“သစ်တောနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး”

အဟွတ်!!!

လက်ခံပါတယ်…။

ရွှေတိုက်တွေလဲ စိုးကုန်တဲ့သူတွေ စိုးကုန်ကြပြီ…

သစ်ကုမ္ပဏီမှာ လုပ်ခဲ့တုန်းက… သစ်ကွက်နင်းတာ၊ ကန်တော့ပွဲတင်တာက စလို့..ပြီးသွားပြီး ကောက်သင်းကောက်ထိ စာရင်းသွင်းခဲ့ဖူးလေတော့..ဘယ်သူဘယ်လောက်ရတယ် မှန်းမိပါတယ်…။

မားကတ်တင်းကိုကိုတွေများ အန်တာတေဘယ်လ်ထဲက အချိုးကျဘတ်ကီးပြတာတောင် ၆လ ၁နှစ်အတွင်း တိုက်ခန်းပစ်ဝယ်နိုင်ခဲ့ကြတာ..။ မှန်းသာကြည့်ပါတော့….

မြန်မာ့သစ်လုပ်ငန်း ရုံးသစ်ပြောင်းတုန်းက စပွန်ဆာပေးချင်နွန်းနို့ တန်းစီနေကြတာကလား….။ သူရို့ မျိုဖို့ကိုတောင် ခွံ့ကျွေးဖို့ တန်းစီကြသူတွေက မနည်း…။ သူရို့ကလဲ..ချေတာများ…….။ အိမ်သာထဲမှာတောင် အဲကွန်းတပ်ပေးရမတဲ့….

အဟက်..

ထားပါတော့လေ.. ဒါ..သူတို့ကုသိုလ်နဲ့ သူတို့…

သစ်ပင်က ခုတ်တော့သာလွယ်တာ…စိုက်ပြီး အပင်ကြီးဖြစ်လာဖို့က ဆယ်စုနှစ်ချီပြီး ကြာတာ…..

ဆရာမဂျူးပြောသလိုပဲ…သစ်ပင်ဆိုတာ..ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးတဲ့ ကမ္ဘာကြီးရဲ့ အဆုတ်တွေ တဲ့…။

လူတွေကလဲ…ခုတ်တုန်းကသာ အပင်ကောင်းတွေရှိတဲ့အကွက်ကောင်းတွေရဖို့ ပြူးပြဲဖားယားခဲ့ပြီး တောင်ကတုံးဖြစ်မှ အကုန်လောဘသတ်ကြတာ…။ မပြောတော့ပါဘူးလေ….ဒါလဲ သူတို့လောဘနဲ့ သူတို့ပါ….

လောဘဆိုလို့…အဲ့သစ်ကုမ္ပဏီမယ်…ဥက္ကဌက မှတ်သားလောက်စရာတွေ ပို့ချခဲ့ဖူးတယ်…

နောင်ဘ၀ကိစ္စ နောင်ဘ၀ရောက်မှ ရှင်းမယ် တဲ့…။ တရုတ်ကိုး….

အိုက်လိုတွေသာ ပြောနေတာ…။ ကျမရော အပင်စိုက်သလား မေးရင် နိုးပါ လို့ ဖြေရလိမ့်မယ်…။ ၅တန်းနှစ်က ကုက္ကိုလ်ပင်ပေါက်လေးစိုက်ပြီး သေသွားဖူးကတည်းက နောက်ထပ် အပင်ထပ်မစိုက်တော့….။

နောက်ပြီး ကျမက အပင်သေးသေး ပန်းပင်တွေထက်စာရင်.အရိပ်ရ အပင်ကြီးတွေကို ပိုသဘောကျတာ…။ အဲ…စိုက်ပြီး မြန်မြန်အပင်ကကြီးမလာရင် စိတ်ကမရှည်ဘူး…။ အဲ့ဒီအပင်လေးကြည့်ကြည့်ပြီး မြန်မြန် သူအပင်ကြီးဖြစ်လာဖို့ စောင့်နေရတဲ့ စိတ်ပင်ပန်းမှုကို မခံနိုင်….

ပြီးတော့ ကျမက သံယောဇဉ်လဲ ကြီးသေးတာ….။ ခုနေရာက ပြောင်းဖြစ်ရင်တောင်…ဒါငါ့အပင်ဆိုပြီး ခဏခဏလာကြည့်ဖြစ်ဦးမယ်…။ ဟိုမလွတ် ဒီမလွတ်လို့ အခုတ်ခံရရင်လဲ ကျမ စိတ်ထိခိုက် ဒေါသထွက်ရဦးမယ်….

ကိုယ့်အတွေးမှားနေတာတော့ သိပါရဲ့လေ…။ ကိုယ့်ဟာကိုယ်လဲ လက်ခံထားတဲ့ ဆိုက်ကိုပဲ ထင့်…။

ကျမအကြိုက်ဆုံးအပင်ကို ပြောပါဆိုရင်တော့ ယုကလစ်ပင် နဲ့ စိန်ပန်းပင်ဖြစ်မှာပဲ….

ယူကလစ်ကို ကျမ ချစ်တယ်…။

သူတို့ကို ကြည့်လိုက်ရင် ဖြူနွဲ့နွဲ့နဲ့ ခပ်တောင့်တောင့်ကြီးရယ်…..

ငယ်စဉ် ရှမ်းပြည်မှာနေခဲ့တုန်းက ယူကလစ်နံ့ရနေတဲ့ လေကိုရှုခဲ့ရတာ။ အဲ့အနံ့တွေက ခုချိန်ထိ ကျမကို လွှမ်းမိုးတုန်း…။ သူ့အနံ့က အရွက်ကိုခြေလိုက်ပြီးမှ ထွက်လာတာပေမယ့်…အပင်တွေသိပ်များတဲ့ကြားရောက်နေတော့လဲ အဲ့ခေါင်းမူးပျောက်စရာ ခပ်သင်းသင်းအနံ့က သူ့အလိုလိုရလာသလိုလို….

စိန်ပန်းပင်တွေကတော့…သူ့ကိုင်းဖြာပုံတွေ အပွင့်ရဲရဲတွေကို ကြည့်ရင်း ချစ်မိတာပဲ…။ အကိုင်းက ခပ်ကားကားနဲ့ ပန်းတွေပေါ်နင်းပြီး နောက်ထပ်ပန်းတွေက ကိုယ့်အပေါ်က အုပ်မိုးထားသလို ခံစားမှုကို သဘောကျတယ်…။

 

ခု မိုးစ ကျလာပြီ…

ကမ္ဘာကြီးရဲ့ အဆုတ်ကို ကျမ သဲတစ်ပွင့်လောက်ပဲဖြစ်ဖြစ်…အထောက်အပံ့ပေးချင်စိတ် ပေါ်မိတယ်..…..

ကျမ အပင်တွေစိုက်ဦးမှပါ..…။ သူတို့ ဆက်ရှင်သန်နိုင်လောက်တဲ့သေချာမှုတစ်ခုရတဲ့အထိတော့ ကျမ ဂရုစိုက်ပေးရမှာပေါ့….

အဲ့ဒီအပင်တွေက ရှင်လာသည်ဖြစ်စေ…အကြောင်းကြောင်းကြောင့် သေသွားသည်ဖြစ်စေ…..၊ မတော်တဆ အခုတ်ခံလိုက်ရသည်ဖြစ်စေ.. ဒါ သူ့ကံပဲ…။

အဓိကက ကျမ အပင်စိုက်လိုက်ပြီး…ကိုယ့်ဘက်က အတတ်နိုင်ဆုံး ဂရုစိုက်ပေးဖို့ပဲ…။

ရွာသူားတွေလဲ အဆင်ပြေရင်ဖြင့် အပင်တစ်ပင်လောက်တော့ စိုက်ကြရအောင်ပါ…..

နော်…

 

 

ချစ်သော…

ကောင်းကင်ပြာ

၁၈.၅.၂၀၁၅

Kaung Kin Pyar

About Kaung Kin Pyar

Kaung Kin Pyar has written 47 post in this Website..