မြန်မာမှုပြုခြင်းနှင့် ပတ်သက်၍ …

Zaw WonnaAugust 24, 20101min611

အခုတစ်လော အင်္ဂလိပ် ဝေါဟာရတွေကို မြန်မာမှုပြုသင့်၊ မပြုသင့် ဆိုတာနဲ့ ပတ်သက်ပြီး မကြာမကြာ ကြားနေရတဲ့အတွက် စဉ်းစားမိတာလေးတွေပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ဆောင်းပါးတစ်ခု ဖတ်မိပါတယ်။ ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ဘာသာပြန် ဆောင်းပါးလို့ ထင်ပါတယ်။ အဲဒီဆောင်းပါးမှာ စာရေးသူက Software ကို “အပျော့ထည်”၊ Hardware ကို “အမာထည်”  စသဖြင့် ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ အားလုံးကို မြန်မာလို ရေးထားတာပါ။ ပြီးတော့မှ အညွှန်းတွေတပ်ပြီး အောက်မှာ မူရင်း အင်္ဂလိပ်ဝေါဟာရကို ဖော်ပြထားပါတယ်။ အဲဒီ ဆောင်းပါးကို စဖတ်ဖတ်ချင်းတော့ ဘာအကြောင်းအရာကို ရေးထားမှန်းကို ရုတ်တရက် မသိနိုင်တာ အမှန်ပါ။ ကိုယ် ရင်းနှီးနေတဲ့ စကားလုံးတွေ မဟုတ်တာကြောင့်ပါ။ နောက်မှ အောက်က အင်္ဂလိပ်လို ရေးထားတဲ့ မှုရင်းဝေါဟာရနဲ့ တွဲဖတ်ကြည့်တော့မှ အဆင်ပြေသွားပါတယ်။ ဘာပဲဖြစ်ဖြစ် စာရေးသူရဲ့ အားထုတ်မှုကိုတော့ လေးစားမိပါတယ်။

အရင်တစ်ခေတ်က ပေါ်ခဲ့တဲ့ ဝေါဟာရတွေနဲ့ ပတ်သက်ပြီး အဲဒီခေတ်က မြန်မာတွေ မြန်မာမှု ပြုထားတာတွေကတော့ လေးစားလောက်ပါပေတယ်။ ဥပမာ –  Vice ကို “ပြုတ်တူ”၊ Refrigerator ကို “ရေခဲသေတ္တာ”၊ Film ကို “ရုပ်ရှင်” စသဖြင့်ပေါ့။ ဒါပေမဲ့ အဲဒီခေတ်တုန်းက အခုခေတ်လောက် နည်းပညာ ဒါမှမဟုတ် အသုံးအဆောင်နဲ့ ပတ်သက်လို့ ဝေါဟာရ အသစ်အဆန်းတွေ ပေါ်ပေါက်တဲ့နှုန်း မမြင့်သေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အရင်ခေတ်က မြန်မာတွေဟာ တတ်နိုင်သလောက်တော့ မြန်မာမှုပြုဖို့ ကြိုးစားခဲ့တာတော့ ထင်ရှားပါတယ်။ ဒါတောင်မှ ကျနော်တို့ မသုံးဖြစ်လို့ မထင်ရှားတဲ့ ဝေါဟာရတွေ အများကြီး ရှိနိုင်ပါသေးတယ်။ မြန်မာမှုပြုထားတဲ့ ဝေါဟာရတွေဟာ မှုရင်းအဓိပ္ပါယ် ပေါ်လွင်ရမဲ့ အပြင် ကျစ်လျစ် တိုတောင်းမှု ရှိဖို့လဲ လိုတယ်လို့ မြင်ပါတယ်။ ဥပမာ – Television ကို “ရုပ်မြင်သံကြား” လို့ ရုံးသုံးရှိပေမဲ့ အရပ်သုံးမှာတော့ “တီဗွီ” လို့ပဲ လွယ်လွယ်သုံးကြသလိုပေါ့။ အဲလိုမှ မဖြစ်နိုင်တဲ့ အဆုံးမှာတော့ မွေးစား စကားလုံးအဖြစ်ပဲ အသုံးပြုကြလေ့ ရှိပါတယ်။

အခုခေတ်မှာတော့ အင်္ဂလိပ်ဝေါဟာရတွေကို မြန်မာမှုပြုဖို့ ကြိုးပမ်းကြတာ အရင်ခေတ်ကထက် နည်းပါးနေသလားလို့ ထင်မိပါတယ်။ မူရင်း ဝေါဟာရတွေက တွင်ကျယ်နေပြီးသား ဖြစ်နေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ တလောက ဆရာ ဆူဒိုနင်က Email ကို “ဓါတ်ချောစာ”၊ Blog ကို “ကူမှတ်တမ်း” ဆိုပြီး တင်ပြခဲ့တဲ့ အတွက် တော်တော်လေး ကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတာတွေ ကြားလိုက်မိပါတယ်။

ဆရာကြီး လူထုစိန်ဝင်းကလည်း မြန်မာတွေဖတ်ဖို့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာနယ်ဇင်းတွေထဲမှာ မြန်မာလို စာတွေရေးရင်းနဲ့ အင်္ဂလိပ်စာလုံးတွေရော ညှပ်ရေးကြတာများကို မနှစ်မြို့နိုင်ကြောင်း မကြာခဏရေးခဲ့တယ်။ မြန်မာဝေါဟာရ ရှိပြီးသား ဖြစ်လျက်နဲ့ မြန်မာလို မရေးပဲ အင်္ဂလိပ်လို ဒါမှမဟုတ် အင်္ဂလိပ် အသံထွက်အတိုင်း မြန်မာလို ရေးတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ – Thai Airway ကို “ထိုင်းလေကြောင်း” လို့ မရေးပဲ “ထိုင်းအဲယားဝေး” လို့ ရေးတာမျိုး ၊ “သတင်း” လို့ ရေးနိုင်ပါလျက်နဲ့ “News” လို့ ရေးတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

မြန်မာမှု ပြုတာနဲ့ ပတ်သက်ပြီး ရုရှနိုင်ငံမှာ ပညာသင်ကြားခဲ့သူ တစ်ယောက်က ပြောပြတာမှာတော့ နည်းပညာ တိုးတက်ထွန်းကားမှု နောက်ကျတာလည်း တစ်ခုအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှတို့ ဂျပန်တို့လို နိုင်ငံတွေမှာတော့ နည်းပညာမှာ အင်္ဂလိပ်စကားပြော နိုင်ငံတွေနဲ့ အပြိုင် ဖြစ်လေတော့ နည်းပညာနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေက ကိုယ်ပိုင် တီထွင်ပြီးသားကို ရှိနေတာမျိုးကိုး။ အင်္ဂလိပ် အခေါ်အဝေါ်ကို နောက်မှလိုက်ပြီး ဘာသာပြန်ရတာမျိုး မဟုတ်ဘူးလေ။ ဒီတော့ သူတို့ရဲ့ မူရင်းစကားလုံးတွေက ရင်းနှီးပြီးသား ဖြစ်နေတာ မဆန်းပါဘူး။

ကျနော့် အမြင်ကတော့ မြန်မာတွေ အနေနဲ့ ကိုယ့်ရဲ့စာပေ ဖွံ့ဖြိုးတိုးတက်မှု အတွက် အင်္ဂလိပ် ဝေါဟာရတွေကို မြန်မာမှုပြုဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်ပြီး ဘယ်လိုမှ မဖြစ်နိုင်တဲ့ အဆုံးမှ မွေးစားစကားလုံး အဖြစ် သုံးသင့်တယ်လိုု့ ထင်ပါတယ်။ နောင်တစ်ချိန်ကျရင် ဒီဝေါဟာရတွေဟာ ကျောင်းသုံး၊ ရုံးသုံး အဖြစ် မဖြစ်မနေ သုံးစွဲကြရမှာပါ။ အဲဒီအချိန်ကျမှ မြန်မာလို ရေးထားတဲ့ ခေတ်သစ် ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကို နားလည်နိုင်ဖို့ မြန်မာ – အင်္ဂလိပ် အဘိဓါန်ကို ပြန်လှန်နေရမယ်ဆိုရင် မခက်ပါလား။
ဒါကတော့ ကျနော့်ဉာဏ် တထွာတမိုက်နဲ့ စဉ်းစားမိတာလေးတွေပါ။ အားလုံးပဲ ထင်မြင်သုံးသပ်ချက် ပေးကြစေလိုပါတယ် ခင်ဗျား။      ။

One comment

  • researcher

    August 24, 2010 at 5:23 am

    “ကျနော့် အမြင်ကတော့ မြန်မာတွေ အနေနဲ့ ကိုယ့်ရဲ့စာပေ ဖွံ့ဖြိုးတိုးတက်မှု အတွက် အင်္ဂလိပ် ဝေါဟာရတွေကို မြန်မာမှုပြုဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်ပြီး ဘယ်လိုမှ မဖြစ်နိုင်တဲ့ အဆုံးမှ မွေးစားစကားလုံး အဖြစ် သုံးသင့်တယ်လိုု့ ထင်ပါတယ်။”

    မှန်ပါတယ်။ တတ်နိုင်သ၍တော့ မြန်မာစကားလုံးတွေ တီထွင်သုံးစွဲသင့်ပါတယ်။ ခက်တာက ကိုယ့်လူမျိုးတွေ ကိုယ်တိုင်ကိုက အင်္ဂလိပ်လို ညှပ်ညှပ်ပြောတာကိုမှ ပြောရတာ အားရသလိုလို၊ နားထောင်ရတာ အရသာရှိသလိုလို ဖြစ်နေကြတာ။ အဲဒီစရိုက်တွေကို မြန်မာတိုင်းပြုပြင်သင့်ပါတယ်။ အင်္ဂလိပ်လိုမှ ပြောတော့မယ်ဆိုရင်လည်း စကားတစ်ခွန်းလုံးကို အင်္ဂလိပ်လိုပြောပါ။ စကားလုံးကို ကြားညှပ်တဲ့ အကျင့်ကို ဖျောက်ပါ။ မြန်မာလို မရှိသေးလို့ မဖြစ်မနေပြောရရင်တော့လည်း ပြောပေါ့နော်။ ဒါတွေကိုလည်း သက်ဆိုင်ရာ မြန်မာစာပေပညာရှင်များ၊ ပြည်သူတွေလေးစားရသော စာရေးဆရာများ၊ အနုပညာရှင်သရုပ်ဆောင်များ စသူတွေကတဆင့် လူထုကို မြန်မာစကားလုံးထိန်းသိမ်းရေးအတွက် တစ်ဖြည်းဖြည်း ဆွဲဆောင် စည်းရုံးသင့်တယ်။ ပိုမြန်ချင်ရင်တော့ သက်ဆိုင်ရာက လိုအပ်သလို ဥပဒေတွေပါ ပြဌာန်းပြီး မြန်မာလိုစကားလုံးရှိပါလျက်နဲ့ နိုင်ငံခြားအသံထွက်ကိုသုံးထားတဲ့ စာစောင်၊ စာအုပ်တွေကို စာရေးသူကိုရော ထုတ်ဝေသူကိုရောဒဏ်ရိုက်ပါ။ အနုပညာရှင်များကိုရောအဲလိုဒဏ်ရိုက်ပါ။ ဒိထက်ကြီးကျယ်တာတွေတောင် ဖြစ်အောင်လုပ်သေးတာပဲ။ ဒီအလုပ်လောက်တော့ ပါမွှားပါ။ လုပ်နိုင်မှာပါ။ ရန်တိုက်ပေးတာတော့မဟုတ်ဘူးနော်။ ကိုယ့်အယူအဆကိုတင်ပြကြည့်တာပါ။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။

Leave a Reply