.ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ဆိုတာ ပါရမီပါမှ ဖြစ်တယ်။
.ဒီစကား ကြားခဲ့ဖူးတာ ကြာလှပါပြီ။
—-
.ကလေးတစ်ယောက်ကို ပုံမှန်အတိုင်း အတန်းပညာ မှန်မှန်သင်ပေးသွားရင် သူ့အတန်းအလိုက် သီဝရီတွေ၊ လောတွေ၊ ဥပမာ F=ma ကစလို့ အာကာသထဲမှာ ဘလက်ဟိုးကြီးတွေ ရှိတဲ့အကြောင်းထိ သူလက်သင့်ခံသွားမှာပဲ။ ဘာလို့ဆို အမှန်တရားတွေ ဖြစ်နေတဲ့အတွက်ကြောင့်။

.ဒါပေမယ့် ကမ္ဘာကြီးကို ဖန်ဆင်းထားတာ ဘုရားသခင်လို့ သင်ကြားတော့မယ်ဆိုရင် ဒါက အမှန်တရားမဟုတ်တော့ ဘာမှ မသိနားမလည်တဲ့အရွယ်ကစပြီး ဘရိန်းဝပ်လုပ်ရတယ်။ ဘုရားကို ကြည်ညို သဒ္ဓါစိတ်ဝင်အောင် ငယ်ကတည်းက ဘာသာသွေးကို မွေးမြူ ရတယ်။

.အစ္စလာမ်မှာ ဆိုရင်လည်း အလာဟ်ကို ယုံဖို့ ကလေးတွေကို ငယ်ကတည်းက ကိုရန်ကျမ်း သင်ပေးရတယ်။

.ကမ္ဘာကြီး ဒီလောက် ဒုက္ခရောက်နေတာတောင် ဘယ်ဘုရားမှ ဆင်းမလာပါဘူးဆိုမှ အဲဒါ ဘုရားမရှိလို့ပေါ့။ အဲဒီလို မဟုတ်တာကို သင်ရတာမို့ ငယ်ကတည်းက ဘရိန်းဝပ်လုပ်ရတယ်။
.တကယ်လို့ ဘုရား ရှိခဲ့ရင်တောင် လူတွေကို တစ်ခါမှ ကိုယ်ယောင်မပြဘဲ နှစ်ပေါင်းများစွာ ဘ၀ပေါင်းများစွာကို စတေးပြီး လှည့်စားနိုင်လွန်းလို့ အဲဒီ ဘုရား အပြစ်ရှိတယ်။
—–
.ဗုဒ္ဓဘာသာကျတော့ တစ်မျိုး။ သူက နဂိုကတည်းက ဘုရား မရှိဝါဒ။ သူ့ရဲ့ တရားအဆီအနှစ်က အရှိတရား အမှန်တရားဖြစ်နေတယ်။ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ။ ဒီတော့ အရှိတရား အမှန်တရားလို့ သိပ်သေချာရင် ကလေးတွေကို ငယ်ကတည်းက ဘရိန်းဝပ်လုပ်စရာ မလိုပါဘူး။ သစ္စာတရား အမှန်တရားတွေ မို့လို့ အချိန်တန်ရင် သူတို့ လက်သင့်ခံသွားမှာပဲ။
. F=ma တို့ ဘလက်ဟိုး တို့ကိုတောင် လက်သင့်ခံနိုင်ရင် ဒီလောက်ရှင်းလင်းတဲ့ သစ္စာတရားကို လက်သင့်ခံသွားမှာပဲ။
.ပြီးတော့လည်း ပါရမီ ပါမှ ဗုဒ္ဓဘာသာဖြစ်တယ် လို့ ဆိုထားမှတော့ စကားနဲ့ညီအောင် ဘာမှ အတင်းကြီး လုပ်ယူစရာ မလိုပါဘူး။ ပါရမီ ပါရင် သူ့ဟာသူ ဖြစ်လာမှာပဲ။

About ၀င့်ပြုံးမြင့်

wintpyone myint has written 58 post in this Website..

IN LOVE I TRUST.