ဘောလုံးကို ကျနော် ဘယ်တုန်းက စ စိတ်ဝင်စားခဲ့တာလဲ ? သိပ်မမှတ်မိချင်တော့ ၊

ကျနော့ အဖေက ကချင်ပြည်နယ် လက်ရွေးစင် ဖြစ်ဘူးသလို အဖေ့ညီက အကောက်ခွန်အသင်း လက်ရွေးစင်ဗျ ၊

ဒီတော့ ကျနော့သွေးထဲမှာလည်း ဘောလုံးသွေးက ပါမပေါ့လေ ၊

ဘောလုံးသမား ဖြစ်ခဲ့သလား ? နိုး ၊ ဒါဆို ဘောလုံးကော ကန်ခဲ့ဘူးလား ? ရက်စ် ဘုရားစူး တစ်ခါကန်ဘူးတယ် ၊

ဆင်မလိုက်သင်္ဘောကျင်းဝန်ထမ်းဘဝ ၊ ဦးဆောင်ညွှန်ကြားရေးမှုးဒိုင်း ဆိုပြီး သင်္ဘောကျင်း ဌာနအသီးသီး နဲ့ အလုပ်ရုံတွေ ပြိုင်ကြတာ ၊

ကျနော်က စက်တပ်ဆင်ရေးအလုပ်ရုံအသင်းက အရန်ကစားသမား ၊  ဟီး ဟီး  အဲသလောက်ခြေစွမ်းရှိတာ ၊

အဲဒီပွဲမှာ ကျနော်တို့အသင်းက ဆီမီးဖိုင်နယ်အထိရောက်တယ် ၊ ကျနော်ကတော့ တစ်ခါမှကို ဝင်မကန်ရသေးဘူး ၊

ဘောကန်ဘိနပ် ဝယ်ပေးတဲ့ အမေကတောင် သူ့သားတော်ကြီးကို အတော် စိတ်ပျက်လောက်တဲ့အထိ ၊

အဲ ဖြစ်ချင်တော့ တည်ဆောက်ရေး ၁ အသင်းနဲ့ ကန်ရတဲ့ ဆီမီးပွဲက အကြိတ်အနယ်မို့ နာလို့ ထွက်ရသူတွေ ရှိလာရော ၊

အဲဒီမှာ အသင်းနည်းပြပေါ့ဗျာ ၊ အလုပ်ရုံအင်ဂျင်နီယာက ကဲ မျိုးသန့်ရေ သွေးပူလေ့ကျင့်ခန်း လုပ်ထား တဲ့ ၊

ကျနော်ကလည်း ပြည်နယ်တိုင်း ဘောလုံးပွဲတွေမှာ မြင်ထားဘူးသလို ကွင်းထဲမဝင်ခင် ဟိုပြေး ဒီပြေးပေါ့ဗျာ ၊

အဲ လူစားဝင်ရမှာက တိုက်စစ်မှုးနေရာ ၊ နင့်အမေလခွား ပြေးလိုက်ရတာ တယ်မောသဗျာ ၊

ဒူးယားစီးကရက် နဲ့ နှင်းဆီဆေးပေါ့လိပ် တန်ခိုးတွေပေါ့ ၊

အဲဒီအချိန်မှာ ပွဲက ဇီး ဇီး နဲ့ သရေကျနေတုန်း ၊ မိနစ် ၉၀ ကလည်း ပြည့်တော့မယ် ၊

အားကောင်းမောင်းသန် ဟိုဘက်အသင်းက အတော်ဖိတာ ၊

ကျနော့ခမျာလည်း ရွှံ့အလူးလူးနဲ့ ၊ ယှဉ်လိုက်တိုင်း ပေါင် ၁၁၀ ကျနော်ချည်း ပစ်လဲနေတာကိုး ၊

ဒိုင် ခရာမှုတ်ခါနီး ကျနော်တို့ဂိုးဘက်မှာ ဟိုဘက်ကစားသမာက ဘောလုံးရ ကျနော်က ဝင်အဖျက် ၊

တိုက်စစ်မှုးက နောက်တန်းဆင်းကူနေရတဲ့အဖြစ် ၊

အဲသမှာ ဟိုဘက်က လှမ်းအကန် ဂိုးသမားက ထွက်အပုတ် ၊ ပြေးလာတဲ့ ကျနော့ခြေထောက်ကို လာထိ ၊

အရှိန်နဲ့ဆိုတော့ ဘယ်လိုမှ မရှောင်နိုင်ပဲ ဂိုးထဲ ဝင်သွားတာ တန်းကနဲ ၊ ဆဲလိုက်ကြတာဗျာ ၊ ကျနော့မှာ မျက်နှာဘယ်နား ထားရမှန်းမသိ ၊

ကောင်းလိုက်တဲ့ တိုက်စစ်မှုး အေပေးတိုက်စစ်မှုး ၊ ကိုယ့်ဂိုးကိုယ် သွင်းရသလား ခွေးသားရဲ့   တဲ့ ၊

ကျနော်သွင်းတဲ့ဂိုးနဲ့ ကျနော်တို့ ထွက်လိုက်ရတယ် ၊ အဲဒီကတည်းက ဘောလုံးကန်ဖို့ စိတ်နာသွားတာ အခုထိပဲပေါ့ဗျာ ၊

သြော် ဘောလုံး ဘောလုံး ၊

ငါ နဲ့ အတော် ကံမစပ်ပါလားလို့ ထင်ခဲ့ပေမယ့် ကိုရွှေကံဇာတ်ဆရာက

ကျနော့ကို ဘောလုံးလောကထဲ ရောက်အောင် ပို့လိုက်ပါသေးတယ် ၊

ဘောလုံးဝက်ဘ်ဆိုက်အတွက် ဘောလုံးသတင်း ဘာသာပြန် တဲ့ ၊

သြော်   ကန်တာနဲ့ အကျိုးမပေးပေမယ့် ပြန်တာနဲ့တော့ အကျိုးပေးမှာပါလေ ဆိုပြီး

အဲဒီအလုပ်ကို ဝင်လိုက်တာ ၁၁ နှစ်ကြာ အခုထိ ဘောလုံးသတင်းတွေနဲ့ နပမ်းလုံးနေဆဲပေါ့ ၊

၂၀၀၅ နဲ့ ၂၀၀၆ မှာ ဘောလုံးပွဲကြေညာသူအဖြစ် MRTV 4 မှာ သွားလုပ်ခဲ့ရတာလည်း အမှတ်တရပါပဲ ၊

ဘောလုံးပွဲကြေညာရင် ဘာတွေရှောင်ရမယ်ဆိုတာ သင်ပေးခဲ့တဲ့

ကွယ်လွန်သူ အားကစားကလောင်ရှင် ဆရာကျောက်ဘီလူးတင်မောင်ဆွေ ၊

အပြောကောင်းတဲ့ ကိုနေမျိုးသူရ ( စာရေးဆရာမ လမင်းမိုမို အမျိုးသား ) တို့ကိုလည်း အမှတ်ရမိပါရဲ့   ၊

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဝက်ဘ်ဆိုက်ကို တာဝန်ယူ လုပ်ပေးခဲ့ရတာတွေ ၊

ကွင်းထဲအထိဝင်ပြီး ဓါတ်ပုံရိုက် သတင်းယူ အင်တာဗျူး လုပ်ခဲ့ရတာတွေ သတိရစရာတွေက အများသားကိုး ၊

( အဲဒီတုန်းက အမှတ်ရစရာလေးတွေကို နောက်မှ ရေးပါဦးမယ် )

အခုတော့ ဘဝကစားပွဲမှာ ကိုယ့်ဂိုးကိုယ် မသွင်းမိအောင်

ကြိုးစားရုန်းကန်နေထိုင်ရင်း ဘောလုံးသတင်းတွေကြားမှာ ပျော်ပါးလို့ဖြင့် နေတုန်းပါ ၊

7

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..