ဝန်ကြီး ဦးဉာဏ်ဝင်း မျက်မှန်များ အခမဲ့ပြုလုပ်ပေးနေ

politicalviewAugust 23, 20101min510

နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဇနီးတို့က ဦးစီးပြီး ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ် အတွင်းရှိ ဒေသခံများကို မျက်စိ စမ်းသပ်မှုနှင့် မျက်မှန်များကို ယမန်နေ့မှ စတင်ပြီး သုံးရက်တိုင်တိုင် အခမဲ့ပြုလုပ် ပေးနေကြောင်း သတင်းရရှိသည်။ ဇီးကုန်းမြို့ခံတဦးက“ဒီနေ့မနက်လည်း လူတွေအများကြီးလာတယ်၊ ဆူညံနေတာပဲ၊ ဒီဂရီစစ်ပြီးတော့ ပြန်လွှတ်လိုက်တယ်၊ မျက် မှန်လာယူရမယ့် ရက်ပဲ ရေးပေးလိုက်တယ်”ဟု ပြောပြသည်။မျက်စိစစ်ဆေးမှုမှာ စနစ်တကျ စစ်ဆေးခြင်းမဟုတ်ဘဲ၊ သတင်းစာ ဖတ်စေခြင်းဖြင့် အနီးမှုန်၊ အဝေးမှုန်ဟု ခွဲခြားခြင်း ဖြစ်ကြောင်း၊ ခွဲစိတ်ကုသရမည့် လူနာများကိုမူ တာဝန်ယူခြင်းမရှိကြောင်း သိရသည်။ယမန်နေ့ကမူ မျက်မှန်အလက်ပေါင်း ၅၄ လက်ကို ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ(USDP) နှင့် နီးစပ်သူများကို ထုတ် ပေးပြီး ကျန်ရှိနေသည့် သူများကို လာမည့် ၂၅ရက်နေ့တွင် လာရောက် ထုတ်ယူရန် ချိန်းဆိုသည်ဟု မျက်စိသွားရောက်ပြသသည့် မြို့ခံက ဆက်ပြောသည်။

ထိုသို့မျက်စိစမ်းသပ်မှုကို ပြည်-ရန်ကုန်ကားလမ်း နံဘေးရှိ ဇီးကုန်းမြို့ဘိုးဘွားရိပ်သာတွင် ပြုလုပ်ခြင်းဖြစ်ပြီး မနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီ အထိ စမ်းသပ်ပေးသည်ဟု သိရသည်။ မျက်မှန်တလက်၏ တန်ဖိုးမှာ ၅၀ဝ ကျပ်ခန့် ရှိပြီး ပါဝါ ဒီဂရီ အသင့်ပြုလုပ်ထားသည့် မျက်မှန်များဖြစ်သည်ဟု ဒေသခံများ က ဆို သည်။ယမန်နေ့က လာရောက်ပြသသည့် ဒေသခံ မျက်စိဝေဒနာရှင်များကို ဝန်ကြီး ဦးဉာဏ်ဝင်းက ယခုကဲ့သို့ စစ်ဆေး ကုသပေးခြင်းမှာ ရန်ကုန်မြို့ရှိ ကုမ္ပဏီတခုက စေတနာဖြင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ မိမိတာဝန်မှာ ၎င်းတို့ကို ပံ့ပိုး ကူညီရုံသာ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။ ထိုသို့ ကူညီသည့် ကုမ္ပဏီမှာ မည်သည့်ကုမ္ပဏီ ဖြစ်သည်ကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိပေ။ဦးဉာဏ်ဝင်းနှင့် ၎င်း၏ ဇနီးမှာ ယမန်နေ့ကပင် ဇီးကုန်းမြို့မှ ရန်ကုန်မြို့သို့ ပြန်သွားကြောင်း သိရသည်။

တခြားဇီးကုန်းမြို့ခံတဦးကမူ ဦးဉာဏ်ဝင်းသည် ၎င်းဇာတိဖြစ်သည့် ဇီးကုန်းမြို့နယ်မှ လာမည့်ရွေးကောက်ပွဲကို ဝင်ရောက် အရွေး ခံမည် ဖြစ်သောကြောင့် ဤနည်းဖြင့် မဲဆွယ်စည်းရုံးခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ဦးဉာဏ်ဝင်းသည် ဇီးကုန်းမြို့အနောက်ဘက် တမိုင်ခန့်ကွာဝေးသည့် ကံညီကို ရွာသား တဦးဖြစ်ပြီး ၎င်း၏ ဇနီး ဒေါ်မြင့်မြင့်စိုး မှာ လည်း ဇီးကုန်း မြို့ အမှတ် ၅ ရပ်ကွက် ဇာတိဖြစ်ကြောင်း သိရသည်။အစိုးရ ဝန်ကြီးများ အနေဖြင့် လက်ရှိ ရာထူးတာဝန်များကြောင့် မဲဆွယ်စည်းရုံးမှုများကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နိုင်ခြင်း မရှိဘဲ ယခုကဲ့သို့ ဒေသခံပြည်သူများကို ငွေကြေးဖြင့်လည်းကောင်း၊ လမ်းတံတားများ တည်ဆောက်ပေးခြင်းဖြင့် လည်းကောင်း ကျန်းမာရေး ကုသပေးခြင်းဖြင့်လည်းကောင်း မဲဆွယ် စည်းရုံးလှုပ်ရှားမှု ပြုလုပ်နေကြသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။

ရွေးကောက်ပွဲမတိုင် အကြိုစည်းရုံးမှုများ လုပ်ဆောင်ရန်အတွက် အစိုးရ ဝန်ကြီးတဖွဲ့လုံး မကြာမီ နုတ်ထွက်မည်ဆိုသည့် သတင်း များလည်း ထွက်ပေါ်နေသည်။
ပြီးခဲ့ ရက်ပိုင်းကလည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး၊ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဝန်ကြီး အဖွဲ့ဝင်များ နေပြည်တော်တွင် အစည်းအဝေးပြုလုပ်ကြသည်ဟု နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအဝန်းကပြောသည်။၎င်းအစည်းအဝေးကို အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့၏ (၂/၂၀၁၀) ညှိနှိုင်းအစည်းအဝေးဟု ခေါင်းစဉ်တပ်ပြီး အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။