ဘာမှ မဟုတ်ပါဘူး…… ညက မက်တဲ့ အိပ်မက်လေး

မှတ်မှတ်ရ ရ ဖြစ်နေလို့…

———————————————————–

`ဆု ဦး အောင်´

`ဆု ဦး အောင်´

ကျမနာမည် ခေါ်နေသံကြားလိုက်လို့ ကျမ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်……။

ကျမရောက်နေတဲ့ နေရာက တောအုပ်တစ်ခုထဲမှာ…… ။ ပန်းတွေကလဲ ပွင့်လို့… ငှက်သံလေးတွေကိုလဲ ကြားနေရတယ်။

`ဆု ဦး အောင်´

`ဆု ဦး အောင်´

ထပ်ခေါ်ပြန်ပြီ။ ကျမ သေချာအောင် ဘေးပတ်ဝန်းကျင်ကို တစ်ခုချင်း စေ့စေ့စပ်စပ် လိုက်ကြည့်တယ်။

ဟင်!!!

တွေ့ပါပြီ… ။ သစ်ပင်ကြီးကြီးတစ်ပင်ရဲ့အနောက်မှာ မျက်နှာ ပေါ်ရုံ ခေါင်းစွပ်အမည်းကြီးခြုံထားတဲ့ အဖွားကြီးတစ်ယောက်…… (Snow White ထဲက မင်းသမီးကို ပန်းသီးကျွေးတဲ့ စုန်းမကြီးလို ပုံစံမျိုးနဲ့……)။ သူမက အပင်ကြီးတစ်ပင်နဲ့ကွယ်နေတော့ ကျမ သူမကို တော်ရုံမမြင်နိုင်ခဲ့ဘူး……။

သူမပုံစံကိုကြည့်ပြီးတော့ ကျမ လန့်သွားတယ်…

အခြေအနေကြည့်ရတာ ကိုယ့်ဘက်ကောင်းလာနိုင်ဖို့ မရှိတဲ့ပုံစံလေ…။ အာလာဒင်ထဲက မီးခွက်စောင့်ဘီလူးကမှ ရုပ်ကြီးဆိုးပေမယ့် သူ့မြင်ရတာ ဟိုဟာဒီဟာ တောင်းလို့ရနိုင်သေးတယ်… ။

စိတ်ထဲမှာ ငါတော့ ပတ်တနာတက်ပြီဟ လို့ တွေးလိုက်မိသေးးး ထွက်ပြေးချင်စိတ်တော့ မပေါ်လာဘူး…

သူမက တောင်ဝှေးကြီးကို တဒေါက်ဒေါက်နဲ့ အသံမြည်အောင်ခေါက်ရင်း ကျမနား လျှောက်လာတယ်…။

ပါးရည်နားရည်တွေ တွန့်ပြီး အရစ်ရစ်ထနေတဲ့ သူမ မျက်လုံးအစုံနဲ့ ကျမကိုကြည့်ရင်း လေသံဩဩကြီးနဲ့ တစ်ခွန်း ပြောတယ်… ။

နင် ငါ့ကို တစ်ခုကူညီရမယ်…… တဲ့

မျက်နှာပေးနဲ့ လေသံကတော့ ခပ်မာမာပဲ။ ကျမတောင် အကူအညီတောင်းတာ သူမလား ကျမလားဆိုတာတောင် ဇဝေဇဝါ ဖြစ်သွားလောက်တယ်……

အစကတော့ ကြောက်စိတ်တစ်ဝက်ပေမယ့် သူမပုံစံကို ခပ်ချဉ်ချဉ်ရှိတာနဲ့ ဘာအကူအညီလာတောင်းတောင်း ဘူးခံငြင်းပစ်လိုက်ဦးမယ် လို့ ဂျစ်ချင်စိတ် ပေါက်လာသေးတယ်။ နောက်မှ သူမမျက်လုံးထဲက တချို့အရိပ်တွေကြောင့် ကျမ သူမကို သနားစိတ်ဝင်သွားတယ်…။

ကျမက ပြောပါဆိုတဲ့ပုံစံနဲ့ လှမ်းကြည့်လိုက်တော့ သူမက ဆက်ပြောတယ်…

ငါက ဒီတောထဲမှာနေတဲ့ စုန်းမတစ်ယောက် ပဲ။ ငါ့ကလေး ငါ့ဆီကပျောက်သွားတယ်…။ ငါက ဒီတောထဲကလွဲပြီး ဘယ်မှထွက်ခွင့်မရှိဘူး……။ အဲ့ဒါ နင် ငါ့ကို ငါ့ကလေး ပြန်ရှာပေးရမယ်…

ဪ… ကလေး ပျောက်သွားတာကိုးးးး

အင်းလေ… ဒါဆိုရင်တော့လဲ ကျမ ကူညီသင့်တာပေါ့…

အဲ့ဒီစုန်းမကြီးကပဲ မှော်ဖန်လုံးပေါ်မှာ သူမ သမီးရဲ့ပုံကို ပြတယ်…

ကောင်မလေးက ချစ်စရာလေးပါ… ။ အသက် ၂ဝကျော်ရုံအရွယ်လေးနဲ့ ဂါဝန်အဖြူလေး ဝတ်ထားတယ်။ ဆံပင်တွေက အပေါ်ပိုင်းမှာ ဖြောင့်စင်းပြီး အောက်ဘက်ဆံပင်ကောက်လေးတွေက ကျောအောက်လောက်ထိ ရှည်တယ်… ။ အင်းလေ… သူလဲ ချစ်ရှာမှာပေါ့…

(ဒီစုန်းမ ဘယ်လိုလူမျိုးကယူလို့ ဘယ်အရွယ်မှာ အိမ်ထောင်ကျပြီး ဘယ်ချိန် ကိုယ်ဝန်ရှိတယ်ဆိုတာကိုတော့ အိပ်မက်ထဲမှာမို့ မမေးခဲ့ရဘူး…)

ကျမလဲ ကူညီပါ့မယ်လို့ ကတိပေးပြီး အဲ့ဒီတောထဲက ထွက်လာခဲ့တယ်…။ ဒါတောင် ကျမ မထွက်လာခင် အဲ့ဒီစုန်းမကြီးက နင်ရှာမပေးရင် နင့်ကို ငါ ဘာလုပ်ပလိုက်မယ် ညာလုပ်ပလိုက်မယ်နဲ့ ကျိန်ဆဲ အော်ဟစ်နေသေးတာ

ထားပါတော့လေ… သူလဲ သူမအပူနဲ့ သူမပဲ။

ကျမလဲ စိတ်ပါလက်ပါနဲ့ အားရင်အားသလို သူ့ကလေးကို ရှာပါတယ်…။ ဟိုဟိုဒီဒီတွေသွားပြီးလဲ ကောင်မလေးကို လိုက်ရှာတယ်… တွေ့သမျှ ဟိုလူဒီလူတွေကိုလဲ မေးတာပဲ။ ပုံတူဆွဲခိုင်းပြီး သတင်းစာထဲ ထည့်ရကောင်းမလားတောင် ကြံနေသေးတယ်…

ဒါပေမယ့် အချိန်တွေသာ ကုန်လာတယ်… ရှာလို့ မတွေ့ခဲ့ဘူး…

တစ်ရက်…

ကျမ တစ်ပြန့်တစ်ပြောကျယ်ပြန့်တဲ့ မြက်ခင်းစိမ်းစိမ်းလွင်ပြင်တစ်ခုကို ဖြတ်သွားတဲ့အချိန်မှာပဲ……

အဲ့ဒီ စုန်းမကြီးရဲ့အသံကို နောက်ထပ်တစ်ခေါက် ထပ်ကြားရပြန်တယ်…

နင် ပြောတော့ ငါ့သမီးကို ရှာပေးမယ် ဆို… ။ ဘာလို့ ခုချိန်ထိ ငါ့သမီးကို မတွေ့ရသေးတာလဲ… ။ နင် ရှာပေးမယ် ပြောပြီး ငါ့ကို လိမ်တယ်။ ငါ နင့်ကို မယုံတော့ဘူး။ ခုချိန်က စပြီး နင် ဘယ်သွားသွား နင်နဲ့အတူ ငါ ပါလာတော့မယ် တဲ့… ။

အသံသာ ကြားနေရတယ်။ လူကိုတော့ မတွေ့ရဘူး… ။ ပတ်ဝန်းကျင်မှာလဲ သူပုန်းစရာ ကွယ်စရာ နေရာရယ်လို့ မရှိဘူး။ မြက်ခင်းစိမ်းတွေချည်း……

ဟင်!!! ရှင်က အခုဘယ်မှာလဲ… လို့ ကျမ မေးလိုက်တော့…

နင်မြက်ပင်တွေကို ကိုင်ဆော့လာခဲ့တဲ့ နင့်လက်ကို ကြည့်လိုက်လေ တဲ့

ကျမ အလန့်တကြား ငုံ့ကြည့်လိုက်တော့…

လားးလားးးး

အဲ့ဒီ စုန်းမကြီးပေါ့ ကျွတ်တစ်ကောင်ပုံစံနဲ့ ကျမရဲ့ ညာဘက် လက်ဖမိုးပေါ်မှာ…  သွေးတောင် စုပ်နေလိုက်သေးတယ်…

ကျမ အရမ်းလန့်သွားတယ်…။ ဒေါသလဲ ထွက်သွားတယ်…။ ဒင်းက ခပ်အေးအေးတောင် ကျမကိုယ်မှာ ကပ်နေတာ မဟုတ်ဘူး…။ သွေးတောင် ဟန်ကျပန်ကျ စုပ်နေလိုက်သေးတာ…

ကျမ သူ့ကို အားကုန်ခါထုတ်တယ်…

ကျမ ခန္ဓာကိုယ်ပေါ်ကို ကျွတ်တစ်ကောင်ရောက်နေတယ်ဆိုတဲ့အသိက ကျမကို ဘာမှ မမြင်စေတော့ဘူး…။ သူ့အစွမ်းနဲ့သူ ကျမကို ပြုစားရုံမကလို့ ကြိုက်တာသာလုပ်တော့……

`မွေ့ ရေ ´

`မွေ့ ရေ´

ကျမ အသံကုန် အာခေါင်ခြစ် အော်တယ်

( မွေ့က ကျမတို့အိမ်မှာ ကျွတ်ကို ဒိုင်ခံ ဆားပုံပြီး နှိမ်နင်းသူကြီးပါ။ ကျမတော့ မြင်တောင် ဆားမပုံဖြစ်။ သူရို့ကိုယ်အေးစက်စက်တွေ ဆားပုံလိုက်ရင် တွန့်လိမ်လိမ်နဲ့ ဝေဒနာခံစားရမှာ သနားလို့။ မြင်ရင် မွေ့ကိုသာ သတင်းပေးလိုက်တာ ရှိတာ :k: ) ထားတော့

ဟိုစုန်းမကြီးလဲ ကျမအသံကြောင့် သွေးစုပ်ရက်တန်းလန်းနဲ့ ကျမကို မလုပ်ပါနဲ့ဆိုတဲ့ပုံစံနဲ့ သနားစဖွယ် မော့ကြည့်တယ်။ သူ့ ကျွတ်ခေါင်းလေးလဲ တခါခါနဲ့… ။ မလုပ်ပါနဲ့ ပေါ့……

မသိတော့ဘူး။ ကျမလဲ ဘာမှကို မမြင်တော့တာ

အသံကုန် အာခေါင်ခြစ်ပြီး မွေ့ကိုပဲ အော်ခေါ်နေတယ်…

ကျမ အဲ့လိုအော်ခေါ်တဲ့အသံထွက်ရင်းနဲ့ပဲ လန့်နိုးလာတာ…

(ကျမ ဒီလို အလန့်တကြားနဲ့နိုးလာတာ ဒါပါနဲ့ဆို ၂ခါမြောက်ပဲ…) ထားပါတော့လေ…

နိုးလာတော့ ကျမမှာ တော်တော်လေးကို မောဟိုက်လို့…

မောနေရင်းကြားကပဲ ကိုယ့်အဖြစ်ကိုယ်ပြန်တွေးမိပြီး အသံထွက်အောင်တောင် အော်ရီမိလိုက်သေးတယ်

ဪ… ငါ့နှယ်…

စုန်းမထက်တောင်မှ ကျွတ်ကို ကြောက်ရတာများလို့…

 

 

ကောင်းကင်ပြာ

၂၄. ၅. ၂၀၁၅

 

(Cinderella ကားကြည့်ပြီး ကျွတ်စိတ္တဇနဲ့ အိပ်သွားတဲ့အကျိုးဆက်လေ…) :)

 

 

 

About Kaung Kin Pyar

Kaung Kin Pyar has written 49 post in this Website..