ဖုန်းသံနောက်မှ လက်မည်းကြီး

ေမာင္ရိုးJune 28, 20151min20515

 

 

 

“” ကွီ ကွီ ကွီ ကွီ ………… “”

 

ဟိုက် ရှာလပတ် !!

အိပ်မည်ဆိုကာမှ ဖုန်းမည်သံကြားရပြန်လေသည် ။

 

ဒီနေ့ တစ်နေ့လုံး လာသမျှဖုန်းတွေအထဲ အနက်စောစောပထမဆုံးဝင်လာသော ကိုကြီးဘလက်ချော၏ ဖုန်းသာလျှင် မင်္ဂလာအရှိဆုံးဖြစ်သည် ။

မင်္ဂလာရှိပေမပေါ့ …… စောစောစီးစီး နံနက်စာအတွက် လဘက်ရည်တိုက်မုန့်ကျွေးချင်သမို့ ကြွတော်မူပါတဲ့ ။ သူ ဒကာခံပါမည် ဟုဆိုသည်မဟုတ်ပါလား ……

သည်လိုစိန်ခေါ်လာခြင်းကိုတော့ မောင်ဆာမိတို့က နဲနဲမှ ငြင်းမည်မဟုတ် ။

လာထား …… ပေါ့ကျနှစ်ခွက်ဆင့်သောက်ပစ်လိုက်သည် ။

အသားကင်ပေါက်စီလေးပါ အဆစ်တီးလိုက်သည်မို့ ကိုကြီးဘလက် အတော်လေးတော့နေသာထိုင်သာရှိသွားမည်ထင်၏ ။

 

ကိုဘလက်ကြီးက စေတနာကောင်းသည် ။မယုံမရှိလေနှင့် ။မောင်ဆာမိသာမက လွန်စွာတွေ့မြင်ရခဲလှသော လွှတ်တော်ပြင်ပအမတ်မင်းတစ်ဦးကိုလည်း ဖိတ်မန္တက ပြုထားသေးသည်ဆို၏ ။

မကြာပါ ထိုအမတ်မင်းကြွရောက်လာပြီးလျှင် ကိုဘလက်ကြီး၏ ဒါနကုသိုလ်အား မောင်ဆာမိနှင့် တက်ညီလက်ညီ ပါရမီဖြည့်ပေးလိုက်ကြသည် ။

ထွေရာလေးပါး လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ရောက်တတ်ရာရာ ပြောဆိုကြရင်း ဆေးလိပ်တစ်ဗူး ရေနွေးနှစ်အိုး လက်ဖက်ရည်ကော်ဖီ ၅ခွက် ခန့်သောက်စားကြပြီးနောက် ရွာသဂျီးအား မေတ္တာအကြိမ်ကြိမ်ပို့သပြီးလျှင် “” သဂျီးဂါမံ စိဌံတိတ္ထု “” သုံးကြိမ်ရွတ်ဆိုလျှက် မိမိနေရပ်သို့ လမ်းခွဲခဲ့ကြလေတော့သည် ။

 

( သဂျီးဂါမံ = သဂျီးရွာ ။ စိဌံတိတ္ထု = အဓွန့်ရှည်ပါစေကြောင်း :mrgreen: )

 

ဤသို့ဖြင့် တစ်နေကုန် သားကျွေးမှု မယားကျွေမှုများဖြင့် လုံးချာလည်လိုက်ပြီးနောက် အိပ်စက်အနားယူပါတော့မည်ဟု ကြံကာမှ အထက်ပါ ဖုန်းမည်သံကြားရခြင်းဖြစ်ပေသည် ။

ဖုန်းနံပါတ်ကြည့်လိုက်သောအခါ မန္တလေး ကြိုးဖုန်းနံပါတ်ဖြစ်နေသဖြင့် အတော်လေးခေါင်းစားသွားရသည် ။

ကိုယ်သိသောနံပါတ်များနှင့် လားလားမှမဆိုင် ။

သို့သော်လည်း ဝတ္တရားရှိသည်မို့ ……

 

” ဟဲလို …… အမိန့် ရှိပါခင်ဗျာ … အောင်ဇေမင်း ကားအငှါးဝန်ဆောင်မှုကပါ … ”

 

တဖက်မှ အချိန်အနည်းငယ် အသံမထွက် ။

 

” ဟိုလေ …… ဟိုတစ်ခါက ကားငှါးစီးခဲ့တဲ့ မန္တလေးက အစ်မပါ မှတ်မိလားရှင့် … ”

 

တစ်ခါတရံတွင် ဒရိုင်ဘာနားသဖြင့် တက်စီပေါ်တက်ပြီးနေ့တွက်ရှာတတ်သော မောင်ဆာမိမှာ ခရီးသည်ပေါင်းသောင်းခြောက်ထောင်အား မမှတ်မိနိုင်ပါ ။

သို့သော် …………

“” အော် …… ဟုတ်ကဲ့ခင်ဗျ မှတ်မိပါပြီခင်ဗျ …… ဟိုလေ ဆံပင်ရှည်ရှည်နဲ့ ခတ်သွယ်သွယ်အစ်မကြီးမဟုတ်လား ဈေးချိုထဲကလေ …… “”

 

” မဟုတ်ဘူး ရှင့် .…… ကျမက စက်မှုဇုံကပါ … ဟိုတခါက အမေရိကန်တိုင်းရင်းဆေးဓတ်စာတွေအကြောင်း ရှင်းပြခဲ့တဲ့သူလေ မောင်လေးရဲ့ ။

မှတ်မိပြီလား ……”

 

မှားတဲ့အခါလည်း မှားပေမပေါ့ ။ အခုတော့ သိခဲ့ပါပြီ ။ သူမန်ဘာဝင်ထားသော အဆိုပါအမေရိကန်တိုင်းရင်းဆေးဓတ်စာများ၏ ကောင်းကြောင်းကို နားပူအောင် နားထောင်ခဲ့ဖူးသည်ပဲ ။

 

“” ဟုတ် …… ဟုတ်ကဲ့အစ်မ ကျနော်မှတ်မိပါပြီ …… “”

 

” ဒီလိုလေ .… ကျမအကူအညီတစ်ခုတောင်းချင်လို့ … မနက်ဖြန် ကျမသမီးလေး ရန်ကုန်ကိုလာလိမ့်မယ် အဲ့ဒါ သူကလည်းရန်ကုန်ကိုသိပ်မကျွမ်းဘူးဆိုတော့လေ ………””

 

စကားမဆုံးမှီ မောင်ဆာမိ အလောသုံးဆယ်ပြောလိုက်သည် ။

ဧကန္တ သူ့သမီးအတွက် ကားစင်းလုံးငှါးတော့မည်ထင်၏ ။

 

” ဟာ …… ရပါတယ် အစ်မ … ဘယ်ကားလိုချင်လဲ ။ဆလွန်းလား ၊ စူပါကတ်စတန်လား ၊ ယာဆာအာလာဖတ် အဲလေ အယ်လ်ဖတ်လား ဒါမှမဟုတ် အီကော်နော်မီဖြစ်တဲ့ ပရိုဘောက်စ်တို့ ဟွန်ဒါဖစ် တို့ ဘယ်လ်တာတို့ လား ။ နာရီပိုင်းနဲ့လား တစ်နေကုန်လား အားလုံးအဆင်ပြေစေရမယ် အစ်မ စိတ်ချ … ”

 

” ဟိုလေ …… သမီးကို အစ်မမိတ်ဆွေအိမ်က လာကြိုမှာ ဆိုတော့လေ … အဲ အဲဒါ ကားတော့လိုမလို မသိသေးဘူးပေါ့နော် …

အဓိက မောင်လေးကို အကူအညီတောင်းချင်တာက သမီးတို့က အဲ့ဒီ တိုင်းရင်းဆေးဓတ်စာအကြောင်း ဟောပြောဆွေးနွေးကြမှာလေ ။ အဲ့ဒါ သမီးရဲ့အဖွဲ့ဝင်မန်ဘာအဖြစ်အကူညီလေး ပေးပါဦး းးးး လို့ …… “”

 

” ဟုတ် …… ဟုတ် ကဲ့ အစ်မ …… ဒါနဲ့ ကားတော့ မလိုတော့ဘူးပေါ့နော် “‘.

 

“” သမီး ဖုန်းဆက်ပါလိမ့်မယ် မောင်လေးရေ … ကျေးဇူးတင်တယ်နော် …… သမီးတို့ဆီမီနာကိုလည်း တက်ပေးပါဦးနော် … ဒါဘဲနော် မောင်လေး …… “”

 

သိပါပြီ ။ အခုတော့ ကောင်းကောင်းကြီးသိလိုက်ပါပြီ ။

မောင်ဆာမိအား သူ့သမီး၏ အဖွဲ့ဝင်မန်ဘာအဖြစ် ဝင်ရောက်စေလျှက် အင်အားဖြည့်စေလိုခြင်းဖြစ်သည် ။

ရိုးရိုးမန်ဘာဝင်လို့ရသည်မဟုတ် ။ သူတို့ပစ္စည်းများကို သူ့သမီးအရောင်းစာရင်းမှဝယ်ယူပြီးမှဝင်ရမည်ဖြစ်သည် ။

 

သိ်ထားသမျှ အနည်းငယ်ပြောရလျှင် အဆိုပါ အမေရိကန်ပရောဒတ်တိုင်းရင်းဆေးဓတ်စာများအား တင်သွင်းသောကုမ္ပဏီမှ ဝယ်ယူသူများကို ငါးယောက်တစ်စုစည်းရုံးစေ၍ ငါးယောက်ပြည့်လျှင် အဖွဲ့ခေါင်းဆောင်သဘောခန့်ပြီး လစာပေးသည်ဟုဆို၏ ။

ဝယ်ယူသော ဆေးများ၏တန်ဘိုးအလိုက်ကော်မရှင်လည်းရပါသည် တဲ့ ။

မိမိ ၏လက်အောက်မှ မန်ဘာ၅ယောက်ကလည်း တစ်ဦးကို ငါးယောက်စီစည်းရုံးနိုင်ပါလျှင် မိမိမှာ ၃ဝယောက်၏ အဖွဲ့ခေါင်းဆောင်ဖြစ်လာနိုင်သဖြင့် ကော်မရှင်ပိုရနိုင်သည် ။ဤသို့ ပွားယူခြင်းအားဖြင့် ပိရမစ်ပုံ ဖြစ်လာပြီးလျှင် ကော်မရှင်လစာများ

သိန်းပေါင်းများစွာ ခံစားရမည် ဟုဆိုလေသည် ။

 

ထို့ကြောင့် ဟုတ်သော်ရှိမဟုတ်သော်ရှိ စဉ်းစားမနေဘဲ ဆေးဓတ်စာများ ဝယ်ယူစေရန်ဟောပြောခြင်း ၊ မန်ဘာများများရစေရန်စည်းရုံးခြင်းများကို အားသွန်ခွန်စိုက် ကြိုးပန်းကြလေတော့သည် ။

၁၉၉၆ – ၉ရ ကာလများမှစတင်ခဲ့သော လင်ဇီးဆေး အဖွဲ့အကြောင်းကြားဖူးကြမည်ထင်သည် ။

လင်ဇီးဆေး အဖွဲ့သည်လည်း ဤသို့သဘောမျိုးဖြစ်လေသည် ။

ထို့နောက် နှစ်အတန်ကြာသောအခါ ရန်ကုန်မြို့၏အချက်အခြာကျသောနေရာတွင် ဆိုင်ခန်းကျယ်ကြီးဖွင့်၍ရောင်းချခဲ့သော

Healthy Shop ဟူသော အလှကုန်ပစ္စည်းဆိုင်ကြီးကိုမှတ်မိကြပါလိမ့်မည် ။

သူလည်း ထိုကဲ့သို့မန်ဘာများစည်းရုံး၍အမြတ်ပေးခြင်း ကော်မရှင်ပေးခြင်းများ ဖြင့် ဆပ်ပြာတစ်တုံးကို ၃၅၀ဝ ကျပ်ပင်ရောင်းချခဲ့ဖူးသည်မဟုတ်ပါလော ။

ဤသို့သောနည်းလမ်းကိုပင် မာတီလယ်ဗယ်မာကက်တင်း ဟုခေါ်ကြလေသလားမသိ ………

 

ယခုသော် …… မောင်ဆာမိကားးး သားကောင်ဖြစ်ချေတော့မည် ။

အဆိုပါ Multi Level Marketing (MLM )ဗိုင်းရပ်(စ်) အားထည့်သွင်းပေးရန် အထူးကွန်မန်ဒို အေးဂျင့်တစ်ယောက် မန်းရွှေမြို့တော်မှ ရောက်ရှိလာပေတော့မည်။

မောင်ဆာမိတစ်ယောက် …… အမှန်တကယ်ပင် ရှောင်တိမ်းနိုင်ခဲ့မည်လားးးး ????.

 

ဒါမှမဟုတ် …… MLM ဗိုင်းရပ်စ်ပိုးကူးစက်ခံရ၍ ရွာထဲတွင် ဆေးလိုက်ရောင်းနေမည်လား ဆိုသည်ကိုတော့ ………

.

.

.

.

.

.

.

.

.

 

.

.

 

မန်းဂဇက် ဝဘ်ဆိုဒ်တွင် ဆက်လက်ရှုစားကြတော်မူကြစေကုန် ……… :mrgreen: :mrgreen:

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

15 comments

  • ဇီဇီခင်ဇော်

    June 28, 2015 at 5:46 am

    ဆာ ဆာ က အန်ဒရယ် ကြို သိ ပြီးး သားး မို့ သတိ မပေးး တော့ ဘူးး နော်….
    နားး သာ ထောင် ကြည့် လိုက် …
    နတ်ဆေးးး နတ်ဆေးးး
    အဟွတ် အဟု အဟမ်းး
    :k:

  • မြစပဲရိုး

    June 28, 2015 at 12:50 pm

    . ကဆာမိ
    အတည်ဘဲ မန့်ရရင်
    ဒီလို ပညာပေး ပို့စ်လေး တွေမျိုး ကျွန်မတို့ အများကြီး လိုနေပါတယ်။
    ဒါမှ ငွေ ကို မပင်မပန်း မရှာဘဲ ဘယ်လိုမျိုး လွယ်လွယ်ကူကူ ရနိုင်လဲ ဆိုတာ သိကြရတာပါ့။
    .
    .
    .
    .
    .
    . ဟေ့လူဂျီး
    . ကော်မရှင်ရရင် ကျုပ်ကို လဲ နဲနဲ ခွဲပေးပါ။ lol:-)))

    ကျွန်မ တို့ကိုလဲ US ဆီက သူငယ်ချင်းတစ်ယောက် လှမ်းပြီး ခေါ်ဖူးတယ်။ လွန်ခဲ့သော ခုနှစ် နှစ်လောက်က။
    သူကတော့ စေတနာ နဲ့ ရိုးရိုးသားသား ခေါ်တာ။
    မကြာပါဘူး။ အဲဒီ တကဲ့ ဆူပါ ကွန်ပျူတာပရိုကြီး လဲ ဒီနေရာမှာ ဗိုင်းရပ်စ် ထည့်ခံရတာ သိသွားခဲ့တယ်။
    ဒါမျိုး အကြောင်းတွေ အင်တာနက်ထဲတင် ရှာကြည့်ရင် တွေ ပွလို့ပါ။
    အခုတော့ မြန်မာပြည်ကို ရောက်ပြီပေါ့။
    အိမ်ကိုလဲ ကြိုပြောထားဦးမှဘဲ။
    . ကျေးဇူးပါ။
    :-)))

  • Crystalline

    June 28, 2015 at 1:47 pm

    လင်ဇီး…ဂါနိုပေါ်စကတည်းက.. သူတို့ဟောတာပြောတာနားထောင်…. ကလေးအတွေးလေးနဲ့ကို.. စိတ်ပျက်မိခဲ့တာပါ…
    ခုနောက်ပိုင်းဆို…. သူတို့ မစားရ ဝခမမ်းပြောတာတွေ.. အပြောကိုမခံတာ… စကတည်းက.. ကျမအဲ့ဒီလုပ်ငန်းသဘာဝကို… သဘောမကျ…စိတ်မဝင်စားဘူးပိတ်ပြောပစ်တာ.. ဘယ်နှယ်…စီဗစ်တစ်ဗူးကို… ရှစ်ထောင်လောက်ပေးဝယ်သောက်ရအောင်.. ပိုက်ဆံမပေါဘူး.. :mrgreenn:

  • sorrow

    June 28, 2015 at 2:14 pm

    ..တစ်ခါတလေမှာ ရှုံးမယ်မှန်းသိသိနဲ့ လုပ်လိုက်ရတာလဲ ရှိသေးတယ်ခင်ဗျာ …
    ..အိမ်ကအမေပေါ့ … ဆေးကုန်ပဏီတခုက နယ်မှာလာဟောပြောမဲဆွယ်တယ်တဲ့ခင်ဗျ… အဲ့ဆေးကို ..ရံဖန်ရံခါ အဖေလဲသုံးတော့ အမေက မန်ဘာဝင်ချင်ပါတယ်တဲ့ .။ ငါးသိန်းကုန်ပါ့မယ်တဲ့ ။ ဘယ်လိုရှင်းပြရှင်းပြမရဘူး … ကြားထဲကအမျိုးတွေကလဲ သွေးထိုးပေးသေးတယ်
    …အစ်မသားကြီး လုပ်ငန်းရှင်ကြီးက ငါးသိန်းကိုမြင်သလားပေါ့
    …အဲ့တာနဲ့ပဲ … ဖြစ်ချင်ရာဖြစ် ငါးသိန်းပေးလိုက်ရတယ်.. ခုများတော့ အသံတစိဆိုတစိမှတောင်မထွက်နိုင်ကြဘူး
    … နေ့ချင်းညချင်းချမ်းသာမယ်ဆိုတဲ့ အဆွယ်တော်ကြီးလဲ ငါးသိန်းရကတဲက နေ့ချင်းညချင်းကိုပျောက်သွားလေရဲ့ … တစ်ဖက်ပိတ်တွေရဲ့ လောကကြီးက မှောင်တာထက်ပိုတယ်…

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      June 29, 2015 at 7:23 pm

      Social Norms တွေ
      Group Pressure ဗျ

      သိပ်ကြောက်ဖို့ကောင်းတယ်
      Influencer ပါရင် သာဆိုးသေး…
      ဥပမာ အမျိုးထဲ ဩဇာရှိတဲ့ တစုံတယောက်က ဝင်မိတယ်ဆိုပါတော့
      ကိုယ်က လိုက်မဝင်ရင်ဘဲ ပြစ်မှုကြီး တခုခုကျူးလွန်မိသလိုလို နက်ဖြန်သဘက်ပဲ အမြီးပေါက်တော့မှာလိုလို
      ဝိုင်းပြောခံထိတတ်သေးတာ…….

      အဲ့လို….

  • ဝင့်ပြုံးမြင့်

    June 29, 2015 at 10:09 am

    .အဲဒီ မာကက်တင်းမျိုး သူများနိုင်ငံတွေမှာ ဖမ်းတယ်ကြားဖူးတယ်။

  • ဦးကျောက်ခဲ

    June 29, 2015 at 11:17 am

    AMWAY တို့ GIFFARINE တို့ လည်း အတူတူပါ ကိုရင်ဆာ…
    Multilevel Marketing ကို ဒီမှာလည်း ပိတ်ထားတယ်ဆိုပေမည့်…
    ဥပဒေကို လက်တလုံးခြားရှောင်ပြီး လုပ်စားနေတုန်းပဲ …
    သူတို့တွေမှာ တူညီတဲ့အချက်က ကျောက်ဆင်းတုတောင် ခေါင်းငြိမ့်အောင် “အာ” နိုင်တယ်…
    ကျောက်စ်ကတော့ ဝေါင်ဝေါင်ရှေးတယ် ၊ အဲ့လို Marketing Call လာရင် ဖုန်းချပလိုက်တယ်…

  • ဦးကြောင်ကြီး

    June 29, 2015 at 1:03 pm

    မှောင်စာမိ
    ကြောင်လာကြည့်
    တောင်လာဖိ
    ရှောင်ကွာအမိ..

  • Ma Ma

    June 29, 2015 at 2:36 pm

    သူတို့ အဟောအပြောကောင်းပုံက …..
    အဲလိုသိထားပြီး မဝယ်ပါဘူးလို့ တင်းခံထားတာတောင် ပျော့ချင်ချင် ဖြစ်သွားလို့ ဆက်နားမထောင်ပဲ ထွက်ပြေးရတဲ့အထိ။

  • kai

    June 29, 2015 at 3:56 pm

    အဟမ်း…
    နေ့လည်ကတင်.. လပ်စ်ဗေးဂတ်မှာ… အဲဒါမျိုးနဲ့တိုးလာသေး…။
    ယူအက်စ်မှာက.. ထုတ်ကုန်.. ထွက်ကုန်.. စသဖြင့် တခုခုလက်ကိုင်တွဲပါနေရင်.. ဥပဒေအရခွင့်ပြုပုံရပါတယ်..။
    အခုတလော.. တဟုန်ထိုးတက်လာတာက.. အာမခံစနစ်ကို.. အဲဒီနက်ဝပ်နဲ့ချိပ်ထားတာပဲ..
    လုပ်နေတဲ့မြန်မာတွေတော်တော်များလာပြီတဲ့…။
    ကောင်းပါလေ့…။

    မြန်မာတွေအသစ်တီထွင်သင့်သပေါ့…။
    ဥပမာ… ကျေက်ကပ်..ကလီစာတွေနဲ့ချိပ်ဆက်ပြီးလုပ်တာမျိုး…။ :k:

  • Alinsett @ Maung Thura

    June 29, 2015 at 6:59 pm

    အဲ့လိုဟာမျိုး လာ အဆွယ်ခံရဖူးတယ်…
    သူငယ်ချင်းအရင်းခေါကေ်ခေါက်ကြီးတစ်ယောက်က လာဆွယ်တာ..
    အခုတော့ အဲ့သူငယ်ချင်းပြောပြောနေတဲ့ ခိုင်မာလှပါရဲ့ တိုတဲ့ ကုမ္ပဏီကြီးကို ဆိုင်းဘုတ်တောင် မမြင်ရတော့…
    သူငယ်ချင်းလည်း… ဘာသံမှ မထွက်တော့ ….

  • လင်ဇီးကတော့ 1990 လောက်မှာ စပြီးအခြေတည်လာတယ်လို့ထင်ပါတယ်

    အဖွဲ့ဝင်ပြီး ရောင်းကြ ဝယ်ကြ လုပ်တဲ့သူတွေလဲရှီပါတယ်။

    ဒီအလုပ်ကို အလုပ်တစ်ခုလို သဘောထားပြီး ယုံယုံကြည်ကြည်လုပ်နေကြသူတွေလဲရှိပါတယ်

    သင်တန်းတွေတက် လူရအောင်ရှာပြီ ကောင်းကောင်းမွန်မွန်လုပ်နေသူတွေလဲ ရှိပါတယ်

    စီးပွားရေးဆိုတော့ လည်း ဒီလို လုပ်ကိုင်စားကြမှာပါဘဲ

    ကိုယ် လွတ်အောင်ရှောင်နိုင်ဘို့ ဘဲအရေးကြီးပါတယ်။

  • Mike

    June 30, 2015 at 2:35 pm

    .ကရင်ဆာမိ ညှော်မယ်ဗျို့အော်လို့ညှော်ရှောင်လို့ရသွားပီ…

  • မွသဲ ( 17082011 )

    July 4, 2015 at 11:34 am

    သများ လေကျက်မဂျီးကောင်း အဲ့ ကျန်းမာရေးကောင်းတယ်သိလား အာ့လေးလာပြောဒါ။
    အဲ့ဒီ Network Marketing ကိုတော့စိတ်ကုန်လွန်းလို့။ ဟိုတခါအလှကုန်တခုလဲအဲ့လိုပဲ မန်ဘာဝင်ပါဆိုတာနဲ့ဝင်လိုက်တာ။ အစည်းဝေးလာတက်ပါဆိုတေည့သွားလိုပ်တော့ သူတို့ကော်မရှင်တွေရုံးခန်းငှာူခတွေံအကုန် ရောင်းကုန်ထဲထည့်ပေါင်းထားသလိုပဲ။ အဲ့ဒါနဲ့ နင်တို့ဟာကို အတည်တပျကောင်တာလေးနဲ့ရောင်းမယ်တိုရင် ဒီ့ထက်ဈေးသက်သက်သာသာနဲ့ကျယ်ကျယ်ပြန့်ပြန့်ရောင်းနိုင်မယ်မထင်ဘူးလားလို့ မေးကြည့်တော့ သုံးစွဲသူလက်ထဲတိုက်ရိုက်ရောက်စေချင်လို့တဲ့။ အဲ့ဒါဆို ရက်ဗလွန်တို့ လော်ရယ်တို့ကတိုက်ရိုက်မရောက်ပဲမှောင်ခိုလားဆိုတော့ ပါးစပ်ပိတ်သွားကော။ စိတ်ပျက်စရာပါ။ တိုင်းပြည်မှာအလုပ်အကိုင်ရှားပါးတော့ ဒီလိုလူတွေအသုံးချခံရတာပေါ့။

  • အိမ်က လာဆွယ်ဖူးသေးတယ်.. S-Nature တဲ့.. ရသောင်းက စတယ်ဆိုပဲ.. အလုပ်လည်း ထွက်စရာမလိုဘူး.. အပိုဝင်ငွေရတယ်.. ဘာညာနဲ့.. စိတ်မဝင်စားဘူးလိို့ အပြတ်ပြောလိုက်တယ်… အာပေါက်အောင်လည်း သူများကို ရှင်းမပြနိုင်ဘူးလို့… ဆွယ်တာလည်း စိတ်မဝင်စားဘူးလို့.. အောင်မယ်လေး.. အဲ့တုန်းကများ ငြိုငြင်ခံရသေးတယ်… ခုတော့ အမေကိုယ်တိုင်က ငါ့သမီး စိတ်မဝင်စားခဲ့တာ တော်သေးတဲ့.. 🙂

Leave a Reply