လောဂျစ်ကျကျ ဖြီးခြင်း

ဒီရက်ပိုင်း ရွာလုံးကျွတ် မွေးနေ့တွေတူနေတဲ့ကိစ္စ တွေ့ရတော့ ၂၀၀၉ တုန်းက အဖြစ်အပျက်လေး သွားသတိရတယ်။ ၂၀၀၉ ခုနှစ် (၄) လပိုင်း၊ (၅) လပိုင်း ဆိုတော့ ၂၀၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတဲ့ အချိန်ပေါ့။ နောက်ဆုံးနှစ် ပထမနှစ်ဝက် တက်ပြီးလို့ ကျောင်း (၂) လ ပိတ်ထားချိန် နယ်မှာ ပြန်နေဖြစ်တယ်။ အလုပ်မရှိဘဲ မနေတတ်တဲ့သူဆိုတော့ အဲဒီ (၂) လအတွင်းမှာ ကိုးတန်းကလေးတစ်ယောက်ကို စာပြပေးနေတုန်း ခု အာဏာရနေတဲ့ပါတီက အသိတွေက လာပြောတယ်။ data entry လေး လုပ်ပေးပါတဲ့။ သူတို့ပြတာလေးတွေကြည့်တော့ သိပ်မခက်တာနဲ့ပဲ စာသင်ပြီးချိန် ညနေဘက်လေးမှာ အဲဒါလေးတွေ ဖြည့်ပေးတယ်။ ဘယ်လောက်ရလဲတောင် မမှတ်မိတော့ပါဘူး။ အရမ်းလည်း ကြာနေပြီဆိုတော့လေ။

 

သူတို့က ကျေးရွာ၊ ရပ်ကွက်တွေက အိမ်ထောင်စုစာရင်းတွေကို ပေးထားတယ်။ ဘာလုပ်ခိုင်းလဲဆို အဲဒီ data တွေကို ထည့်ရတဲ့အပြင် သူတို့ အသင်းဝင်အမှတ်နဲ့ အသင်းဝင်တဲ့နေ့ပါ ထပ်ဖြည့်ရတာ။ ဝင်ချင်လားမသိ၊ မဝင်ချင်လား မသိ၊ ခပ်တည်တည်ပဲ အကုန်လုံးကို အသင်းဝင်လုပ်ပစ်လိုက်တာ။ အသင်းဝင်အမှတ်က အစဉ်လိုက်ထည့်၊ အသင်းဝင်တဲ့နေ့ကို အဆင်ပြေသလိုသာ ဖြည့်လိုက်တဲ့။ နောက်တစ်ခုက မွေးသက္ကရာဇ်။ သူတို့က မြန်မာသက္ကရာဇ်တွေပဲ ရေးထားတာကိုး။ ကိုယ့်မှာလည်း နှစ်တစ်ရာပြက္ခဒိန်က မရှိဘူး။ အဲဒါ မေးကြည့်တော့ အဲဒီမြန်မာသက္ကရာဇ်အတိုင်းသာ ထည့်တဲ့။

 

တကယ်တမ်း ကိုယ်ဖြည့်တော့ သူတို့ပြောသလိုပဲ မြန်မာသက္ကရာဇ်ကို ထည့်တယ်။ အသင်းဝင်အမှတ်ကိုလည်း အစဉ်လိုက်ထည့်တယ်။ အဲ.. အသင်းဝင်တဲ့နေ့ကျ စဉ်းစားရပြီ။ အသင်းဝင်အမှတ် နောက်ရောက်လာရင် အသင်းဝင်တဲ့နေ့လည်း နောက်ကျရမယ်။ လောဂျစ်ကျဖို့ကလည်း လိုသေးတာကိုး။ အဲဒီတော့ အဆင်ပြေသလို လျှောက်ထည့်ဖို့လည်း အဆင်မပြေဘူး။ ဒါနဲ့ပဲ.. တစ်ရွာလောက်ကို တစ်ရက်တည်းထည့်၊ နောက်တစ်ရွာလောက်ကျ နောက်တစ်ရက်ထည့်.. အဲလိုမျိုးလေး လုပ်ထားလိုက်ရော။ ဟုတ်တယ်လေ။ ငယ်ငယ်ကဆို ကျောင်းတွေမှာ အသင်းဝင်ခိုင်းရင် ဒီလိုပဲ တစ်ကျောင်းလုံး တစ်ရက်တည်း ဝင်ကြတာ။ ကိုယ့်အတွေးနဲ့ကိုယ်ကတော့ ကယ်လ်ဆမ်ကွေကာပေါ့။

 

နှစ်ပတ်လောက်နေတော့ အဲဒီက အစ်မတစ်ယောက်က လာကြည့်တယ်။ ကိုယ်ဖြည့်ထားတာတွေ ကြည့်ပြီး အသင်းဝင်ရက်တွေက ဘာလို့တူနေတာလဲ ညီမလေးတဲ့။ ကိုယ်က ရှင်းပြတဲ့အခါကျတော့ အဲဒီလို မလုပ်နဲ့.. အဆင်ပြေသလိုသာ လျှောက်ထည့်လိုက်.. ရှေ့ရောက်နေလည်း ရောက်ပေ့စေတဲ့။ တူနေတာကျ အဆင်မပြေဘူးတဲ့။ ကိုယ့်မှာလည်း အီလည်လည်ကြီးနဲ့ ကျန်ခဲ့တာ။ ဒါပေမယ့်လည်း ကိုယ့်လောဂျစ်ကိုလည်း ဘယ်လိုမှ ပြောင်းပစ်လို့ မရဘူး။ အဲဒါနဲ့ပဲ ကျောင်းတက်ဖို့ ပြန်လာခါနီး (တစ်လလောက်ပေါ့) အထိ ကယ်လ်ဆမ်ကွေကာပဲ ဆက်သောက်ခဲ့လိုက်တော့တယ်။ နောက်ပိုင်း ဘာဆက်ဖြစ်သွားကြလဲလည်း မသိတော့ပါဘူး။

 

ဆိုတော့. ဒီလိုကိစ္စမျိုး ကိုယ်တိုင်ကြုံဖူးခဲ့တာ ဆိုတော့ ဒီလိုမျိုး အကြီးကြီးအလွဲကြီးတွေကို မှန်းကြည့်လို့ရတယ်။ ကောက်ချက်ချရရင်တော့ ဖြီးတာတောင် လောဂျစ်ကျကျ မဖြီးတတ်တဲ့သူတွေပဲလို့.. အဟိ။

16 comments

  • ဇီဇီခင်ဇော်

    June 24, 2015 at 2:31 pm

    ဖြီးရမဲ့ နေရာများတော့ မစဉ်းစားနိုင်တော့ဘူးထင်ရဲ့ကွယ်။

  • ဦးကျောက်ခဲ

    June 24, 2015 at 2:53 pm

    နိုင်ငံတကာမှာတော့ မွေးနေ့မသိရင် မမှတ်မိရင် ဝ၁/၀၁/xxxx ဖြည့်ရတယ်…
    အဲသည့်ထုံးကိုမသိလို့ မှတ်မိတဲ့သူရဲ့ မွေးနေ့(သက္ကရာဇ်လွဲ) ဖြည့်လိုက်တယ်ထင်ရဲ့…
    ဘာပဲဖြစ်ဖြစ် သက်ရှိထင်ရှားဖြစ်ဖို့ရယ် ၊ မဲပေးပိုင်ခွင့်ရှိဖို့ရယ် အဓိကလို့ ထင်ပါ၏…

    • တစ်ယောက်ကတော့ ပြောတယ်.. သန်းခေါင်စာရင်းကို update မလုပ်လို့ လွဲတာတဲ့.. ပြည်သူတွေဘက်က လိုတယ်လို့ ပြောချင်တာပေါ့လေ… 🙁

  • Ma Ei

    June 24, 2015 at 3:30 pm

    .တစ်ရွာလုံး တစ်ရက်ထဲမွေးကြတာ ဖတ်ပြီးရီမိသေးတာ..ဖြီးရင်လဲ ယုတ္တိရှိရှိလေးဖြီးမှဖြစ်မှာပေါ့
    .နေရာတိုင်းကနေပြီး ကယ်လ်ဆမ်ကွေကာ အတွေးနဲ့ ရေးလိုက်ကြတဲ့ စာရင်းဇယားတွေ ဘယ်လောက်များပီး ဘယ်လောက်များမှားနေကြမလဲနော ်…

    • kai

      June 25, 2015 at 2:11 pm

      ယူအက်စ်.. အိုဟိုင်းယိုးပြည်နယ်မှာ.. ပြောင်းခိုသူ(Refugee) ကယားတိုင်းရင်းသားတွေ.. ဝက်ဖျက်စက်ရုံတွေမယ် အလုပ်လုပ်ကြတယ်ဗျ..
      သူတို့လည်း. အကုန်လိုလို.. မွေးနေ့တူ. တချို့.. နာမယ်တွေပါတူ..
      လူ..၅၀ဝလောက်ရှိသတဲ့…။
      UNHCR ကနေ USလွှတ်ကတည်းက. အဲလိုဖြစ်ေျနတာ..
      သူတို့မွေးရက်သေသေချာချာမသိသမို့.. ၁ရက်၁လ.. တွေချည်းလုပ်ထားတာတဲ့..

      ယူအက်စ်အစိုးရလည်း. ခေါင်းကိုက်သမို့.. HR မြန်မာတယောက်ထားပြီး..ဆက်ဆံရတယ်..

      • Ma Ei

        June 26, 2015 at 10:25 am

        မောင်တောဖက်မှာ ပန်းရောင်ကတ်များ စစ်လို့ရရင် လဝက ကောင်းမှုနဲ့ မွေးနေ့တူ ဦးမောင်မောင် ကုလားတွေ ဘယ်လောက်များနေလဲ သိလာပါလိမ့်မယ် …စနစ်ကြောင့် မဟုတ်လို့ သူကြီးပြောတော့မှာပါဘဲ …

  • တကယ်တမ်းပြောရ ရင် ကျနော်တို့ နိုင်ငံက စာရင်းဇယား ဆို တာ တယ်ပြီး တိတိကျကျ မရှိပါဘူး

    ၁၉၇၂ ခုနှစ်လောက် ကျနော် ၈တန်းကျောင်းသားဘဝက သန်းခေါင်စာရင်းကောက်တာ လုပ်အားပေး ပါ ဘူးပါတယ်။

    အားလုံးက ရက်တိုသင်တန်းတက်ပြီး ကသောကမျောလုပ်ကြရတာဆိုတော့ တစ်အိမ်တက်ဆင်းလိုက်တော့ မေးပါတယ်
    ဒါပေမယ့် လည်း ကြုပ်ကျက်လိ ခဲ့ ကြရတာပါဘဲ။

    ၁၉၈၈ အရးအခင်းအပြီးမှာ ကျနော်တို့ ကိုယ်ရေးရာဇဝင်ဖောင်တွေဖြည့်ကြရတယ်
    မှတ်ပုံတင်အသစ်လုပ်ဘို့ပေါ့။
    ရေးခိုင်းထားတာတွေက အသက်အလိုက်နှစ်အလိုက်
    ဒါပေမယ့် လည်းဖြစ်သလိုဖြေ ဖြစ်သလိုရေးထည့်လိုက်ကြတာပါဘဲ။

    တကယ်ပြောရရင် ဒီအစိုးရ ရဲ့ အထက်ပိုင်းလူတွေက ဉာဏ်ကြီးပါတယ်။
    သူတို့ ရဲ့ ကြီးတဲ့ဉာဏ်တွေကို ကောင်းတဲ့ ဘက်အသုံးမချဘဲ မကောင်းတဲ့ ဘက်
    သူတို့အသာစီးရမယ့် ဘက်မှာအသုံးချနေကြတာပါ.။

    လူရီစရာဖြစ်လောက်တဲ့ စကားတွေ အသိဉာဏ်ရှိသူတွေမပြောတဲ့စကားမျုးိတွေ
    သူတို့ တစ်ယောက်တလှည့် လူသိရှင်ကြားပြောနေကြတာ ဉာဏ်မရှိလို့မဟုတ်ပါဘူး။
    ကျနော်တို့ ခင်ဗျား တို့ ဖေစ်ဘုတ် ကနေ ဘယ်လို့ တုန့်ပြန်မယ်ဆိုတာ သိချင်လို့
    သွေးတိုးစမ်းနေတာပါ။
    အဲဒါကိုမူတည်ပြီး ကျနော်တို့ ကို ဘယ်လိုအကျပ်ကိုင်ရင် ရမယ်ဆိုတာ ကတစ်ချက်
    ဘယ်သူတွေချွန်ထွက်လာမယ်ဆိုတာက တစ်ချက် နဲ့ ကျနော်တို့ရဲ့ စိတ်တွေကို ညှစ်ထုတ်ကြည့်နေတာပါ

    ဒါကတော့ ကျနော်အတွေးပေါ့ မှားချင်ရင်လဲ မှား နိုင်သပေါ့

    • အဲဒီလို စမ်းလိုက်တော့လည်း သူတို့ကို လူတွေဘယ်လောက်မုန်းနေလဲ သိသွားတာပေါ့ လေးပေါက်ရယ်.. တကယ်ပြောတာ.. အဲ့လူတွေကို အတော်လေးမုန်းတာ… လူလည်း အကုသိုလ်နဲ့ ပိနေပြီ…

  • Ma Ma

    June 25, 2015 at 6:22 am

    နိုင်ငံတကာမှာ မသိရင် ဝ၁/၀၁/xxxx ဖြည့်ရတယ် ဆိုတာကို refer လုပ်တာဖြစ်မယ်။
    တစ်ရွာလုုံးက မသိကြတဲ့သူများတော့ တစ်ရွာလုံးလိုလို မွေးနေ့တူသွားကြရောပေ့ါ။
    တို့ရွာသူားတွေ မွေးနေ့တူတာလည်း အဲလိုများဖြစ်နေမလားးးးးး :a:

  • ဇီဇီခင်ဇော်

    June 25, 2015 at 10:22 am

    Credit to ဟိန်း ထိုက် ဈာန်
    ——
    တကယ်တမ်းပြောရရင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို အသစ်ပြောင်းပစ်ရပါမယ်။
    ဒီလောက် မဲ စာရင်းတွေမှားနေတာ သူ အသုံးမကျလို့ပေါ့။
    ပြီးတော့ ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်ရမယ့် ကိစ္စတွေကို မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့အတွက် ကုန်ကျနိုင်မယ့် ငွေကြေးတွေရှိတာကြောင့် သူတို့အလုပ်အတွက် နိုင်ငံတကာက ထောက်ပံ့ကူညီထားတဲ့ ငွေကြေးတွေရှိပါတယ်။
    ဒါတွေကို တကယ်ပဲ မှန်မှန်ကန်ကန်အသုံးပြုပါသလားဆိုတာက အစ စစ်ဆေးရတော့မှာပါ။
    ပြောကြစတမ်းဆိုရင် လူတွေမှာ စားဝတ်နေရေးနဲ့ အလုပ်ရှုပ်နေကြတော့ တာဝန်ယူထားတဲ့သူ ကိုယ်စီက မှန်မှန်ကန်ကန် အစကတည်းက ဆောင်ရွက်ရမှာပါ။ ကိုယ်တွေက လိုက်စစ်ဆေးနေစရာမလိုလောက်အောင် မှန်ကန်နေရမှာပါ။
    ခုဆို မိုဘိုင်းဖုန်းတွေကို လူအတော်များများ ကိုင်နေတော့ မိုဘိုင်းဖုန်းကနေပြီး မှတ်ပုံတင်နံပါတ်ဖြစ်ဖြစ်၊ မိဘနာမည်နဲ့ ကိုယ့်နာမည်နဲ့တွဲရိုက်လိုက်ရင်ဖြစ်ဖြစ် ဘယ်မဲဆန္ဒနယ်မှာ ကိုယ်က မဲပေးပိုင်ခွင့် ရှိ မရှိဆိုတာမျိုးက အစ စစ်ဆေးမှုလုပ်နိုင်အောင် ရွေးကောက်ပွဲကော်မရှင်က ပြုလုပ်ထားရမှာပါ။
    ခုဟာကတော့ အတော်မနိပ်တာပေပဲ။
    ပြီးတော့ အမှားတွေ အများကြီး။
    ဒါများ ဒီလိုလူတွေက တိုင်းပြည်ကို အုပ်ချုပ်ချင်၊ နေရာယူချင်နေသေးတယ်။
    ကိုယ့်ဘာသာ တာဝန်မကျေကြောင်း နားလည်ရင် နှုတ်ထွက်ပစ်လိုက်သင့်ပါတယ်။
    ဒီလောက်တောင် စီမံခန့်ခွဲမှု မလုပ်နိုင်ဘဲ ဘာလို့ နေရာယူထားနေချင်ရသေးတာပါလဲ။

  • ဦးကြောင်ကြီး

    June 25, 2015 at 12:13 pm

    မဲစာရင်းမှာ ခြိမ်းပဒီးဆိုတဲ နှံမြည် တွေ့ယဉ် ပေါးဇမ်းပါအေ… ဂုံပုခ ျဉ်ရို့…

  • Alinsett @ Maung Thura

    June 25, 2015 at 12:27 pm

    မင်္ဂလာဒုံ မြို့နယ်မှာတော့… မဲစာရင်း..ဘယ်နား ကပ်လို့.. ဘယ်သူတွေ သွားကြည့်လဲတောင်မသိ..
    .ငြိမ်ဆိမ် ကွိန် နေတာပဲ…
    .ရွေးကောက်ပွဲဟာ မင်္ဂလာဒုံနဲ့ မဆိုင်သလိုပဲ

  • မြစပဲရိုး

    June 25, 2015 at 3:05 pm

    တကယ်အမှန်ပါဘဲ။
    . မြန်မာနိုင်ငံရဲ့ နယ်ပြီဖက်တွေမှာ တော်ရုံ အင်္ဂလိပ်လို မသိပါဘူး။
    ဒါပေမဲ့ အဲဒါက မှတ်ပုံတင် လုပ်ကထဲ က ကိစ္စရှင်းပြီး ဖြစ်သင့်တာ။
    . မြန်မာမှာလဲ ၁၂လ ရှိတယ်။ အင်္ဂလိပ်မှာလဲ ၁၂လဘဲ။
    ဒီတော့ ဥမပါ နယုန်လ ဆို ဇွန်လလို့ ဖလှယ်နိုင်ပါတယ်။
    နှစ် ကလဲ အခု မြန်မာနှစ် နဲ့ အင်္ဂလိပ်နှစ် ကို တွက်လို့တယ်။
    ဒါကို ဒေတာ ကောက်သူ တွေ ဘာမှလုပ်စရာမလိုဘူး။
    ဒီ အတိုင်း နံပါတ်တွေသာ ရေးခဲ့။
    နယုန် ဆို ၆ ပေါ့။
    လဆန်း ဆို ၁။ လဆုတ် ဆို ၂။ လပြည့် ဆို ၃။ လကွယ် ဆို ၄။
    ရက်တောင်မှန်အောင် လုပ်နိုင်ပါတယ်။
    ကွန်ပျူတာထဲ ထည့်လိုက်ရင် တခါတည်း တွက်ပြီး ရမယ်။
    ဒါကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်း က အလကားလုပ်ပေးချင်လွန်းတဲ့ သူတွေ ရှိနေတာ တောင် အရေးမလုပ်ခဲ့ဘဲ ရှေးရိုးကြီး ကိုဖက်နေတဲ့ အသုံးမကျတဲ့ အစိုးရ။
    အခုထိ နှိပ်စက်နေဆဲ။ 🙄

Leave a Reply