ကိုမျိုး ရေးထားခဲ့ ကဗျာ လေးထဲ က စာလုံးကို ယူပြီး ပို့စ် တစ်ခု ရလိုက်သလို
ညီမ ဒေါ်သဲလေး ရဲ့ မှတ်ချက် က နေပြီး အတွေးတွေ ဆက်ပွါးရင်း ဒီ ပို့စ် ဖြစ်လာတာမို့
ချစ်ညီမသို့ လို့ နာမယ်တပ်လိုက်တာ။
တကယ်က သဲညီမ မှတ်ချက်တင်မက မြန်မာပြည် က လူတွေ တင်မက တကမ္ဘာလုံး က လူ အားလုံး ကို ကြည့်ပြီး တွေးမိတာလေးပါ။

. မြန်မာတွေ ရဲ့ အားကစားပွဲတွေမှာ အားပေးမှုက အတော်အားရစရာကောင်းပါတယ်။။
သူတို့ အားပေးတာ  မြန်မာ မှ မြန်မာ မဟုတ်ဘူး။
အာရှတိုက် က လူ နဲ့ တစ်ခြား တိုက်သားများ ယှဉ်ရင် အာရှတိုက်သား ကို အားပါးတရ အားပေးတာ မေဝဲသာ တို့ပွဲ မှာ အထင်အရှားဘဲ။
. သွေးနီး ရာ ကို အားပေးတဲ့ သဘောခေါ်နိုင်မှာပေါ့။
ဒါမှမဟုတ်လဲ အုပ်စုဖွဲ့ရာမှာ အနီးဆုံး လူ ကိုဘဲ ကြည့်တတ်တဲ့/ ကြည့်လိုက်တဲ့ သဘောလဲ ဖြစ်နိုင်ပါတယ်။

. ပြည်တွင်းက လူ တွေ က ကိုယ့်ပြည်ထဲ ကိုယ်နေပြီး သူများ နိုင်ငံ က လူတွေ ကို အားနာစရာမလိုဘဲ ကိုယ့်လူ ကို အားပေးတာ သဘာဝ ကျပါတယ်။
. အံ့ဩမိတာ က သူများပြည်မှာ မှီတင်း နေထိုင် ပြီး အဲဒီ နိုင်ငံ က ပေး တဲ့ လစာ နဲ့ ဘဝ ကို တည်ဆောက် နေတဲ့ သူများ ကိုပါ။
. အဲဒီနိုင်ငံ ကို  ကျေးဇူးရှင်လို တော့ မသတ်မှတ်ချင်နေပါလေ။
ဒါပေမဲ့ အဲဒီမြေပေါ်မှာ ဘဝ ရပ်တည်ခွင့်ရ နေတဲ့ လူသား တစ်ယောက် အနေနဲ့ တော့ အဲဒီ မြေ ကို မစော်ကားသင့်ဘူးလို့လဲ ဆိုချင်ပါတယ်။
မချစ်ပေမဲ့ မဖြစ်လို့ အောင့်နမ်း နေရတယ် ဆိုတာ ကိုယ့်စိတ်ကိုယ်ကို အောက်ကို နှိမ့်ချလိုက်တာဘဲ။
. ကိုယ့်နီးရာ ဒါမှမဟုတ် ကိုယ့်ဘေးမှာ ရှိသူဟာ ကိုယ့်အတွက် အရေးကြီးဆုံး သူပါဘဲ။
သူတို့ ကို ချစ်တတ်မှ၊ ဂရုပြုတတ်မှ၊ လေးစားတတ်မှ ကိုယ့်ဆီ ကို လဲ အဲဒီလို တူညီတဲ့ တန်ပြန်သက်ရောက်မှု ကို ရမယ်။

အရင် အလုပ်မှာ ဘော့စ်က အီတလီလူမျိုးပါ။
ကမ္ဘာ့ဖလားပွဲ ကန်တော့ အင်္ဂလန်အသင်း နဲ့ အီတလီအသင်း တွေ့ပါတယ်။
“ဘယ်အသင်း အားပေးမှာလဲ” ဆိုတော့ နှစ်သင်းလုံးကို အားပေးမတဲ့။
ဟုတ်ရော။
တကယ်လဲ ဟုတ်တာဘဲ။
ကိုယ့်ရဲ့ ကျွေးမိခင် နဲ့ မွေးမိခင် ရှိနေရင် ဘယ်သူ့ကို ပိုချစ်သင့်တယ်/ ဘယ်သူ့ကိုတော့ ပိုမချစ်သင့်ဘူး စမ်းစစ်ရမလို ဖြစ်နေတာကို။

ထားပါတော့။
မျိုးချစ်စိတ် လို့ အကြောင်းပြပြီး ကိုယ့်ကို ထမင်းကျွေးနေတဲ့ အဲဒီနိုင်ငံ ကိုယ်စားပြုလူ တွေ ကို ရန်သူလို ပုံစံ နဲ့ ရန်လိုသူ များ ကို ဝေဖန်တာပါ။
ဒီလို ဝေဖန်လို့ ဒီမိန်းမ – မျိုးချစ်စိတ် မရှိဘူး။ အမေကျော် ဒွေးတော်လွမ်းပြ နေတယ်။ ကျွန်စိတ် ရှိပြီး သူများဆီ ကျွန်ခံနေလို့ ဒီလို ပြောတာ လို့ ပြောချင်လဲ ပြောကြပါ။

အင်္ဂလိပ်စာ အသုံးအနှုံး ထဲ မှာ patriotism နဲ့ chauvinism  စကားလုံး နှစ်လုံး အကြောင်း စိတ်ဝင်စားလို့ လေ့လာခဲ့ဖူးတယ်။
(၁) patriotism – ˈpeɪtrɪətɪz(ə)m/
noun: patriotism –  the quality of being patriotic; vigorous support for one’s country.

(၂) chauvinism – ˈʃəʊv(ɪ)nɪz(ə)m/
noun: chauvinism –  exaggerated or aggressive patriotism /excessive or prejudiced support for one’s own cause, group, or sex.

. မြန်မာလို ပြန်ရင် chauvinism က အစွန်းရောက် အမျိုးသားရေးစိတ်ဓာတ် နဲ့ patriotism ကို မျိုးချစ်စိတ်လို့ ပြန်ရမလားဘဲ။ (မှားတယ်ထင်လဲ အမှားပြင်ပေးကြပါ)

chauvinism ဆိုရာမှာ
ရန်လိုတတ်တဲ့ သဘောပါတယ်။
ငါ့လူမျိုး၊ ငါ့တိုင်းပြည်၊ ငါ့ဘာသာ၊ ငါ့ယဉ်ကျေးမှု၊ ငါ့စကား၊ ငါ့ရှေးဘိုးဘွား က သူများတွေထက် သာတယ် ဆိုတဲ့ ခံယူချက်ပါတယ်။
ကိုယ့်ပိုင်ဆိုင်မှု နဲ့ နာကျည်းစရာ တွေကို ရှေ့တန်းတင်တတ်ကြတယ်။
အဲဒီ စိတ်ပြင်းထန်လွန်းလာရင် သူများ တွေနဲ့ သင့်မြတ်မှု အားနည်းလာပြီး  ငြိမ်းချမ်းရေး အတွက် ထိခိုက်မှု တွေ ဖြစ်လာတတ်တဲ့ သဘောရှိတာလဲ တွေ့ရတယ်။
အဲဒီ စိတ်မှာ သူများ က ကိုယ့်အားနည်းမှု ကို ထောက်ပြဝေဖန် မှု ကို လက်မခံတာ မို့ ကိုယ့်ရဲ့ တိုးတက်မှု အတွက် အခွင့်အလမ်း တွေ ဆုံးရှုံးနိုင်တယ်။
အဲဒီလို ဝေဖန်ခံရရင် ငါတို့ကို စော်ကားတာလို့ ခံယူတတ်ကြတယ်။
နောက်ပြီး အဲဒီစိတ် က ကိုယ့်ရဲ့ နိုင်ငံတွင်းက လူက လွဲလို့ တစ်ခြားသူ တွေ ကို တန်းတူညီမျှ သဘောမထားတတ်ဘူး။
ကိုယ့်နိုင်ငံ/လူမျိုး ရဲ့ စံနှုံးသတ်မှတ်ချက် အပြုအမူ အကောင်းတွေ ကို ဘဲ တွေးတတ်/ ဂုဏ်ယူတတ်ပြီး ကိုယ့်ရဲ့ ချို့ယွင်းချက်တွေ ကို ဖယ်ထားတတ်ကြတယ်။
ပိုဆိုးတာက သူများတွေ ရဲ့  စံနှုံးသတ်မှတ်ချက် အပြုအမူ အကောင်းတွေ ကို မထီလေးစား လုပ်တတ်ကြတာဘဲ။
အတိတ်က အမှားတွေ ကို ရှာထောက် ပြီး နေတတ်ကြတယ်။

patriotism ကတော့
. နိုင်ငံကို ချစ်တာမှာ values တွေ beliefs တွေ ကိုပါ တွဲပြီး အလေးထားပါတယ်။
ဘဝ နေရေး ကို လေးစားတဲ့ စိတ်အခံ ထားတယ်။
ချစ်ခင်တတ်မှု ကို အခြေခံတယ်။
သူများနိုင်ငံ / လူမျိုး နဲ့ ခင်မင်မှုကို အရင်းတည်ပြီး ဆက်ဆံရေးကောင်းအောင် တည်ဆောက်ချင်ကြတယ်။
ကိုယ့်နိုင်ငံ ဟာလဲ တစ်ခြားကောင်းတဲ့ နိုင်ငံ တွေထဲ က တစ်ခု ဖြစ်ရမယ်လို့ တွေးပြီး ပိုမိုကောင်းမွန်တိုးတက် အောင် ကြိုးစားကြတယ်။
ဒီအတွက် ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ လူများအားလုံး တန်းတူညီမျှ ရေး  အတွက် ကို ဆင်ခြင်တတ်ကြတယ်။
ကိုယ့်ကို ဝေဖန်ရေးလုပ်လာတာ ကို သည်းခံပြီး အဲဒီ ကနေ ပိုကောင်းတဲ့ အသစ်ဖြစ်အောင် ဆောင်ရွက်ကြတယ်။
ကိုယ့်နိုင်ငံ အတွက် တာဝန်ယူ လိုစိတ်ရှိကြတယ်။ ဘာလုပ်ပေးရမလဲ စဉ်းစားတတ်တယ်။

အရေးကြီး တဲ့ အချက် ကို ပွိုင့် ထုတ်ပြရရင်တော့
patriotism ဆိုတာ
ကိုယ့်လူမျိုး / ကိုယ့်နိုင်ငံ ကို “ချစ်လို့” အဲဒီချစ်တဲ့ စိတ် နဲ့ အလုပ်လုပ်တာ ဖြစ်တယ်။
chauvinism ဆိုတာ
တစ်ခြားသူ/ တစ်ခြား နိုင်ငံ တွေ ကို “မုန်းလို့” အဲဒီ အမုန်းစိတ် နဲ့ ကိုယ့်လူမျိုးကို ချစ်သလို ပုံစံသွင်းပြီး လုပ်ပြနေတာ။
တကယ်တော့ ချစ်တာမဟုတ်။
(အထင်)

အခုပြောတာ တွေ က ဟိုကဖတ် ဒီကဖတ် တွေ စုပြီး ကိုယ့်စိတ်ကူး နဲ့ ကို ရေးထားတာပါ။
ကွဲပြားချက် တွေ ရှိနိုင်သလို သဘောတူမျှချက် တွေလဲ ရှိနိုင်ပါတယ်။

တကယ်တော့
patriotism တို့ chauvinism တို့ (nationalism လဲ ဆင်တူရိုးမှား ရှိသေး) ဆိုတာ အမည်သညာ တွေပါဘဲ။
ဘာအမည်ဘဲ တပ်တပ်
ကိုယ့်အကျိုး လဲပါ သူများ အကျိုး ကိုလဲ မထိခိုက် စေတတ် တဲ့ စိတ်၊
ကိုယ်ချင်းစာနာ တတ်ပြီး သူများဘက် ကိုလဲ ငဲ့ညှာ တတ်တဲ့ စိတ် နဲ့
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကို ချစ်တတ်ကြ ဖို့လိုတာပါဘဲ။
ကိုယ့်ကို နှိမ်တာ မကြိုက်ရင် သူများကိုလဲ လေးစား ပြဖို့ မမေ့ဖို့ပါဘဲ။

ဒီ  SEA Game နဲ့ ပါတ်သက်ပြီး ပြောရရင်
အမျိုးချစ်လို့ နိုင်ငံ ကို အားပေးရင်လဲ တစ်ခြားပြိုင်ပွဲ တွေ မှာလဲ အားပါးတရ သွားပြီး အားပေးကြပါ တော့လား။
ဒီ ဘောပွဲ တစ်ပွဲ ထဲ ပြိုင်တာမှ မဟုတ်။
အဲဒီ ချိန်တွေက သမ္မတကြီး(များ) ကိုယ်တိုင် နိုင်စေကြောင်းကို ဩဝါဒပြု မိန့်ကြားနေချိန် ခြင်းလုံးအဖွဲ့ ရွှေရတာ ကိုတော့ ဂုဏ်ပြုစကား ပြောရမယ်မှန်း သတိရကြရဲ့လားမသိ။
. ဘော်လုံးအသင်း ရွှေရရင် အမိုးဖွင့်ကားတွေ နဲ့ သောင်းသောင်းဖျဖျကြိုမယ်။
ကျန်တဲ့ ရွှေရပြီး သူတွေ ကျတော့ မပေါ်လွင်ကြဘူး။
ခရိုနီ အုပ်ချုပ်တဲ့ အသင်းမို့လား။
ကျန် ကစားပွဲ တွေ က စိတ်ဝင်စားစရာ မကောင်းလို့လား။

. ရွှေပြည်ထဲ က လူတိုင်း လူတိုင်း (ကိုယ်တိုင် အပါအဝင်ပါ) ကိုယ့် ရဲ့ မျိုးချစ်စိတ် ဆိုတာ ကို စမ်းစစ်သင့်ပြီ။

. ဒီလို စာတွေ လျှောက်ရေးပြီး လေတိုက်ပွဲ ဝင်နေတာ ကို အတော်ခင်တဲ့ ဒီက သူငယ်ချင်းတစ်ယောက် က ဝေဖန်ဘူးတယ်။
. လေ နဲ့ချည်းဘဲ ချစ်ပြနေတာ လွယ်တာကိုးတဲ့။ ဒီလောက် နိုင်ငံချစ်လဲ ပြန်ပြီး ကိုယ်တိုင် သွားလုပ်ပါလား တဲ့။
အသာငြိမ် နေရပြီး ဘာမှ ပြန်မပြောနိုင်ခဲ့တဲ့ အဖြစ်။
ဒါကြောင့် သေချာပါတယ်။
တကယ်တော့ ကိုယ်လဲ နိုင်ငံ ကို ဒီလောက် ပြောနေသလို မချစ်ပါဘူး လို့။
နဲနဲပါးပါး တာဝန်ကျေအောင်  ဟန်လုပ် ချစ်ပြ နေသလား၊
တွေးမိနေတာပါ။
သေချာတာ တစ်ခုကတော့ patriotism လဲ ဟုတ်ချင်မှ ဟုတ်မယ်။
ကိုယ့်မျိုးချစ်စိတ် ကို ပြဖို့ သူတစ်ဖက်သား ကို အမုန်းပွါး နေတဲ့ chauvinism  မဟုတ်တာ ကတော့ သေချာတယ်။

သူကြီးတို့ ကြောင်ကြောင်တို့ လဲ သူတို့ ကိုယ်ကျိုး တစ်စုံတစ်ခု အတွက် နိုင်ငံ ကို စိတ်ဝင်စားပြ နေတာ ကိုလဲ နိုင်ငံ ကို ချစ် တယ်လို့ မခေါ်နိုင်ပါဘူး။
သို့ပေမဲ့ တစ်ခါတစ်ခါ အဲဒီ စိတ်ဝင်စားမှု ပြရာ တွေ ထဲ မှာ အစွန်းရောက် အမျိုးသားရေး များ တွေ့တွေ့ နေရ တာ ကိုတော့ သတိထားကြပါ။
“ငါနဲ့ မတူ ငါ့ရန်သူ” ဆိုပြီး သူတစ်ပါး ကို အလွယ် အပြစ်ပြောတတ်တဲ့၊ ဝါးလုံးရှည် နဲ့ ရမ်းတတ်တဲ့၊ ကိုယ်လိုရာ ကိုဘဲ ဇွတ်ပုံသွင်းချင်တဲ့ စိတ် တွေ ကို ယူအက်စ် မှာ နေနေသူ များ အနေ နဲ့ မထားသင့်ပါဘူး။
. နိုင်ငံကြီးသား စိတ်မွေးကြဖို့ ကောင်းပါတယ်။
နိုင်ငံကြီးသား ဆိုရာမှာ သူများ ကိုးကွယ် ယုံကြည်ရာ ဖြစ်ဖြစ်၊ လက်ခံကျင့်သုံးမှု ဓလေ့ ယဉ်ကျေးမှု ကို ဖြစ်ဖြစ် ကိုယ့်စိတ် နဲ့ သဘောမတွေ့ရင်တောင်မှ မပုတ်ခတ် မစော်ကား တာလဲ ပါပါတယ်။
. ဝေဖန်တာ နဲ့ အပုတ်ချ လှောင်ပြောင်တာ ကွဲပါတယ်။
“ချစ်လို့ ဖြစ်စေချင်လို့” ပြောတဲ့ စကား နဲ့” မုန်းလို့ နှစ်ဖို့” ပြောတဲ့ စကားလဲ ကွဲပါတယ်။

အဲဒါလေးကို ပြောချင်လို့ ဘက်စုံ ဝင်ရမ်းပြီး စာလာချ သွားခြင်းပါ။

About မြစပဲရိုး

Khin Latt has written 240 post in this Website..