Increasing your vocabulary – ဆရာမျိုးကျော်မြင့်

kaiMay 18, 20152min1868

လောကကြီး၌ အဖြူနှင့်အမည်း ၊ နှစ်ရောင်သာ ရှိမည်ဆိုလျှင် သဘာဝလောကကြီးသည် ယခုလို လှပနေမည် မဟုတ်ပါ။ ဖြူနီပြာဝါစိမ်း စသည့် ရောင်စုံများကြောင့်သာ သဘာဝ လောကကြီးသည် လှပနေရပါသည်။
ထို့အတူ အင်္ဂလိပ်စကားပြောဆိုရာ၌လည်းကောင်း၊ ရေးသားရာ၌လည်းကောင်း အရောင်နှင့် ပတ်သက်သည့် စကားစုလေးများကို ပိုင်နိုင်စွာသုံးတတ်လျှင် မိမိ၏ အပြောအဆိုများ အရေးအသားများသည် လှပခန့်ညားနေပါလိမ့်မည်။
ဆိုကြပါစို့။ အဖြုဆိုလျှင် White ဟု ခေါ်ကြောင်း အားလုံးသိကြပါသည်။ သို့သော်
A white lie ဟူသည့် စကားစုလေး၏ အဓိပ္ပာယ်ကိုအားလုံး သိချင်မှသိပါလိမ့်မည်။ စင်စစ် A white lie ဆိုသည်မှာ တဖက်သား စိတ်ချမ်းသာအောင် လိမ်ညာရသည့်အခါမျိုး၌ သုံးစွဲနိုင်ပါသည်။
ဥပမာ – သူငယ်ချင်းတယောက်က စွယ်တာအသစ်လေးကို ဝတ်ပြပြီး “ How do I look ? ”
ဟု မေးသည့်အခါ အမှန်အတိုင်း  “အကြည့်ရ ဆိုးလိုက်တာ”ဟု ပြန်ဖြေလိုက်လျှင် မိတ်ဆွေဘဝမှ ရန်သူဘဝသို့ ပြောင်းလဲသွားနိုင်ပါသည်။ ထိုအခါမျိုး၌ “ You look pretty good ” ဟု ပြန်ဖြေခြင်းကို “telling a white lie ” ဟု ဆိုနိုင်ပါသည်။

.
“ Black ” အမည်းရောင်ကို Black ဟု လူတိုင်း သိကြသော်လည်း Black sheep of the family ဟူသည့်စကားစုကို လူတိုင်း သုံးတတ်လိမ့်မည် မထင်ပါ။ ဥပမာအားဖြင့် ညီအကိုလေးယောက် ရှိသည့်အနက် သုံးယောက်မှာ ဆရာဝန်ကြီးများ ဖြစ်နေပြီး သူတယောက်ထဲသာ ဘွဲ့လည်းမရ၊ အလုပ်အကိုင်လည်း မရှိ လူဖျင်းလူညံ့တယောက် ဖြစ်နေခဲ့လျှင် … “ His brothers are all doctors. He is the only one without a degree. He’s the black sheep of the family. ” ဟု ပြောဆိုနိုင်ပါသည်။
ဒီတော့ ဒီနိုင်ငံ ရောက်ရှိနေသည့် မြန်မာတိုင်းလိုလို ကြီးပွားနေကြချိန် ကိုယ် တယောက်တည်း အပျင်းထူမနေဖို့၊ မွဲတေ မနေဖို့ – တနည်းအားဖြင့်  black sheep of the Burmese community မဖြစ်စေဖို့ သတိထားပြီး တိုးတက်ကြီးပွါးဖို့ အမြဲတမ်း အားထုတ်နေရမည် ဖြစ်ပါသည်။

.
အဝါရောင်ကို Yellow  ဟု အားလုံးက သိကြသဖြင့် တစုံတယောက်က မိမိကို “Are you Yellow ? ” ဟု မေးလာသည့်အခါ ဒီအကောင် ကန်းများနေသလား မသိဘူး၊ ငါ ဒီလောက် အသားညိုတာကို ဒင်း မမြင်ဘူးလားဟု မတွေးမိပါစေနှင့် ။
စင်စစ် “Are you Yellow ? ”ဆိုသည့် စကားစုမှာ “Are you a coward ? ” ဟု အဓိပ္ပာယ် သက်ရောက်ပြီး တဖက်သားကို ရန်လိုသည့်အခါ၊ တနည်းအားဖြင့် စိန်ခေါ်လိုသည့်အခါ အသုံးပြုတတ်ပါသည်။ လူတယောက်ကို “He is yellow ” ဟု ဆိုလျှင် ထိုသူကို သူရဲဘောကြောင်သည်ဟု စွပ်စွဲသည့်သဘော သက်ရောက်နေပါသည်။ ထို့ကြောင့် မိမိကို “Are you Yellow ? ”ဟု မေးခဲ့လျှင် သူနှင့် ဝေးရာသို့ အမြန်ဆုံး ရှောင်ထွက်သွားလိုက်ပါ။ မြန်မာ့သွေး နီကြောင်း ပြရမည့်အချိန် မဟုတ်ပါ။ ရန်လို၍ ရန်မပြိုနိုင်ပါ။ ရန်ကို ရှောင်နိုင်မှသာ အိုအောင်မင်းအောင် နေရပါလိမ့်မည်။

.
အစိမ်းရောင်ကို Green ဟု လူတိုင်း သိကြသော်လည်း  “ a green thumb ” ဟူသော စကားစုကို အားလုံးသုံးတတ်ကြလိမ့်မည် မထင်ပါ။ သစ်ပင်ပန်းမာလာများကို စိုက်ပျိုးသည့်အခါ အောင်မြင်ရန် လွယ်ကူသူများကို ရည်ရွယ်သည့် အသုံးအနှုံးဖြစ်ပါသည်။ ဥပမာအားဖြင့် …
“ My mother has a green thumb. Her garden looks beautiful. ”  “တို့အမေက စိုက်ပျိုးရေး အောင်မြင်တယ်။ အမေ့ပန်းခြံကလေးက တကယ်ကို စိမ်းလန်းစိုပြေလှပနေတာပဲ ” ဟု သုံးစွဲနိုင်ပါသည်။
Green ကို မနာလို ဝန်တိုသည့် သဘောဖြင့်လည်း သုံးစွဲတတ်ပါသည်။ ဥပမာအားဖြင့် …
“ She is green with envy at your marriage to a millionaire. ” ဆိုသည့် ဝါကျ၌
“ မင်း မီလီယံနာတယောက်နဲ့ လက်ထပ်သွားတော့ သူမ တော်တော် မနာလို ဖြစ်သွားတယ်” ဟု ဆိုလိုပါသည်။
ဖော်ပြပါ အဓိပ္ပာယ်များအပြင် Green ကို နောက်အဓိပ္ပာယ်တမျိုးဖြင့်လည်း သုံးစွဲ၍ ရပါသေးသည်။ ကျောင်း၌ဖြစ်စေ၊ လုပ်ငန်းခွင်၌ဖြစ်စေလူသစ်ဖြစ်နေ၍ လုပ်ငန်းဆောင်တာ နားမလည်သေးခြင်း၊ တနည်းအားဖြင့် အတွေ့အကြုံ မရှိသေးခြင်းကိုလည်း Green ဟု သုံးစွဲတတ်ပါသည်။
ဥပမာအားဖြင့်… “John doesn’t understand the restaurant business. He’s still green. He just opened his restaurant two weeks ago. ” ဆိုသည့် ဝါကျကို
“ဂျွန်ဟာ စားသောက်ဆိုင်လုပ်ငန်းအကြောင်း နားမလည်သေးပါဘူး။ သူ့မှာ အတွေ့အကြုံမှ မရှိသေးတာ။ သူ ဆိုင်ဖွင်တာမှ နှစ်ပတ်လောက်ပဲ ရှိသေးတယ်”ဟု ပြန်ဆိုနိုင်ပါသည်။

.
အနီရောင်ကို red ဟု လူတိုင်း သိကြသလို နိုင်ငံရေးလောက၌ အနီရောင်သည် ကွန်မြူနစ်၊ ဆိုရှယ်လစ်ပါတီတို့၏အရောင် ဖြစ်ကြောင်းသိသူများပါသည်။ ထို့ကြောင့် “ Be careful. He’s a red supporter. ” ဟူသည့် ဝါကျကို “ဒီကောင့်ကို သတိထား။ ဒီကောင်ဟာ ကွန်မြူနစ် လိုလားတဲ့သူ၊ထောက်ခံတဲ့သူ”ဟူ၍ ပြန်ဆိုနိုင်ပါသည်။
In the red ဟူသည့် စကားစုလေးကိုမူ သိသူ နည်းပါသည်။ စီးပွါးရေး လုပ်ငန်းများ၌ သုံးတတ်သည့် စကားစုလေးဖြစ်ပါသည်။ စီးပွါးရေးအရ အရှူံးပြနေသည်ဟု အဓိပ္ပာယ် ရှိသည့်အတွက် စီးပွါးရေးလုပ်ငန်းပိုင်ရှင်များ မကြားချင်သည့် စကားစုလေး ဖြစ်ပါသည်။
in the red ၏ ဆန့်ကျင်ဖက်စကားစု in the black ကိုမူ လူတိုင်းလိုလို လိုလားကြပါသည်။ အသားမဲတဲ့ ပတ္တမြားခဲဆိုသည့် မြန်မာစကားလို   Black သည် ဤနေရာ၌ အလွန်တန်ဖိုးရှိသည့် စကားလုံးလေးဖြစ်နေပါသည်။ စီးပွါးရေး လုပ်ငန်းသည် အမြတ်အစွန်းပြနေသည်ဟု အဓိပ္ပာယ်ရှိသဖြင့်  in the black ဟူသော စကားစုလေးသည် စီးပွါးရေး လုပ်ငန်းရှင်များအတွက် အားဆေးတခွက်ပင် ဖြစ်ပါသည်။ ဥပမာအားဖြင့်…
“ Our restaurant is finally in the black after all those years of being in the red. ” ဟူသည့် ဝါကျကို “ ဒို့ စားသောက်ဆိုင်ဟာ နှစ်ပေါင်းများစွာ အရှူံးပေါ်နေရာမှ ဒီနှစ်တော့ အမြတ်အစွန်းပြနေတယ်” ဟု ဘာသာပြန်ဆိုနိုင်ပါသည်။

.
နောက်ဆုံးအနေနှင့် blue ခေါ် အပြာရောင်အကြောင်း အနည်းငယ်တင်ပြလိုပါသည်။ Feeling blue  ဆိုသည့် အသုံးအနှူံးမျိုးကို စိတ်ညစ်သည့်အခါမျိုး၌အသုံးပြုတတ်ပါ သည်။ ဥပမာအားဖြင့် …
“ He ‘ s feeling blue after breaking up with Sandy. ” ဆိုသည့် ဝါကျကို “  Sandy  နဲ့ ကွဲသွားလို့ သူ စိတ်ညစ်နေတယ်” လို့ ဘာသာပြန်ဆိုနိုင်ပါသည်။
ဂီတ ဝါသနာရှင်များ သိကြပါသည်။ အဆွေးသီချင်းများကို Blues ဟုပင် ခေါ်ဆို သုံးစွဲကြပါသည်။ မမျှော်လင့်ဘဲ ၊ မထင်မှတ်ဘဲ ဖြစ်ပေါ်လာသည့် ကိစ္စမျိုးကို out of the blue ဟူ၍ သုံးစွဲနိုင်ပါသည်။ ဥပမာအားဖြင့်….
“ Sally got married out of the blue. ” ဟု ဆိုလျှင် “ဆယ်လီဟာ ရုတ်တရက် ကောက်ခါငင်ကာ လက်ထပ်လိုက်သည်” ဟု ပြန်ဆိုနိုင်ပါသည်။
အပြာရောင်သည် ကောင်းကင်၏အရောင် ဖြစ်သည့်အတွက် လှပသည့်အဓိပ္ပာယ်ရှိသည့် true blue ဆိုသည့် စကားစုလေးဖြင့် နိဂုံးချုပ်ကြရအောင်။
“ He’s a true blue gentleman ” ဟု ဆိုလျှင် “ သူဟာ တကယ့်လူကြီးလူကောင်းတယောက်ဖြစ်တယ်”ဟု ဆိုလိုပါသည်။ true blue မှာ “အမှန်တကယ်” ဟူ၍ အဓိပ္ပာယ် ရပါသည်။

.
အရောင်မျိုးစုံနှင့်ပတ်သက်သည့် စကားစုလေးများကို လေ့လာမှတ်သားပြီး လက်တွေ့အသုံးပြုနိုင်လျှင် အင်္ဂလိပ်စကားပြောဆိုသည့်အခါ၊ ရေးသားသည့်အခါ true blue American တယောက်နှင့် ခွဲခြားမရအောင် ပြောနိုင်၊ရေးနိုင်ပါလိမ့်မည်ဟု အားပေးစကားပြောရင်း နားပါဦးမည်။

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ဇွန်လ ၂၀၁၅ထုတ်တွင်ပုံနှိပ်ဖေါ်ပြထားပါသည်။

8 comments

  • Ma Ma

    May 18, 2015 at 4:55 pm

    ဆရာမျိုးမြင့်ကျော်ရဲ့စာတွေက နားလည်လွယ်ပြီး မှတ်မိစေလို့ သဘောကျတယ်။ 🙂

  • ခင်ဇော်

    May 18, 2015 at 6:00 pm

    Goodbye Papa, please pray for me
    I was the black sheep of the family

    (Seasons In The Sun)

    ~~~~~~~~~~~~~~~

    When I’m feelin’ blue
    All I have to do is take a look at you
    Then I’m not so blue

    (Groovy Kind Of Love)

  • ​ဒေါ် လေး

    May 18, 2015 at 7:51 pm

    အရောင်တွေရဲ့ အခြားအဓိပ္ပာယ် ကို ခုမှသိတယ်

  • padonmar

    May 19, 2015 at 12:04 am

    စီးပွားရေး လောကမှာ တယောက်နဲ့ တယောက် မတိုက်ခိုက်ပဲ အောင်မြင်အောင် လုပ်ရင် Blue ocean
    တိုက်ခိုက်ပြီးမှ အောင်မြင်အောင်လုပ်ရင် Red Ocean လို့ မှတ်ဖူးတယ်။မောင်ဂီတော့ ပိုသိမယ်။

    • kai

      May 19, 2015 at 8:37 am

      http://myanmargazette.net/117782
      မဟာဗျူဟာမြောက် ပြာလဲ့သော သမုဒ္ဒရာ​
      Posted by စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း on Apr 26, 2012 in Business & Economics

      Blue ocean ကိုပဲ အလွယ်လေး ရေးကြည့်ပါဦးမယ် …. ။
      မောင်ဂီ့တယောက် စမ်းချောင်းထဲမယ် .. အထမ်းနဲ့ ..ရွှေရင်အေး လှည့်ရောင်းသတဲ့ …။
      ၁နှစ်၂နှစ် လုပ်စားလာတာ ကိုယ့် ပိတ်သတ်နဲ့ကိုယ် ပုံမှန်လေးရောင်းရ ..ပုံမှန်လေး
      ဝင်ငွေရ ..မဆိုးဘူး ဆိုတဲ့ အနေအထား …။ အဲ့… တိုက်ခန်းတွေ ပိုဆောက်လာကြ လူတွေ
      ပိုပြောင်းလာကြတော့ လူဦးရေတိုးတာနဲ့ အတူ ပိုတောင် ရောင်းကောင်းလာနိုင်မယ့်
      အနေအထားတွေ မြင်ရလေရဲ့ဗျာ…။
      Chances always come along with risks. ခက်တာက … သည်အခွင့်အလမ်းကို
      မောင်ဂီ တယောက်ထဲ မြင်တာ မဟုတ်ဝူးလေ…။ ကြည့်မြင်တိုင်က မုန့်လက်ဆောင်းသည်
      ခပ်ကင်းကင်း ဆိုတဲ့ ဆြာကလည်း မြင်သတဲ့ …။ သူသည်သာ စမ်းချောင်းကြည့်မြင်တိုင်
      မားကတ်ကို လွှမ်းမိုးနိုင်မယ်ဆိုရင် ဆိုတဲ့အတွေး ဆိုပါတော့ …။ သိတဲ့အတိုင်း လမ်း၂ဆလောက်
      ပိုလျောက်လိုက်ရင် (ဝါ) လူငှားတယောက်လောက် ဆွဲခန့်လိုက်ရင် ရောင်းအား ဘယ်လောက်
      တက်လာမယ်..ဘယ်လောက် ပိုကိုက်လာမယ် ဆိုတာ သူမြင်ပါသတဲ့ ….။ အဲ့သည့်မှာပဲ
      ဒန်အိုး၂လုံးနဲ့ ထမ်းပိုးပြေးဝယ်ပြီး သူ့ယောက်ဖ ကိုရင်စည်သူကို စမ်းချောင်းဒေသ အရောင်း
      ကိုယ်စားလှယ်တော် ခန့်အပ်လိုက်ပါတော့တယ်ဗျာ…။

      တချိန်တည်းမှာပဲ … ရခိုင်မုန့်တီသည် အီးတီနဲ့ ရှောက်သီးသုတ် လှည်းဆြာ ပေါက်ဖော်တို့ဟာ
      လူနေထူထပ်တဲ့ ဒီဒေသကို မျက်စိကျကြသတဲ့ …။ ထမ်းပိုး-၃ချောင်းနဲ့ လှည်း၁လှည်း ..
      ဇာတ်လမ်းကတော့စပြီ ….။

      သည်အထိဖြစ်စဉ် ကို သုံးသပ်ရရင် ထိပ်ဆုံး မောင်ဂီ့ တယောက်တည်း ရောင်းနေတုန်းက
      Blue Ocean အေးဆေး … ။ တော်ရုံလေး လုပ်.. ဆက်ဆံရေးလေး သာမာန်လောက်ကောင်းရုံ..။
      စာစကားနဲ့ ရေးပါဆို အောင်မှတ်ရယုံလောက်နဲ့ အိုခေတယ်ပေါ့ဗျာ … အဲ့…Growing market
      မို့ လို့ ပိတ်သတ်တွေနဲ့အတူ ပြိုင်ဖက်တွေပါ ပေါများလာတဲ့အခါ… ဒန်တန့်တန် …..။

      =

      ပြိုင်ဆိုင်မှုပြင်းထန်တာ ကောင်းပါတယ်… ယှဉ်ပြိုင်ရင်း ကြိုးစားရင်း ပိုကောင်းတဲ့ မနက်ဖြန်ကို သွားတယ်ပဲ မြင်ပါတယ်…
      ပြိုင်ဘက် ဆိုတာ ပြိုင်ဖို့ ဖက်ထားကြတဲ့ သူငယ်ချင်းကောင်းလို့ မြင်ကြည့်ရင် ပိုလှမလားပဲ …ပြိုင်ဘက်ကို သတ်ရင်
      ကိုယ်ပါ သေတတ်ပါတယ်…။ တခါက လူတိုင်းမသုံးတဲ့ ..ဆေးဝါးဆန်တဲ့ ..အလှကုန်အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်…
      သူတို့ဟာသူတို့ သုံးတဲ့လူကလည်းနည်း ထုတ်တဲ့လူကလည်း အေးဆေး ..ကိုယ့်ရှယ်ယာလေးကိုယ် စားပြီးနေနေတာ..
      သည်ထဲကတယောက် လောဘတက် ပြီးသကာလ ပလိန်းကြီး Red Ocean ထပြောင်း ပြိုင်ဘက်တွေ လိုက်သတ်….
      သေသွားတဲ့ ပြိုင်ဘက်တွေက သူတို့ ရှယ်ယာတွေကို အလှကုန်ထုတ် လုပ်ငန်းကြီးတွေကို ပြန်ရောင်းစားပြီး
      အထုပ်ပိုက်ထွက်သွားကြ….။ ဈေးကွက် တခုလုံးအနေနဲ့ မကြီးပေမယ့် dorminent လုပ်ထားနိုင်ရင် စားရတယ်
      ဆိုတာ မြင်လာတဲ့ big players တွေဟာ နောက်ဆုံးမှာ အဆိုပါ ခပ်စွာစွာ Red Ocean ဆြာသမားကို ပြန်သတ်ပြီး …
      သူတို့ ပိုင်တဲ့ ကွင်း လုပ်ပစ်သွားတဲ့ …သာဓကလေး ဖတ်ဖူး နာဖူးပါရဲ့….။

      ကျနော့် ခံယူချက်ကတော့ လောကမှာ Blue Ocean ဆိုတာ မရှိပါဘူး(ရှိလည်းခနပေါ့) ..နေရာတိုင်းဟာ Red Ocean ပါ…
      နောက်ပိုင်း Purple Ocean ဘာညာ ..အယူအဆသစ်တွေ ထွက်လာပေမယ့် … အရိုးဆုံးဟာ အဆန်းဆုံးဖြစ်တတ်လို့…
      Strategy, Framwork, Road Map, Cycle, ဒါတွေထက်စာရင်.. မိမိ ကိုယ့်ကိုကိုယ် ပဲ ကောင်းအောင်ကြိုး ခြင်းကသာ ..
      မပြောင်းလဲတဲ့ အမှန်တရား ဖြစ်မယ် ထင်ပါကြောင်း…

      =============
      http://myanmargazette.net/82734

      ဒါဆို Economic Growthမှာရော…???

      ဟုတ်ကဲ့…ပြောင်းပြန်ပါခင်ဗျာ….foreign investment ကိုစွန့်စား ရင်းနှီးမြှုပ်နှံကြတဲ့ organizationတွေလည်းရှိသလို

      local businessကို focus လုပ်တဲ့သူတွေကပိုများတတ်ပါတယ် …

      ဝယ်လိုအားတက်လာတာနဲ့အတူ local competition ကလည်း red ocean strategy ဖြစ်လာပါတော့တယ်

  • Alinsett @ Maung Thura

    May 19, 2015 at 6:09 am

    .ကောင်းပါလေ့
    ဒါလေးတွေ စုစည်းပြီး စာအုပ်ထုတ်ဖြစ်ရင် အမှတ်တရဖြစ်အောင်
    ဝယ် သိမ်းပါအုန်းမယ်

Leave a Reply