computer window နှင့်တူသောမိန်းမများ

etoneAugust 23, 20101min430

window နှင့်တူသောမိန်းမများ

(၁)

Window နှင့်တူသော မိန်းမများ – တစ်ချို့မိန်းမတွေဟာ ဒီလောက်ကြီး

ကိုယ်ပိုင် အတွေးအမြင်တွေနဲ့ နေတတ်တာမျိုးတော့ မဟုတ်ဘူး၊ ဒါပေမယ့် . . .

ပတ်ဝန်းကျင် နဲ့တော့ အံ့ဩစရာ ကောင်းလောက်အောင် ပနံသင့် နေတတ်ကြတယ်။

ဟိုနေရာလည်း သူပါလို့ ရတယ်၊ ဒီနေရာလည်း သူပါလို့ ရတယ်။ အများကလည်း

သူ့တို့ကိုတော်တယ်၊ တတ်တယ်လို့ မြင်နေတတ်တယ်။ နေရာတကာ ပါတတ်တဲ့သူတို့ရဲ့

စရိုက်ကြောင့် မျက်မုန်းကျိုး ခံရပြီး ရန်သူတွေလည်း အများအပြား

ရှိနေတတ်သူတွေပဲ။

(၁/က) Window 98 နှင့်တူသော မိန်းမများ – အရင်တုန်းကတော့

ယောကျာ်လေးအတော်များများက အထူအဆန်း နတ်မိမယ်လေးတွေလို့ အံ့ဩတကြီး

စိတ်ဝင်စားခဲ့ကြဖူးပါတယ်၊ နောက်ပိုင်းမှာ သူတို့ကို ပိုင်ဆိုင်ခွင့်ရလို့

ခေါင်းတမော့မော့ လည်တဆံ့ဆံ့ ဖြစ်ခဲ့တဲ့ သူတွေကိုယ်တိုင်ကတောင် နောက်ပေါက်

အသစ်ကလေးတွေ ကို ကြည့်ပြီး သူတို့ကို လွင့်ပစ်ချင်စိတ်ပေါက်နေတာကို

ခံနေရတဲ့ မိန်းမတွေပါ။ တရားစခန်း ရောက်တဲ့ သူရောက်၊ ဘိုးဘွားရိပ်သာထဲ

သွားဖို့ပြင်တဲ့သူပြင် ဖြစ်နေတဲ့ မိန်းမတွေလည်း ဖြစ်ပါတယ်။

(၁/ခ) Window XP နှင့်တူသော မိန်းမများ – Window နဲ့တူတဲ့

မိန်းမတွေထဲကမှ Window XP နဲ့ တူတဲ့ မိန်းမတွေက ပတ်ဝန်းကျင်နဲ့ ပိုပြီး

အဆင်ပြေတယ်၊ ဒါပေမယ့် သူတို့မှာ ချွတ်ယွင်းချက်တွေ အများကြီး

ရှိနေတာများတယ်။ အဲဒီအမှားတွေ အားလုံးကိုလည်း အကြောင်းပြချက် မျိုးစုံနဲ့

ဖုံးကွယ်ထားလေ့ ရှိတယ်။ သူတိုရဲ့ အားသာချက်က နေရာတကာ သိနေ တတ်နေတာလေးပဲ။

ကောင်းကောင်းသိပြီး ကျွမ်းကျွမ်းကျင်ကျင် တတ်နေတာမျိုးတော့လည်း မဟုတ်ဘူး။

ဟုတ်တာ မဟုတ်တာ အပထား . . . ၊ လူအတော်များများနဲ့ အသားကျ

အဆင်ပြေနေကြတာကြောင့် သူတို့ဟာ လူတွင်ကျယ်မလေးတွေ ဖြစ်ကြပါတယ်။ ခေတ်နဲ့လည်း

သိပ်အဆက်မပြတ်လေတော့ နောက်ပေါက်တွေလောက် လန်ပျံ နေအောင် မဝတ်နိုင်ပေပမယ့်

နည်းနည်းပါးပါးတော့ ခေတ်မှီအောင် ဝတ်တတ်စားတတ်တဲ့ သူတွေပါ။

(၁/ဂ) Window Vista နှင့်တူသော မိန်းမများ – သူတို့ကို ကြည့်ရတာ

အရမ်းမိုက်တယ်၊ ခေတ်စကားနဲ့ ပြောရရင် အရမ်းလန်းတယ် ပေါ့ဗျာ။ ဒါပေမယ့်

သူတို့ကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ သူတောင်းဆိုထားချက် တွေထက်ကို

ခင်ဗျားမှာ ပိုပြီး ပြည့်စုံနေဖို့ လိုလိမ့်မယ်။ သူတို့ရဲ့လိုအပ်ချက်တွေကို

ပြည့်စုံအောင် ဖြည့်စည်းရင်းနဲ့ပဲ ခင်ဗျားမှာ ရှိသမျှလေးတွေ

ကုန်သွားနိုင်မယ် ဆိုရင်တော့ သူတို့ကို အလှသာ ထိုင် ကြည့် ဖို့ စဉ်းစားပါ။

တကယ်လို့ ခင်ဗျားဟာ ပြည့်စုံ ကြွယ်ဝသူ တစ်ယောက်မို့ သူတို့ကို

ပိုင်ဆိုင်ဖို့ သိပ်ဝန်လေးစရာ မလိုဘူးဆိုရင်တောင် ခင်ဗျားဘဝအတွက် သူတို့ဟာ

အဖော်မွန်ကောင်းတွေ ဖြစ်ချင်မှ ဖြစ်လာဦးမှာပါ။ ကိန်းကြီးခမ်းကြီး

နိုင်လွန်းတဲ့ သူတို့ရဲ့စရိုက်ကို လက်ခံနိုင်တဲ့ ပတ်ဝန်းကျင်ကို ရှာပေးရ

ပါဦးမယ်။

သူများတွေ “ဒီအရပ်နဲ့ ဒီဇတ်” အဆင်ပြေပြေ ကနေချိန်မှာ ခင်ဗျားဟာ

ဖောင်စီးရင်းရေငတ် နေရပါဦးမယ်။ နောက်ထပ် စိတ်မကောင်းစရာ သတင်းတစ်ခုက

ခင်ဗျားအခုတွဲနေတဲ့ အမိုက်စားလေး ထက် ပိုပြီးလန်းမယ့် သူလေးတွေ

လာဦးမယ်ဆိုလားပဲ . . . . ကဲ . . . အဲဒီအခါကျရင် ခင်ဗျားရဲ့

အမိုက်စားလေးကို ဘယ်သွားထားရပါလိမ့် ?

(၁/ဃ) Window 7 နှင့်တူသော မိန်းမများ – သူတို့ဟာ ဘယ်ဆီမှာ မှန်းတော့

သေချာ မသိရသေးဘူး၊ နောက် . . . သူတို့ဟာ ဘာတွေ ပိုတော်တယ်၊ ဘာတွေ

ပိုကျွမ်းကျင်တယ် ဆိုတာလည်း ဘယ်သူမှ တိတိကျကျ မသိရသေးဘူး။ အားလုံးက

သူတို့ဟာ အပြည့်စုံဆုံး အမျိုးသမီးကောင်းလေးတွေ လို့ ယူဆ

မျှော်လင့်နေကြတယ်။ အောင်သွယ်တော် ပွဲစားကြီး ဘီလ်ဂိတ် ကလည်း သူ ဒီတစ်ခါ

မိတ်ဆက်ပေးမယ့် မိန်းကလေးဟာ မိန်းမအားလုံးရဲ့ အပြည့်ဝဆုံး

နောက်ဆုံးမျိုးဆက် ဆိုလားပဲ။ ခက်တာက သူ့စကား ကိုလည်း ယုံရခက်ခက်ရယ်၊

သူနောက်ဆုံး မိတ်ဆက်ပေးထားတဲ့ မိန်းကလေးတွေဟာ အရမ်းကို ငွေမက်လွန်းတယ်၊

ဂဂျီဂဂျောင်လည်း ကျသလား မမေးနဲ့။ ဟိုဟာနဲ့ဆိုလည်း သူတို့နဲ့ မတည့်ရတာနဲ့၊

ဒီဟာနဲ့ဆိုလည်း သူတို့နဲ့ မကိုက်ရတာနဲ့။

(၂) Linux နှင့်တူသော မိန်းမများ – သူတို့တတွေဟာ

အရင်တစ်ချိန်တုန်းကတော့ နွံနစ်နေတဲ့ ရွက်ပုန်းသီးလေး တွေ သာသာ အဆင့်မှာပဲ

ရှိခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သူတို့ရဲ့ အရည်အချင်းတစ်ချို့ကြောင့်

လူသိများလာ သူလေးတွေ ဖြစ်ပါတယ်၊သူတို့ဟာ အခြေခံလူတန်းစား ဘဝကနေ

ဖြတ်ကျော်လာကြသူတွေမို့ မလိုတာကို မတောင်းဆိုတတ်ဘူး . . . ။ သူတို့ကို

ချစ်မြတ်နိုးသူတွေဟာ ပညာရှင်ဆန်လွန်းတဲ့ ပတ်ဝန်းကျင်က လူတွေသာ ဖြစ်နေတာ

များပါတယ်။ အခြားလူတွေအတွက်တော့ သူတို့ဟာ ချစ်စရာကောင်းပေမယ့် သူတို့တွေ

လက်ခံလာ အောင် ဘယ်လို ချစ်စကားဆိုရမလဲ မသိတာနဲ့ အသာထိုင်ကြည့်တာကို

ခံနေရသူလေးတွေ ဖြစ်ပါတယ်။

(၂) Macintoch(Apple) နှင့်တူသော မိန်းမများ – ဒီအမျိုးသမီးတွေရဲ့

ခံယူချက်ကိုက တော်တော်လေး ထူးခြား ပါတယ်၊ “Think Different” တဲ့။ သူတို့ဟာ

ပင်ကိုယ်က ထူးချွန်တဲ့ အမျိုးသမီးတွေပဲ၊ နောက် တော်တော်လည်း

တင်တင်စီးစီးနိုင်ပါတယ်။ တော်ရုံတန်ရုံ လူကိုတော့ စာရင်းထဲတောင်

မထည့်ဘူးဆိုတဲ့ အမျိုးထဲကပါ။ သူတို့ကို မိန်းကလေး အုပ်စု အတော်များများမှာ

တွေ့ရခဲပါတယ်။သူတို့ဟာ မိန်းကလေးအုပ်စုထဲမှာ ရောရောနှောနှော မနေတတ်သလို၊

ယောကျာင်္လေးတစ်ရုံးရုံးနဲ့ နေတတ်တဲ့ မိန်းမမျိုးလည်း မဟုတ်ပြန်ဘူး။

တကိုယ်ကောင်း ဆန်ပြီး တစ်သီးတစ်ခြား လုပ်လွန်းတယ်လို့ ဘယ်လောက်ပဲပြောပြော

တကယ်လုပ်ကြစတမ်းဟေ့ဆိုရင်လည်း သူ့တို့ကိုမီအောင် ဘယ်မိန်းကလေးမှ

မလုပ်နိုင်ကြ ပြန်ပါဘူး။ ပတ်ဝန်းကျင်နဲ့ သင့်မြတ်အောင် သိပ်ပြီး

ဂရုစိုက်နေလေ့ မရှိသော်လည်း အလုပ်တစ်ခုလုပ်ပြီးဆိုရင် ဘယ်သူမှ သူ့မကို

အားမကိုးပဲ မနေနိုင်တဲ့ မိန်းမမျိုး ပါ၊ ဒါပေမယ့်ဗျာ . . .

မြန်မာနိုင်ငံမှာတော့ အဲဒီလို အမျိုးသမီးမျိုး မတွေ့ဘူးသေးဘူးဗျ။