အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်မယ့် ဝက်ဘ်ဆိုက်

petitelapineAugust 23, 20101min580

မြန်မာပြည်အနှံ ပြေးဆွဲလျက်ရှိသော အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုကို ယခုလ ၂ဝ ရက်တွင် စတင်လွှင့်တင်မည် ဖြစ်ကြောင်း ထိုဝက်ဘ်ဆိုက်ကို စီမံခန့်ခွဲသည့် Vertex Vacation ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ www.easyticket.asia လိပ်စာဖြင့် လွှင့်တင်မည် ဖြစ်သော အဆိုပါ ဝက်ဘ်ဆိုက်ကို အဝေးပြေးယာဉ်လိုင်း ၂ဝ ကျော်နှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း သိရသည်။ ကုမ္ပဏီတာဝန်ရှိသူ ဒေါ်မေသူက “စတင်ခါစမှာတော့ အွန်လိုင်းမှာ ကိုယ်တိုင်ဝယ်လို့ မရသေးဘူး။ ကုမ္ပဏီနဲ့ ဆက်သွယ်ထားတဲ့ အင်တာနက်ဆိုင်တွေမှာပဲ ဝယ်ယူလို့ရမယ်။ Easyticket Logo ရှိတဲ့ အင်တာနက်ဆိုင်တွေမှာ ကိုယ်သွားချင်တဲ့ မြို့ကိုပြောပြီး လက်မှတ်ဖြတ်ရမယ့် သဘောပါ။ နောက်ဆိုရင်တော့ ကြိုတင်ငွေပေးကတ်တွေနဲ့ ကိုယ်တိုင်ဝယ်လို့ ရအောင် စီစဉ်သွားပါမယ်” ဟုပြောသည်။ လက်ရှိ အစီအစဉ်အရ ထိုဝန်ဆောင်မှုကို ဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်တိုင်းရှိ မြို့နယ်အနှံ့တွင် အင်တာနက်ဆိုင် အရေအတွက် ၅ဝ ကျော်နှင့် ချိတ်ဆက် ဆောင်ရွက် ထားမည် ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုအတွက် ပုံမှန်လက်မှတ်တန်ဖိုးအပြင် ဝန်ဆောင်ခကျပ် ၂၀ဝ ကိုပေးဆောင်ရန် အတွက် ယာယီ သတ်မှတ်ထားသည်။ “ယာဉ်ထွက်ခွာချိန်တွေထက် ၃ နာရီစောပြီး ထိုင်ခုံ နေရာလွတ်တွေကို အွန်လိုင်းမှာ ကြည့်နိုင်အောင် ဆောင်ရွက်ထားပါတယ်။ ဒါကတော့ Easyticket အစီအစဉ်နဲ့ ပူးပေါင်း ထားတဲ့ ထိုင်ခုံတွေဖြစ်မှာပါ”ဟု ၎င်းကဆိုသည်။ လက်မှတ် ဝယ်ယူနိုင်သော အင်တာနက်ဆိုင်များကို နောက်ပိုင်းတွင် ရန်ကုန်မြို့တွင်သာမက အခြားသောမြို့များတွင်လည်း တိုးချဲ့ရန် စီစဉ်လျက်ရှိပြီး အွန်လိုင်းမှတစ်ဆင့် ကိုယ်တိုင်လက်မှတ် ဝယ်ယူနိုင်မည့် ကြိုတင် ငွေပေးကတ်များကိုလည်း ထုတ်ဝေရန် ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁ဝ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြ ထားပါသည်။