဲ့ မညီမျှ လွန်း တဲ့ အခြေ ကို လှပ တဲ့ shape ဖြစ်ဖို့
( ကြား ကနေပြီး ကိုယ့်မထိပြီး ရော ဆိုတဲ့ ကြားနေ ဝါဒ ကိုင်စွဲထားကြသော)
တတ်စွမ်းသူများ
အားထုတ် ရဲ ကြပါစေ။
အားထုတ်လို စိတ် ရှိနိုင်ကြပါစေ။
တကယ်လုပ်ပေးဖို့ အားထုတ်နေသူ နဲ့ ပူးပေါင်းလက်တွဲပြီး ချစ်သောအမိမြေ ကို အဆင့် မြှင့်ပေးနိုင်ကြပါစေ။

hands-together-heart2Image form – depositphotos.com

++++++++++++++++++++++++++++++++++++++
စာမျက်နှာ – ၁၂၉ (ဒီစကား – ၄၂)

” Service” ဆိုတဲ့ အင်္ဂလိပ်စကားလုံး တစ်လုံး အကြောင်း ကို စဉ်းစားနေမိပါတယ်။
ဆက်နွယ်နေတဲ့ အဓိပ္ပါယ်အမျိုးမျိုး ဖော်ဆောင်နိုင်ပါတယ်။
ဇစ်မြစ် ကတော့ လက်တင်ဘာသာစကားလုံး  “Servus” ငွေဝယ်ကျွန်ဖြစ်တာကြောင့် နှစ်သက်ဖွယ် မရှိလို့ ယူဆနိုင်ပါတယ်။
“Servant” ဆိုရင်လဲ အစေခံ ဆိုတဲ့ သဘောသက်ရောက်တာကြောင့် နှစ်လိုဖွယ်မရှိလို့ ပြောနိုင်ပါတယ်။
“Serve” ဆိုပြန်တော့လဲ အစေအပါးလုပ်တယ်။ အသုံးအခိုင်းခံတယ်လို့ အဓိပ္ပါယ်ဖော်လိုက်တော့ အကျည်းတန်ပါတယ်။
ဒါပေမဲ့ ဒီစကားလုံး လေးတွေ (Serve, Servant, Service)  ဟာ လှပတဲ့ အသွင်လဲ ဆောင်ပါတယ်။

“Serve”  ဆိုတာကို အစေအပါးလုပ်တယ်။အခိုင်းခံ အသုံးခံ တယ် ဆိုတဲ့ သဘောမဟုတ်ဘဲ “အကျိုးဆောင်တယ်၊ ဝန်ထမ်းတယ်၊တာဝန်ထမ်းဆောင်တယ်” လို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။
ဒါကြောင့် Civil Servant/ Public Servant  လို့ ပြည်သူ့ဝန်ထမ်း (နိုင်ငံတော်ဝန်ထမ်း)  တွေကိုခေါ်ပါတယ်။
. ပြည်သူတွေရဲ့ အစေအပါးများလို့ ပြောရင်လဲ မှားမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီနေရာမှာ အစေအပ်ရာ ဆိုရာပင် ဂုဏ်သိက္ခာရှိတဲ့ ဝေါဟာရ ဖြစ်ရခြင်း အကြောင်း က စဉ်းစားစရာပါ။

ငွေဝယ်ကျွန် ဆိုတာ မိမိဆန္ဒမပါဘဲ တစ်ပါးသူရဲ့ အစေအပါးဖြစ်ရတဲ့ သဘောရှိပါတယ်။
ကိုယ်ပိုင်ဆန္ဒအရ အကျိုးဆောင်တာ တာဝန်ယူတာနဲ့ မတူပါဘူး။
. စေတနာ၊ စေတသိတ် ကွာခြားမှုပါ။
မလွှဲမရှောင်သာလို့ ခိုင်းတာကိုလုပ်ရပါတယ် ဆိုရင် ဘယ်လောက်ပဲ ပေါ့သည့်အလုပ်ဖြစ်စေ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာပါတယ်။
ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ လိုလိုချင်ချင် ခံယူလိုက်တဲ့ တာဝန်ဝတ္တရား များဟာ ဘယ်လောက်ခက်ခက်ခဲခဲ ပင်ပန်းကြီးစွာ ထမ်းဆောင်ရစေကာမူ
. ကျေကျေနပ်နပ် နဲ့ ပေးဆပ်ခြင်းဖြစ်တာကြောင့် နှလုံးအင်အားတိုးပွါးစေပါတယ်။

“ပေးဆပ်” တယ် ဆိုတဲ့ ဝေါဟာရဟာ အင်မတန် လှပပါတယ်။
မိမိ က အထက်ကနေ အောက် ကို ချပေးတဲ့သဘောမဟုတ်ဘဲ ပူဇော်သကဲ့သို့ ကျေကျေနပ်နပ်မော့ကြည့်တဲ့ အပေးမျိုး။
“ရယူခြင်း ရဲ့ ဆန့်ကျင်ဘက်မျိုးပါ”။
ပေးဆပ်တဲ့စိတ်နဲ့ ထမ်းတဲ့ဝန်ဆိုတာ အာဏာအမြင့်ဆုံး ဘုရင်ဧကရာဇ်တို့ ဦးမှာဆောင်းတဲ့ ကျောက်မျက်ရတနာတွေ အပြည့်နဲ့
သရဖူထက် ပိုမိုပြီး တောက်ပတန်ဖိုး မြင့်မားပါတယ်။
တကယ်တော့ တန်ဖိုးတောင်ဖြတ်လို့ မရပါဘူး။
အင်္ဂလိပ်ဘာသာစကားမှာ နိုင်ငံ့ဝန်ထမ်းအဖွဲ့ကို Civil Service  လို့ ခေါ်သလို နိုင်ငံရဲ့ လက်နက်ကိုင် ကာကွယ်ရေး တပ်များကို  Services လို့လဲ သုံးနှုန်း ပါတယ်။
. နိုင်ငံ့အကျိုး သယ်ပိုးရမဲ့၊ နိုင်ငံ့တာဝန်ထမ်းဆောင်ရမဲ့ အဖွဲ့အစည်းတွေပေါ့။
ဒီလိုတာဝန်ထမ်းဆောင်ခွင့်ရသူများဟာ မိမိတို့ အလုပ်အကိုင် အပြုအမူ နဲ့ ပါတ်သက်လို့ ဂုဏ်ယူနိုင်စေမဲ့ သိက္ခာ သမာဓိ နဲ့ ပြည့်စုံတယ်ဆိုရင်
. နိုင်ငံရဲ့ ဂုဏ်ဟာလည်းကြီးမားပါလိမ့်မယ်။
ဒါကြောင့် နိုင်ငံ့ဝန်ထမ်းများ အရည်အချင်း ပြည့်စုံရေး၊ စိတ်ဓာတ်မြင့်မားရေး တို့ဟာ အဓိက တာဝန်ကျပါတယ်။

ဝန်ထမ်းများသာ ပေးဆပ်ခြင်း သဘောနဲ့ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင် နိုင်တာ မဟုတ်ပါဘူး။
ပြည်သူပြည်သား တစ်ဦးချင်းလဲ ကိုယ်နိုင်ရာ နိုင်ရာ တိုင်းပြည် နဲ့ ပြည်သူပြည်သားများ အတွက် တာဝန် ကို လိုလိုလားလား နဲ့ ကျေပြွန်အောင်
ထမ်းဆောင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။
အထူးသဖြင့် ယခုအချိန်လို ကျွန်မတို့နိုင်ငံမှာ အကောင်းဘက်ကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတွေ ပေါ်ထွန်းနိုင်မဲ့ ကာလမှာ
ပေးဆပ်ခြင်းရဲ့ ပီတိ ကို ခံစားတတ်ကြမယ် ဆိုရင် ဒီ ပေးဆပ်မှုတွေ ရဲ့ အသီးအပွင့်တွေ ကို ကျွန်မတို့ ပြည်ထောင်စုကြီး ခံစားလိုမှာပါ။

. ပြည်သူပြည်သား တွေ ရဲ့ တာဝန်ဟာ ဘာလဲ လို့ မေးခွန်းထုတ်သူများရှိနိုင်ပါတယ်။
တစ်ဦးချင်းရဲ့ အလုပ်အကိုင်၊ ပတ်ဝန်းကျင်အလျောက်ရှိတဲ့ တာဝန်တွေ အပြင်
အားလုံးနဲ့ သက်ဆိုင်တဲ့ တာဝန်ကတော့
ကျွန်မတို့ နိုင်ငံအတွင်း ညီညွတ်မှူ၊ အေးချမ်းမှု၊ သဟဇာတဖြစ်မှု တို့ ကို ဖွံ့ဖြိုးတိုးတက်စေမဲ့ လုပ်ရပ်တွေဘဲ လို့ ပြောချင်ပါတယ်။
အချင်းချင်းအပြန်အလှန်နားလည်မှု၊ အချင်းချင်း အပြန်အလှန် လေးစားမှု တို့ကို ပြုစုပျိုးထောင်ချင်တဲ့
စိတ်ဓာတ်ပေါ် အခြေခံတဲ့ အပြုအမူတွေဟာ တာဝန်သိ ပြည်သူများရဲ့ သင်္ကေတပါဘဲ။
ကျယ်ဝန်းတဲ့ အမြင်၊ နက်နဲတဲ့ အမြင်၊ အရှည်ကို မျှော်မှန်းတဲ့ အမြင်တွေနဲ့
ကျွန်မတို့တွေ လျှောက်လှမ်း သွားနိုင်မယ်ဆိုရင်
ကျွန်မတို့ နိုင်ငံရဲ့ အနာဂါတ်ဟာ တင့်တယ်လှပမှာပါ။

တစ်နေ့ တစ်နေ့ လုပ်စရာတွေ က ဘယ်လောက်ဘဲ များများ
ဘာတွေဘဲလုပ်နေရ လုပ်နေရ တကယ်တန်ဖိုးထားတဲ့ ကိစ္စရပ်တွေ နဲ့ ပါတ်သက်တဲ့ အတွေး တွေဟာ
စိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေပါတယ်။
ညအိပ်ချိန်မှာလဲ ဆက်ပြီး လည် နေလို့ အိပ်မပျော်တဲ့ ည တွေ များပါတယ်။
ဒါပေမဲ့ ဒီ အတွေးတွေ ရဲ့ အကျိုးဆက်ဟာ ကျွန်မတို့ နိုင်ငံအတွက် ကောင်းမယ် ဆိုရင်
အိပ်မပျော်တာတွေ ကလဲ လိုလိုလားလား လက်ခံရမဲ့ ပေးဆပ်ခြင်းပါဘဲ။

ဒီတစ်ပါတ်တော့ ဒီမျှသာ …..

. အောင်ဆန်းစုကြည်
. ဒီလှိုင်းစာစောင် အတွဲ(၁) အမှတ် (၄၉)
(၂၄.၁၂.၁၂)

33 comments

  • မဟာရာဇာ အံစာတုံး

    April 30, 2015 at 12:21 am

    အရီး ချစ်သူရဲ့ စကား …
    အရသာ ရှိလှပါသဗျား …..။

    တစ်ဦးချင်း ကောင်းပါမှ တစ်နိုင်ငံလုံး ကောင်းလာမှာပါ …။
    ခု အနေအထား က တစ်ဦးချင်း ကောင်းဖို့က လက်တွေ့မှာ မလွယ်လှဘူးရယ် …

    တစ်ဦးချင်း ကောင်းဖို့ အရေးမှာ တစ်ဦးချင်းရဲ့ စိတ်ဓာတ် မြင့်တက် လာစေဖို့က အရေးကြီးတာပ …
    ခုဟာက အရီး ပြောသလိုပဲ …
    လူတန်းစားတွေ ကွာဟ လေ၊ စိတ်ဓာတ်တွေ နိမ့်ကျလာလေ ပါပဲ ….။
    ဒီတော့ … စိတ်ဓာတ်တွေ မြင့်တက်လာဖို့ အရေး လူတန်းစား ကွာဟမှုကို ထိန်းချုပ်ရမပေါ့ ….

    ဒါဖြင့် ဘယ်လို ထိန်းချုပ် ထိန်းချုပ်မလဲ?
    လွယ်လွယ်လေးပါ …
    ရှိတဲ့လူတွေက မရှိတဲ့ လူတွေကို ခွဲပေးလိုက်ပေါ့ …….

    နမူနာ အနေနဲ့ သဂျီး က ကျုပ်ကို နည်းနည်း ခွဲပေးတဲ့ အနေနဲ့ … တစ်သိန်းပြည့်ဖို့ လိုနေတဲ့ အမောင့်ကို ဖြည့်ပေးလိုက် ……. ဟေဟေ့ ….

    • မြစပဲရိုး

      April 30, 2015 at 12:25 am

      စိမ်း သကွယ်။ ချက်ချင်း ကို ဝင်လာလို့။ :-))

  • Alinsett @ Maung Thura

    April 30, 2015 at 1:16 am

    ချစ်သူ. . . အမေစုဟာ ကျနော် ချစ်ခင်မြတ်နိုးမိသူ တယောက်မို့ ကျနော့် ချစ်သူပါပဲ
    ဒါပေမဲ့ ဖွေးဖွေးကို ချစ်တဲ့ အချစ်မျိုးနဲ့တော့ မနှိုင်းကောင်း (နှိုင်းယှဉ်စရာမလို)’ဘူးပေါ့။
    ထားပါအုန်း အဲ့ဒီအပိုင်းးးး

    အရီး ပြန် ပြောပြတဲ့ အမေ့ရဲ့” ဒီ”စကားကို အရင်က ဖတ်ဖူးပေမဲ့ ပြန်ဖတ်သွားပါတယ်။
    ဒီတခါတော့ ဖတ်ရင်းနဲ့ ခေါင်းထဲ ရောက်လာတဲ့ စာသားတစက ဟောဒီပိုစ့်ထဲကလည်း မဟုတ်
    ဒီစကား စာမျက်နှာနံပါတ်တွေနဲ့လည်း မဆိုင်ရေးချမဆိုင်
    The Lady ဇာတ်ကားထဲက . . . အမေစုအဖြစ် သရုပ်ဆောင်တဲ့ မီရှဲယိုးက
    သူ့အိမ်မှာ အပေါက်စောင့်နေတဲ့ စစ်သားလေးကို ပြောလိုက်တဲ့စကားးး
    အဲ့ဒါလေးး နားထဲ ဝင်လာတယ်. . .
    ရုတ်တရက် ဆိုပါတော့. . .

    ”မင်း အဲ့ဒီမှာ မတ်တပ်ကြီး ရပ်နေမယ့်အစား ဒီနားကိုလာ၊
    ဒီစာသားကို ဖတ်ကြည့်၊ ”မင်းက နိုင်ငံရေးကို တွေးစရာမလိုပါဘူး. . . မင်းကို နိုင်ငံရေးက တွေးလိမ့်မယ်” တဲ့။
    အဲ့ဒီ စာသားကို ဖတ်ပြီး မင်းအတွက် တွေးစရာ ရတာပေါ့”

  • ခင်ဇော်

    April 30, 2015 at 7:58 am

    စကား စကားပြောပါများ စကားထဲက ဇာတိပြ ဆိုရင်တော့ …..

    စကားအရာမှာကို ဟို ကျက်သတုန်းကြီးတွေနဲ့ စု က နှိုင်းယှဉ်မရအောင် အကွာကြီးပါ။
    မမြင်နိုင်တဲ့သူတွေ မမြင်အောင်ကြိုးစားနေတဲ့သူတွေက အသိညာဏ်ပါ ကန်းနေလို့။

    :a:

  • kai

    April 30, 2015 at 8:12 am

    ဖေ့စ်ဘုတ်ကိုအစဉ်တိုင်ဖတ်သွားရင်း.. အခုတင်ဖတ်လိုက်ရတဲ့….. အောက်က Op ၂ခုကို ကူးယူပါတယ်..။
    မူရင်းရေးသူတွေကို ခရက်ဒစ်ပေးပါတယ်..။
    တခုက မြန်မာပြည်.. တခုက အမေရိကပြည်၊
    သာစေနာစေရယ်မရှိ..။ အဖြစ်ကိုယှဉ်သိစေချင်လို့..။
    ဘာရယ်မဟုတ်..။ ဟုတ်စေချင်လို့..။

    တရားခံအစစ်(အစစ်)ကို မမြင်နိုင်ကြသေး(သေး)တာကို.. အံ့တွေဩမိ…။ :k:

    =================================================
    Ko Yoke Soe

    ခရီးသွားရင်း သိလိုက်ရတာပါ
    ကမာ္ဘပျက် မပျက်တော့ မသိဘူး
    မြန်မာပြည်ကတော့ တစ်ကယ် ပျက်နေပြီ။
    အင်းလေးရောက်တော့ ခလေးမလေးတွေ ဇင်ယော်စာ လာရောင်းကြသည်။ အမျိုးသမီးတစ်ချို့ရွှေသင်္ဃန်းလာရောင်းသည်။
    လှေဆိပ်ရောက်ဖို့ နာရီဝက်လောက်လမ်းလျှောက်ရသည်။
    အင်းလေးမှာ ရေခမ်းနေပြီ။
    အင်းထဲရောက်တော့ ဇင်ယော်တစ်ကောင်မှမရှိ။ ဇင်ယော်တွေ မလာတော့ဟု သိရသည်။ ဇင်ယော်စာ လိမ်ရောင်းတာခံလိုက်ရသည်။
    ကန်ဘေးကတောင်တွေပေါ်မှာ တောမီးတွေလောင်နေသည် ဘယ်သူနဲ့မှမဆိုင်သလို စကားလုပ်ပြောသူပင်မရှိ။
    ဖေါင်တော်ဦးဘုရားရောက်တော့ ရေတိမ်နေလို့ လှေကပ်ဖို့ အတော်လေးအားထုတ်ရသည်။ အမျိုးသမီးတသိုက် လှေပေါ်ထိလာကြိုကြသည်။လေုအောက်ရောက်မှ ခိုစာတစ်ထုပ်တစ်ထောင် အတင်းရောင်းပါတော့သည်။
    က္ဈန်တော်မိသားစုကိုးယောက်အတွက်ကိုးထောင် ပေးလိုက်ရသည်။
    ပြဿနာက အဲ့အစာတွေကို ဘယ်ခိုမှမစား။ခိုစားတဲ့ အစာက ဘုရားပေါ်မှာအမေအိုတွေရောင်းနေသည်။တစ်ထုပ်နှစ်ရာ့ငါးဆယ်။အလိမ်ခံရပြန်ပြီ။
    ရွှေသင်္ဃန်းကပ်မယ်လုပ်တော့ လှေဆိပ်က ဝယ်လာတဲ့ ရွှေသင်္ဃန်းတွေ ကပ်ခွင့်မရ။ ဒီကရောင်းတဲ့ ရွှေသင်္ဃန်းဘဲ ကပ်ခွင့်ပေးသည်။အလိမ်ခံရပြန်ပြီ။
    ထမ်းဆန်းဂူမှာ ရေထွက်နည်းနေသည်။
    ပင်းတယ ရွှေဥမင် လှိုင်ဂူက နတ်သမီးရေကန်ထဲ ရေမထွက်တော့။
    ပုပ္ပါးတောင်က တစ်နှစ်လုံးထွက်နေကြ စိမ့်စမ်းတွေ ရေလုံးဝမထွက်တော့။
    မနက်စောစော ရောင်းသည့်ပဲပြုတ် ကောင်ညှင်းပေါင်းသယ်မှာ လယ်ဆယ်ဧကလောက် ပိုင်တဲ့တောင်သူဖြစ်နေသည်။
    ဒီဒေသမှာ တောင်သူတွေ မိုးခေါင်လို့ လယ်မစိုက်နိုင်တာ သုံးလေးနှစ်ရှိပြီတဲ့။
    အခုတော့ဈေးရောင်းစားနေရပြီတဲ့။
    ဒါလည်းဘယ်သူနဲ့မှ ဆိုင်ပုံမရ။
    ဗျတ္တပန်းဆက်လမ်းကနေ ပုဂံကိုအသွား လမ်းမဘေးမှာ ပိန်ချုန်းနေပြီး အရိုးပြိုင်းပြိုင်းထနေတဲ့ ကလေး လူကြီး သက်ကြီးရွယ်အို အရွယ်စုံ ထွက်တောင်းနေတာ တွေ့ရပါသည်။
    တချို့က စိတ်ဓါတ်တွေ ပျက်ကုန်မယ် ပိုက်ဆံတွေ ပစ်မချနဲ့ဆိုဘဲ။
    က္ဈန်တော်ကတော့ ဒီလိုမတွေး။
    သူတို့ဘဝ အဆင်ပြေနေရင် အရှက်မရှိ ထွက်တောင်းပါ့မလား။
    သက်ကြီးတွေကို တစ်ယောက်တစ်ထောင်လှူခဲ့ပါသည်။
    ကလေးတွေကိုတော့ မုန့်ထုပ်တွေ ဝေခဲ့ပါသည်။
    ညောင်ဦးရောက်တော့ ထမင်းဆိုင်ကြီးတစ်ဆိုင်တွင် ထမင်းဝင်စားပါသည်။
    ဟင်းအသိုးတွေနဲ့က္ဈေးတာခံရပါသည်။ဆိုင်နံမည်က ကန်တော်ကြီး ထမင်းဆိုင်ပါ။
    ညနေမှာ သဲမုန်တိုင်းနဲ့ ကြုံရသေးသည်။
    အပြန်လမ်းမှာ နေပြည်တော်မှမျှစ်ချဉ် ပဲခူးမှ ကောက်ညှင်းထုပ်ဝယ်ပါသည်။
    ရွှေသာလျှောင်းကောက်ညှင်းထုပ်မှာ ခံရတာများ၍ သူတို့ရောင်းနေတဲ့ အထုပ်ကိုဖွင့်ကြည့်ပြီးမှ ဝယ်ခဲ့ပါသည်။
    အိမ်ရောက်မှဖွင့်ကြည့်ရာ ဖက်ရွက်ချည်းထုပ်ထားပြီး ကောက်ညင်းမှာ လက်နှစ်လုံးခန့်သာပါသည်။
    မည်သို့လုပ်လိုက်သည်မသိ။
    ပျည်းမနားမျှစ်ချဉ်မှာလည်း အလယ်ခေါင်မှာ မဲမဲအတုံးကြီးပါလာသည်။
    အလိမ်ခံရပြန်ပြီ။
    မြန်မာပြည်ကြီး တစ်ကယ်ပျက်နေပြီ
    ရာသီဥတုတွေ ပျက်နေပြီ
    စိတ်ဓါတ်တွေ ပျက်နေပြီ
    တောတွေလည်းပျက်နေပြီ
    တောင်တွေလည်းပျက်နေပြီ
    ဘယ်လိုလုပ်ကြမလဲ။
    ဘယ်သူ့မှာ တာဝန်ရှိသလဲ။
    အဓိက တရားခံမှာ အာဏာရှင်သာဖြစ်ပါမည်။
    https://www.facebook.com/koyoke.chaw.5
    ==========================================
    Aung Shwe
    7 hrs ·

    (((ဘန်းကြီးဖျက်လို ့ပျက်တဲ ့မြို ့))) ကျနော်တို ့မြို ့မှာ ဒီလိုဘဲ ရှိတယ် ကျနော်တို ့မြို ့မှာဒီလိုဘဲ ။ဖြစ်ရပ်မှန် အပိုင်း (၂) ရွှေဝါရောင် အရေးအခင်းက ဘုန်းကြီးတွေ ယူတီကာကို ရောက်လာကြပြီတဲ ့ ကျနော်ကတော ့သဘောကြတယ် ။ဘုန်းကြီးကျောင်းမှာ သံဃာတွေ များလာရင်ပိုကောင်းတာပေါ ့။ ဘုန်းကြီးဆိုတာ ။တပါးထဲနေတယဆိုရင်များသောအားဖြင် ့ ပေါက်ကရ လုပ်တာများတယ်။သံဃာဆိုတာ အစုအဝေးနဲ ့မှ တပါနဲ ့တပါး ထိန်းလို ့ရတယ် ။မကြာလှပါဘူး ပြသနာက စလာတယ် ။ရွှေဝါရောင် အရေးအခင်းက ရောက်လာတဲ ့ဘုန်းကြီးတွေ ။ အစိုးရ အိမ်လခ အတွက် ပေးတဲ ့ပိုက်ဆံကို ဒီကျောင်းထိုင် ဘုန်းကြီးကို ပေးရသတဲ ့။နော်တော ့ အချင်းချင်းပြသနာတက်ပြီး နှစ်ကျောင်းဖြစ်သွားပြန်ရော။ ဘာဘဲဖြစ်ဖြစ် နျစ်ကျောင်းဖြစ်တော ့လဲ နျစ်ခါ လှူရတာပေါ ့။ဘုန်းကြီးနဲ ပါတ်သက်ပြီး စာပေတတ်မှ ကျမ်းဂန်တတ်မှ မဟုတ်ပါဘူး စာပေကျမ်းခန် တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ ကိုကျင် ့တရားကောင်းရင်ပြီးတာဘဲ။ တရက်မှာတော ့ လူတရောက်က ။ ကျနော်နဲ ့စကားပြောရင်းကနေ ။သူကြားခဲတဲ ့ မကောင်း သတင်းကို ပြောလာတယ် ။ ဘုန်းကြီးက ခလေးမလေးတွေကို စာသင်ပေး ပြီး နေ ့လယ်ကျောင်းလွှတ်ချိန်မှာ အခမ်းထဲခေါ်သွားပြီး ။ ဗွီဒီယို ပြ ပေါင်ပေါ်ထိုင်ခိုင်းပြီး နို ့ညှစ်တာကို နာလို ကောင်မလေးတွေက သူတို ့အမေတွေကိုပြန်ပြောပြလို ့ ပြသနာတက်မှာကြောက်ပြီး ဗမာပြည်မှာ တရားသွားထိုင်မယ် တနှစ်လောက်ကြာရင်လဲကြာမယ် ပြန်လာချင်မှ ပြန်လာမယ် မသေချာဘူးလို ့ သူ ့တကာတွေကို မှာခဲ ့သတဲ ့ ။ သူမြားပြောလို ့ကြားတဲ ့စကားပါ ။ဒီလိုနဲ ့တလလောက်ကြာတောမမျျွော်လင် ့ဘဲ နို ့ညှစ်ခံရတဲ ့မိန်းခလေးတွေရဲ ့အမေနဲ ဟန်နာဖေါ ့မတ်ကက်မှာ ့တွေ ့တယ် ။ကျနော်က မးလိုက်တယ် နင်ဘုန်ကြီးကျောင်းလဲ လာတာမတွေဘူး ။ဘာအလုပ်တွေ ဒီလောက်တောင်ဘာတွေ ရှုပ်နေလဲဆိုတော ့။ ဖြစ်ကြောင်းရယ်ကုန်စင် ။ဟိုအရင် အစ ပထမက ။ပထမ အစဟိုအရင်အထိပေါ ့။ပြောချင်တာက ပုတုစဉ် အားလုံး အမှားနဲ ့ မကင်းပါဘူး။ နောက်ဆုံးပြင်မရတော ့ဘူးဆိုရင် လူထွက်လိုက်ပါ ။ ဒီပုံစံ အတိုင်း လူမဟုတ် ဘုန်းကြီးမဟုတ် ။သင်ကန်းဝတ်ပြီး လူတွေပေါ်မှာ လူလယ်လုပ်ပြီး လိုက်လိမ်စားနေမယ်ဆိုရင်တော ့။သင်ကန်ဝတ် သူတောင်းစား အဆင် ့ဘဲ ဖြစ်မယ်လို ့ပြောချင်တယ်
    https://www.facebook.com/aung.shwe.7?fref=nf

  • အောင် မိုးသူ

    April 30, 2015 at 8:56 am

    အရိုးစွဲနေတဲ့လူတော်တော်များများလည်း စည်းကမ်းမရှိကြတော့ဘူး။ ရုပ်ရှင်လက်မှတ် တန်းစီတာမျိုးကအစပေါ့ ကိုယ်အရင်ရရင်ပြီးရော တန်းစီစနစ်ကို အလေးမထားကြတော့ဘူး။ လူတွေဟာ အတ္တသိပ်ကြီးလာတယ်။ ကျတော်တို့ဆို နေမကောင်းတော်တော်ဖြစ်မှသာ အနီးနားက ဆေးခန်းသွားကြတာ။ တလောက တုပ်ကွေးဖြစ်ချင်လို့ နေတဲ့လမ်းထိပ်က ဆေးခန်းအသစ်သွားတာ ဆယ်တန်းတုန်းက ကိုယ့်သူငယ်ချင်းဖြစ်နေတယ်။ ဈေးလည်းသက်သာတယ် ဘယ်လိုပဲဖြစ်ဖြစ် စေတနာနဲ့ ကုသတဲ့ဆရာဝန်တွေ ရှိပါသေးတယ်။ အချို ့လူတွေကိုက အထူးကုမှ ကောင်းတယ်လို့ထင်နေကြတာလဲပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှေပြည်တော် မျှော်တိုင်းဝေးတော့ မဖြစ်ချင်ဘူးနော်။ ဒီနိုင်ငံအကြီးအကဲတွေထဲမှာလည်း တစ်ယောက်မှမယုံကြည်ပါဘူး။ နိုင်ငံရေးသိပ်နားမလည်ပေမယ့် ယုံကြည်အားကိုးမိတာ တစ်ယောက်ပဲရှိတယ်။ အဲသည်တစ်ယောက်ဘယ်သူဆိုတာလည်း ပြောစရာမလိုတော့ပါဘူးလို့ ထင်တာပါပဲ။

  • manawphyulay

    April 30, 2015 at 9:59 am

    သဂျီးတို့လို့ လျှောက်တွေးနေလို့ကတော့ ဒါတွေပြောရင် ဒေါတွေပါလာမှာ အမှန်ပါပဲ။

  • ဝင့်ပြုံးမြင့်

    April 30, 2015 at 1:53 pm

    .လူထုတစ်ရပ်လုံးကတော့ အမေစု ဘက်မှာပါ အရီး။ ဒါပေမယ့် ခုပဲ ၅လပိုင်းထဲ ဝင်လာပြီ။ ဥပဒေကတော့ ရွေးကောက်ပွဲပြီးမှ ပြင်မှာလို့ ကြားရတာပဲ။

  • naywoon ni

    April 30, 2015 at 6:06 pm

    ကျ​နော်​က အ​ကောင်​မမြင်​သမားဆို​တော့ကာ သခင်​စိုးတို့ သခင်​သန်​းထွန်​းတို့ကိုပဲ ပြန်​တမ်​းတမိ​နေ​တော့တယ်​ဗျာ ။ တစ်​ကယ်​​ပြောတာ 😀

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 1, 2015 at 1:49 am

      သခင်​ရှု​မောငိဂျီးကို​ရော မတမ်​းတဝူးလားဟင်​င်​

    • မြစပဲရိုး

      May 1, 2015 at 2:07 am

      ဒါဆို အဘနီ က အခုထိ တရုတ်ဖြစ် ကို စွဲ နေတုန်း ပေါ့လေ။ :-)))

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 1, 2015 at 2:01 am

    ဆား အာ့​တေမတိဝူး
    ဆား တိတာက ဘိရုမာအလံ

    အလံမှာပါတဲ့ အဝါ က ဖုန်​းဂျီး
    အစိမ်​းက သတ်​မ​တော်​
    အနီက ​ဒေါင်​း-င်​​ဟောင်​း​လောင်​း

    အလယ်​က ကြယ်​ကြီးက ပတ်​လည်​ ​ဆော်​ကုန်​ဘီ ဆိုတဲ့အနက်​

    ကိုင်​းကိုင်​း လိုက်​ဆို

    ငါ့ရှင်တို့ – အဲ ဒါက ရီလီဂျင်​ ဆန်​တယ်​
    တိုင်​းသူပြည်​သား လူအများတို့ – မဖြစ်​​သေးဝူး ဒါကျ ပ​ဒေသရာဇ်​ အနံ့ရတယ်​
    ရဲ​ဘော်​ဒို့ – ဒါကျ ကွန်​မြူနစ်​ အ​ငွေ့အသက်​မကင်​းပြန်​
    လုပ်​သားပြည်​သူများ – ဟာ ဒါကျ ဆိုရှယ်​လစ်​အ​မွေဆိုး
    မိဘပြည်​သူများ ခံဗျာ – ဟုတ်​​သေးပါဘူး ​ရွှေရည်​စိမ်​ ဒီမို​ခွေစီ ဒိုင်​​တွေဖြစ်​ကုန်​ဘီ

    ရှုပ်​ပါတယ်​ဗျာ ဘယ်​စနစ်​မှ မ​ကောင်​းဝူး
    ဘူမှလည်​း ​ကောင်​းဝူး

    ဆား သိတာဆိုလို့ ​ကောင်​းတာ တထုပဲစိတယ်​ အဲ့လာ ဆားယီးဇား​လေး
    တူက​တော့ ​ကောင်​းဒယ်​
    ငိငိ

    • မြစပဲရိုး

      May 1, 2015 at 2:04 am

      ဆားယီးဇား​လေး – နံပါတ်ဘယ်နှစ်ယောက်မြောက် လဲ ကွဲ့။ 🙄
      တဂယ်မတိရို့ပါ။ 😉 lol:-)))

  • မွသဲ ( 17082011 )

    May 1, 2015 at 10:45 am

    တကယ်ပါပဲအရီးရယ် ပေဖြစ်တုန်းခံလိုက်မယ် တူဖြစ်တော့နှံလိုက်မယ်တွေးတွေးနေပေမဲ့ တူကို့ဖစ်ခွင့်မရှိတဲ့နိုက်ငံမှာ နေရာတိုင်းမှာခံပြီးရင်းခံနေရတာပါပဲ 😥

  • pooch

    May 2, 2015 at 8:06 am

    ဟုတ်​ကဲ့ စကားနား​ထောင်​ပြီး
    ကိုယ်​့စိတ်​ကိုအရင်​ပြုပြင်​နိုင်​ဖို့ကြိုးစားပါ့မယ်​ အရီး

  • မြစပဲရိုး

    May 3, 2015 at 12:25 am

    မောင်အံ
    ရှိတဲ့ လူ တွေ က မရှိတဲ့ လူတွေကို ခွဲ ပေးတဲ့ လမ်းစဉ် ဆိုရင် အဘနီ တမ်းတသလို ဖြစ်ရော့မယ်။
    အဲဒီလို တော့ မကြိုက်တာအမှန်ဘဲ။
    ဝိုင်းလုပ်ဝိုင်းစား ဆိုတာ ခေါင်းမရှုပ် အောင် အလွယ်လိုက်နည်း လိုဘဲ။
    လူမျိုးစုံ ဝိုင်းလုပ်တာမို့ မျှတမှု ရှိအောင် ထိန်းဖို့ ခက်သား။
    အရင်းရှင်စနစ် ရဲ့ အလုပ်လုပ်နိုင်သူ ချမ်းသာစတမ်း ဆိုတာမျိုး ကို ကြိုက်ပါတယ်။
    ဒါပေမဲ့ ကိုယ်က နေရာကောင်း ကို မောင်ပိုင်စီးထားပြီး တစ်ခြားသူတွေ ကို နေရာယူမရအောင် ပိတ်ထားတဲ့ လက်ဝါးကြီးအုပ်အရင်းရှင်စနစ် ကိုတော့ လက်မခံပါ။
    လောလောဆယ် မြန်မာပြည် မှာ လက်ဝါးကြီး အုပ် ရိုက်စား စနစ် ကြီးစိုး နေတာ မြင်နိုင်ပါတယ်။
    ဒါကြောင့် ကိုယ့်အားကြောင့်သာ ရလာမဲ့ ဆု ကို မျှော်ပါလေ။ :-))

    ဆက်ဆက်
    လေဒီ ပြောတဲ့ စကားလေး ကို ပြန်မျှပေးလို့ ကျေးဇူး။

    ဇီကလေး
    . လောလောဆယ် မှာ လက်ရှိ ကမ္ဘာမှာ လူ တွေ ဘာတွေလုပ်နေ၊ ဘယ်လိုတွေး နေ ဆိုတာ ကို မသိတဲ့
    ယူနီဖောင်းချွတ် အဘ ကြီး များလဲ ဖာတီ ဖွဲ့ဖို့ စည်းရုံးရေး စဆင်း နေတယ် ဆိုလား။
    အနားက မြှောက်ပင့် ပြီး ဖော်လံဖားများ ရဲ့ တန်ခိုး နဲ့ သူတို့ ဟာသူတို့ တော့ နိုင်ငံ ကို ကာကွယ်ခဲ့သူများ လို့ သွေးနားထင်ရောက်နေဆဲ။
    သူတို့ ကို လူတွေ က အင်မတန်ကြည်ညို နေတာ လို့ ထင်နေတာ က တော့ အံ့ရော။
    . သူတို့ ဟာ နွားခြေရာခွက် လို သူတို့ အသိုင်းအဝိုင်းကျဉ်းကျဉ်း လေးထဲ မှာဘဲ စိတ်ဝင်စားပြီး ကျင်လည်နေကြတာ သက်သေပါဘဲ။

    သူကြီးမင်း
    {တရားခံအစစ်(အစစ်)ကို မမြင်နိုင်ကြသေး(သေး)တာကို.. အံ့တွေဩမိ…}
    . ပြောရပြန်ပါပြီ။
    ဒီ လို ဘာသာရေး အရှုပ် တွေ က အဓိက တရားခံ မဟုတ်ပါဘူး။
    သူတို့ ကလဲ ဥပဒေ မဲ့ ပြီး ကိုယ်ကျင့်တရား နိမ့်ကျနေတဲ့ တစ်ခြား ကဏ္ဍ တွေလို ဘဲ အပိုင်း တစ်ခု ပါ။
    အဓိက ကတော့ အာဏာရှင် စစ်အစိုးရ ရဲ့ ကိုယ်ကျိုးရှာနေခြင်း က တရားခံ အစစ်ပါ။
    ဒုတိယတရားခံ က အဲဒီ အာဏာရှင်တွေ ရဲ့ မှားနေတာတွေ ကို ထောက်ပြနိုင်ရက် ရဲ့ ပါးစပ်ပိတ် နေကြတဲ့ လူတန်းစား။
    တတိယ တရားခံ ကတော့ အာဏာရှင် တွေ ရဲ့ အရိုးအရင်းကိုက်ပြီး မျက်နှာလုပ်နေတဲ့ လူတန်းစား တစ်ရပ်ပေါ့။

    . မောင်အောင်
    ဆရာဝန် တွေ ထဲ မှာလဲ စေတနာရှိသူ တွေ အများကြီး ရှိပါတယ်။
    . ဆေးခန်း အသေး တွေ က ကိရိယာမစုံတော့ သူတို့ကလဲ ဆေးခန်းကြီး (ဒါမှမဟုတ်) ဆေးရုံ ကို ဘဲ လိုရင် လွှဲရတာဘဲ။
    . တကယ်တော့ အစိုးရ ဆေးရုံ မှာ ပစ္စည်းကောင်းတွေ ပိုရှိတယ် လဲ ပြောကြတယ်။
    . ပြသနာက ဆေးရုံကြီး မှာ ဆရာဝန် တွေ နဲ့ တွေ့ဖို့ ပိုပြီး မလွယ်ဘူးလားမှမသိတာ။

    မနော ရေ
    . အခု ကြားမိခဲ့တာက ဒပ်ဖရင် က တော်တော်လေး နာမည်ရနေတယ်။
    မမလဲ သူ့ပို့စ် တစ်ပုဒ် မှာ ပြောဖူးခဲ့တယ်။
    ဒါပေမဲ့ ဒီလို အပြင် ဆေးခန်း ကြီး တွေ ကိုမှ မတက်ရင် ဂုဏ်မရှိဘူး တွေးနေကြလားမသိ။

    မပြုံး
    အခုဘဲ သတင်း တစ်ပုဒ်ထဲ ဦးရွှေမန်း က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ပြန်စတာနဲ့ လုပ်မယ်လို့ ပြောနေတာဘဲ။
    သူတို့ ဘာပြောပြော ဖျက်ချင် ဖျက်နိုင်တဲ့ ပါဝါကြီး သူ က ရှိနေပြီး မို့ ဆောက်ဖြစ်မှ ကျောင်းတကာ လို့ မှတ်ရမှာပါဘဲ။

    အဘနီ
    ပါတီ ထက် ဘာကိုမှ ပို မချစ်ရ ၊ ပါတီ အတွက် အဖေ ကိုလဲ သတ်သင့်သတ် ရမယ် ဆိုတဲ့ ဝါဒ ဟာ ဒီ နေ့မှာ အတော်လေး ဒိတ်အောက် နေခဲ့ပြီ။
    မတူ တဲ့ သူတွေပေါင်းပြီး ကောင်းအောင်လုပ်နိုင်တဲ့ စနစ် တစ်ခု ထွန်းကား ခဲ့ပြီ။
    အခု Isis တွေ ဟာ အဲဒီ ကွန်မြူနစ် လို လမ်း ကို လိုက်နေတာပါဘဲ။ သူတို့ လမ်းစဉ် ကို မလိုက်သူ တွေ ကို အပြတ်ရှင်းပေါ့။
    Isis က remind လုပ်ပေးနေ တာ။

    သဲညီမ
    ၂၀၁၅ ကတော့ သမိုင်းကောင်း လေး ဖြစ်သွားစေချင်တယ်။
    တစ်ဦးချင်းမှာ တာဝန်ရှိတယ်လို့ ခံယူကြစေချင်တာ။

    ပုချ်လေး
    ယုံပါတယ် ကိုယ့်ချစ်တူမလေးကို။
    တကယ်လို့ အောင်နိုင်ခဲ့ တို့တွေ ပိုပြီး လုပ်စရာတွေများ လာပြီ။
    အဲဒီအတွက် လုပ်ပေးနိုင်ဖို့ တွေ ကို အခုထဲ က ပြင်နေတာ။
    လုပ်နိုင်ခွင့် ရှိ/မရှိ ကတော့ ၂၀၁၅ အလွန် သိမှာဘဲ။

    • kai

      May 6, 2015 at 5:13 pm

      {တရားခံအစစ်(အစစ်)ကို မမြင်နိုင်ကြသေး(သေး)တာကို.. အံ့တွေဩမိ…}
      အရီးလတ်ရယ်…။
      ဥရောပမှာနေပြီး.. ဒီလိုထင်ရက်ပါ့…။ ဥရောပတိုးတက်လာတာ.. အလယ်ခေတ်ဥရောပမှာ.. ဘုရင်အုပ်ချုပ်ရေးနဲ့.. တွဲရှုပ်နေတဲ့.. ဘာသာရေးကို..ခွဲထုတ်… ပြင်လိုက်နိုင်လို့..။
      အမေရိကပြည်တိုးတက်လာတာ.. အခြေခံဥပဒေပထမဆုံးပြင်တဲ့အထဲ.. ဘာသာရေးကို.. နိုင်ငံရေးထဲကနေဆွဲထုတ်လိုက်လို့…။

      မြန်မာပြည်တင်မက..တကမ္ဘာလုံးရဲ့..အဓိကပဋိပက္ခတွေအားလုံးအရင်းအမြစ်က..ဘာသာရေးခင်ဗျ…။

      မြန်မာပြည်စစ်အာဏာရှင်..အစိမ်းဂိုဏ်းဆိုတာ… အဝါဂိုဏ်းရဲ့.. ဘေးထွက်ဆိုးကျိုး.. လက်ထွက်ရလဒ်..။
      လူထုက..အခုပြင်အခုရသဗျ…
      မည်သူကမှ..မည်သူ့ကိုမှ.. ဖူးမျှော်မာန်ချရှိခိုးကန်တော့ခြင်းမပြုရ..။
      လူသားအားလုံး.. ခွင့်တူညီမျှ..တန်းတူထားကြ…။
      အခုထလုပ်.. တဦးချင်းစီကိုယ်တိုင်… စိတ်ဓာတ်..ဘဝ.. အခုတင်တိုးတက်သွားမယ်လို့… အာမခံ…။ :k:

      • မြစပဲရိုး

        May 6, 2015 at 7:44 pm

        သူကြီး နဲ့ ဒီအကြောင်း ပြောရရင် ဘယ်တော့မှ မဆုံးတဲ့ တေးသွားဖြစ်မှာဘဲ။

        အင်္ဂလန် မှာ ဘာသာရေး ကို အုပ်ချုပ်ရေးကနေ ခွဲ လိုက်တဲ့ အကြောင်း ရှိပါတယ်။
        အတိုပြောရရင် ဟင်နီရီ နံပါတ် ၈ က မိန်းမကြီး ရှိရက် နဲ့ အငယ်လေး ယူဖို့အတွက် ဘာသာရေးဘုန်းကြီး တွေ ရဲ့ စည်းကမ်း အောက် က လွတ်ဖို့ ပုန်ကန်လိုက်တာပါဘဲ။
        နောက်ပိုင်း မှာတော့ ပိုပြီး ကောင်းတဲ့ ရည်ရွယ်ချက် တွေ နဲ့ ဦးတည်လာပါတယ်။
        အဓိက ကတော့ နိုင်ငံထဲ မှာ မှီတင်း နေသူ တွေ အတွက် ဘာသာရေး လွတ်လပ်ခွင့် ရအောင် လို့ပါဘဲ။
        လူတိုင်း ကို ဒီ မှာနေရင် ဒီလို ဘာသာဘဲ ကိုးကွယ်ရမယ်လို့ မချုပ်ထားရလေအောင် ခွဲ လိုက်ပါတယ်။

        ကျွန်မတို့ ရွှေပြည်ကြီး မှာ က ဟိုး အရင် ဘုရင် တွေ လက်ထက်မှာ အရည်းကြီး တွေ သောင်းကျန်းလို့ နှိမ်နင်း ခဲ့တာလဲ ဘာသာရေး ကို အုပ်ချုပ်ရေး နဲ့ ခွဲ ခဲ့တဲ့ သဘောပါဘဲ။
        နောက်ပိုင်း မှာ ဗုဒ္ဓဘာသာကို တိုးတက်အောင် ဖြန့်ခဲ့ပေမဲ့ ပြောရလောက်အောင် အစွန်း မရောက်ပါလေ။
        ဗုဒ္ဓဘာသာ မဟုတ်လို့ သတ်ပစ် ရမယ် ဆိုတဲ့ အုပ်ချုပ်မှုမျိုး ရှိခဲ့ဘူး လို့လား။ (ကျွန်မ တကယ်မသိလို့ မေးတာနော်)
        နောက်ပိုင်း ဦးနု လက်ထက် မှာလဲ နိုင်ငံတော်ဘာသာ ဆိုတဲ့ စကား ဖြစ်ပေမဲ့ အတည် ဖြစ်ခဲ့တယ် မထင်ပါဘူး။
        တောက်လျှောက် ဘာသာရေး လွတ်လပ်ပါတယ်။
        ဗလီတွေ၊ ဘုရားရှိခိုးကျောင်း တွေ အပြည့် ရှိနေတာ မြင်နိုင်သားပါ။
        မြန်မာပြည်မှာက ဘာသာရေး ပဋိပက္ခ တွေ ကို နိုင်ငံရေး ကစားဖို့ အတွက် ထိုးချတာ ပါ။
        ပုံမှန် အခြေအနေ မှာ ဒီလောက် ပြသနာရှိတယ်လို့ ကျွန်မတော့ မြင်ကို မမြင်မိဘူး။

        အခု ဘုန်းကြီး တွေ ကို ရှိခိုး တာ မို့ နိုင်ငံ မတိုးတက် တာလို့ ပြောရင် ထိုင်းမှာ ဘုရင် ကို ချစ်လွန်းလို့ ကန်တော့နေကြသေးတာ။
        ဒါတင်မဟုတ် ကမ္ဘာမှာ ဘာသာရေး အကိုင်းရှိုင်းဆုံး တိုင်းပြည် က ထိုင်း လို့ ပြောကြတယ်။
        သူ့နည်း သူ့ဟန် တော့ တိုးတက်ဆဲပါဘဲ။
        သူတို့ ဆီက နိုင်ငံရေး မတည်ငြိမ် တာကတော့ ချစား ဖို့ အတွက် အာဏာလု ပွဲ တွေ ကြောင့်မို့ပါဘဲ။
        ဘသာရေး နဲ့ တစ်ခြားဆီပါ။

        . မြန်မာပြည်ထဲ မလဲ အာဏာရှင်များ အတွက် သာ တစ်ချို့ ဘုန်းကြီးများ က အကျိုးတော် ဆောင်ပေး နေတာဘဲ တွေ့နေရတယ်။
        ဘယ် ဘုန်းကြီး ရဲ့ ပြောစကား ကို ဘယ်အာဏာရှင် က များ လိုက်နာ နေလို့ တုန်း သူကြီးမင်း ရဲ့။
        ကျွန်မတို့ ရွှေပြည်ကြီး အပါအဝင် အရှေ့တိုင်း နိုင်ငံ အများ တွေ မှာ လူ က စနစ် ကို ကစား နေနိုင်ကြလို့ လူတစ်စု လောက် က ဘဲ အာဏာ ကို ယူထား နိုင်လို့ ပြသနာ တွေ ဖြစ်နေတာပါ။
        ဒီ ဗုဒ္စဘာသာ နိုင်ငံ တွေ ထဲ လူ တွေ ကို ဘယ် အစိုးရမင်း များ ကများ ဘာသာရေး လိုက်စား အောင် တိုက်တွန်း နေလို့လဲ။
        အစ္စလာမ် နိုင်ငံ တွေ မှာ သူတို့ ဘာသာရေး ရဲ့ အဆုံးအမ တွေ ကို တကယ်ယုံကြည်လွန်းလို့ အသက်ပေးပြီး လိုက်နာ နေကြတာ။
        ဝမ်းနည်းစရာက အသွင်မတူ ရင် ရန်သူ ဟေ့ ဆိုတဲ့ အယူမှား က ရှေ့ရောက်နေတော့ ခက်ရော။

        ကျွန်မတို့ ဆီမှတ် တကယ်ဘဲ ဘာသာရေး အတွက် လုပ် ဆိုရင် ကိုယ့်ဆီမှာ ဘာမှ မရှိ အောင် ထားပြီး ကျင့်ကြံရမှာလေ။
        လူတွေ ကို အသွေးအရောင်မခွဲ မေတ္တာထားရမှာလေ။
        ဘုရားဟော ဆိုတဲ့ စာအုပ် တွေ ဖတ်ကြည့်ပါဦး။

        အခု ဟာ က ဘာဖြစ်နေလဲ ဆိုတော့ အာဏာကို ကိုင်ထားဖို့ အတွက် လူတွေ ရဲ့ အားနည်းချက် ဖြစ် တဲ့ “ငါ” ကို ဘာသာရေး လို ဟန်ပြပြီး သုံး နေတာ မဟုတ်လား။
        ဗုဒ္ဓဘာသာ ရဲ့ တရား အစစ် နဲ့ ဘာ မှ မဆိုင် ဘဲ ဖြစ်နေတာမို့ မြန်မာပြည်ထဲ မှာ ဘာသာရေး နဲ့ နိုင်ငံရေး ရော တယ် ဆိုတာ က အာဏာ ကို မြဲဖို့ အတုအရောင် ဘာသာ ရေး ကို လက်ကိုင်ဒုတ် လုပ်နေတာ မဟုတ်လား။
        တကယ်တော့ ဒီ အတု တွေ၊ အမှန်တာ တွေ ကို စစ်ထုတ် ရမှာ။
        ဒီ အတွက် ဥပဒေကောင်းကောင်း အရင်လိုတာ။
        ဒီ လို ဥပဒေကောင်း ဖို့ လူ ကောင်း အရင်လိုတာ။
        အဲဒီ လို လူကောင်း မရှာနိုင်သေးဘဲ ဥပဒေ ကောင်း မဖော်နိုင်သေးဘဲ မကောင်းတဲ့ အယောင်ဆောင် ဘာသာရေး ကို ဘဲ လက်ဆွဲ ဆွဲ ထုတ်လာပြီး တော့
        ကိုယ့်ရဲ့ အင်မတန်ကောင်းတဲ့ အေးငြိမ်းတဲ့ ဘာသာရေး ကို တရားခံ မရှာ စေလိုပါ။

        . နောက် တစ်ခါ ဒါမျိုး ထပ် ပြောလာ ရင် ကျွန်မ ကလဲ ထပ်ပြောဖို့ စကားလုံး တွေ စု ထားပါဦးမယ်။

        မှတ်ချက် –
        အင်္ဂလန်မှာ Church of England ရဲ့ Archbishop ကို Prime Minister က ရွေး နေဆဲမို့ သူတို့ ဆီမှာလဲ ဘာသာရေး ကို နိုင်ငံရေး ထဲ မှာ ထည့်သွင်း စိတ်ဝင်စား ကြောင်း ပြတာပါဘဲ။

        အခု လဲ ကျွန်မ ကြားခဲ့တာတော့ နောက်ဆုံး ဖြစ်လာတဲ့ မျိုးစောင့်ဥပဒေ ဆိုတာ – မဟာပုရိသများ မိန်းမ ယူချင်သလောက် ယူနိုင်ပါတယ် တဲ့။ ဒါပေသည့် ပိုင်ဆိုင်ခွင့် အားလုံး ကတော့ မယားကြီး နဲ့ သာ သက်ဆိုင် ဖို့ အတွက် ဥပဒေ နဲ့ ထိန်းမှာပါတဲ့။
        သူတို့ ရည်ရွယ်ချက်က တဲ့။ ငွေမက် တဲ့ ပစ္စည်းအတွက် ချိုင် ဖို့ မယားငယ်ခံဖို့ မိန်းမ တွေ ခံစားခွင့်မရှိအောင်လို့ တဲ့။
        မိန်းမထိန်း မျိုးချစ် သမား များ ရဲ့ နဂို ရည်ရွယ်ချက် မျိုးစောင့်ဥပဒေ ကတော့ ဘာရယ် မသိတော့။
        အခုတော့ ရွှေပြည်ကြီး က ဇောတိကကြီး များ ထောင်ထဲ ဝင်ကုန်ရမှာစိုးလို့ အထက်က ကျပြီး ပြင်လိုက် တဲ့ ဥပဒေ ပါတဲ့ ရှင်။
        ပညာရှိများ အကွက်မြင်ပုံ ပါဘဲ။
        ဒီတော့ မယားကြီး ကလဲ ဥစ္စာမခွဲ ရလို့ ကျေနပ်၊ ကိုယ်တော်ကြီးများ ကလဲ ကဲ ချင်သလို ကဲ ပြီး သေ ရင်လဲ ကောင်းကောင်း မသွားနိုင်ဘဲ အမှု လုပ်နေစရာ မလို ကျေနပ်၊
        ဟို မိန်းကလေး ကလဲ ဒီ အတိုင်း နေပါ့မလားနော။
        အိမ်တစ်လုံး ဝယ်ပေးတာ၊ စိန်ကြိုးဝယ်ပေးတာ မသေခင် ရတော့ ပိုတောင် ကောင်းသေး။
        ကဲ – ဒီတော့ အားလုံးပျော်ရွှင်ရသော မျိုးစောင့်ဥပဒေကြီး ဖြစ်လေသတည်း။

        ပြောပါလေ – အဲဒါ ဝီ လိုချင်တာ ကို လိုက် လုပ်ပေးခဲ့တာလားလို့။ 🙄

        • kai

          May 7, 2015 at 4:16 pm

          သမိုင်းပညာရှင်.. ဒေါက်တာသန်းထွန်းကတော့.. ပုဂံခေတ်ဦးမှာ အရည်းကြီးဆိုတာ.. တကယ်ရှိခဲ့မယ်ဆိုတာကို.. သံသယရှိတယ်…တဲ့..
          ကျုပ်ကတော့.. အရည်းကြီးဆိုတာ.. တကယ့်ဗုဒ္ဓဘာသာရဟန်းတွေလို့…ထင်…။
          ပန်းဦးဆက်ရတယ်တို့.. ဆိုးသွမ်းသောင်းကျန်းတယ်တို့ဆိုတာ…သူတို့ကို နှိမ်နင်းပစ်ဖို့အတွက်… လူထုကိုစိတ်ဓာတ်စစ်ဆင်ရေးလုပ်တာပဲလို့… တွေးမိ…။
          ဘယ်လိုပြောပြော.. အနော်ရထာရဲ့နိုင်ငံရေးအမြင်ကျယ်မှုကြောင့်… ဘုန်းကြီး(အရည်းကြီး)တွေကနေ.. ဘုရင့်စစ်သားတွေဖြစ်… တိုင်းပြည်အင်ပါယာချဲ့… ပထမမြန်မာနိုင်ငံတော်ထူထောင်နိုင်ခဲ့…။

          ဒီခေတ်လည်း.. အဲလိုလုပ်ရင်.. တိုင်းပြည်.. စတုတ္ထမြန်မာနိုင်ငံတော်ဖြစ်လာမယ်သေချာ..။ :k:

          ထေရာဝါဒနိုင်ငံတွေထဲ.. ထိုင်းကဘာလို့အတိုးတက်ဆုံးဖြစ်နေသလည်းဆိုတော့… ဘုန်းကြီးတွေအထက်မှာ.. ဘုရင်ရှိနေလို့ပဲ..။
          မြန်မာအပါအဝင်တခြားထေရာဝါဒနိုင်ငံတွေမှာလို… ဥပဒေရဲ့အပေါ်မှာ ဘာသာရေးအင်စတီကျူးရှင်းကြီးက.. တိုက်ရိုက်ရှိနေတာမဟုတ်…။
          ဒါပေမယ့်.. ထေရာဝါဒထုံးစံအတိုင်း.. အတွင်းပဋိပက္ခကတော့.. အင်မတန်ကြီး..
          ကမ္ဘာမှာ.. စစ်တပ်အဏာအသိမ်းဆုံးတိုင်းပြည်တခု….။
          ထိုင်းလူထုက.. လေးစားကိုကွယ်ကြတဲ့ဘုရင်သာမရှိရင်..သူတို့လည်း.. မြန်မာပြည်လို.. လူတန်းစားလူမျိုးပဋိပက္ခများနဲ့..ကစားကြရမှာအသေအချာ…။

          တကယ်တော့.. မြန်မာ့ဘာသာရေးဟာ..အစွန်းရောက်တာရဲ့..ဟိုမှာဖက်…အစွန်းကိုထပ်နင်းထားတဲ့… ဝါဒ…။
          ဘယ်စနစ်နဲ့အုပ်ချုပ်ချုပ်… တိုင်းပြည်တိုးတက်လာမည်မဟုတ်…။ အတင်းလုပ်ရင်..တိုင်းပြည်အစိတ်စိတ်ကွဲသွားဖို့သာ… ရှိ..။

          အနော်ရထာလက်ထက်ကစလို့… ကျခဲ့တဲ့.. နှစ်တထောင် ကျိန်စာ…။

  • Mike

    May 4, 2015 at 2:13 pm

    .ဒီစကား အဖိုးတန်လေးကိုဖတ်ဖူးပါတယ်…
    ဒေါ်မြစပဲရိုး ပြောတဲ့ ငွေနောက်လိုက် တာဝန်ကျေ ဆားဗစ်ပေးနေတဲ့ ပါရဂူဆိုသူကြီးတွေဟာ
    .ငွေရဲ့ကျေးကျွန်တွေဖြစ်နေကြတာပါပဲ…တစ်နေ့ဘယ်နှစ်ယောက်ခွဲလိုက်မယ်…ဆေးခန်းဘယ်နှစ်ခုကူးလိုက်.မယ်နဲ့…သူတို့အတွေးတွေထဲငွေပဲရှိတော့တာ..”Servant” စစ်စစ်တွေပေါ့ :k:
    .ဘုရားဖူးသွားရင် ဈေးရောင်းသူတွေပေးတဲ့ဒုက္ခအတော်ကြီးပါတယ်..ဘုရားလာတုန်းကကြည်ရွှင်နေတဲ့စိတ်.ကလေး သူတို့နဲ့တွေ့တာနဲ့ပျက်ကရောပဲ.. :I:

  • Shwe Ei

    May 4, 2015 at 4:54 pm

    -ဘတ်စ်ကားစီးတယ်…ဒရိုင်ဘာက ဆောင့်ကြီးအောင့်ကြီး မောင်းပီး စပယ်ယာ ဆောင့်ကြီးအောင့်ကြီး ဆွဲချတယ်
    -ပဆံတစ်ရာ ကျတဲ့ခရီး နှစ်ရာတန်ပေးရင်…အတင်းလိုက်တောင်းမှ ပြန်အမ်းငွေ ရတယ်
    -မှတ်တိုင် ဆင်းဖို့ သတိမရလို့ အနားကပ်မှ ဆင်းမယ်ပြောရင် လူကြားထဲ အဟောက်ခံရတယ်
    -မိန်းခလေးတွေ မြင်ရင် မလိုအပ်ဘဲ လက်ကိုဆွဲပီး ကားပေါ်တင် ချင်တယ်
    -သက်ကြီးပိုင်းတွေ ဒူးတုန်နေလို့ အဆင်းကြာရင် အော်ချင်ငေါက်ချင်တယ်
    -ဆရာတော်ဘုရားတွေ တက်လာလို့ နေရာဖယ်ပေးရတော့မယ်ဆိုရင်…အမျိုးသားများ မဆိုင်သလို မကြားသလို လုပ်နေပီး တဖက်ခြမ်းက ထိုင်နေတဲ့ အမျိုုး သမီးကို လက်တို့ပီး နေရာဖယ်ပေးခိုင်းတယ်
    -ကဲ..မြန်တျန့်ပြည်ရဲ့ အခြေခံအကျဆုံး နဲ့ နိစ္စဓူဝ ကြုံနေရတဲ့ ဝန်ဆောင်မှု..
    -တစ်ခုဘဲ ရှိသေးတယ်..ကျန်တာတွေ ပြောသေးဘူး 😛

  • uncle gyi

    May 4, 2015 at 10:54 pm

    မြန်မာမှာဒေါ်စုကလွဲလို့ကိုယ်ကျိုးမဖက်ပဲခေါင်းဆောင်လုပ်မဲ့သူမမြင်
    ဒါပေသိဒေါ်စုမြန်မာပြည်ခေါင်းဆောင်၂၀၁၅မှာဖြစ်လည်းဒီလိုလူတွေစိတ်ဓါတ်တွေနဲ့
    အမေစုဘာတွေပြောမယ်ဆိုတာမသိ

  • hmee

    May 6, 2015 at 12:16 pm

    လူ​တွေဟာ စနစ်​တကျနဲ့ကို အဖျက်​ခံထားရတာ ပြန်​ပြင်​ခွငိ့ရကြရင်​​တောင်​ အချိန်​ကြာဦးမယ်​။ ​သူဂျီး​ပြောတဲ့ ကျိန်​စာ နှစ်​တ​ထောင်​ နည်​း​သေးတယ်​ ထင်​တာပဲ။ အ​မေစုလည်​း ဒီလူ​တွေ ဒီစိတ်​ဓာတ်​​တွေ အတွက်​ အားကုန်​​နေ​လောက်​ပြီ ဒီနှစ်​ပိုင်​း ဆံပင်​​တွေလည်​း ပိုဖြူလာသလိုပဲ။

  • padonmar

    May 6, 2015 at 7:56 pm

    မေတ္တာရိပ်
    June 24, 2013 ·

    ဒီစကား (Volume 2 No 1)
    (ထပ်ဆင့်မျှဝေပေးခြင်းအတွက် “မေတ္တာရိပ်” မှ ကျေးဇူးအထူးတင်ရှိပါတယ်။)
    ——————————————————-

    အရင်တစ်ပတ်က မဟတ္တမဂန္ဒီရဲ့ အနှစ်သက်ဆုံး ဓမ္မသီချင်းတွေ အကြောင်းရေးခဲ့ပါတယ်။ အမှောင်ခွင်း၍ အလင်းရောင်ကိုတမ်းတတဲ့ သဘောဆောင်တဲ့သီချင်းတွေပါ။ ဒုတိယ ကမ္ဘာစစ်ကြီးရဲ့ မုန်တိုင်းတိမ်တွေရဲ့ အမှောင်စတင်လွှမ်းမိုး လာခဲ့တဲ့အချိန်မှာ ထိုစဉ်က အင်္ဂလိပ်ဘုရင် ပဉ္စမမြောက်ဂျော့က မိမိရဲ့ နိုင်ငံသူနိုင်ငံသားများကို ခရစ္စမတ်မိန့်ခွန်းပေးတဲ့အခါမှာ ကဗျာလေးတစ်ပုဒ် ဆိုရွတ်ခဲ့ပါတယ်။ ‘‘နှစ်သစ်ရဲ့ ဂိတ်တံခါးစောင့်ကြီး မသိမမြင်နိုင်တဲ့ အနာဂတ်ကို အကျွန်ုပ် စွန့်စားသွားနိုင်ဖို့အတွက် အလင်းရောင်လေးတစ်ခုပေးပါ” ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။

    အနာဂတ်ဆိုတာ ဘယ်လိုဖြစ်မယ် မမြင်နိုင်တော့ အမှောင်ထုထဲကို ခြေလှမ်းလိုက်သလိုဖြစ်နေတယ်လို့ ဆိုနိုင်တာပေါ့လေ။ ကျွန်မတို့ လူသားတွေက အမှောင်ကို မနှစ်သက်ကြပါဘူး။ ကမ္ဘာဦးလူများ နေမင်းကြီး ပြန်ထွက်လာဖို့ အတွက် ကြောင့်ကြစိတ်နဲ့မျှော်နေကြတယ်ဆိုတဲ့ အယူအဆနဲ့ပတ်သက်လို့ ကျွန်မ တစ်ခါတစ်လေ စဉ်းစားကြည့်ပါတယ်။ တကယ်ပဲ နေဝင်သွားတဲ့အခါ နောက်တစ်ခါမှ ပြန်ထွက်လာပါ့မလားလို့ စိုးရိမ်ကြောင့်ကြခဲ့ကြတယ်။ ကျွန်မ တွေ့ရ-သိရသလောက် တိရစ္ဆာန်တွေဟာ ညအမှောင်ကျမှာကို မကြောက်ကြပါဘူး။ ညအိပ်တတ်တဲ့သတ္တဝါတွေဟာ အိပ်ကြပြီး ညထွက်တဲ့သတ္တဝါတွေဟာထွက်ကြပါတယ်။ မိုးလင်းတဲ့အခါကျတော့နေ့သတ္တဝါတွေ ထွက်ကြပြီး ညသတ္တဝါတွေ အိပ်ကြပြန်ပါတယ်။ သဘာဝက ဘယ်အချိန် ဘာလုပ်ရမယ်ဆိုတာကို သတ်မှတ်ထားပေးလိုပါပ။ဲ လူသားတွေကကျတော့ ဒီလိုမဟုတ်ဘူးလား။

    လူသားတွေဟာ မီးကိုတပ်မက်တာဟာ အပူဓာတ်ကြောင့်လား၊ အလင်းဓာတ်ကြောင့်လား။ အလင်းရောင်ကို တမ်းတတယ်ဆိုရင် အမှောင်အတွင်းက အန္တရာယ်ကိုကြောက်လို့လား၊ အလင်းရောင်ရဲ့ အာနိသင်ကို မြတ်နိုးလို့လား။ လူသားတွေဟာ အခြားသတ္တဝါတွေနဲ့မတူ အရှည်ကိုသိချင်၊ မြင်ချင်တဲ့စိတ်တွေရှိတာကတော့ သေချာပါတယ်။ အမြော်အမြင်ရှိခြင်းကို တန်ဖိုးထားကြပါတယ်။ မရေမရာ မသေချာခြင်းဆိုတဲ့ အမှောင်ကိုခွင်းနိုင်မဲ့ အလင်းမျက်မှန်ကို လိုလားကြပါတယ်။ အမြော်အမြင်ဆိုတဲ့ အလင်းမျက်မှန်ရှိမှလည်း ဖြစ်လာမဲ့ ဘေးတွေမှ အကာအကွယ် ယူနိုင်ဖို့ ပြင်ဆင်နိုင်မှာပါ။

    အမြော်အမြင်ရှိနိုင်ဖို့က အမြင်ကျယ်ဖို့လိုပါတယ်။ ကိုယ်တစ်ဦး-တစ်ဖွဲ့ရဲ့ ကောင်းစားရေး၊ ဆန္ဒပြည့်ဝရေး ကိုတွက်ပြီးကြည့်ရင် ကိုယ်လိုချင်တဲ့ကိစ္စ ဖြစ်မြောက်ရေးအတွက် ရေတိုအထောက်အကူဖြစ်စေတယ်ဆိုပေမဲ့ ရေရှည်မှာတော့ အများနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ရလာဒ်ကောင်းမရနိုင်ဘဲ ကိုယ့်ရဲ့ကောင်းကျိုးကိုပါ ထိပါးနိုင်ပါတယ်။ အများပြည်သူအကျိုး သယ်ပိုးဖို့ တာဝန်ရှိသူများ အမြင်မကျယ်ဘူးဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ကို ထိခိုက်တာကတော့ မလွဲမသွေပါပဲ။

    ယခုတလော ကျွန်မတို့ ရန်ကုန်တက္ကသိုလ်ကို ပြုပြင်၊ အဆင့်မြှင့်ရေးလုပ်ငန်းများ၊ ရန်ကုန်ဆေးရုံကြီးကို ပြုပြင်မွမ်းမံရေးလုပ်ငန်းများ အစပျိုးရင်နဲ့ အမြော်အမြင်အကြောင်း စဉ်းစားစရာတွေ အများကြီးရခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်ပရိဝုဏ်အတွင်း သွားရောက်စဉ် ဖေဖေတို့ကျောင်းသားဘဝက နေခဲ့တဲ့အဆောင်တွေကို လိုက်ကြည့်ခဲ့ပါတယ်။ ဆယ်စုနှစ်တွေအတွက်မဟုတ်ဘဲ ရာစုနှစ်တွေပါ အမြော်အမြင်နဲ့ဆောက်ခဲ့ပါလားလို့ တွေးပြီး အမြော်အမြင်ရှိခဲ့ပုံကို လေးစားရပါတယ်။ အအေးစက်များမပေါ်မီခေတ်က လေသွား၊ လေလာ အနေအထား၊ နေပူ-နေတက် အနေအထားတွေကို အသေအချာလေ့လာပြီး တစ်နေကုန် လေဝင်-လေထွက် အခန်းတိုင်းမှာကောင်းအောင် စီမံခဲ့တာပါ။ ရေချိုးခန်းများကလည်း ကျောင်းသားအရေအတွက်နဲ့လုံလောက်အောင်၊ အများသုံးအတွက် အဆင်ပြေအောင်တွက်ချက်ပြီး ဆောက်ခဲ့တာမို့ ခေတ်မီပစ္စည်းတွေပြောင်းထည့်ရုံနဲ့ နောက်နှစ်ပေါင်းများစွာအတွက် အဆင်ပြေမှာဖြစ်ပါတယ်။

    ရန်ကုန်ဆေးရုံကြီးမှာဆိုရင်လည်း တစ်နှစ်လုံးအလင်းရောင်နဲ့ လေကောင်းလေသန့်ရနိုင်အောင် အခန်းများကို စီမံဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ တက္ကသိုလ်မှာရော၊ ဆေးရုံကြီးမှာရော၊ အဓိကကျတဲ့အဆောင်နေရာများအကြား ထီးမလိုဘဲ သွားနိုင်-လာနိုင်အောင်လည်း စီစဉ်ထားပါတယ်။ ဒီလို အမြော်အမြင် ကြီးစွာနဲ့ တစ်ပါးနိုင်ငံသား အစိုးရက လုပ်ပေးခဲ့တာကို ထိန်းသိမ်းခြင်းဆိုတဲ့ လိုအပ်ချက်ကို နားမလည်၊ ထည့်မတွက်ခဲ့တဲ့ ကိုယ့်လူမျိုးအစိုးရများကြောင့် ပျက်စီးယိုယွင်းနေတာတွေကို ကြည့်ပြီး မကျေမနပ်ဖြစ်ရပါတယ်။

    နှစ်တစ်နှစ်ကုန်လို့ နှစ်သစ်ကိုကူးလာပါပြီ။ နှစ်စောင့်ဂိတ်တံခါးစောင့်ကြီးကို နှုတ်ဆက်စကားပြောရမဲ့ အချိန် ရောက်ပြန်ပြီပေါ့။ ပဉ္စမမြောက် ဂျော့ဘုရင်ရွတ်ဆိုခဲ့တဲ့ ခရစ်ယာန်ယုံကြည်ချက် အခြေပြု ကဗျာထဲမှာဆိုရင် မသိမမြင်နိုင်တဲ့ အမှောင်ထုနဲ့တူတဲ့ အနာဂတ်ထဲကို လျှောက်လှမ်းသွားတဲ့အခါမှာ ဘုရားသခင် ရဲ့လက်ထဲ ကိုယ့်ရဲ့လက်ကိုထည့်ပြီးသွားခြင်းဟာ သိပြီးသားလမ်းကို လျှောက်ခြင်းလို ကောင်းမွန်တယ်လို့ ဆိုထားပါတယ်။ နှစ်ဂိတ်တံခါးစောင့်ကြီးက သဘောကောင်းလို့ရှိရင် ကျွန်မကတော့ အရင်နှစ်က လျှောက်ခဲ့တဲ့လမ်းကိုသုံးသပ်ပြီး ဆက်လျှောက်ရမဲ့လမ်းနဲ့ လမ်းလျှောက်ဖော်တွေရဲ့ အလားအလာ၊ အတ္တာဟိ အတ္တနော နာထောပဲ ကိုင်ဆုပ်သွားရမှာလားဆိုတာတွေ ဆွေးနွေးချင်ပါတယ်။

    ဒီတစ်ပတ်တော့ ဒီမျှသာ။ ။

    အောင်ဆန်းစုကြည်

  • padonmar

    May 6, 2015 at 8:01 pm

    ကိုယ်ကြိုက်မိတဲ့ ဒီစကားလေး တခု ဝင်စုပေးခဲ့ပါတယ် မလတ်ရေ။
    ကိုယ်တစ်ဦး-တစ်ဖွဲ့ရဲ့ ကောင်းစားရေး၊ ဆန္ဒပြည့်ဝရေး ကိုတွက်ပြီးကြည့်ရင် ကိုယ်လိုချင်တဲ့ကိစ္စ ဖြစ်မြောက်ရေးအတွက် ရေတိုအထောက်အကူဖြစ်စေတယ်ဆိုပေမဲ့ ရေရှည်မှာတော့ အများနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ရလာဒ်ကောင်းမရနိုင်ဘဲ ကိုယ့်ရဲ့ကောင်းကျိုးကိုပါ ထိပါးနိုင်ပါတယ်။

    အဲဒါလေး ကုတ်လုပ်တာ အကုန်မည်းကုန်လို့.

    • မြစပဲရိုး

      May 6, 2015 at 8:06 pm

      ကျေးဇူးပါ ချစ်အစ်မဒုံရေ။
      . နောက်ပိုင်းလဲ ဒီလို စာစုလေး တွေ ရရင် မျှပေးပါဦး။

  • မြစပဲရိုး

    May 6, 2015 at 8:19 pm

    မှတ်ချက်လေး တွေ ဝင်ပေး သွားလို့ မိုက်၊ ချွေ၏၊ အန်ကယ်ကြီး ၊ မှီ တို့ ကိုလဲ ကျေးဇူးတင်ပါတယ်။
    မြန်မာပြည်မှာ က ဆားဗစ် ပေးသူတိုင်း ကို မျက်နှာကြည့်ပေါင်း နေရတဲ့ ဘဝ။
    အပြန်အလှန် လဲ ဖြစ်နေတော့ မပေါ့၊
    ချွေ၏ ပြောတဲ့ စပယ်ယာ က သူ့ ကလေး က ကျောင်းလခ ပေးဖို့ တောင်းတာ မပေးနိုင်သေး လို့ စိတ်ညစ်နေ။
    ကား ပေါ်ကျ အလုပ်လုပ် ရင်း အရောင်းကောင်တာ က မိန်းကလေး ကို ကားပေါ်က အမြန်မောင်းချ၊
    ဟိုမိန်းကလေး ကစိတ်တို ပြီး သူ့ တစ်နေ့ က အစ ထဲ က မလှ။
    ဒီတော့ သူက လာပြီး ဝယ်သူ တွေ ကို စိတ်မရှည်တော့။
    ဒီကနေ တစ်ဆင့်ပြီး တစ်ဆင့် စိတ် အညစ်အကြေး တွေ လက်ဆင့်ကမ်း နေကြသလားဘဲ။
    တကယ်လို့ တစ်ယောက်ယောက် က ကောင်းတာလေး နဲ့ စပေးနိုင်တာ ဖြစ်ခဲ့ရင် ကောင်းတာ တွေ အတွက် ဆက်ပြီး လက်ဆင့်ကမ်း ဖို့ ဝန်လေးကြမယ် မထင်ဘူး။
    နောက်တစ်ချက် က တို့ ဆီ က လူ တွေ ဟာ အကြင်နာ မေတ္တာ နဲ့ ကိုယ်ချင်းစာစိတ် တွေထက် ရုပ်ပစ္စည်း တွေ နောက် ကို မရ မက လိုက်နေကြတာ ဖြစ်နေပြီ။

  • မြစပဲရိုး

    May 7, 2015 at 3:30 am

    . ဒေါ်အောင်ဆန်းစုကြည် (ဒီစကား) အသစ်လေး ရလာလို့ ရွာထဲထပ်မျှလိုက်ပါတယ်။
    ဒီလို ပြောစကား ကို ကြားပြီး လွှတ်တော်ကိုယ်စားလှယ်တော် ကြီးများထဲ ကိုယ်မဟုတ်သလို မျက်နှာပြောင် တိုက် ရဲ သူ တွေ ရဲ့ စိတ်ဓာတ် တွေ ကိုလဲ ချီးကျူး သင့်တယ် ထင်ရဲ့။
    . လောလောဆယ် မှာတော့ ကိုယ့်အိတ်ထဲ ကို မထည့်ဖို့ အဆုံးအမ ခံ ထားရ တဲ့ လူ တွေ က အိတ်ထဲ ထည့်ဖို့ဘဲ ချောင်းနေသူ တွေ ထက် သာ ကြောင်း သိကြဖို့တော့ ကောင်းပါရဲ့။
    ကိုယ့် အမျိုး ထဲ အကျိုးမျှော်ပြီး အမတ်လောင်း ရွေးမဲ့ သူ ရှိရင်တော့ ကိုယ့်အမျိုး ကိုဘဲ ချစ်ကြပါလေ။
    အဲဒါက မျှ ပါသေးတယ်။
    ကိုယ့်အမျိုး မပါရင်တော့ ကိုယ့်ဘဏ္ဍာ တွေ ကို ကိုယ်ကျိုးသုံးဖို့ အခွင့်အရေး မယူ နိုင်မဲ့ သူများ ကို သာ မရွေးသင့်ပေဘူးလား။
    +++++++++++++++++++++++++++++++++++++++++++++++++++++
    . ဒေါ်အောင်ဆန်းစုကြည် (ဒီစကား)
    . ဒီလှိုင်း ။
    . အတွဲ(၄) အမှတ် ၁၆
    . ၄-၅-၂၀၁၅

    ဒီတစ်ပါတ်မှာတော့ ဒီအချိန်မှာ အရေးကြီးပြီလို့ ထင်တဲ့ကိစ္စလေးတစ်ခုအကြောင်း ဆွေးနွေးချင်ပါတယ်။ ယခုဆိုရင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ သတ်မှတ်ထားတဲ့အတိုင်း ကျင်းပမယ်ဆိုရင် (၆) လသာ လိုပါတော့တယ်။ နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ပြင်ဆင်နေကြပါပြီ။ ကျွန်မတို့ အမျိူ းသားဒီမိုကရေစီအဖွဲ့ချူ ပ်ကလည်း ရွေးကောက်ပွဲဝင်ခဲ့ရင် အောင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါပြီ။ ရွေးကောက်ပွဲဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ကို ရွေးကောက် တင်မြှောက်ခြင်းပါပဲ။ ဒီတော့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ရေးက တာဝန်ကြီး ဖြစ်လာတာပေါ့။ `တာဝန်ကြီး´ ဆိုတာဟာ အဖွဲ့ချူ ပ်ရဲ့ ခေါင်းဆောင်ပိုင်းရဲ့ အမြင်ပါ။
    `အခွင့်အရေးကြီး´ လို့ မြင်တဲ့သူတွေလည်း ရှိပါတယ်။

    ယခု ကျွန်မတို့ ကြားသိနေရတဲ့ သတင်းတွေအရ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံချင်သူတွေ များနေတဲ့ ကိစ္စနဲ့ အချိူ ့ပါတီတွေ ရင်ဆိုင်နေရပါတယ်။ ကျွန်မတို့ အမျိူ းသားဒီမိုကရေစီအဖွဲ့ချူ ပ်လည်း ဒီစာရင်းထဲမှာ ပါပါတယ်။ ဘာကြောင့်ဒီလောက်တောင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ချင်ကြတာပါ လိမ့်လို့ ကျွန်မမစဉ်းစားပဲ မနေနိုင်ပါဘူး။ ကျွန်မအတွက်တော့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ယူရတာ အလုပ်(၂)ဆ တိုးသွားတဲ့သဘောရှိပါတယ်။ တစ်နေ့တစ်နေ့ရှိတဲ့ နာရီပေါင်းကတော့ နှစ်ဆတိုးတာ မဟုတ်တော့ အတော်ဝန်ပိပါတယ်။ ကျွန်မရေးဘူးပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်အကြား ကူးသန်းသွားလာနေရတဲ့ ကိစ္စကိုက မနည်းတဲ့ ဝန်ထုပ်ဝန်ပိုးပါ။ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အဖြစ် အရွေးခံပြီးမှတော့ လွှတ်တော်လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ရတာကြောင့် ၊ ပါတီတာဝန်တွေပါ ကျေပွန်စေဖို့ နားရက်မသတ်မှတ်ပဲ အလုပ်လုပ်ရပါတယ်။
    အချိူ ့ပုဂိ္ဂုလ်တွေက အလုပ်မရပ်မနားလုပ်တာကို ဂုဏ်ယူဝင့်ကြွားပါတယ်။
    ကျွန်မကတော့ အလုပ်လုပ်ချိန်၊ အနားယူချိန် မျှတတာက ပိုပြီး အရည်အသွေးမြင့်တဲ့ လုပ်ငန်းတွေကို ဖော်ဆောင်စေနိုင်တယ်လို့ ယုံကြည်တာကြောင့် စနေ၊ တနင်္ဂနွေလောက်တော့ လုံးဝနားနိုင်အောင် ကြိုးစားပါတယ်။ အောင်မြင်မှုတော့ သိပ်မရှိဘူးလို့ ဝန်ခံရပါမယ်။
    လွှတ်တော်တာဝန် ၊ မဲဆန္ဒနယ်တာဝန် ၊ ပါတီတာဝန်တွေ အားလုံး ကျေပွန်ဖို့ရာ နားချိန် လျှေ့ာရပါတယ်။ နားချိန်ဆိုတာက ရုပ်ပိုင်းဆိုင်ရာအင်အားသာမက စိတ်ပိုင်းဆိုင်ရာအင်အားဖြည့်ဖို့အတွက်ပါ အရေးပါပါတယ်။ နိစ္စဓူဝအလုပ်တွေကြောင့် စာဖတ်ချိန် အင်မတန်နည်းသွားပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း စာအုပ်တွေကို ဆိုလိုတာမဟုတ်ပါဘူး။
    ဒါတွေကတော့ တာဝန်အရ ဖတ်နေရတာပါပဲ။ တွေးတောစဉ်းစားဖွယ်ရာဖြစ်တဲ့ ရသ၊ သုတစာပေတွေကို ပြောတာပါ။

    ခြုံငုံပြီးကြည့်လိုက်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ဘဝဟာ မက်မောဖွယ်ရာလို့ ကျွန်မ မမြင်ပါဘူး။ ဒါဆိုဘာ့ကြောင့် ဒီလောက်လွှတ်တော်ကိုယ်စားလှယ် ဖြစ်ချင်တာလဲ။ ပြည်သူတွေအတွက် တတ်အားသရွေ့ လုပ်ဆောင်ပေးချင်လို့ပါလို့ ပြောကြပါလိမ့်မယ်။ ကျွန်မကတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဘာ့ကြောင့် အရွေးခံခဲ့တာလဲလို့မေးရင်၊
    အမျိူ းသားဒီမိုကရေစီအဖွဲ့ချူ ပ်ရဲ့ မပြီးပြတ်သေးတဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကြီးကို ဦးဆောင်ပြီး ဆက်လက်အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။
    ခိုင်မာတဲ့ ဒီမိုကရေစီစိတ်ဓာတ်နဲ့ ကျရာနေရာက တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ ကျွန်မတို့ ရဲဘော်ရဲဘက်တွေကိုလည်း ရွေးချယ်ပြီး (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်စေခဲ့ပါတယ်။

    ယခုအချိန်မှာတော့ ဒီမိုကရေစီနဲ့ ပါတီအတွက် မဟုတ်ပဲ မိမိကိုယ်ကျိူ းအတွက် ကိုယ်စားလှယ်ဖြစ်ချင်တဲ့ ပုဂိ္ဂုလ်တွေ အတော်များနေတာ နိုင်ငံရေးပါတီများ အသိုင်းအဝိုင်းမှာ တွေ့ရပါတယ်။ ဒီတော့ အစ မှာမေးခဲ့ တဲ့ မေးခွန်းများကို ပြန်ကောက်ပါရစေ။ ဘာကြောင့် ကိုယ်စားလှယ် ဒီလောက်ဖြစ် ချင်နေကြ တာလဲ။

    ကိုယ်စားလှယ်များရဲ့ အဆောင်အယောင်၊ ရပိုင်ခွင့်တွေကို အားကျလို့လား။
    ဒီလကစပြီး လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုးရတာမှန်ပါတယ်။ ဒါပေမယ့် အမျိူ းသားဒီမိုကရေစီ အဖွဲ့ချူ ပ် ကိုယ်စားလှယ်တွေကတော့ ပြည်သူ့အကျိူ းပြု လုပ်ငန်းတွေအတွက် ရံပုံငွေနဲ့ အဖွဲ့ချူ ပ်ရဲ့ ရံပုံငွေတွေတွေ လစဉ်ထည့်ရမှာမို့ မိမိတို့ရဲ့ စားရိတ်တွေကို ကာမိဖို့ပဲ ကျန်မှာပါ။ ခေါင်းပေါင်း ပေါင်းပြီး ရုပ်မြင်သံကြားမှာ မိန့်ခွန်းပြောရတာကို အားကျသူတွေများရှိလား မသိပါဘူး။
    ဒါမှမဟုတ် ကိုယ်စားလှယ်များ နိုင်ငံခြားခရီးသွားခွင့်ရတာ၊ နိုင်ငံတော်အခမ်းအနားတွေကို တက်ခွင့်ရတာတွေကို အထင်ကြီးနေကြတာလား မသိပါဘူး။
    ဒီလို စိတ်ထားတွေက ကိုယ်စားလှယ်ကောင်း တစ်ဦးပေါ်ထွန်းလာရေးအတွက် အထောက်အကူပြု မှာမဟုတ်ပါဘူး။
    အဆိုးဆုံးကတော့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာရင် မိမိအကျိူ းစီးပွား တိုးတက်ရေးအတွက် အခွင့်အရေးတွေ ပစ်ပြီးယူလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ချင်သူတွေပါပဲ။ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူများ သတိကြီးစွာနဲ့ ဒီလိုပုဂိ္ဂုလ်တွေကို မရွေးမိဖို့ လိုပါတယ်။
    ဒီတစ်ပတ်တော့ ဒီမျှသာ။ ။

  • kai

    May 8, 2015 at 5:26 am


    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ တပ်မတော် ဆေးရုံကြီး ကုတင် (၁ဝဝဝ)တွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသော ကျိုက်ထီးဆောင်း ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တ ပညာဒီပအား ဖူးမြော် ကြည်ညိုပြီး ဆရာတော်၏ ကျန်းမာရေးအခြေအနေ များကို ကြည့်ရှု၍ လိုအပ်သည် များ ဆောင်ရွက်ပေး

    နေပြည်တော် ၊ မေ ၃

  • kai

    May 8, 2015 at 5:34 am


    U.S. Embassy Rangoon added 4 new photos.

    Ambassador-at-Large for International Religious Freedom David N. Saperstein and Canada’s Ambassador for Religious Freedom Andrew Bennett met with a diverse group of interfaith and religious leaders in Yangon. They discussed strategies for building tolerance and enhancing religious freedom for all, including minorities

  • Ma Ma

    May 8, 2015 at 1:31 pm

    ဒီပိုစ့်ကို ဝင်ဖတ်ပြီး ပြောချင်တာတွေ များနေလို့ အပြန်ပြန်အလှန်လှန်ဖတ်ရင်း ကွန်မန့်ပေးဖို့ နောက်ကျသွားတယ်။

    ( ကြား ကနေပြီး ကိုယ့်မထိပြီး ရော ဆိုတဲ့ ကြားနေ ဝါဒ ကိုင်စွဲထားကြသော)…. ဆိုတာ
    ကိုယ့်ကိုပြောနေသလား အောက်မေ့ရတယ်။ 🙁

    ဘဝပေးအသိနဲ့ ဆူးကြားက ဗူးခါး လို တော်သလို ရော်သလို ကြည့်ပြီး နေထိုင်တတ်လာတယ်။။

    ကိုယ့်ကိုတိုက်ရိုက်ထိခိုက်လာရင်လည်း ………..
    သည်းခံနိုင်သလောက် သည်းခံ။
    သည်းမခံနိုင်တာတောင် အားမတန်၍ မာန်လျှော့။
    မာန်မလျှော့နိုင်တော့လည်း စိုင်းထီးဆိုင်ရဲ့ နံရံကိုလက်သီးနဲ့ထိုးမိတယ် သီချင်းဆိုပေ့ါ။ :e:

    အမွှာညီအမရဲ့ ..
    (ကိုယ်တစ်ဦး-တစ်ဖွဲ့ရဲ့ ကောင်းစားရေး၊ ဆန္ဒပြည့်ဝရေး ကိုတွက်ပြီးကြည့်ရင် ကိုယ်လိုချင်တဲ့ကိစ္စ ဖြစ်မြောက်ရေးအတွက် ရေတိုအထောက်အကူဖြစ်စေတယ်ဆိုပေမဲ့ ရေရှည်မှာတော့ အများနဲ့ဆိုင်တဲ့ကိစ္စတွေမှာ ရလာဒ်ကောင်းမရနိုင်ဘဲ ကိုယ့်ရဲ့ကောင်းကျိုးကိုပါ ထိပါးနိုင်ပါတယ်။ ) ဆိုတာလေးကိုလည်း သဘောကျတယ်။

    လောကကြီးထဲမှာ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင် အတူတကွ တိုးတက်ကောင်းမွန်အောင် တစ်ဘို့တည်း မကြည့်ပဲ သဘောထားကြီးပြီး အမျှော်အမြင်ရှိဖို့ ကြိုးစားရပါအုံးမယ်။

  • ​ဒေါ် လေး

    May 15, 2015 at 9:56 pm

    အရီးလတ်​ရေ
    ၂၀၁၅မှာ ​ဒေါ်စုကို ​ပေးမယ်​ဆိုတာ​တောင်​ သူ့ကိုသနားလွန်​းလို့
    စနစ်​တကျဖျက်​စီးခံထားရဲ့လူ​တွေရဲ့ စိတ်​ဓာတ်​ကို
    အ​တော်​ကြိုးစား ြြပြုပြင်​ရအုံးမယ်​​

  • မြစပဲရိုး

    May 16, 2015 at 1:10 pm

    သများ ပို့စ်မှာ သူကြီးမင်း ဒါ့ပုံ တွေ က ဘာ အဓိပ္ပါယ် သက်ရောက်သလဲ ဆိုတာ ရန်းသမ်း မှန်းသမ်း တွေးလိုက်ဦးမယ်။
    မှတ်ချက်လေးတွေ အတွက် ကျေးဇူး ပါ မမ နဲ့ ဒေါ်လေး ရေ။
    ချစ်မမ – ပြည်တော်ပြန်တုန်းက သည်းခံမယ် မဆဲ ဘူး ဟွန်းမတီး ဘူး သူများ ကို ဦးစားပေးမယ် လို့ ဘယ်လောက် ရည်မှန်းချက်ထားထား ပါရမီ က မမှီသေးတော့ ဆဲလိုက်တယ်၊ ဟွန်းတီး တယ်၊ သူရို့ ရိုင်းသလို ပြန်ရိုင်း လိုက်တယ်။
    သည်းခံတယ် ဆိုတာ လူသာမာန် တွေ အဖို့ မှာတော့ အတိုင်းအတာ ထိ ဘဲ ရမှာ မြန်မာပြည်သူ/သား တွေ လောက် ဒီ အစိုးရ ကို သည်းခံ နိုင်တာ အတော်ထူးတဲ့ ပါရမီ ရှင်တွေ မို့ ဘဲ။

    . ဒေါ်လေး ရေ – အတွေး အားကောင်း တဲ့ ရွာသူ ညီမ/ တူမ တစ်ယောက် တိုး ပြီ မှတ်လိုက်မယ်။
    . ကျွန်မတို့ ကြား က သနား နေတဲ့ အဲဒီ အမျိုးသမီးကြီး ရဲ့ စိတ်ဓာတ် ကြံ့ခိုင် မှု ကတော့ သမိုင်း တင် နေပြီ မို့ ဘယ်လောက် အခက်အခဲ ရှိရှိ သူက တော့ အပြုံးပျက် မှာ မဟုတ် ဘဲ သူ့တာဝန် ကို ကျေအောင် လုပ်သွားတော့ မှာပါ။
    ကျွန်မတို့ တိုင်းသူ ပြည်သား တွေ က သာ ဘယ်လောက် ထိ သူ့ ကို ပံ့ပိုး ပေးနိုင်မလဲ ဆိုတာ ပေါ် မူတည်ပြီး ကျွန်မတို့ ကံကြမ္မာ ပြောင်းမှာပါ။
    အဲဒါကတော့ သူ နဲ့ မဆိုင်တော့၊ ကျွန်မတို့ တစ်ယောက်ချင်း ရဲ့ စည်းလုံးမှု ပေါ်ဘဲ တည်သွားလိမ့်မယ်။

Leave a Reply