စကားလိမ်တွေနဲ့ ပြောတဲ့ စကားသံ မကြားရတာ ဆယ်စုနှစ် တစ်စုကျော်ပြီး နှစ်ဆယ်စုနှစ်လောက်လောက်ရှိသွားပြီ။ ငယ်ငယ်တုန်းက မန္တလေးဖိနပ်တွေ ရောင်းတဲ့ ဖိနပ်အရောင်းသမားဘဝတုန်းကဆို ဒီစကားလိမ်က လှိုင်နေအောင် သုံးရ ပြောရတာကိုး။ အဲဒီတုန်းကလို ကိုယ်နဲ့ အပြိုင် စကားလိမ်တွေကို လွတ်ပြီးပြောနိုင်တဲ့ အသိမိတ်ဆွေ သူငယ်ချင်တွေလည်း အခုမရှိတော့ဘူး။ သတိရမိပါရဲ့။

တကယ်တော့ ဟိုအရင် မန္တလေးက လူငယ်တွေရဲ့ ပြောဟန်ဆိုဟန် ဝတ်ပုံစားပုံတွေက တစ်ခြားဒေသ၊ နေရာတွေနဲ့ မတူ တစ်မူကွဲပြားတယ်လို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဘုရင်ထီးနန်းတည်ခဲ့ နေခဲ့တဲ့ မြို့ဆိုတော့ စကားအသုံးအနှုန်းကလည်း တစ်ခါတစ်ရံ နန်းမူနန်းဟန်ပါတယ်လို့ ထင်တယ်။ ဥပမာ ရှုး(shoe) စီးတယ်ဆိုတာကို ခြေနင်းစီးတယ်ပေါ့။ ညဉ့်နက်သန်းခေါင် တစ်နာရီကို နာပြန်တစ်ချက်ထိုး သည် အစရှိသဖြင့်ပေါ့။

နောက်ပိုင်း ဆက်သွယ်ရေးတွေ သိပ်ကောင်းလာတဲ့ ခေတ်ကြတော့ ဒေသသုံးစကားတွေ ကူးသန်းဖလှယ်ကြ၊ နောက်ပြီး အဝတ်အစား ဒီဇိုင်းတွေကလည်း နေရာအနှံ အလွယ်တကူရောက်နိုင်တော့ တစ်ကျောင်း တစ်ဂါဋာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုတဲ့ စကားက မှေးမှိန်လုနီးပါးရှိရော့မယ်။

စကားလိမ်က ဘယ်ကဘယ်လို စတင်ပေါ်ပေါက်လာသလဲဆိုတာတော့ ကိုယ်ကိုယ်တိုင်လည်း သုတေသန မလုပ်အားတော့ မလုပ်နိုင်ဘူး။ မြန်မာစကားတွေကို သုတေသနလုပ်နိုင်တဲ့ ပညာရှင်တွေ အများကြီးထွက်လာရင်တော့ သိပ်ကောင်းမှာပဲ။

မှတ်မိသလောက် ငယ်ငယ် လေးတန်း ငါးတန်းအရွယ်လောက်က စပြီး “တစ်” ကို အခြေခံထားတဲ့ စကားလိမ်ကို စတင်နားလည်ပြီး ပြောဖြစ်ခဲ့သည်။ အဲဒီတုန်းက ကိုယ့်ကို “တစ်” စကားသင်ပေးတဲ့ သူငယ်ချင်းက ဒါဟာ မြေအောက်တော်လှန်ရေးသမားတွေ၊ သူပုန်တွေ သုံးတဲ့ စကားဆိုပြီးပြောထားတော့ အဲဒါပဲ စွဲနေတာ။

စကားလိမ်တွေ အမျိုးမျိုးရှိမှာပေါ့။ ကိုယ်သိသလောက်တော့ စုဆောင်းပြီး ပြောပြမယ်။
၁။ တစ် စကား
၂။ စန် စကား
၃။ ကို စကား
၄။ တကော် စကား

ဒီတော့ စကားလိမ်ဆိုတာ ဘာလဲ။ ဘယ်လို သုံးသလဲ။ ဘယ်လို အကျိုးသက်ရောက်သလဲ အစရှိတဲ့ မေးခွန်းတွေ စာဖတ်သူတို့ မေးကြမိမယ်။

စကားလိမ်ဆိုတာ နေ့စဉ်သုံးနေ့တဲ့ မြန်မာစကားဝါကျတွေကို ကာရံအလိုက် ပြောင်းပြန်လုပ်ပြီး ပြောတာပါပဲ။ တနည်းအားဖြင့် မြန်မာစကားကို မြန်မာ နားမလည်အောင် ပြောခြင်းပေါ့။ အခြေခံ အကျဆုံးသော မြန်မာ စကားလိမ်ဆိုတာက ဘာစကားလုံးမှ အပိုမထည့်ပဲနဲ့ နဂိုအရှိအတိုင်း ပြောင်းပြန်လုပ်ပြောတာ။

ဥပမာ “သဒတ်တာမှ ဆတ်တာ” တယ် ဆိုတဲ့ စကားလိမ်ကို စဉ်းစားကြည့်ရအောင် ။ အပြောကို သာ အခြေခံထားတဲ့ အရာဆိုတော့ ဒီနေရာမှာ စာရေးသူတို့၊ စာဖတ်သူတို့ စကားလိမ်ရဲ့ စကားလုံး သတ်ပုံအမှား အမှန်ကို မစဉ်းစားဘူး။ အသံကိုပဲ ယူမယ်။

“သဒတ်တာ” ဆိုတာ သဒ္ဒါတတ် လို့ ပြန်ပြောင်း ကောက်ယူလို့ ရတယ်။ “ဆတ်တာ” ဆိုတာ စာတတ် ပေါ့။ အပြည့် အစုံကြည့်မယ်ဆိုရင် “သဒတ်တာ မှ ဆတ်တာ” တယ် ဆိုတာ “သဒ္ဒါတတ် မှ စာတတ်” လို့ ပြောခြင်းပါ။

နောက်တနည်းအားဖြင့် “သဒတ်မတာ ဆတ်မတာ၊ သဒ္ဒါမတတ် စာမတတ်” ဆိုပြီး ပြောကြလေ့ရှိသည်။ ဒါဟာ အခြေခံ အကျဆုံးသော စကားကို လိမ်ခြင်းပဲ။ တလောကပဲ လူတစ်ယောက်က ကျွန်တော့နာမည် ဘကောင်း ကိုအခြေပြုပြီး “ဘောင်းက” ဆိုတဲ့ နာမည်နဲ့ ခင်ဗျားတို့ ပြောပြောနေတဲ့ ဆီဗုံးဆိုတဲ့ အရာထဲကို ခင်ဗျားတို့ ပြောသလို့ ဝင်ပြီး အော်သွားသေးတယ်။ ဘောင်းကဆိုလို့ သတိထားမိလိုက်တာပါ။

ဆိုလိုတာက “ဘကောင်း” ဆိုတဲ့ စကားစုကို ရိုးရိုးသာမန် လိမ်လိုက်ရင် “ဘောင်းက” ဆိုပြီးရလာတယ်။ ဒါပေမယ့် “တစ်” စကားဆိုတဲ့ စကားလိမ်ကို သုံးလိုက်ရင်တော့ “ဘစ်တကစ်တောင်း” ဆိုပြီး ထွက်လာတယ်။ ကဲ ဘယ်လိုလဲ။ နားလည်ပါ့မလား။

လွယ်လွယ်လေးပါ။ “တစ်” ဆိုတဲ့ စာလုံးကို ကိုယ်လိမ်ချင်တဲ့ စားလုံရဲ့ အနောက်မှာ ကပ်ထည့်လိုက်ပြီး လိမ်လိုက်တာပေါ့။ ဒီတော့ ဘတစ် ကောင်းတစ်။ ဘစ်တ ကစ်တောင်း။
ဒါဟာ “တစ်” စကားရဲ့ အခြေခံပါပဲ။

စကားလိမ် တွေကို တစ်ပါတ်လောက် အပြောကျင့် လိုက်ရင် ပြောသူရော၊ နားထောင်သူပါ စဉ်းစား စရာမလိုပဲ သာမန်စကား ပြောသလို ကရားရေလွှတ် တတွတ်တွတ် ပြောနိုင်တယ်။

စာရေးသူ ဖိနပ်အရောင်းသမားတုန်းက “စန်” စကားပြောတယ်။ တခါတရံ ဈေးဝယ်သူ မသိစေချင်တဲ့ အကြောင်းအရာတွေကို လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ “စန်” စကားသုံးပြီး လှမ်းပြောရတာ။ ဈေးဝယ် မေးတဲ့ ဖိနပ်ဆိုဒ် က မရှိဘူးဆိုရင် အခြင်းခြင်း လှမ်းမေး။ သင့်တော်တာနဲ့ ဈေးဝယ်ကို ရအောင် ပြန်ရောင်းရတယ်။

စကားလိမ်တွေက ဘာသာစကား အခြားတစ်ခုလိုပဲ။ ကိုယ်ပြောတာတွေ အခြားသူတစ်ပါး မသိစေချင်ရင် စကားကို လိမ်ပြီးပြောလို့ရတယ်။ စကားလိမ်ကို အကျင့် မရှိသူအတွက် ဘာပြောလိုက်မှန်း မသိတော့ဘူး။

“စန်” စကားက “တစ်” စကားနဲ့ မတူဘူး။ ကိုယ်လိမ်ချင်တဲ့ စကားလုံးရဲ့ အရှေ့မှာ ထည့်ရသည်။ “တစ်” စကားကတော့ ကိုယ်လိမ်ချင်တဲက စကားလုံးရဲ့ အနောက်မှာ ထည့်ရသည်။ “စန်” စကားနဲ့ ကျွန်တော့နာမည် ခေါ်ရင်တော့ စဘန် စောင်းကန် လို့ပဲ ခေါ်လို့ရပါတယ်။ စန်ဘ စန်ကောင်း။

“စာစန် စတ်ဖန် စူသန် တို့ စိုးကျန် စားစန် စောပြန် စိကျန် ပါ”။ စာဖတ်သူ တို့ ကြိုးစား ပြော ကြည့် ပါ။

“ကို” စကားကတော့ တစ်ချိန် စာရေးသူ ငယ်ငယ်တုန်းက “စန်” စကား ပြောစဉ် အသုံးပြုခဲ့သော စကားဖြစ်ပါသည်။ ဒါပေမယ့် အဲဒီတုန်းက လူကလည်း လူငယ်။ ဆေးဝါးတွေ သုံးစွဲတဲ့ သူငယ်ချင်းတွေ ကြားမှာ ဆိုတော့ သုံးတဲ့ အသုံးအနှုန်းတွေက တစ်မူကွဲပြားပါလိမ့်မယ်။

“ကို” စကားက “စန်” စကား လိုပါပဲ။ ကိုယ်လိမ်ချင်တဲ့ စကားလုံးရဲ့ အရှေ့မှာပဲ ထည့်ရပါသည်။ ဘကောင်း ဆိုတဲ့ နာမည် ခပ်စုတ်စုတ်ကို “ကို” စကား သုံးပြီး ခေါ်မယ် ဆိုရင် “ကဘို ကောင်းကို” လို့ ခေါ်တာပေါ့။

ဆေးသမားတွေက ဆေးခြောက် ကို မုန့် လို့ ခေါ်တယ်။ ဆေးခြောက် ကို ဆေးလိပ်ထဲမှာ ထည့် ပြီး ရှုရှိုက်တာကို မုန့်စားသည်။ မုန် ရှုသည်။ မုန့်ဖြုတ်သည်။ မုန့်ကိုင်သည် အစရှိသဖြင့် အဆင်ပြေ သလို ပြောကြသည်။ ယခုခေတ် လူငယ်တွေ ပြောတဲ့ စကားတွေနဲ့ဆို တွဲပြီး သုံးလို့ ရတဲ့ ကြိယာတွေက အများကြီး။ ကြွေး သည်။ တွယ် သည်။ နွှာ သည်။ ဖဲ့ သည်။

အများအားဖြင့် ဒီသူငယ်ချင်းတွေက မိဘတွေ အရှေ့မှာ၊ အခြားလူတွေ ကြားမှာ မသိစေခြင်တဲ့ စကားတွေကို “ကို” စကားလိမ်တွေနဲ့ ပြောကြသည်။ မုန် ဖြုတ်သည် ကို “ကုတ်မို ကို ကုတ်ဖြို” မယ်လို့ ပြောကြသည်။ ဒီအကြောင်း ကို ကျွန်တော် ၏ ညောင်ပင်ဈေးသစ်မှ လေဘေးလောက တွင် ရေးဖူးပါသည်။

နောက် “တကော်” စကားပါ၊ “တကော်” စကားကတော့ အများစု မိန်းမလျာ အခြောက်တွေ ပြောတာပါ။ သို့ ပေမယ့် မှတ်မှတ်ရရ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က အလုပ်ခွင်မှာ လုပ်ဖော် ကိုင်ဖက် မိန်းကလေး နှစ်ယောက် “တကော်” စကား ပြောတာ ကြုံဖူးလိုက်သေးတယ်။

ကိုယ်က “တကော်” စကား အလေ့အကျင့် မရှိတော့၊ သူတို့ ပြောတာတွေက နားမလည် လိုက်ဘူး။ စကားလိမ်တွေက အဲဒီလောက် စွမ်းတာ။

“တကော်” စကားက “တစ်” စကား ကဲ့သို့ မိမိလိမ်လိုသော စကားလုံး၊ စကားစု အနောက်တွင် ကပ်လျက် လိမ်ကာ သုံးရပါသည်။ “တကော်” သည် စကားလုံး နှစ်လုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ကြောင့် လိမ်သည့် အခါ ပိုခက်သလို နာထောင်သူအတွက်လည်း ပိုမို ခက်ခဲပါသည်။

ဥပမာ အားဖြင့် “အချော် တစ်ကောက် တွေ ပျော်တကော် တဲ့ စကော်တကား က ခေါ်တကက် သည်။”
အခြောက်တွေ ပြောတဲ့ စကား က ခက်သည်။

အနန္တမေတ္တာဖြင့်
ဘကောင်း

source:http://bakaung.blogspot.com

About s0t04

( ^o^ ) has written 7 post in this Website..