သရဲတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ

badbabylay09@gmail.comAugust 23, 20101min928

ဗုဒ္ဓဘာသာဝင်တွေကတော့ သေပြီးရင်နောက်ဘဝ ရှိသေးတယ်ဆိုတာကို ယုံကြည်တယ်၊ ပြီးတော့ကိုယ်ပြုတဲ့ ကံအားလျော်စွာ ဘဝအမျိုးမျိုးကို ရောက်နိုင်တယ်ဆိုတာကိုပါ လက်ခံကြတယ်။
မနေ့ကဘဲ အွန်လိုင်းကနေ စကားတခွန်း နားထောင်လိုက်ရပါတယ် စင်္ကာပူမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်လေးပါ၊ မိမိနဲ့ရင်းနှီးတဲ့ အမတစ်ယောက်က အဲဒီ ကုမ္ပဏီမှာ အလုပ်လုပ်နေတာပါ၊
သူမပြောပြတာက ” ဦးဇင်းရေ CCTV ကင်မရာတွေမှာ လူအရိပ်လိုလို အရာတွေပေါ်နေတယ်တဲ့၊ ကင်မရာမှာ တခုခုများ ကပ်နေမလားဆိုပြီး သွားကြည့်တော့ ဘာမှမရှိပါဘူးတဲ့၊
သူတို့ Boss ရော သူတို့တတွေကော ယုံကြည်ကြတာက ဒါဟာ သရဲခြောက်တာဘဲလို့ ယုံကြည်ပါတယ်တဲ့ ၊ အဲဒါကို ဘယ်လို ဖြေရှင်း ကိုင်တွယ်ရမလဲဆိုတာ သိချင်ပါတယ်တဲ့”၊

ထေရဝါဒ ရှုဒေါင့်ကနေဘဲ ပြန်ပြီးပြောပြခဲ့ပါတယ်၊ တစ္ဆေ သရဲဆိုတာ လူတွေရဲ့ ပတ်ဝန်းကျင် အနီးအနားမှာ ရှိနေကြတာများပါတယ် စာပေမှာတော့ ဒါကို ပြိတ္တာလို့သုံးတယ်။
ထေရဝါဒ ဗုဒ္ဓဘာသာ ကျမ်းစာတွေမှာတော့ တစ္ဆေတွေ သရဲတွေ ခြောက်ခံရလို့ ကိုင်တွယ်ဖြေရှင်းပုံတွေ အမြောက်အများရှိပါတယ်၊
ဘုရားရှင် လက်ထက်တော်အခါကပေါ့ တပည့်ရဟန်း ၅၀ဝ တောထဲကို တရားထိုင်ကြွကြပါတယ်၊ တောထဲလဲရောက်ရော သရဲ တစ္ဆေတွေက အနံ့ဆိုးတွေပေး ကိုယ်ထင်တွေပြ ကိုယ်ပြတ်
ခေါင်းပြတ်တွေလုပ်ပြီး ခြောက်လှန့်တော့ ရဟန်းတော်တွေ တရားအားထုတ်လို့ မရကြတော့ပါဘူး၊ ဒါနဲ့ ဘုရားရှင်ဆီ ပြန်ကြွလာကြပြီး သူတို့တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကို လျှောက်ထားတော့
ဘုရားရှင်က မေတ္တာသုတ်ကိုသင်ပေးပြီး အဲဒါကိုရွတ်ဆို သွားကြလို့ လမ်းညွှန်တော်မူခဲ့ပါတယ်။

တပည့် ရဟန်း ၅၀ဝ လဲ ဘုရားရှင်လမ်းညွှန်တဲ့အတိုင်း မေတ္တာပို့ပြီး တောထဲပြန်ကြွသွားခဲ့တယ်၊ မေတ္တာပို့အပြီး မေတ္တာသုတ်ရွတ်အပြီးမှာ ခြောက်လှန့်တာတွေ ကိုယ်ထင်ပြတာတွေမရှိတော့ပါဘူး၊
နောက်ထင်ရှားတဲ့ သာဓကတခုက ဗိမ္ဗိသာရရှင်ဘုရင်ကြီးပါ။ ညပိုင်း စက်တော်ခေါ်နေချိန် တစ္ဆေ သရဲတွေလာပြီး ခြောက်ကြ ကိုယ်ထင်ပြကြပါတယ်၊ ဘုရင်ကြီးလည်း ဘုရားရှင်ထံသွားပြီး
အကျိုးအကြောင်းလျှောက်ထားတော့ ဒါတွေဟာ ဟိုးအရင်ဘဝက သင်ရဲ့ ဆွေတော်မျိုးတော်တွေ ဖြစ်ကြောင်း သင်ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုရဲ့ အမျှကိုလိုချင်လို့ လာရောက်တာဖြစ်ကြောင်း
ရှင်းပြတော်မူခဲ့ပါတယ်၊ နောက်ရက်မှာ ဘုရားအမှူးရှိတဲ့ သံဃာတွေကို ပင့်ဖိတ်ပြီး အမျှအတမ်းပေးဝေလိုက်တော့ ဒီတစ္ဆေတွေ သရဲတွေနောက်ထပ်မလာကြတော့ပါဘူး၊
ကြားဖူးတာလေး တခုရှိပါတယ် မန္တလေးမှာ ဖြစ်ပျက်ခဲ့တာပါ မူစလင် ကောင်မလေးတယောက်ဟာ ကွယ်လွန်ပြီးတဲ့နောက်မှာ အဲဒီအိမ်မှာဘဲ သရဲဖြစ်နေခဲ့ပါတယ်၊ သူ့မိသားစုကို ကိုယ်ထင်ပြပြီး
နှုတ်ဆက်လေ့ရှိပါတယ်၊ ဘဝခြားသူတယောက်ရဲ့ နှုတ်ဆက်မှုဟာ ကျန်ရစ်တဲ့ မိသားစုအတွက်တော့ ကြောက်လန့်စရာ ကောင်းလှပါတယ်။ ကျန်ရစ်သူမိသားစု ကိုယ်တိုင်လည်း ဘာလုပ်ရမယ်
ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိပါဘူး၊ တနေ့မှာ ကွယ်လွန်သွားတဲ့ မူစလင် ကောင်မလေးကိုယ်တိုင်က ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို ပင့်ပြီး ပရိတ်ရွတ်ပေးပါလို့ အိပ်မက်ပေးပါတယ်။
သူမအိပ်မက်အတိုင်း ဘုန်းကြိးတွေကို ပင့်ပြီး ပရိတ်ရွတ်လိုက်တော့ နောက်ရက်တွေမှာ ပေါ်မလာတော့ပါဘူး။ သူငယ်ချင်းပြောပြတဲ့ ဇာတ်လမ်းလေးတခုကို မျှဝေခြင်းပါ။

မိမိကိုယ်တွေ့ လေးတခုကို ပြောပြချင်ပါ သေးတယ်၊ သိပ်မကြာသေးခင်က ကိုလံဘိုနဲ့ ကီလိုမီတာ ၄၅ဝလောက်ဝေးတဲ့ တောထဲမှာ တရားအားထုတ်ခဲ့တယ်။ တရားအားထုတ်သူတွေ တွေ့ကြုံရတဲ့
ပရလောကတွေရဲ့ အနှောင့်အယှက်ကို ခံခဲ့ရတယ်၊ မိမိတရာထိုင်တာက တောတောင်တခုရဲ့ ကျောက်ဂူထဲမှာ တပါးတည်းပါ၊ သမာဓိ အားကောင်းလာတဲ့အချိန်မှာ မိမိနားအနီးနား တဝိုက်မှာ
တရားဆက်ထိုင်လို့ မရလောက်အောင် အသံတွေဆူညံခဲ့ပါတယ်။ နှောင့်ယှက်နေပြီဆိုတာ သိတာနဲ့ မေတ္တာကို အားစိုက်ပြီးပို့ပါတယ် မရပါဘူး အဲဒီနေ့ မနက် လက်မြှောက်အရှုံးပေးပြီး တရားထိုင်တာကို
ဖြုတ်လိုက်ရတယ်။

နေ့လည်အချိန်မှာ ပြန်ထိုင်တော့လည်း ပြန်ရောက်လာပါတယ်။ မိမိလည်း ကြိုးစားပြီးမေတ္တာပို့ ပြန်ပို့ပါတယ် နေ့လည်အချိန်မှာတော့ မိမိအောင်နိုင်ခဲ့ပါတယ်။ စိတ်ရဲ့အစွမ်းဆိုတာ တကယ်သုံးရင်
တကယ်ပေါ်ထွက်လာပြီး တကယ်ထိရောက်တာကိုတွေ့ရတယ်။ တစ္ဆေသရဲတွေကိုလည်း ဒီစိ်တ်အစွမ်းနဲ့ဖြေရှင်း နိုင်ပါတယ်၊
ထေရဝါဒ ရှုဒေါင့်ကနေဆိုရင်တော့ မေတ္တာပို့ပေးခြင်း အမျှပေးဝေးခြင်းတွေနဲ့ သူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်၊

ဒီနေရာမှာ မေတ္တာပို့သူရဲ့ ကိုယ့်ကျင့်တရား မြင့်ရင်မြင့်သလောက် ထိရောက်မှုလည်း ပိုပြီးရှိလာနိုင်ပါတယ်။ ဒီလိုဖြေရှင်းလို့မှ လုံးဝမရတော့ဘူးဆိုရင် ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ပြီး
ကမ္မဝါစာ ရွတ်ရင်တော့ သေချာပေါက် သူတို့ထွက်ပြေးမှာ သေချာပါတယ်။
အကောင်းဆုံးကတော့ မေတ္တာ တရားပါ ၊ မေတ္တာသာပို့ပေးလိုက်ပါ ။ မနှောက်ယှက်တော့ပါဘူး ဘုရားပေးထားတဲ့ နည်းလေ ။

8 comments

  • kopauk mandalay

    August 23, 2010 at 3:35 pm

    သူရဲနဲ့တွေ့ရင် မေတ္တာပို့လိုက်မယ်တော့ စိတ်ကူးလိုက်တာဘဲ။
    တကယ်လက်တွေ့သူရဲခြောက်ခံရတယ်လို့ ထင်လဲထင်ရော
    စဥ်းစားထားတာတွေဘယ်ရောက်သွားလဲတောင်မသိပါဘူးဗျာ။
    ကြောက်တာဘဲသိတော့တယ်

  • Pyaung Gye

    August 23, 2010 at 6:18 pm

    ကျတော်ကတော့ကြောက်ဖူး

  • kai

    August 23, 2010 at 9:56 pm

    ကျုပ်တော့ သရဲတွေ့ရင် ဖြေရှင်းပုံအလွယ်ဆုံးနည်းတွေ့ထားတယ်။
    အဲဒီနည်း စဉ်းစားထားတာက…ဒီလိုဗျ။

    ယူအက်စ်မှာ သရဲတွေကိုလိုက်ထောက်လှမ်းစုံစမ်းပြီး သက်သေထူနေတဲ့အဖွဲ ့တဖွဲ ့ရှိတယ်။
    သရဲကြည့်ချင်သူတွေ သူတို့နဲ့လိုက်မယ်ဆို တယောက်ဒေါ်လာ ၄ရာပေးရတယ်။ သူတို့အထောက်အထားဗီဒီယိုတွေ သတင်းတီဗီဌာနရောင်းရင်လည်း သိန်းချီရတယ်။
    ဆိုတော့..
    နောက်ဆို မြန်မာပြည်ကလူတွေသရဲတွေ့ရင် အထောက်အထားခိုင်ခိုင်မာမာအမိအရယူပါ။
    ကင်မရာနဲ့ရိုက်နိုင်အောင် ကြိုးစားပါ။ ထင်ထင်ရှားရှားဓါတ်ပုံတပုံ ကိုကျုပ်ကပဲ ဒေါ်လာ၁၀ဝ ပေးဝယ်ပါမယ်။(ဈေးအတိုးအလျှော့ရှိပါတယ်)
    နောက်နောင်လည်း အဲဒီသရဲ..အဲဒီနေရာအမြဲခြောက်နေမနေ ချောင်းထားပါ။ (သရဲနဲ့စာချုပ်တွေဘာတွေ ချုပ်ရမယ်ဆိုလည်း ချုပ်ပါ)
    အမြဲအဲဒီနေရာမှာရှိတယ်ဆိုတာသေချာရင်…ကျုုပ်ပဲ ယူအက်စ်က တီဗီသတင်းဌာနကို သွားမေးပေးပါ့မယ်။
    သေချာလို့ သူတို့လာပြီးဗီဒီယိုဆင်းရိုက်မယ်ဆို ထီပေါက်ပြီသာမှတ်ပေရော့..။ ဒေါ်လာ ၃-၄သောင်းအသာလေးပဲ။
    ပြီးတော့မှ ရတဲ့ငွေထဲက ၁ဝရာနှုန်းလောက် သရဲမိသားစုကို အမျှပေးရင်း လှူလိုက်ပေါ့နော..။
    ( ယုအက်စ်ဆို ဗီဇာမပေးမှာစိုးရိမ်ရရင် ဂျပန် သတင်းဌာနခေါ်ပေးပါ့မယ်။)
    အဲ..ကျန်ခဲ့လို့…မသေချာပဲ..မဟုတ်ပဲ..အောက်လမ်းဆရာတွေ။ ဘိုးတော်တွေ ကမ်မစ်ကယ်တွေ၊ မျက်လှည့်တွေနဲ့လုပ်တာကြီးဆိုရင် ရော်ရမှာနော..
    ခရီးစရိတ်ရော။ နစ်နာကြေးရော.။
    အဲဒါကြောင့် ၁၀ဝရာနှုန်း သေချာမှ လုပ်ကြစေချင်ပါကြောင်း….

  • bigcat

    August 24, 2010 at 12:17 am

    သရဲဆိုတာ တကယ်ရှိတယ်ဗျ၊ မယုံရင် ကိုယ့်ပုံကိုယ်မှန်ထဲမှာ ကြည့်လိုက်ကြပါလား။ ဒီပို့စ်ကိုတင်သူ ဦးဇင်းအနေနဲ့ နာမ်လောက၊ ပရလောက၊ ဂမ္မဘီရလောက က အကြောင်းဆန်းလေးများရှိရင် ဝေမျှပါလိုက် လျှောက်ထားပါရစေ။

  • etone

    August 24, 2010 at 5:01 am

    ဘာသာခြားဆိုရင်တာ့ ရွတ်ဖတ်ဖို့နည်းနည်းခက်မယ်ထင်တယ်နော် …။ သူတို့မှ နားမလည်ပဲကိုး ။ အမျှဝေတာရောသိလို့လား ။
    မှင်စာအောင်သံလေးတစ်ခါကြားခဲ့ဖူးတယ် ။ အသက်4နှစ်လောက်က စွဲစွဲမြဲမြဲကိုမှတ်မိနေတယ် ။

  • winne

    August 24, 2010 at 12:40 pm

    သရဲကတော့ ခဏခဏ ခြောက်ခံရဘူးပါတယ်။ ပြည်ကို အလှူတခု အတွက် ခရီးထွက်တုန်းကလည်း ညအိပ်တဲ့ ဟော်တယ်မှာ ည ၁၂နာရီလောက်ကနေစပြီး မနက် အိပ်ယာထတဲ့ အချိန် ၃.၅ဝ မတိုင်ခင်အထိ တညလုံး တခန်းလုံး ပတ်ခေါက်နေတာ မသိချင်ယောင်ဆောင် ပြီးအိပ်လိုက်တာဘဲ။ တောင်ကိုရီးယား က ဟော်တယ်တခုမှာလည်း တညလုံး ဆူညံနေတာဘဲ လူမရှိဘဲ။ သိသာစေတာကတော့ အဖွဲ့လိုက်ခရီးသွားတာ ဆိုတော့ ဘေးခန်းတွေအားလုံးက အဖွဲ့ဝင်တွေ ဖြစ်နေတော့ ညဘက် ဆူညံသံကြားရာကို ကြည့်တော့ ဘာမှ မရှီတာ အသေအချာ သိရတာဘဲ ဒီလိုမှန်းမသိလို့ပါ သိလို့ကတော့ ဒေါ်လှ ရအောင် ကြိုးစားပါတယ်။ သရဲနဲ့က ခဏခဏတွေ့တာများတော့ မကြောက်တော့ဘူး။ အရင်ကဆို ညဘက် အိပ်ခန်းထဲမှာ ခဏခဏ ဘီဒိုကို လာလာခေါက်တယ် ရှိနေမှန်းအသိပေးတာ ဘုရားရှိခိုးရင် အမျှဝေဖို့။ နောက်မလာတော့ဘူး။ သရဲပုံပါရင် ၁၀၀ဝ ပေးဝယ်တယ်ဆိုလို့ ဘုန်းကြီးကျောင်းမှာ ဆရာတော်တပါး တရားဟောကြွတဲ့ အချိန် ဓါတ်ပုံရိုက်တာ မထင်မရှားပုံလေးတွေ ပါလာတာတော့ ရှိတယ် အဲဒါမျိုးဆိုရင်ကော စိတ်ဝင်စားလား။ ဒါပေမဲ့ ဆရာတော် ခွင့်ပြုချက်တောင်းအုန်းမယ် မပြုရင် မပြဘူးနော်။ သရဲနဲ့ မမြင်ရတဲ့ လောကဆိုတာတော့ သမာဓိ တည်ငြိမ်ရင် တည်ငြိမ်သလောက် သူတို့လောက ကို အတိုင်းသား မြင်ရပါတယ် မရှိဘူးလို့ တော့ ပြောလို့ မရဘူးနော်။ တချို့ဆိုရင် မမြင်ရတဲ့ ဟာတွေ တပည့်မွေးတာမျိုးတွေကော ကြားသိဘူးမှာပေါ့။

  • thihayarzar

    August 28, 2010 at 4:32 am

    သရဲအစစ်လား သရဲအစစ်ရှိတယ်ဗျာ .. ဘယ်မှာလဲဆိုတော့ ကျွန်တော်ပဲ … ဓာက်ပုံလည်းရှိတယ်…. အသားကလည်းမဲတော့ ညပိုင်းမှထွက်ရတာ … ဒေါ်လာနဲ့ရောင်းမယ် …

  • Gong Zhu

    September 17, 2010 at 5:34 am

    ဆူး . . . မကြောက်ဘူးလား . . . သရဲက ရုပ်ဆိုးဆိုး မျက်လုုံးပြူးပြူး လျှာရှည်ရှည်ကြီးနဲ့လား . . .

Leave a Reply