နွေမှာ ရေမရှိ  ဆောင်းမှာဖြင့် သေအောင်အေး

အဲဒီရွာကလေးဟာ မိုးအခါရေလွှမ်း

ကြမ်းတမ်းမှုက ဖွဲ့မကုန် မြူမှုန်မှုန်တစ်နေ့မှာ

ကျနော် ထွက်ခွာလာခဲ့တယ် ၊

ဟိုးအဝေးကမြို့ဆီမယ် အလုပ်ရယ် တကယ်ပေါသမို့

မျှော်လင့်ချက်တို့ကို အဖော်ပြုလို့ ပေါ့ ၊

လက်ထဲကဘွဲ့လက်မှတ်ခမျာ ဘယ်နေရာမှ ဟန်မကျ

ကြံရာမရတဲ့အဆုံး အလုပ်ကြမ်းသမားလုံးလုံးဖြစ်

စိတ်မညစ်ပါဘူးလေ ရွာကအမေအတွက်

အနေမခက်ဖို့သားကြိုးပမ်း ပင်ပန်းတယ်လို့မမှတ်ယူ

ဖုန်ထူထူဘိလပ်မြေကြား ပျော်ပါးနိုင်ခဲ့သူပါ ၊

ဒီလိုနဲ့တစ်နေ့မှာ တွေ့လာသူအပြောကြား

မျောသွားတဲ့သား အသပြာများများရစေဖို့

နယ်စပ်သို့ခြေလှမ်းကာ ထွက်လာခဲ့တယ်အမေ ၊

ရွှန်းရွှန်းဝေစကားတွေက အိပ်မက်ပါလှစေသမို့

သားကတော့ ပျော်လို့ပေါ့ ၊

နောက်တော့မှသိရအကြောင်းစုံ ရောင်းကုန်ဖြစ်ရတဲ့သား

နောင်တများနဲ့ခြေချုပ်ကျ လှုပ်လို့ကို မရဘူးအမေ

မထူးလေတဲ့ဘဝလို့တွေး ထွက်ပြေးလို့လည်းမရ

အမှောင်ကျနေ့ရက်များစွာ  အားမပါပဲဖြတ်သန်း

မရပ်တန်းပါပဲ အမေ ၊

ဒီလိုနဲ့ ငရဲသာသာဘဝမှာ အတော်ကြာခဲ့အပြီး

ကံကြီးလို့ လွတ်မြောက် အမိမြေပြန်ရောက်လာ

ရွာအပြန်ခရီးမှာဖြင့် အသွင်မဝံ့ အမြင်မတင့်လှ

ခေါင်းငိုက်စိုက်ချရင်း

မျှော်လင့်ခြင်းနေရာမှာ နွမ်းလျခြင်းတွေကမင်းမူ

ထမင်းဟင်းပူပူလေးနဲ့ ကြိုနေမယ့်အမေ့အတွက်

သားလက်ထဲမှာ နောင်တတွေပဲ ပါခဲ့ပေါ့ ၊

1b

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..