အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …

 

  • ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဒဂုံစီးတီးအိမ်ရာစီမံကိန်း သတင်းနဲ့ မဘသ ရဲ့ ကြေညာချက်သတင်း၊

 

  • မြန်မာနယ်ခြားစောင့် စစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တို့ရဲ့ စစ်ရေးတင်းမာလာတဲ့အခြေအနေသတင်း၊

 

  • မြန်မာပြည်ရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချခြင်းကနေ ရရှိတဲ့ဝင်ငွေနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ သတင်းအခြေအနေများ၊

 

  • လော့စ်အိန်ဂျယ်လိစ်မှာ အနိမ့်ဆုံးလုပ်အားခကို တိုးမြှင့်ဖို့ အတည်ပြုလိုက်ပြီဆိုတဲ့ သတင်း၊

 

  • မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖေါက်ခံရမှုတွေနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်း ပြောကြားချက်သတင်း၊

 

  • မြန်မာပြည်တွင်းက ပဋိပက္ခတွေ ဖြစ်ပွါးနေရာ ဒေသများရှိ လွှတ်တော်အမတ်များနဲ့ တရုတ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကြမယ်ဆိုတဲ့ သတင်း၊

 

  • မြန်မာပြည်အရေးနဲ့ ရွေးကောက်ပွဲ-မဲဆွယ်စည်းရုံးရေးဆိုင်ရာ အရေးကိစ္စများနဲ့ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်များ ၊

 

  • ရခိုင်ပြည်နယ်တွင်းက ၀ှိုက်ကဒ်တွေ ပြန်လည် အပ်နှံသူတွေကို အစိမ်းနုရောင်ကဒ်ပြားတွေ ထုတ်ပေးနေတဲ့သတင်းနဲ့ နောက်ဆက်တွဲအခြေအနေများ ၊

 

  • လောက်ကိုင်ဒေသနဲ့ ကချင်ဒေသများရှိ ပြည်တွင်းစစ်ပွဲဆိုင်ရာ နောက်ဆုံးရ သတင်းများ ၊

 

  • မကြာခင် ကျင်းပတော့မယ့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ ညီလာခံအကြောင်း သတင်း၊

 

  • လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်လက်လိုအပ်နေတဲ့ မြန်မာပြည်တွင်းက ဒုက္ခသည်၎ သိန်းကျော်ရဲ့ အခြေအနေများ ၊

 

  • အကျဉ်းထောင်တွေထဲက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့ရဲ့ ကျန်းမာရေး အခြေအနေဆိုးရွားနေတယ်ဆိုတဲ့သတင်း၊

 

  • ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် လမ်းကြောင်းမှန်ပေါ် တင်ပေးခဲ့သူဖြစ်တာကြောင့် ကျေးဇူးမမေ့သင့်ဘူးလို့ ပြောဆိုလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်များ၊

 

  • US မှာ ပြုလုပ်မယ့် မြန်မာတို့ရဲ့ ပွဲလမ်းသဘင်များနဲ့ ….

 

  • ထူးခြားသတင်းအဖြာဖြာကို စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဇွန် ၁၈ ။

.ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဒဂုံစီးတီးအိမ်ရာစီမံကိန်း အပါအဝင် ရွှေတိဂုံဘုရားကို ထိခိုက်စေမယ်ဆိုရင် မည်သည့်စီမံကိန်းမဆို ရပ်ဆိုင်းပေးဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်မှတ်တွေ လိုက်လံစုဆောင်းပြီး

သမ္မတနဲ့ လွှတ်တော်တွေထံ တင်ပြသွားမှာ ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

ဒါ့အပြင် တောင်းဆိုချက်တွေအတိုင်းသာ ဖြစ်မလာဘူးဆိုရင် နောက်တစ်ဆင့်အနေနဲ့ ဆန္ဒပြကန့်ကွက်သွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

အဆိုပါ ကြေညာက်ချက်ကို သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုပ်လုပ် ပြောဆိုလိုက်တာ ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲအတွင်း ‘‘ရွှေတိဂုံစေတီတော်ကာကွယ်ဖို့ ’’ဆိုတဲ့ လက်ကမ်းစာစောင်တွေကို တစ်နိုင်ငံလုံးဖြန့်ချီပြီး အသိပညာပေးမယ့်အပြင်

.ရွှေတိဂုံစေတီတော် ဝတ္တကမြေအတွင်း ပြုလုပ်မယ့်စီမံကိန်းတွေကို ဖျက်သိမ်းပေးတဲ့ အထိ ဆန့်ကျင်ကန့်ကွက်သွားဖို့အရေး..စသည်ဖြင့် အချက် ၆ ချက်ကို ထုတ်ပြန်ထားပါတယ်။

ရွှေတိဂုံစေတီတော်ဝန်းကျင်ရှိ အထပ်မြင့် ဆောက်လုပ်ရေး စီမံကိန်းတွေ ရပ်တန့်ပယ်ဖျက်ပေးဖို့ အရေးကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့မှ သံဃာတော်များက ဦးဆောင်ပြီး လက်မှတ် ကောက်ခံ မှုတွေ ပြုလုပ်မယ်လို့လည်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇွန် ၁၈ ။

ရခိုင်ပြည်နယ် ၊ မောင်တောမြို့ ၊ နတ်မြစ်အတွင်းမှာ မြန်မာနယ်ခြားစောင့် စစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တို့ဟာ

ဇွန်လ ၁၇ ရက်နေ့က အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ ဖြစ်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထားလိုက်ကြောင်း ကြားသိရပြီး
ဖမ်းဆီးရမိသူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် ၄၂ BGB နယ်ခြားစောင့်တပ်ရင်းက တပ်ကြပ်အဆင့်ရှိသူဖြစ်ပါတယ်။

 

အဲဒီနောက် ဇွန်လ ၁၈ ရက်နေ့မှာတော့ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး Ajit Kuma Doval ဟာ သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ရေးရာ လုံခြုံရေးနဲ့ သတင်းအချက်အလက် ဖလှယ်ရေးတို့ကို ဆွေးနွေးမှုတွေ အားချင်း ပြုလုပ်ခဲ့ကြပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိန္ဒိယဘက်က မြန်မာ့နယ်စပ်ကို ကြိုတင်အသိမပေးဘဲ ဖြတ်ကျော်ဝင်ရောက်ပြီး မြန်မာပြည်တွင်းမှာ ပုန်းအောင်းနေတဲ့ နာဂသူပုန်တွေကို စစ်ဆင်ရေး လုပ်ခဲ့ပါတယ်။

 

သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးပြီး နောက်မှာ အိန္ဒိယ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး မစ္စတာ Doval ဟာ မကြာခင်ကမှ ပါကစ္စတန်နိုင်ငံကို သွားရောက်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံရဲ့ စစ်တပ်အချင်းချင်း ဆက်ဆံရေး၊ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၁၇ ။

မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချခြင်းကနေ ရရှိတဲ့ဝင်ငွေဟာ လစဉ် US ဒေါ်လာ သန်းပေါင်း ၁၇၀ ရှိကြောင်း မြန်မာစွမ်းအင်ဝန်ကြီးဌာနရဲ့ ကြေညာချက်အရ သိရှိရပါတယ်။

ဒါဟာ နိုင်ငံ့ဝင်ငွေ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက် ရှိနေတာ ဖြစ်ပြီး  ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၇၀၀၊ ရဲတံခွန်စီမံကိန်းကနေ ကုဗပေ သန်း ၃၂၅၊ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ

ကုဗပေ သန်း ၃၆၀ နဲ့ ဇောတိက စီမံကိန်းကနေ ကုဗပေ သန်း ၂၄၀ လောက် နေ့စဉ်ထုတ်ယူပြီးပြည်ပကို ရောင်းချနေတာ ဖြစ်ပါတယ်။

 

မြန်မာပြည်တွင်းက သဘာဝဓာတ်ငွေ့တွေကို အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေက အဓိက ၀ယ်ယူနေတာ ဖြစ်ပြီး မြန်မာပြည်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေလည်း အများအပြား ရှိနေသေးတဲ့အတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းဟာ အလားအလာ ကောင်းများရှိနေကြောင်း သမ္မတ စီးပွါးရေးအကြံပေးဖြစ်သူ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့ EITI မှာ ပါဝင်ခဲ့ပြီးနောက်ပိုင်းမှာ ပွင့်လင်းမြင်သာမှုတွေ ပိုရှိလာကြောင်း ပြောဆိုမှုတွေ ရှိပေမဲ့ လိုအပ်ချက်များ ၊ စိန်ခေါ်မှုများကတော့ များစွာ ရှိနေသေးတာကြောင့် ဆောင်ရွက်ရမှာတွေ ရှိကြောင်း တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

 

မြန်မာပြည်အနေနဲ့ EITI ရဲ့ စံနှုန်းတွေနဲ့အညီ သတင်းအချက်အလက်မှန် ထုတ်ပြန်ရေး ၊ သက်ဆိုင်ရာ စီမံကိန်း တခုချင်းစီအလိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ပြည်သူလူထုအထိ အကျိုးခံစားခွင့် ရရှိစေရေး ၊                                                ဘတ်ဂျက်သုံးစွဲမှုဆိုင်ရာ ကဏ္ဍတွေမှာ ဒီ့ထက်ပိုပြီး ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ရေးတွေလည်း လိုအပ်နေကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇွန် ၁၆ ။

US မှာ ဒုတိယအကြီးဆုံးမြို့ လော့စ်အိန်ဂျယ်လိစ်မှာ အနိမ့်ဆုံးလုပ်အားခကို တစ်နာရီလျှင် ၁၅ ဒေါ်လာထိ တိုးမြှင့်ပေးမယ့် ဥပဒေကို လော့စ်အိန်ဂျယ်လိစ် မြို့တော်ဝန် အဲရစ် ဂါဆက်တီက လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ လော့စ်အိန်ဂျယ်လိစ် မြို့တော်သမိုင်းမှာ အကြီးမားဆုံး ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ်လည်း ဖြစ်ပါကြောင်း မြို့တော်ဝန်က ပြောပါတယ်။

အဆိုပါ ဥပဒေသစ်အရ၊ လော့စ်အိန်ဂျယ်လိစ်အတွင်း လက်ရှိ အနိမ့်ဆုံးလုပ်ခ  တစ်နာရီလျှင် ၉ ဒေါ်လာကနေ ၂၀၁၆ ခုနှစ်မှာတော့ ၁၀.၅၀ ဒေါ်လာ၊  ၂၀၁၇ ခုနှစ်မှာ ၁၂ ဒေါ်လာ ၊  ၂၀၁၈ ခုနှစ်မှာ ၁၃.၂၅ ဒေါ်လာ၊ ၂၀၁၉ ခုနှစ်မှာ ၁၄.၂၅ ဒေါ်လာ၊ ၂၀၂၀ ခုနှစ်မှာ ၁၅ ဒေါ်လာ… စသည်ဖြင့် တစ်ဆင့်ချင်း မြင့်တက်သွားမည် ဖြစ်ပါတယ်။

 

လစာတိုးတဲ့ အချိန်ကာလ သတ်မှတ်ချက်ကတော့ နှစ်စဉ် ဇူလိုင်လ ၁ ရက်နေ့တွေမှာ စတင်ကျင့်သုံးမှာ ဖြစ်ကြောင်း သိရပါတယ်။

အနိမ့်ဆုံး လုပ်ခတိုးခြင်းသည် ကောင်းမွန်တဲ့ကိစ္စ ဖြစ်ပေမဲ့ လုပ်ငန်းလည်ပတ်စရိတ် သက်သာစေဖို့အတွက် အလုပ်ရှင်တွေဟာ အလုပ်သမား ဦးရေကို မဖြစ်မနေ လျှော့ချရတော့မယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

 

US တပြည်လုံးအတိုင်းအတာနဲ့ အနိမ့်ဆုံးလုပ်အားခ တစ်နာရီ ၁၀.၁၀ ဒေါ်လာ သတ်မှတ်ဖို့ကိုတော့ သမ္မတ ဘာရက်ခ် အိုဘားမားအစိုးရက တိုက်တွန်းကြိုးပမ်းနေပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ကတော့ ၁၁.၀၅ ဒေါ်လာထိ တိုးမြှင့်ထားတဲ့အတွက် လက်ရှိအချိန်မှာ ဝါရှင်တန်ပြည်နယ်၊ ဆီအတ်တယ်လ်မြို့ပြီးရင် လုပ်ခအများဆုံး နှုန်းထား ဖြစ်နေပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇွန် ၁၆ ။

 

မြန်မာအစိုးရရဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖေါက်ခဲ့မှုတွေကို  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးဖို့ အချိန်တန်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီအကြီးအကဲက ပြောဆိုလိုက်ပါတယ်။

 

လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီအကြီးအကဲ Ra’ad Al Hussein က အဖွင့်မိန့််ခွန်း ပြောကြားရာမှာ လူကုန်ကူးမှုတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ကြောင်း ပြောဆိုလိုက်တဲ့အပြင် ရိုဟင်ဂျာတွေအတွက် ပူပင်သောက ဖြစ်ရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

 

နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ဖိနှိပ်ခြယ်လှယ်မှုတွေ၊ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ စစ်ပွဲတွေဟာ တစ်ကမ္ဘာလုံးမှာ တိုးပွားလာနေပြီး အပြစ်မဲ့ ပြည်သူသန်းပေါင်းများစွာဟာ အိုးအိမ်နေရပ်တွေ အသက်တွေကိုပါ စွန့်ပြီး ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

 

တချို့ လူသားတွေဟာ မျှော်လင့်ချက် ကင်းမဲ့ပြီး ဂုဏ်သိက္ခာ ကင်းမဲ့တဲ့လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာအနေနဲ့ ဝိုင်းပြီး ဟန့်တားပေးဖို့ လိုတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

 

ဒီနှစ်အတွင်းမှာ မြေထဲပင်လယ်ဒေသကနေ ဥရောပတိုင်းပြည်တွေဆီကို ထွက်ပြေးကြရတဲ့ ဒုက္ခသည်ပေါင်း တစ်သိန်းကျော်လောက်ရှိနေပြီး ဘင်္ဂလား ပင်လယ်အော်ထဲမှာလည်း   မြန်မာ၊ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဆီကနေ ထွက်ပြေးလာကြသူပေါင်း ခုနှစ်ထောင်လောက်ရှိနေတဲ့အပြင် ဒုက္ခသည်ပေါင်း  ၂ ထောင်လောက်ဟာ ပင်လယ်ပြင်ထဲမှာ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇွန် ၁၅ ။

မြန်မာပြည်တွင်းက ပဋိပက္ခတွေ ဖြစ်ပွါးနေရာ ဒေသများရှိ လွှတ်တော်အမတ်များနဲ့ တရုတ်နိုင်ငံရဲ့ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ တရုတ်နိုင်ငံက ဖိတ်ကြားလိုက်ကြောင်း သိရပါတယ်။

 

အခု သီတင်းပတ်ထဲမှာပဲ တရုတ်ပြည်တွင်းကို သွားရောက်နိုင်မယ့် ဒီခရီးစဉ်အတွင်း  မြန်မာဒေသခံများရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ကြုံနေရတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။

 

အခုလို ဖိတ်ကြားမှုဟာ မြန်မာပြည်တွင်းက ပြည်တွင်းစစ်ဖြစ်ပွားရာ ဒေသများ ၊ ပဋိပက္ခတွေဖြစ်ပွားနေရာ ဒေသများ၊ တရုတ်အခြေစိုက် စီးပွားရေး လုပ်ကိုင်နေရာဒေသများရှိ လွှတ်တော်ကိုယ်စားလှယ်တွေကို အဓိကထား ဖိတ်ကြားထားတာ ဖြစ်ကြောင်း သိရပါတယ်။

 

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ဘူးသီးတောင်၊ စစ်ကိုင်းတိုင်း လက်ပံတောင်းဒေသစတဲ့ ကိုယ်စားလှယ်တွေနဲ့အတူ ဖိတ်ကြားခြင်းခံရတဲ့ ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ကချင်ပြည်နယ်တွင်းက သစ်မှောင်ခိုထုတ်လုပ်မှုတွေအရေး အဓိကထား ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

 

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း ရှမ်ဟိုင်း၊ ပီကင်းနဲ့ ကူမင်းမြို့တွေဆီကို သွားရောက်မှာဖြစ်ပြီး တရုတ်နိုင်ငံဆိုင်ရာ အစိုးရ နိုင်ငံခြားရေး ဌာနတာဝန်ရှိသူများ ၊ တရုတ်စီးပွားပညာရှင်များနဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားကြောင်းလည်း သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇွန် ၁၅ – ၁၆ ။

 

မြန်မာပြည်ရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်ရာမှာ ငွေကြေးသုံးစွဲနိုင်မှုက အဓိက မဟုတ်ဘဲ ပြည်သူလူထုအတွက် စိတ်ဓါတ်နဲ့ စေတနာ မှန်ဖို့က အဓိက ကျကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

 

ပြည်သူတွေရော ပါတီတွေ အချင်းချင်းပါ ညီညွှတ်မှအောင်မြင်မှာ ဖြစ်ကြောင်း ပြောဆိုလိုက်တဲ့အပြင် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဟာ အင်မတန်မှ ချမ်းသာနေတာပြီး NLD ကဘာမှမရှိတာကို စိတ်ပူနေကြတယ်လို့ ပြောပါတယ်။

 

ဒါပေမဲ့ အဓိကကျတာကတော့ စိတ်ဓါတ်နဲ့ စေတနာသာ ဖြစ်ပြီး စိတ်ဓါတ် နဲ့ စေတနာမှန်ရင် ပြည်သူကလက်ခံမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့သလို ပါတီဝင်အချင်းချင်း ရန်မဖြစ်ကြဖို့လည်း တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

 

ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အရှေ့တောင်အာရှ ၂၈ ကြိမ်မြောက် SEA Games ဘောလုံးပွဲ ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို (ရှုံးနိမ့်ခဲ့ပေမဲ့) ဗိုလ်လုပွဲအထိတက်ရောက်ပြီး ယှဉ်ပြိုင်ကစားနိုင်ခဲ့တဲ့ မြန်မာ ယူ ၂၃ အသင်းကို ချီးကျူးဂုဏ်ပြုစကား ဆိုလိုက်ပါတယ်။

 

ဘောလုံးပွဲတွေကို တယ်လီဗေးရှင်းကနေ ဘယ်တုန်းကမှ အစ-အဆုံး မကြည့်ဖူးပေမဲ့   ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ဖို့အရေးအတွက် ယှဉ်ပြိုင်ကြတဲ့ မြန်မာနဲ့ ထိုင်းတို့ရဲ့ ဗိုလ်လုပွဲကိုတော့ အစအဆုံး ကြည့်ခဲ့ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇွန် ၁၅ – ၁၇ ။

ရခိုင်ပြည်နယ်တွင်းက ၀ှိုက်ကဒ်လို့ ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်တွေ ပြန်လည်အပ်နှံထားသူတွေအတွက် အစိမ်းနုရောင်ကဒ်ပြားတွေ ပြန်လည်ထုတ်ပေးနေကြောင်း သိရပါတယ်။

 

အဆိုပါ အစိမ်းနုရောင်ကဒ်ပြားတွေဟာ နိုင်ငံသားအဖြစ် စိစစ်ခံဖို့လိုအပ်နေသေးတဲ့ သူတွေကို သက်သေခံကဒ်ပြား နောက်တမျိုးအဖြစ် ထပ်မံ ထုတ်ပေးနေတာ ဖြစ်ပါတယ်။

 

အခုလက်ရှိ ထုတ်ပေးနေတဲ့ အစိမ်းနုရောင် သက်သေခံကဒ်ပြားတွေထဲမှာ ကဒ်ပြားအမှတ်စဉ်၊ အမည်၊ အဘအမည်၊ ကျား/မ၊ မွေးသက္ကရာဇ် ၊  မွေးဖွားရာဒေသ၊ အိမ်ထောင်ရေးအခြေအနေ၊ ထင်ရှားတဲ့အမှတ်အသားစတဲ့

အချက် ၉ ချက်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသားထားကြောင်း သိရပါတယ်။

 

မြန်မာပြည်တဝန်းမှာ သက်တမ်းကုန်ဆုံးတဲ့ ၀ှိုက်ကဒ် (ယာယီသက်သေခံလက်မှတ်)တွေကို ဧပြီလ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ပြန်လည်သိမ်းယူခဲ့တာပြီး ရခိုင်ပြည်နယ်တစ်ခုထဲမှာပင် ဝှိုက်ကတ် လာရောက်အပ်နှံသူပေါင်း ၄ သိန်းနီးပါးရှိခဲ့ပါတယ်။

 

ဒါပေမဲ့ ဒီရက်ပိုင်းတွေအတွင်း ထုတ်ပေးနေတဲ့ အစိမ်းရောင်နေထိုင်ခွင့်ကဒ် အသစ်တွေကို အပ်နှံသူ ၄ သိန်းနီးပါးထဲက လာရောက် ထုတ်ယူသူ ၃၀ ကျော်သာ ရှိကြောင်း သိရပါတယ်။

 

အခုလို လာရောက် ထုတ်ယူသူတွေ နည်းပါးနေတာဟာ အစိမ်းရောင်ကဒ်အပေါ် စိတ်ဝင်စားခြင်းမရှိတာကြောင့်အပြင် တချို့ဒေသတွေမှာတော့ ကဒ်အသစ်ထုတ်ပေးနေတာကိုတောင် မသိကြဘူးလို့ သိရပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇွန် ၁၅။

မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် လို့ ခေါ်တဲ့ (MNDAA) ကိုးကန့်တပ်ဖွဲ့ဟာ စစ်ရပ်စဲကြောင်း တဖက်သက် ကြေညာခဲ့ပြီးနောက် လက်ရှိကာလမှာတော့ လောက်ကိုင်ဒေသမြောက်ပိုင်းတရုတ်မြန်မာနယ်စပ်မှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပါတယ်။

 

ကိုးကန့်အဖွဲ့ကစစ်ရပ်စဲကြောင်းဇွန်လ၁၀ရက်နေ့မှာ တဖက်သတ်ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး အစိုးရ စစ်တပ်ကတိုက်ခိုက်လာရင်တော့ ကိုယ့်တပ်ကို ခုခံကာကွယ်ဖို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ကချင်ပြည်နယ်၊ ဖားကန့် ဒေသမှာလည်း ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေတုန်းက တိုက်ပွဲတွေ ပြန်ဖြစ်နေကြောင်း သိရပါတယ်။

ဖားကန့်နဲ့ မိုင် ၂၀ ခန့်အကွာရှိ နန်ဆမ်ချောင်း ဘေးမှ အောင်လင်းရွာအနီးမှာ ကေအိုင်အေ တပ်ရင်း ၆ နဲ့ မြန်မာအစိုးရ စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်နေတာ ဖြစ်ပါတယ်။

 

အဆိုပါ တိုက်ပွဲတွေကြောင့် ဒေသခံရွာသူ ရွာသားတချို့ ပိတ်မိနေခြင်းများ ရှိနေပြီးအရင်က ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကြောင့် နေအိမ် မပြန်နိုင်ကြသေးသူတွေလည်း ဖားကန့် စစ်ရှောင်ဒုက္ခသည် စခန်းတွေမှာ ရှိနေပါသေးကြောင်း သိရပါတယ်။

 

လအတန်ကြာ တိုက်ပွဲတွေ ငြိမ်နေပြီး ခုရက်ပိုင်းမှာမှ ပြန်ဖြစ်လာတာဟာ ရွေးကောက်ပွဲ နီးချိန်မှာ နယ်မြေစိုးမိုးရေး လုပ်တာ ဖြစ်နိုင်ကြောင်းနဲ့    တိုင်းပြည် မငြိမ်မသက် ဖြစ်တာကို အကြောင်းပြပြီးရွေးကောက်ပွဲ မကျင်းပနိုင်မှာကို စိုးရိမ်စရာ ရှိကြောင်း ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇွန် ၁၄ ။

 

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ဟာ လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ညီလာခံတစ်ရပ် ကျင်းပမယ်လို့ သိရပါတယ်။

 

အဆိုပါ ညီလာခံကို ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပမှာ ဖြစ်ပြီး ညီလာခံအတွင်း သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ ကြွရောက်ဖို့လည်း ဖိတ်ကြားထားကြောင်း သိရပါတယ်။

 

သီတဂူဆရာတော်ကို မဘသ(ဗဟို) အဖွဲ့ရဲ့ ဒုတိယဥက္ကဌအနေနဲ့ ဖိတ်ကြားထားတာ ဖြစ်ပြီး နိုင်ငံခြားခရီးစဉ် မရှိဘဲ ကျန်းမာရေးလည်းကောင်းတယ်ဆိုရင် ညီလာခံကို တက်မှာ ဖြစ်ကြောင်း မဘသ (ဗဟို)ရဲ့ ဦးဆောင်ဆရာတော် ဦးပါမောက္ခက ဆိုပါတယ်။

 

အဆိုပါ ညီလာခံမှာ ဘာသာခြားတွေနဲ့ ပဋိပက္ခဖြစ်တဲ့အခါ အကြမ်းမဖက်တဲ့နည်းနဲ့ အေးချမ်းစွာဖြေရှင်းရေး၊                                                                                               ပဋိပက္ခတွေ ဖြစ်လာတဲ့အခါမှာ မဘသ အဖွဲ့က တရားဥပဒေ စိုးမိုးမှုရှိရေးအတွက် ဦးဆောင်ဖြေရှင်းရေး၊ မျိုးစောင့်ဥပဒေ ၄ ခုကို လွှတ်တော်က အတည်ပြုပြီးတဲ့အခါ ဥပဒေအတိုင်း ဆောင်ရွက်နိုင်ရေးကို စောင့်ကြည့်ရေး … စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုကြမှာ ဖြစ်ကြောင်း သိရပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇွန် ၁၃ ။

မြန်မာပြည်ရဲ့ ရခိုင်ပြည်နယ်ထဲမှာ လူမှုအ၀န်းအ၀ိုင်း နှစ်ခုအကြား ရုန်းရင်းဆန်ခတ် အခြေအနေတွေဖြစ်ခဲ့တဲ့နောက် အခုဆိုရင် သုံးနှစ်လောက် ကြာလာပြီးပေမဲ့လူပေါင်း ၄၁၆,၀၀၀ကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်လက်လိုအပ်နေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုရုံး (UNOCHA) က ပြောဆိုလိုက်ပါတယ်။

 

အကူအညီတွေ လိုအပ်နေတဲ့ အဆိုပါ ဒုက္ခသည်စခန်းတွေထဲမှာ ဆိုးရွားစွာ နေထိုင်နေရတဲ့ လူပေါင်း ၁၄၀,၀၀၀ နီးပါးနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံထားရဘဲ နေထိုင်နေကြရသူတွေလည်း ရှိနေကြောင်း နယူးယောက်မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း UNOCHA အဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

 

အိုးအိမ်စွန့် ထွက်ပြေးရသူတွေနဲ့ အကာအကွယ်မဲ့နေသူများကို သင့်တင့်လျောက်ပတ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေဟာ အဓိက စိုးရိမ်ဖွယ်ရာ အနေအထား ဖြစ်နေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ လူပေါင်း ၄၀,၀၀၀ လောက်ဟာလည်း ကမ်းရိုးတန်းဒေသနဲ့ မီတာ ၅၀၀ လောက်မှာ မပြည့်စုံတဲ့ ဒုက္ခသည်စခန်းတွေထဲနေထိုင်နေကြရတဲ့အတွက် မိုးတွင်းကာလ ကမ်းရိုးတန်းတလျှောက်က ရာသီဥတုအခြေအနေ ဆိုးရွားလာမှုနဲ့အတူ စိုးရိမ်စရာတွေ ဖြစ်နေကြောင်းလည်း ထောက်ပြ ပြောဆိုလိုက်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဇွန် ၁၃ ။

 

အကျဉ်းထောင်တွေမှာ ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့ရဲ့ ကျန်းမာရေး အခြေအနေဆိုးရွားလာတာတွေ ရှိလာတဲ့အတွက် ဆေးကုသပေးဖို့ အစိုးရကို တိုက်တွန်းမှုတွေ ရှိနေကြောင်း သိရပါတယ်။

 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ကူညီနေတဲ့ အဖွဲ့တွေက အစိုးရနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

 

နိုင်ငံရေးပြစ်ဒဏ်တွေနဲ့ ထောင်တွင်းရောက်နေသူတွေရဲ့ ကျန်းမာရေး အခြေအနေကြောင့် အရေးပေါ် ဆေးရုံတင်ရသူတွေပါ ရှိနေကြောင်း သိရပါတယ်။

 

လက်ပံတန်း ကျောင်းသားသပိတ်တုန်းက အကြမ်းဖက်ပြီး ဖမ်းဆီးခံထားရသူတွေထဲက ကိုခင်လှိုင်ဆိုသူဟာ ဇွန်လ ၉ ရက်နေ့က ရုံးထုတ်စဉ်မှာ သွေးအန်ပြီး အရေးပေါ် ဆေးရုံတင်ခဲ့ရတဲ့အပြင် အရေးပေါ် ခွဲစိတ် ကုသခံနေရသူတွေလည်း ရှိနေပါတယ်။

 

သာယာဝတီထောင်ထဲက ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်သူ ကိုမင်းသွေးသစ်ကတော့ ဖမ်းဆီးတုန်းက ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကြောင့် နာကျင်ကိုက်ခဲမှုကို အပြင်းအထန် ခံစားနေရပြီး
မူးမေ့ လဲတဲ့အထိ ဖြစ်နေကြောင်း သိရပါတယ်။

 

ဗကသ ကျောင်းသား အတော်များများဟာ အတွင်းဒဏ်ရာတွေ ရထားတဲ့အတွက် အမြန်ဆုံး ဆေးကုသပေးဖို့ ဗကသအဖွဲ့ကလည်း တောင်းဆိုလိုက်တဲ့အပြင်
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီကလည်း သာယာဝတီထောင်တွင်းကကျောင်းသားတွေရော တခြားထောင်တွေမှာ အကျဉ်းကျနေတဲ့ထဲက ကျန်းမာရေး မကောင်းတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စစ်ဆေးပြီး ကုသပေးဖို့တောင်းဆိုလိုက်ပါတယ်။

 

ဒါ့အပြင် လက်ရှိ အကျဉ်းသားများ ရင်ဆိုင်နေရတဲ့ အခြေအနေတွေဟာ ဟိုစဉ်က စစ်အစိုးရ လက်ထက်မှာ ဖြစ်ပျက်နေတာတွေနဲ့ ထပ်တူနီးပါးဖြစ်နေတဲ့အကြောင်း အေအေပီပီ က ဆိုပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ဇွန် ၁၂ ။

လက်ရှိအချိန်မှာ အငြိမ်းစားတပ်မတော် အကြီးအကဲအဖြစ် ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် လမ်းကြောင်းမှန်ပေါ် တင်ပေးခဲ့သူဖြစ်တဲ့အတွက် ဦးသန်းရွှေရဲ့ ကျေးဇူးကို မမေ့သင့်ဘူးလို့ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

 

ဂျပန် အခြေစိုက် မိုင်နိချိ (Mainichi) သတင်းဌာနနဲ့ နေပြည်တော် ဘုရင့်နောင်ရိပ်သာခန်းမမှာတွေ့ဆုံမေးမြန်းစဉ်မှာ ပြောကြားခဲ့တာဖြစ်ကြောင်းဗိုလ်ချုပ်မှူးကြီးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ

.ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မြန်မာနိုင်ငံရဲ့ အရေးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ကြောင်းနဲ့ ဦးသန်းရွှေ ပြောင်းလဲပေးခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ထိန်းပြီး ဆက်လက်လုပ်ဆောင်သွားရင် ခိုင်ခိုင်မာမာ ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံပြီး အရေးကိစ္စတွေကို ဆွေးနွေးတိုင်ပင်နေပါသလားလို့ ဂျပန်သတင်းဌာနက မေးမြန်းခဲ့ပါတယ်။

 

အဆိုပါ မေးခွန်းကိုတော့ ဦးသန်းရွှေဟာ တပ်မတော်ရဲ့ ဖခင်ကောင်းတယောက်ဖြစ်ပြီး တပ်မတော်ရဲ့ မိဘတယောက် ဖြစ်တာကြောင့် သီတင်းကျွတ်လို အခါကြီး ရက်ကြီးတွေမှာ သွားရောက်ပြီး ကန်တော့ပါကြောင်း ပြန်လည် ဖြေဆိုခဲ့ပါတယ်။

 

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးသန်းရွှေတို့ဟာ ရံဖန်ရံခါမှာ တွေ့ဆုံမှုတွေ ရှိတဲ့အပြင် တပ်မတော်ကို လိုအပ်တဲ့ ဆိုဆုံးမမှုတွေ ပြုလုပ်ပါကြောင်းလည်း ဆိုပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့တော့ ပြောဖို့ခက်တဲ့အကြောင်းနဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်တဲ့အတွက်ကြောင့် လူသိများတဲ့ သူတယောက်ဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ် မတ်လက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ရာထူးကနေ အနားယူသွားပြီးနောက်မှာ တက်လာတဲ့ ဗိုလ်ချုပ်ဖြစ်ပြီး မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ၈ ယောက်မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

US ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဓမ္မစက္ခု ဓမ္မာရုံ တည်ရှိရာ 1008 S.DEL MAR AVE, SAN GABRIEL CA 91776 မှာ

ဇူလိုင်လ (၁၄) ရက် ကနေ (၁၉) ရက်ထိ ရွှေမင်းဝံ ဆရာတော်ရဲ့ တရားစခန်းကို ကျင်းပဦးမယ်လို့ သိရပါတယ်။

 

ဓမ္မမိတ်ဆွေအပေါင်း တရားနာ ကြွရောက်ကြဖို့ ဖိတ်ခေါ်ထားပြီး အသေးစိတ်သိရှိလိုပါက

ဖုန်း-(၆၂၆)၂၂၁၆၆၇၀ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။

 

US ၊ ဟေးဝပ်ဒ်မြို့ ၊ မုဒိတာရွှေကျောင်းတွင် ရွှေသိမ်တော်ကြီး သိမ်အောင်ပွဲကို ဇူလိုင်လ၁၂ ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ဓမ္မမိတ်ဆွေ သူတော်စင်များအနေနဲ့သိမ်တော်အတွက် ကုသိုလ်ယူ ပါဝင်နိုင်ပြီး အသေးစိတ်သိရှိလိုသူများအနေနဲ့ ဖုန်းနံပါတ် – 510 574 5442 ကို ဆက်သွယ်နိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

US ၊ ဝေဠုမြိုင်တောရ ၊မြန်မာဗုဒ္ဓဘာသာကျောင်းတိုက်တွင် US မှာ ကြုံခဲလှတဲ့ ဒုလ္လဘ ရဟန်းခံ ရှင်ပြု သီလရှင် ဝတ်ပွဲကြီး ကျင်းပမယ်လို့ သိရပါတယ် ။

ပွဲတော်ကျင်းပမှာကတော့ ဇွန်လ ၂၀ ရက်ကနေ ၂၁ ရက်နေ့အထိဖြစ်တာကြောင့် ကျောင်းတိုက် တည်ရှိရာ 1044 Garvin Ln, Bowling Green, KY 42101 ကို ကြွရောက်ပါဝင် ကုသိုလ်ယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

အသေးစိတ် သိရှိလိုသူများအနေနဲ့ ဖုန်း(470) 421-0894 / (270) 784-1109 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

 

အောင်ဇေ1

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .