၆ပွင့်ဆိုင်ဆွေးနွေးမှုကို ဧပြီလ ၁၀ရက်နေ့ကနေပြည်တော်တွင်ပြုလုပ်ခဲ့သည်။
ယခုမေလအတွင်းထပ်မံပြုကြဦးမည်။
အဆိုပါ၆ပွင့်ဟူသည် သမ္မတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္က္ကဋ္ဌ နှစ်ယောက်ဖြစ်သည့်ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်ဒေါက်တာအေးမောင်တို့အားခေါ်ခြင်းဖြစ်ပါသည်။
၆ပွင့်ထဲတွင် ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကပြည်သို့ တခေါက်စီရောက်ဖူးကြကာ ဦးရွှေမန်းသည်သာ ယခုလဆန်းပိုင်းက အမေရိကအောက်လွှတ်တော်ဥက္က္ကဋ္ဌ၏ဖိတ်ကြားချက်အရ ၂ခေါက်မြောက်ရောက်ဖူးလေသည်။ စိန့်ပြည်(China)မှအပြန်တွင်အမေရိကပြည်သို့ဝင်လာခဲ့ခြင်းဖြစ်၏။

နဂါးနိုးထခဲ့ပြီ
လွန်ခဲ့သောရာစု၂ခုခန့်ကတည်းက နပိုလီယန်မှ အရှေ့ဖက်ဆီကနဂါးကြီးကိုသွားမနှိုးမိပါစေရန်သတိပေးခဲ့ဖူးသည်။ နိုးလာလျှင် ကမ္ဘာကိုင်လှုပ်ခံရလိမ့်မည်ဟူသတတ်။
ယခုနဂါးကြီးနိုးထနေလေပြီ။
စိန့်ပြည်(၀ါ)ဂန္ဓလရာဇ်တိုင်းသည်လူ့ယဉ်ကျေးမှုနှစ်၃ထောင်ကျော်ခရီးဖြတ်ခဲ့သည့် စက္ကူနှင့်ယမ်းထီထွင်ထားနိုင်ခဲ့သောနိုင်ငံကြီးဖြစ်၍ ၂၁ရာစုတွင်မူ ကမ္ဘာ့ထွက့်ကုန်အများဆုံးထုတ်ပေးနေသည့်စက်ရုံကြီးဖြစ်နေကာ အမေရိကပြည်ထောင်စု၏ အကြီးဆုံး မြီရှင်(ဒေါ်လာ ၁.၃ ထရီလီယံ)လည်းဖြစ်၏။
စိန့်ပြည်နှင့် ကုလားပြည်(အိန္ဒိယ)တို့၏ အာရှသည် ကမ္ဘာ့လူသားတို့၏အတွေးအခေါ်၊ယဉ်ကျေးမှုတို့ကို နှစ်ထောင်ချီလွှမ်းမိုးထားနိုင်ခဲ့ဖူးသည်။
စိန့်ပြည်၏အကူအထောက်ဖြင့် မြန်မာပြည်ကွန်မြူနစ်(ဗကပ)တို့ သူပုန်ထဖူး တော်လှန်ခဲ့ကြဖူးသည်။
တရုတ်ဖြူ(ယခုထိုင်ဝမ်)တို့နှင့်တရုတ်နီ(ယခုကွန်မြုနစ်စိန့်ပြည်) တို့သည် မြန်မာ့မြေတွင် ခြေခင်းက စစ်ဖြစ် ကျူးကျော်ခဲ့ဖူးကြသည်။
စိန့်ပြည်အစိုးရနှင့် မြန်မာစစ်အစိုးရ အဆက်ဆက်တို့ဆွေမျိုးပေါက်ဖေါ်လုပ်ကြကာ အနောက်ဒီမိုကရေစီနိုင်ငံတို့အားဆန့်ကျင်ရပ်တည်ခဲ့ဖူးသည်။
လူဦးရေ သန်း ၁၃၅၇(၂၀၁၃) တွင် ဂျီဒီပီ ဒေါ်လာ ၉.၂၄ ထရီလီယံ ကြွယ်ဝမှု ရှိသော ကမ္ဘာ့ဒုတိယပြည်ကြီးပေတည်း။

ဥရောပ၏မာစတာပိစ်
လွန်ခဲ့သောနှစ် ၂ထောင်ကျော်ကရောမအင်ပါယာကို ကြားဖူးသိဖူးပါလိမ့်မည်။ ရုပ်ရှင်၊ ပုံပြင်၊သူရဲကောင်းဒဏ္ဍာရီတို့တွင် ရင်းနှီးလှသည်မဟုတ်ပါလော။
ရောမသားတို့မည်မျှပါဝါစွမ်းအား သမိုင်းအစဉ်အလာကြီးမားခဲ့သည်ဖြစ်စေ ဒုတိယကမ္ဘာစစ်ဖြစ်လေသောအခါ ရောမ၏အီတလီသည်လည်း နာဇီဂျာမဏီအောက်ပြားဝပ်ခတွားလိုက်ရသည်။
ထိုဂျာမန်တို့ကိုပင် အင်္ဂလိပ်ဦးဆောင်သော မဟာမိတ်တပ်တို့က စစ်နိုင်လိုက်ကာ ဒုတိယကမ္ဘာစစ်ကြီးသည် အမေရိကပြည်ကို စူပါပါဝါ ကမ္ဘာ့ပထမပြည်ဘ၀သို့ရောက်ခဲ့စေသည်။
ဤကမ္ဘာမြေ၀ယ် လူဖြူတို့ လွှမ်းမိုးမြင့်တက်မှုသည်နှစ် ၂၀၀ကျော်လေပြီ။ ထိမ်းထားနိုင်ဦးမည့်ပြယုဂ်တို့မြင်ရဆဲတည်း၊ အမေရိကပြည်သည် လူဖြူတို့၏ လက်ရုံး/နှလုံးရည်ပြ အကောင်းဆုံးဖန်ဆင်းမှုကြီးပင်။
လူဦးရေ သန်း ၃၂၀(၂၀၁၄) တွင် ဂျီဒီပီ ဒေါ်လာ ၁၇.၄၂ ထရီလီယံ ကုန်ထုတ်နိုင်စွမ်းရှိသတည်း။

အာစီယံထဲခွေ
မကြာမတင် နောင်၁၀နှစ်ကျော်ကာလ၀ယ် အာစီယံ၁၀နိုင်ငံသည် ကမ္ဘာ့စက်ရုံကြီးနေရာလွှဲယူမည်ဆိုကြသည်။ လုပ်အားဈေးပေါသည်။ အလုပ်ပြင်းထန်စွာလုပ်သည်။ သယံဇာတရှိသည်။ လူဦးရေတောင့်သည်။ ကုန်းရေလေလမ်းဆက်သွယ်ရေးကောင်းသည်။
လူဦးရေပေါင်းသန်း ၆၂၅(၂၀၁၃) တွင် ဂျီဒီပီ ဒေါ်လာ ၃.၆ထရီလီယံ ကုန်ထုတ်နိုင်စွမ်းရှိနေ၏။ မြန်မာပြည်သည် ကမ္ဘာ့အကြီးဆုံးလူဦးရေထုရှိသည့် ကုလားပြည်နှင့် စိန့်ပြည်ကြားခွလျှက်မှ အာစီယံထဲခွေနေပေရာ ဒေသန္တရတွင် စီးပွားရေး၊စစ်ရေးတို့၌ မဟာဗျူဟာကျကျ မည်မျှအရေးပါနေမည်ကို သိသာပါသည်။ မျက်စိစပါးမွှေးကား စူးပင်စူးလောက်စူးငြားတည်း။
ထိုပြည်အခင်းတွင် ကမ္ဘာ့စူပါပါဝါကြီးတို့အားပြိုင်လွန်ဆွဲလာလျှင် မည်သို့ဖြစ်အံ့နည်း။
မြန်မာပြည်သည် အင်အားကြီး စူပါပါဝါများနှင့် ယှဉ်ဖက်မဟုတ်ပေ။
စစ်ရေး၊ စီးပွားရေး၊ လူဦးရေ မည်သည့်ဖက်မှ အင်အားသာလွန်ခြင်းမရှိ။
ပုဂံပြည်ကျ ပထမမြန်မာနိုင်ငံတော်ပျက်ခဲ့သည်မှာ စိန့်တိုင်းသားတို့လက်ချက်မဟုတ်မူ၍ စိန့်ပြည်သည်လည်း မွန်ဂိုတရုတ်တို့လက်အောက် မြန်မာပြည်နှင့်ဘ၀တူ ရောက်ခဲ့ဖူးသည်။ အရှေ့တောင်အာရှတွင် မြန်မာ့အင်ပါယာကျယ်ပြန့်ကြီးမားခဲ့သည်ကို သမိုင်းပြန်လှန်ကာ ရွှေထီးဆောင်းချိန်လှမ်းမျှော်ကျယ်နေ၍မဖြစ်နိုင်။
သို့သော် မြန်မာတို့သည် အမေရိကန်တို့ကိုခေါ်သွင်းထိမ်းညှိပေးနိုင်သည် နေရာအခြေအနေတွင်ရှိနေပါသည်။
တနည်းအားဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့်သူ၏အစိုးရသည် စိန့်ပြည်ဖက်ယိမ်းပေးမည်ဆိုလျှင် ဒီချုပ်ပါတီသည် အနောက်နိုင်ငံများဖက်တိမ်း၍ထိမ်းပေးသည် ဖြစ်ရမည်။
ထိုစူပါပါဝါများကြားတွင် လွန်စွာလိမ်မာပါးနပ်စွာကစား နိုင်လောက်သည့်နေရာတွင်ရှိပါ၏။
စိန့်ပြည်၏ခြေဆင်းထွက်ပေါက်နိုင်ငံများသို့ အမေရိကန်အ၀င်ကြမ်းလျှင် တိုင်းပြည်၂ခြမ်းပြတ်တတ်ပါ၏။ ယခုပင်လျှင် စိန့်ပြည်မှ မြန်မာပြည်ကို ခါးလည်ဖြတ်၍ ဓါတ်ငွေ့ပိုက်လိုင်းဖေါက်ခဲ့ပြီးလေပြီ။ အမေရိကန်တို့အကျိုးစီးပွားအတွက် ဘာပေးနိုင်မည်နည်း..။

ဝကိုးကန့်ကချင်ရှမ်း
“၀”သည် အမြဲတမ်းစစ်သည်အင်အား၃သောင်းကျော်ဖြင့် မြန်မာပြည်ထောင်စုတွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတခုဖြစ်သည်။ ၀တို့သည် မြန်မာဘုရင်မင်းဆက်အားအခွန်ပဏ္ဍာဆက်ခဲ့ကြသည့် မြန်မာတိုင်းရင်းသားများဖြစ်ကြပါ၏။
“ကိုးကန့်”သည်လည်း မြန်မာတိုင်းရင်းသားများဖြစ်ကြ၍ တရုတ်စာ၊စကား ရေးပြောသုံးကြသည်။ ယခု”လောက်ကိုင်”ဒေသတွင် ပိုင်ဆိုင်မှုအတွက်တိုက်ပွဲကြီးများနှင့် ထိတွေ့ဆက်ဆံနေရလေသည်။ ၁၉၈၉တွင် ဗကပမှခွဲထွက်ကာ တပ်တည်ထောင်ထားခြင်းဖြစ်၍ စစ်သည်အင်အား ၂ထောင်မျှရှိသည်။
ခရစ်ယန်အများစုနေထိုင်သော “ကချင်”ပြည်နယ်သည် ဦးနု၏ဗုဒ္ဓဘာသာနိုင်ငံထုထောင်ခြင်းဂယက်ကြောင့် တော်လှန်ရေးစခဲ့ကြသော မြောက်ဖက်ပြည်နယ်ဖြစ်ကာ သယံဇာတကြွယ်လှသောမြေတွင်ထိုင်သည်။
“ရှမ်း”သည် မြန်မာပြည်၏အရှေ့ဖက်ခြမ်းတခုလုံးထိအောင်ကျယ်ပြန့်သော မြေနေရာဒေသပိုင်ရှင်ဖြစ်ကာ ဒေါ်လာငွေမည်းထုတ်နိုင်ခဲ့သည့်ကမ္ဘာကျော် ရွှေတြိဂံဒေသလည်း ရှမ်းပြည်နယ်အတွင်းပါဝင်သည်။ စိန့်ပြည်မှ မြန်မာပြည်သို့ ထိပ်တိုက်ထိတွေခြင်းလျှော့ကျသွားအောင်ရှိနေသော ကြားချခံနယ်(buffer zone)များဖြစ်ပါ၏။
အဆိုပါတိုင်းရင်းသားဒေသတို့သည် စိန့်ပြည်နှင့်နယ်နမိတ်ထိစပ်နေကြကာ မြန်မာ့တပ်မတော်နှင့် စစ်ရေးအရထိတွေ့နေသူ၊ ထိတွေ့ဖူးသုများလည်းဖြစ်ကြသည်။
ပြည့်အင်အားသယံဇာတတို့ကိုရောင်းရငွေဖြင့် စိန့်ပြည်ထွက်လက်နက်ခဲယမ်းဝယ်က ကိုယ့်တိုင်းရင်းသားအချင်းချင်းချနေကြခြင်းသာလျှင်ဖြစ်ပေသည်။

သမိုင်းဘီးလည်မည်လော
လာမည့်နိုဝင်ဘာလတွင်ရွေးကောက်ပွဲကျင်းပမည်ဆိုပါသည်။
ထိုအထွေထွေရွေးကောက်ပွဲတွင်မည်သည့်ပါတီနိုင်မည်ကို သိသာထင်ရှားမြင်နေရသည်။ ရွေးကောက်ပွဲမတိုင်မီတွင် အခြေခံဥပဒေပြင်ဆင်ရေးလုပ်နိုင်ခဲ့ပါလျှင် သမ္မတမည်သူဖြစ်မည်ကိုပင်မှန်းကြည့်၍ရသည်။
သို့နှင့် သမိုင်းဘီးလှည့်ကြည့်ကာ ၁၉၉၀ ရွေးကောက်ပွဲကို ပြန်ပြောင်းသတိရမိချင်စရာတည်း။
ဒီချုပ်တို့ လွှတ်တော် ၄၉၂ခုံဝယ် ၃၉၂ခုံမဲနိုင်ရခဲ့သောအခါ မည်သို့ဖြစ်ခဲ့သနည်း။
ရွေးကောက်ခံအမတ်မင်းများ အချုပ်အနှောင်ခံရ။ ပြည်ပြေး၊ သူပုန်ဖြစ်ခဲ့ကြဖူးသည်။ မအ,အောင်သင်ခန်းစာယူပါလေ။

ပဲဟင်းကို ရှုပ်ချင်လော
မြန်မာတိုင်းရင်းသားအပေါင်းတို့သည် အရေးကြီးရွေးချယ်စရာလမ်းရောက်နေပါပြီ။
မိမိ၏ခံစားချက်ဦးစားပေး မဲရွေးရန်မဟုတ်ပဲ ကမ္ဘာ့အခင်းအကျင်းကိုလည်းမျှော်ကြည့်သင့်သည်။
တိုင်းသူပြည်သားအဦးစီတိုင်း တိုင်းပြည်အနာဂတ်ပုံပြောင်းသွားနိုင်သော မဲပြားတို့နှင့် မိမိနိုင်ငံအကျိုးစီးပွားကို မူတည်ကစားကြပါလေ။ အဖနိုင်ငံတော်သည် သမိုင်း နှစ် ၁၀၀၀ကျော်ကြာခဲ့သော်လည်း ကမ္ဘာအလယ်မွဲပြာလျှက်သာ နေပါသေးသည်။ ဆင်းရဲလွန်းလျှက်မှ ခွဲခြားပြလွန်းပါလျှင် ပြည်ထောင်စုမှခွဲထွက်လိုသည့်တိုင်းရင်းသားများကို မြင်ကြရလိမ့်..။
တိုင်းပြည်နုနုသည် အသပ်ခံများနွမ်းလျှလှပါပြီ။ နိုင်ငံရေးသမားတို့လည်း တိုင်းပြည်အကျိုးထက် ပကာသနနှင့် အာဏာစွမ်းပြဖို့ လုံ့လမထုတ်ကြပါလင့်။ ရွေးကောက်ပွဲဟူသည် စစ်လွှမ်းမိုးမှုကို တဆင့်စီလျှော့ချနိုင်သည်ဟု သိကြပါ။
အိမ်နီးချင်းကိုချစ်ကြည်ပါ။ ကြွယ်ဝချမ်းသာခြင်းတို့ကိုသာ ယူဆောင်ပါ။ ရင်းထားခဲ့ရပြီးသော အကျိုးစီးပွားတို့ကို မဖျက်ပစ်ပါလင့်။
ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများနှင့်မိတ်ဖက်ပါ (၀ါ) သူဌေးနှင့်ပေါင်းပါ။
သို့သော်..
ပဲဟင်းစားချင်သည်ဆိုလျှင်တော့ နှုတ်ခမ်းမွှေးကြီးကားနှုတ်ခံဝံ့ရလိမ့်၊ ၀မ်းနိုင်ရလိမ့်ဟု မေတ္တာစကားဆိုချင်ပါသတည်း။ ။

မင်းမှာ လုပ်ချင်၏။ တင်းကုပ်မှာ အချုပ်ခံဝံ့ မခံဝံ့။
ပဲဟင်းကို ရှုပ်ချင်၏။ နှုတ်ခမ်းမွှေးကို အနုတ်ခံဝံ့ မခံဝံ့။
မှိုနှင့်မျှစ်ကို နုတ်ချင်၏။ ကျဉ်တုတ်ခံဝံ့ မခံဝံ့။
(ကျည်းကန်ရှင်ကြီး မေတ္တာစာမှ)

kai

About kai

Kai has written 897 post in this Website..

Editor – The Myanmar Gazette ||
First Amendment – Religion and Expression –
Congress shall make no law respecting an establishment of religion, or
prohibiting the free exercise thereof; or abridging the freedom of speech, or of
the press; or the right of the people peaceably to assemble, and to petition the
Government for a redress of grievances.