( အပြန်လမ်းက နွမ်းလျသူ )

နွေမှာ ရေမရှိ  ဆောင်းမှာဖြင့် သေအောင်အေး

အဲဒီရွာကလေးဟာ မိုးအခါရေလွှမ်း

ကြမ်းတမ်းမှုက ဖွဲ့မကုန် မြူမှုန်မှုန်တစ်နေ့မှာ

ကျနော် ထွက်ခွာလာခဲ့တယ် ၊

ဟိုးအဝေးကမြို့ဆီမယ် အလုပ်ရယ် တကယ်ပေါသမို့

မျှော်လင့်ချက်တို့ကို အဖော်ပြုလို့ ပေါ့ ၊

လက်ထဲကဘွဲ့လက်မှတ်ခမျာ ဘယ်နေရာမှ ဟန်မကျ

ကြံရာမရတဲ့အဆုံး အလုပ်ကြမ်းသမားလုံးလုံးဖြစ်

စိတ်မညစ်ပါဘူးလေ ရွာကအမေအတွက်

အနေမခက်ဖို့သားကြိုးပမ်း ပင်ပန်းတယ်လို့မမှတ်ယူ

ဖုန်ထူထူဘိလပ်မြေကြား ပျော်ပါးနိူင်ခဲ့သူပါ ၊

ဒီလိုနဲ့တစ်နေ့မှာ တွေ့လာသူအပြောကြား

မျောသွားတဲ့သား အသပြာများများရစေဖို့

နယ်စပ်သို့ခြေလှမ်းကာ ထွက်လာခဲ့တယ်အမေ ၊

ရွှန်းရွှန်းဝေစကားတွေက အိပ်မက်ပါလှစေသမို့

သားကတော့ ပျော်လို့ပေါ့ ၊

နောက်တော့မှသိရအကြောင်းစုံ ရောင်းကုန်ဖြစ်ရတဲ့သား

နောင်တများနဲ့ခြေချုပ်ကျ လှုပ်လို့ကို မရဘူးအမေ

မထူးလေတဲ့ဘဝလို့တွေး ထွက်ပြေးလို့လည်းမရ

အမှောင်ကျနေ့ရက်များစွာ  အားမပါပဲဖြတ်သန်း

မရပ်တန်းပါပဲ အမေ ၊

ဒီလိုနဲ့ ငရဲသာသာဘဝမှာ အတော်ကြာခဲ့အပြီး

ကံကြီးလို့ လွတ်မြောက် အမိမြေပြန်ရောက်လာ

ရွာအပြန်ခရီးမှာဖြင့် အသွင်မဝံ့ အမြင်မတင့်လှ

ခေါင်းငိုက်စိုက်ချရင်း

မျှော်လင့်ခြင်းနေရာမှာ နွမ်းလျခြင်းတွေကမင်းမူ

ထမင်းဟင်းပူပူလေးနဲ့ ကြိုနေမယ့်အမေ့အတွက်

သားလက်ထဲမှာ နောင်တတွေပဲ ပါခဲ့ပေါ့ ၊

1b

9 comments

  • မြစပဲရိုး

    June 13, 2015 at 5:26 pm

    အလုပ်လုပ်ချင်လွန်းလို့ အလုပ်ရမဲ့ နေရာ ရှာခဲ့ တာမို့
    အဆင်မပြေခဲ့လဲ ရှက်စရာမလိုပါ လေ။

    ကိုယ့်နိုင်ငံ ထဲ ရရာ အလုပ်လုပ်ပေါ့လို့ ပြောရမှာတောင် အားနာပါရဲ့။
    ရွာမှာ တောင်ယာလုပ်စားတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အဆုံး မြို့တက်ပြီး ကားမောင်းစားနေတဲ့ တက်စီ ဒရိုင်ဘာ တစ်ယောက်ရဲ့ စကား တွေ ကြားခဲ့ရတယ်။
    အလုပ်လုပ်ရမှာ မကြောက်ပါဘူး တဲ့။
    လုပ်စရာ အလုပ် ကို မရှိလို့ တဲ့။
    အဲဒါနဲ့ ရွာက နေ မြို့တက်လာရတော့ ရွာ ဘက်တွေမှာ ခြောက်ပြီးပြီး မစည်ကားနိုင်လေတော့ နိမ့်ပြီး ရင်း နိမ့်။
    . မြို့ပေါ်မှာကျ ကျပ်သထက်ကျပ်ရင်း အလုပ်တွေ ပိုရှား။

    . မြန်မာပြည်ထဲ မြေတွေ ဒီလောက်ပေါတာ။ လူ တွေ ဒီလောက် ပေါတာ။
    ကမ္ဘာ တစ်ဝှမ်း စားနပ်ရိက္ခာ ဒီလောက် လိုနေတာ။
    အဲဒီ လူတွေ အတွက် စေတနာထား ပြီး အာရုံစိုက် လိုက်ရင်ဘဲ ရွာတွေမှာလဲ ပြန်စည်ကားမယ်။
    . မြို့ ရွာ ခြားနားမှု လဲ နည်းသွားမယ်။ လူတွေ အလုပ် ရှိသွားမယ်။
    အခု တော့ မြင်မြင်ရာ ငါပိုင်လုပ် ပြီး တံဆိပ်ခတ်ထားချင်တော့ အားလုံး အကျိုးမဲ့ ကုန်ရော။
    . စေတနာလဲ မရှိ၊ ဦးဏှောက်လဲ မရှိ အတ္တဘဲ သိ တော့ သူတို့ အတွက်ကလွဲလို့ ဘာကို မှ ကောင်းဖို့ လုပ်ပေးမယ် မှန်းမနေနဲ့။
    ဆင်းရဲသား တွေ အတွက် လုပ်ပေးဖို့ တာဝန်ရှိတာ အစိုးရပါ ဆိုတာ ကို လက်ခံ တဲ့ အသိ ကို မရှိ တာမို့ ပိုဆိုးနေတာ။
    ဒါကိုမှ အပြုတ်မဖြုတ်နိုင်ကြရင် ပိုပြီး စုတ်ပြတ်လာဖို့ ဘဲ ရှိတယ်။
    သူတို့ ချမ်းသာ တဲ့ ပမာဏ က နိုင်ငံ သားတွေ ရဲ့ ဆင်းရဲခြင်း နဲ့ တိုက်ရိုက် အချိုး ကျနေတာကိုး။

    • Ma Ma

      June 13, 2015 at 11:30 pm

      (လုပ်စရာ အလုပ် ကို မရှိလို့ တဲ့)
      အလုပ်လုပ်ချင်တဲ့သူက အလုပ်ရှားတယ်လို့ ညည်းတယ်။
      အလုပ်ရှင်က အလုပ်သမား မရှိဘူးလို့ ညည်းတယ်။
      ဘာတွေလွဲနေလဲတော့ မသိ။ 🙄 🙁

    • တောင်ပေါ်သား

      June 15, 2015 at 10:21 am

      ့ အရီးရေ

      စိမ်းလိုက်ပါတယ် ၊ ကောမန့်ပေးတဲ့ မမ နဲ့ ကိုပေါက်တို့ကိုလည်း ကျေးဇူးနော့

  • ရှေးအဆို ရေကြည်ရာမြက်နုရာ ရှာဖွေသွားပါလေတဲ့။
    အခုများမတော့ ဘဝအနေမလှလေတော့
    ရေမကြည် မြက်မနုသော်ငြား
    မသွားခြင်ပေမယ့်လည်း
    သွားနေရတယ်
    အမေ

  • Mike

    June 15, 2015 at 1:34 pm

    .ဒီကဗ ျာလေးကတော့အတော့်ကိုနှစ်သက်မိပါတယ်…လက်ရှိဖြစ်ပ ျက်နေတာတွေလည်းထင်ဟတ်နေပါရဲ့..

    • တောင်ပေါ်သား

      June 15, 2015 at 1:41 pm

      ကျေးဇူး ကိုမိုက်

      ရောင်းစားခံဘဝက ပြန်လွတ်လာသူတွေသတင်းဖတ်ပြီး ရေးမိတာပါ ၊

  • manawphyulay

    June 16, 2015 at 11:21 am

    အဲဒါကိုက မှားတာပါ။ အလုပ် လုပ်ချင်သူတွေအတွက် အလုပ်တွေက နေရာတကာမှာ ပေါပါတယ်။ လုပ်ချင်စိတ်ရှိဖို့သာ လိုတာပါ။ နောက်ပြီး ကိုယ်လုပ်တဲ့အလုပ်က ဘွဲ့ရသမားတစ်ယောက်အတွက် ကောင်းတဲ့အလုပ်လား မကောင်းတဲ့အလုပ်လားဆိုတာ ခွဲခြားနိုင်ပါတယ်။ သူများ ရောင်းကုန်ဖြစ်သွားကြသူများက တောခေါင်တဲ့နေရာကနေ မက်လုံးပေးပြီး ပညာမတတ်သူ အများစုနှင့် ဗဟုသုတ မသိတဲ့သူတွေအတွက်သာ ဖြစ်တာပါ။ မဟုတ်ဘူးလားဟင်…

    • တောင်ပေါ်သား

      June 16, 2015 at 11:39 am

      ကဗျာအစမှာကတည်းက ရွာက လို့ ပါတယ်လေ ၊
      မြို့ကလို အမြင်မကျယ်သေးတဲ့ တောသား ရွာသားတွေ ပြည့်လို့ ၊ တောရွာ တောမြို့လေးတွေမှာ အဝေးသင်ဘွဲ့ရပြီး တစ်ခြားဗဟုသုတ မရှိသူတွေ ရှိနေပါသေးတယ် ၊
      အခု အင်တာနက်တွေနဲ့ သတင်းပေါင်းစုံကို ကြည့်နိူင် သိနိူင်ပေမယ့် အွန်လိုင်း မရှိတဲ့ မမိတဲ့နေရာတွေ အများကြီး ၊
      ကိုယ်က သိမယ် တတ်မယ် အမြင်ကျယ်မယ် ဆိုဦးတော့ သူတို့တွေကတော့ ဝေးနေဦးမှာပဲ ၊
      ပွဲစားရဲ့ ထိပ်ဆုံးပစ်မှတ်ကလည်း သူတို့တွေပဲလေ ၊
      အမြင်ကျယ်လှချည်ရဲ့ ဆိုတဲ့ မြို့သားတွေတောင် နည်းအမျိုးမျိုးနဲ့ အလိမ်ခံကောင်းနေဆဲ ၊

Leave a Reply