ခွင့်လွတ်ပါဘုရား (မစိုးရိမ်ဆရာတော်)

အချို့ပုဂ္ဂိုလ်က အစအနောက်သန်၏။ ထိုအစအနောက် သန်သော ပုဂ္ဂိုလ်တို့တွင် အချို့က အခြေအနေ အချိန်အခါကို သိကာ စနောက်၏။ အချို့ကလည်း မိမိစနောက်လိုခြင်း တစ်မျိုးကိုသာကြည့်၍ စနောက်၏။ ထိုပုဂ္ဂိုလ်မျိုးကြောင့် အစအနောက်ခံရသော ပုဂ္ဂိုလ်တို့ စိတ်အခန့်မသင့်ချိန်နှင့် တွေ့သောအခါ အချင်းများရ၏။ အချင်းဖြစ်ပွားပြီးနောက် “ငါက ချစ်လို့ ခင်လို့ ကျီစယ်တာကို သူက အတည်ယူပြီး ရန်ပြန်လုပ်တယ်” ဟု စနောက်သူက အကာအကွယ်ယူတတ်၏။ ထိုအခါ အစခံရသူမှာ ပိုနာသွား၏။ နဂိုရ်ကမှ စိတ်မကြည်ချိန် အစနောက် ခံရတာ တမျိုး မိမိက ပြန်စိတ်တိုလိုက်သောကြောင့် ရန်လုပ်သည်က တမျိုး အမျိုးမျိုး ပေါင်းလိုက်သောအခါ ဒေါသက အတိုင်းအဆ မရှိတော့။ ထိုသူများမှာ တစ်သက်တာ ရန်သူတို့ ဖြစ်သွားတတ်ကြသည်။ ထို့ကြောင့် မိမိက နောက်ပြောင် ကျီစယ်မည်ဆိုလျှင် အချိန်အခါကို ကြည့်သင့်၏။ ထိုကဲ့သို့ အချိန်အခါ မကြည့်သဖြင့် မစိုးရိမ်ဆရာတော်နှင့် အတူနေ ဦးပဉ္ဇင်းတို့မှာ တစ်ဦးနှင့်တစ်ဦး ပြဿနာ ဖြစ်ခဲ့ရ၏။

ပြဿနာ၏ အရင်းအစမှာလည်း နောင်တွင် တစ်ကမာ္ဘလုံး နာမည်ကျော်ကာ မြန်မာနိုင်ငံ သံဃာထုမှန်သမျှ သူ့တပည့်အဖြစ်မှ မကင်းရလေအောင် နာမည်ကျော်ကြားလတံ့သော မစိုးရိမ်တိုက်သစ်၊ မစိုးရိမ်ကျောင်းတိုက်ခွဲ၊ မစိုးရိမ်တိုက်သစ်ခွဲ စသဖြင့် ကျောင်းပေါင်းများစွာ တပည့်သံဃာပေါင်းများစွာ ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ခဲ့သော မစိုးရိမ်ဆရာတော် ဖြစ်လာမည့် ကိုရင်သူရိယလေးကို သမင်ခြံမှ အတူနေ ဦးပဉ္ဇင်းနာဂိန္ဒက အမြဲ နောက်ပြောင် ကျီစယ်လေ့ရှိ၏။ ဦးပဉ္ဇင်းနာဂိန္ဒက အကျီအစားသန်၏။ ကိုရင်သူရိယ၏ ပစ္စည်းများကို အခက်တွေ့အောင် အမြဲ ဖွက်ထားတတ်၏။ တစ်နေ့ ဦးပဉ္ဇင်းနာဂိန္ဒမှ ဆွမ်းစားခါနီးအချိန်တွင် ကိုရင်ကလေးသူရိယ၏ သပိတ်ကို ဖွက်လိုက်၏။ ကိုရင်ကလေး ဘယ်လိုရှာရှာ မတွေ့။ မတွေ့သောအခါ ကိုရင်ကလေးမှာ စိတ်ပေါက်၍ ဦးပဉ္ဇင်းကို “လောသကတိဿ” ဟုခေါ်လိုက်၏။ ကိုရင်မှ ခေါ်လိုက်ခြင်း ဖြစ်သောကြောင့်လည်းကောင်း လောသကတိဿမှာ သာသနာ့သမိုင်းတွင် အတော်ကြောက်မက်ဖွယ်ကောင်းသော ဝဋ်ဒုက္ခပိုင်ရှင် ဖြစ်သောကြောင့်လည်းကောင်း ဦးပဉ္ဇင်းမှာ ကိုရင်ကလေးကို အမျက်ကြီးစွာ ထားလေတော့၏။ နောက် စိတ်ပြေသောအခါ ကိုရင်မှ ဦးပဉ္ဇင်းလေးကို တောင်းပန်၏။ ဦးပဉ္ဇင်းမှာ ခွင့်မလွတ်တော့။ ဘယ်ကဲ့သို့ တောင်းပန် တောင်းပန် မရတော့။ ကိုရင်ကလေးကလည်း အမြဲတောင်းပန်၏။ ခွင့်လွတ်ဖို့ရန် တောင်းပန်လာလိုက်သည်မှာ ကိုရင်သူရိယမှ ဦးဇင်းသူရိယ၊ ဦးဇင်းသူရိယမှ မစိုးရိမ်ဆရာတော်အဆင့်အထိ ဖြစ်လာ၏။ တောင်းပန် သည်ကို ခွင့်မလွတ်သည့် အပြင် မစိုးရိမ်ဆရာတော် လုပ်သမျှ ကိုင်သမျှ ပြောသမျှ ဟောသမျှကို အပြစ်တင် ကဲ့ရဲ့ရှုတ်ချ၏။ ကောင်းသည်ကို လုပ်နေလျှင်လည်း “အလကားပါ၊ သူများ အထင်ကြီးအောင် လျှောက်လုပ်နေတာ” ဟု မရှုစိမ့်သော စိတ်ဖြင့် အဖုံဖုံကဲ့ရဲ့၏။ အပြစ်တစ်ခုခု တွေ့လျှင်ကား ပုံကြီးချဲ့ကာ ဖြစ်နိုင်သမျှ အပြစ်တို့ကို စီကာပတ်ကုံး ပြောလေ၏။

ဦးနာဂိန္ဒကို စာတတ်ပေတတ် တပည့်သံဃာပေါင်း များစွာအား အုပ်ချုပ်လျှက် ရှိသော မစိုးရိမ်ဆရာတော်မှ ဝါကျွတ်တိုင်း ပစ္စည်းမျိုးစုံဖြင့် ကန်တော့ကာ တောင်းပန်လေ့ရှိ၏။ လူကိုယ်တိုင် မသွားနိုင်လျှင်ပင် အလှူပစ္စည်းများ ပို့လိုက်၏။ လူကိုယ်တိုင်ရောက်လျှင်မူ ပစ္စည်းဝတ္ထုများလှူဒါန်းလျှက် “ခွင့်လွတ်ပါဘုရား” ဟု တောင်းပန်၏။ သို့သော် ဦးနာဂိန္ဒ၏ ရန်ငြိုးအမျက်ကား မပြေ။ ဒေါသဟူသည် စိတ်ညစ်မှု၊ စိတ်မချမ်းသာမှု၊ ကြောက်ရွံ့မှု၊ စိတ်ပျက်မှု၊ စိတ်ကောက်မှု၊ စိတ်ဆိုးမှု၊ ရန်ငြိုးဖွဲ့မှု၊ အမျက်မပြေမှု၊ ဝမ်းနည်းမှု၊ ငေါက်ငမ်းမှု၊ ခြိမ်းခြောက်မှု၊ သေကြေအောင် ကြံဆောင်မှု စသည့်အမှုများကို ကျူးလွန်ဖို့ အစဉ်တိုက်တွန်း နေလေ့ရှိ၏။ ဦးနာဂိန္ဒ၏ ဒေါသသည် အငြိုးမပြေနိုင်အောင် ရှေ့ဒေါသက နောက်ဒေါသကို ကျေးဇူးပြု ထောက်ပံ့လျှက် တာရှည်ခိုင်ခံ့ကာ ကိုရင်သူရိယအပေါ် မစိုးရိမ်ဆရာတော်ကြီး ဖြစ်သွားသည့်တိုင် ဖွဲ့တည်နေ၏။

တစ်နေ့၌ မစိုးရိမ်ဆရာတော်သည် ခေတ်ကာလတန်ဖိုး ၂၅ ကျပ်တန် စော်ဘွားသုံး ပစ္စည်းတစ်မျိုးကို အလှူတစ်ခုမှ ရရှိလေ၏။ မစိုးရိမ်ဆရာတော်က ချက်ချင်းပင် ထိုပစ္စည်းကိုယူကာ သမင်ခြံရွာ ဦးနာဂိန္ဒထံသွားရောက်လှူဒါန်းကာ တောင်းပန်လိုက်သည်။ ဦးနာဂိန္ဒ ဘာမှ မပြော။ သို့သော် နောက်တွင် ဦးနာဂိန္ဒမှ ထိုပစ္စည်းကို အစဉ်သုံးကာ “ဒီပစ္စည်းကို မစိုးရိမ်ဆရာတော် ဦးသူရိယကြီးလှူတာကွ” ဟု လူရှေ့သူရှေ့၌ ထုတ်ဖော်ပြောဆို ပြသကာ အသုံးပြု၏။ ထို့နောက် မစိုးရိမ်ဆရာတော်အပေါ်၌ မကောင်းကြောင်းမပြော။ ကောင်းကြောင်းကိုသာ ပြောတော့၏။ ထို အကြောင်းအရာကို ထောက်ထား၍ မစိုးရိမ်ဆရာတော်မှ ဦးနာဂိန္ဒ မိမိကို ခွင့်လွတ်လိုက်ပြီ ဖြစ်ကြောင်း သိလိုက်သည်။

နောင်တွင် မစိုးရိမ်ဆရာတော်မှ “သူဘယ်လို စနောက် စနောက် ငါက သူ့ကို လောသကတိဿလို့ ပြန်ပြောမိတာကိုက ငါမှားသွားတာ၊ မင်းတို့လည်းမှတ်ထား၊ ဘယ်လိုကြောင့်ဖြစ်ဖြစ် ဘာကြောင့်ဖြစ်ဖြစ် ကိုယ်မှားတယ်လို့ ယူဆရရင် ကိုယ်က အရင်တောင်းပန်၊ နောက်ပြီးတော့လည်း ကိုယ့်ရန်သူကိုတောင် ကိုယ်အကြိုက်ဆုံး ပစ္စည်းများ လှူဒါန်းနိုင်အောင် (သာမန်လူဆိုလျှင် အကောင်းဆုံး ပစ္စည်းများ လက်ဆောင်အဖြစ်ပေးနိုင်အောင်) ကြိုးစား” ဟု အနီးနေ တပည့်ကို မိန့်လေ၏။ ဝစီကံနဲ့ ပတ်သက်တိုင်း မစိုးရိမ်ဆရာတော်မှ ယင်းသာဓကကို ထောက်ပြပြောဆိုလေ့ ရှိကြောင်း လက်ရှိ များစွာသော မစိုးရိမ်နာယက ဆရာတော်တို့၏ ဩဝါဒမှ ကြားရလေ့ရှိသော အဖြစ်အပျက်လေးတစ်ခုကို အများချင့်ချိန်နိုင်အောင် တင်ပြလိုက်ရပါသည်။

မေတ္တာမွန်ဖြင့်
ဂျေဂျူဝိုင