ဘဝရဲ့ နိဂုံးချုပ် တံခါးပိတ်သံ

Yin Nyine NwayAugust 24, 20101min774

ကျွန်တော်ဟာ တက္ကစီမောင်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုသူတစ်ယောက်ပါ။  နေ့လည်ပိုင်းတော့ ကျွန်တော် လုပ်ချင်တဲ့ အလုပ်လေးတွေ၊ ဝါသနာပါတာလေးတွေ လုပ်နိုင်အောင်လို့ ညဆိုင်းကိုသာ မောင်းပါတယ်.. ကျွန်တော့် တက္ကစီဟာ ခရီးသည်တွေရဲ့ ရင်ဖွင့်ရာ ဌာနလဲ ဖြစ်ခဲ့ပါတယ်။ ကားငှားတဲ့ ခရီးသည်ဟာ ကားထဲဝင်လိုက်ပြီး ကျွန်တော့်အနောက်က ခုံမှာထိုင်လိုက်ပြီးတာနဲ့ သူတို့ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်က မသိရပါဘဲ သူတို့ရဲ့ ဘဝအကြောင်း ဇာတ်စုံ ခင်းကြတော့တာပါဘဲ။ ဘာဘဲပြောပြော မမျှော်လင့်ဘဲ ကြားခဲ့ရတဲ့ သူတို့ပြောပြတဲ့ ဇာတ်ကြောင်းတွေထဲမှာ အချို့တွေက အံ့အားသင့်စရာတွေ ဖြစ်ခဲ့ပြီး၊ အချို့ အကြောင်းအရာတွေကတော့ ဂုဏ်ယူစရာ စိတ်အားတက်စရာတွေ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အချို့ အကြောင်းအရာများကျတော့ ပျော်ရွှ့င်ရယ်မောစရာ၊ အချို့အကြောင်းအရာများ ကျတော့လည်း ဝမ်းနည်း စိတ်မကောင်းစရာ ဖြစ်ခဲ့ပါတယ်.. လူတိုင်းမှာ မတူညီတဲ့ ဘဝကိုယ်စီ ရှိတတ်ကြပြီး အဲဒီဘဝတွေကနေ မတူညီတဲ့ သင်ခန်းစာတွေကို ကျွန်တော် ရခဲ့ပါတယ်။

မှတ်မှတ်ရရပြောရရင် ကျွန်တော် တက္ကစီမောင်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အဖွားအိုတစ်ယောက်ကို မောင်းပို့ခဲ့ရတဲ့ ခရီးလောက် ဘယ်အဖြစ်အပျက်ကမှ ကျွန်တော့်ရဲ့စိတ်နှလုံးကို ထိထိခိုက်ခိုက်ဖြစ်စေ၊ အမှတ်ရစေနိုင်ခဲ့တာ မရှိတော့ပါဘူး။ အဲဒီညက တစ်ခုသော ဩဂုတ်လရဲ့ ညတစ်ညပါ။ ကျွန်တော်တို့ တက္ကစီ ရုံးချုပ်ကနေ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့ လိပ်စာပြောပြီး အဲဒီက လူတစ်ယောက်ကို သွားကြိုဖို့ အမိန့်တစ်ခု ကျွန်တော် လက်ခံရရှိလိုက်ပါတယ်.. ကျွန်တော်ထင်တာကတော့ ခုလို ညသန်းခေါင်တောင် ကျော်နေပြီဆိုတော့ ပါတီပွဲတစ်ခုခုကနေ အိမ်ပြန်မဲ့သူ၊ ဒါမှမဟုတ် လင်မယားရန်ဖြစ်လို့ စိတ်တိုတိုနဲ့ အိမ်ကဆင်းမဲ့သူ၊ ဒါမှမဟုတ်ရင်တော့ မနက်အလုပ်စောစောဆင်းမဲ့သူ တစ်ယောက်ယောက်က မြို့ပြင်မှာရှိတဲ့ စက်ရုံတစ်ခုခုကို သွားလိမ့်မယ်လို့ ထင်နေခဲ့တာပါဘဲ။

လိပ်စာအတိုင်း မောင်းသွားတော့ အဲဒီကို ကျွန်တော်ရောက်သွားတဲ့အချိန်ဟာ မနက် ၂နာရီခွဲ ရှိနေပါပြီ။ မြေညီထပ် ပြတင်းပေါက်က မီးရောင်ပြပြလေး တစ်ခုကလွဲလို့ အဆောက်အဦးတစ်ခုလုံးဟာ မှောင်မဲ တိတ်ဆိတ်နေပါတယ်.. ဘေးပတ်ဝန်းကျင်မှာလည်း အိမ်တွေဟာ နီးနီးနားနားမှာ မရှိကြဘဲ ဟိုးခပ်ဝေးဝေးမှာသာ ရှိနေကြတာမို့ တော်တော်ကို ခြောက်ခြားစရာ ကောင်းလောက်အောင် အထီးကျန် အဖော်မဲ့နေတဲ့ အိမ်တစ်လုံးနဲ့ တူပါတယ်.. ဒီလိုအခြေအနေမျိုးသာဆို တစ်ခြား တက္ကစီမောင်းသူတွေဟာ ကားဟွန်း တစ်ကြိမ်နှစ်ကြိမ် တီးပြီး ခနလောက် စောင့်ကြည့်ပြီးတာနဲ့ လူသံမကြားရရင် ချက်ခြင်း မောင်းထွက်သွားကြမှာ သေချာပါတယ်။ ဒါပေမဲ့ အိမ်သုံးကားတွေ ဘာတွေ မရှိတဲ့ သူတွေ အတွက်တော့ ခုလို ညဉ့်နက်သန်းခေါင်မှာ တက္ကစီသာမရရင် သူတို့အတွက် အတော်ကို အခက်အခဲ ဖြစ်ကြပါလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ကျွန်တော်ကတော့ အန္တရာယ်ဖြစ်နိုင်တဲ့ မသင်္ကာစရာ အနေအထားမျိုးကလွဲလို့ သာမန်အတိုင်းဆို အိမ်တံခါးပေါက်ထိအောင် အရောက်သွားပြီး စုံစမ်းလေ့ရှိပါတယ်.. တကယ်လို့များ တစ်စုံတစ်ယောက်ရဲ့ အကူအညီနဲ့မှ သွားနိုင်လာနိုင်တဲ့ ခရီးသည်မျိုး ဖြစ်နေခဲ့ရင် လိုအပ်တဲ့အကူအညီ ပေးနိုင်အောင် ဆိုတဲ့စိတ်မျိုး အမြဲတမ်း ထားခဲ့ပါတယ်။

ဒါကြောင့် အခုလည်း အဲဒီအိမ်ရဲ့ တံခါးဝကို သွားရောက်ပြီး တံခါးကို ခေါက်လိုက်တဲ့အခါ “ခနလောက် စောင့်ပေးပါ” ဆိုတဲ့ အသံတစ်သံ ထွက်လာပါတယ်.. အသံကို နားထောင်ခြင်းအားဖြင့် အသံပိုင်ရှင်ဟာ  အင်အားချည့်နဲ့ပြီး အတော်လေးကို အသက်ကြီးပြီလို့ ခန့်မှန်းရပါတယ်.. ပြီးတော့ တစ်စုံတစ်ခုကို ကြမ်းပြင်ပေါ် ဒရွတ်တိုက်ဆွဲနေတဲ့ အသံကိုလည်း ကြားလိုက်ရပါတယ်။ အတော်လေးကြာတဲ့ အချိန်မှာတော့ တံခါးဖွင့်သံ ကြားလိုက်ရပြီး အသက် ၈ဝကျော်နေပြီဖြစ်တဲ့ အဖွားအိုတစ်ဦး တံခါးပေါက်ကနေ ပေါ်လာပါတယ်.. အဖွားအိုရဲ့ ပုံစံက အတော်လေးကို သေးကွေးပြီးတော့ ပိန်လှီဖျော့တော့ကာ နာမကျန်းဖြစ်နေတာ ကြာနေခဲ့ပုံ ရပါတယ်.. သူဝတ်ထားတာက ပွင့်ရိုက်ဝတ်စုံဖြစ်ပြီး ခေါင်းပေါ်မှာတော့ ဦးထုပ်လေးတစ်လုံးကို ဆောင်းထားပါတယ်.. အဖွားအိုရဲ့ အပြင်အဆင်ပုံစံဟာ ၁၉၄ဝ ခုနှစ်လောက်က ရုပ်ရှင်တွေမှာ မြင်တွေ့ရတတ်တဲ့ ဝတ်စားဆင်ယင်ပုံမျိုး ဖြစ်နေပါတယ်.. သူ့ဘေးမှာတော့ နိုင်လွန် ခရီးဆောင်အိတ်လေး တစ်လုံးပါ။ အိမ်ကိုကြည့်ရတာ လူမနေတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ပုံစံပေါက်နေပြီး ရှိသမျှ ပရိဘောဂတွေကိုလည်း အဝတ်စတွေနဲ့ ဖုံးအုပ်ထားပါတယ်.. နံရံပေါ်မှာတော့ နာရီတစ်လုံးတစ်လေမှ ချိတ်ထားတာ မတွေ့ရသလို ဘီဒိုတွေထဲမှာလည်း အသုံးအဆာင်ပစ္စည်းတွေ ရှိမနေပါဘူး။ အိမ်ရဲ့ထောင့် တစ်နေရာမှာတော့ ကဒ်ထူသေတ္တာလေး တစ်ခုနဲ့ ဓာတ်ပုံတစ်ချိုု့ ရှိနေခဲ့ပါတယ်။

“အဖွားရဲ့ အိတ်ကို သယ်ပေးပါလားကွယ်” သူမက ကျွန်တော့်ကို ချိုသာအေးဆေးတဲ့ အသံလေးနဲ့ လှမ်းပြောလိုက်တော့ ကျွန်တော့ သူ့အိတ်သေးလေးကို ကားဆီကို အရင် သွားထားလိုက်ပြီး တစ်ခါ အဖွားအိုကို တွဲခေါ်ဖို့ အိမ်တံခါးပေါက်ကို ပြန်လာခဲ့ပါတယ်.. အဖွားအိုဟာ ကျွန်တော့ လက်ကိုတွဲလိုက်ပြီး ဖြေးဖြေးသာသာ လမ်းစလျှောက်ပါတယ်.. တုန်ချိနှေးကွေးနေတဲ့ ခြေလှမ်းတွေကြောင့် သတိထားပြီး တွဲခေါ်ခဲ့ရပါတယ်.. ကားဆီရောက်လို့ ဝင်ထိုင်ပြီးချိန်မှာ အဖွားအိုက ကျွန်တော့်ကို ကျေးဇူးတင်စကား ဆိုပါတယ်..

“ရပါတယ် အဖွား ကိစ္စမရှိပါဘူး.. ကျွန်တော်က ခရီးသည်တွေကို ဒီလိုဘဲ ကူညီနေကျပါ. အဖွားကိုလဲ မိခင်တစ်ယောက်ကို သဘောထားပြီး ကူညီတာပါ”  လို့ ကျွန်တော်က ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။

“မင်းဟာ အတော်သိတတ်တဲ့ ကလေးဘဲ”… လို့ အဖွားအိုက ပြောလိုက်ပြီး လိပ်စာကဒ်ပြားလေးတစ်ခုကို ထုတ်ပေးပါတယ်… ပြီးတော့ “ဒီလိပ်စာကို သွားမှာပါ.. ဒါပေမဲ့ အဖွားကို မြို့ထဲလမ်းအတိုင်း မောင်းပို့ပေးပါလားကွယ်” လို့ ပြောပါတယ်။

ကျွန်တော်လည်း ချက်ခြင်းဘဲ “အဖွား မြို့ထဲကနေမောင်းရင် ဒီလိပ်စာအတိုင်းဆို တကွေ့တပတ်ကြီး ဖြစ်သွားလိမ့်မယ်.. အချိန်လဲပိုကြာလိမ့်မယ်..” လို့ ပြန်ပြောလိုက်ပါတယ်.။

“အို…  ရပါတယ်.. အဖွားက အလျင်မလိုပါဘူး.. ဖြေးဖြေးသွားကြတာပေါ့.. အဖွားမှာ မိသားစု ဆွေမျိုးဆိုလို့လဲ တစ်ဦးတစ်ယောက်မှ မရှိတော့ဘူး… ပြီးတော့ လူ့လောကမှာ ကြာကြာနေဖို့ အချိန်လဲ အဖွားမှာ မရှိတော့ပါဘူးကွယ်.. အဖွားကို ကြည့်ပေးနေကျ ဆရာဝန်ကလည်း လူမမာစောင့်ရှောက်ရေး ဂေဟာနဲ့ ဆက်သွယ်ပေးပြီး အဲဒီမှာ သွားနေဖို့ စီစဉ်ပေးလို့ အခု အဲဒီကို သွားရမှာပါ..”

အဖွားရဲ့ တုန်တုန်ရီရီ စကားသံအဆုံးမှာ နောက်ကြည့်မှန်ကနေ ကျွန်တော် သူ့မျက်နှာကိုကြည့်လိုက်တော့ အဖွားရဲ့ မျက်ဝန်းတွေဟာ ညအမှောင်ထဲမှာ တဖျတ်ဖျတ် တောက်ပနေခဲ့တယ်.. ဘုရားရေ… မျက်ရည်တွေများလား။  ကျွန်တော့်လက်က ခရီးအကွာအဝေးကို ဖော်ပြတဲ့ မီတာဆီ အလိုလို ရောက်သွားပြီး မီတာခလုပ်ကို တိတ်ဆိတ်စွာ ပိတ်လိုက်မိပါတယ်.. ပြီးတော့ “အဖွား သွားချင်တဲ့ နေရာတွေကိုပြောပါ။ ကျွန်တော် မောင်းပို့ပေးပါမယ် ” လို့ ပြောလိုက်မိပါတော့တယ်။

နောက် ၂နာရီလောက်မှာတော့ ကျွန်တော်တို့တွေ မြို့ထဲတစ်လျှောက်မောင်းနှင်နေပါပြီ.. အဖွားအိုဟာ အဆောက်အဦး တစ်ခုကို ညွှန်ပြပြီးတော့ သူငယ်စဉ်ခါက အလုပ်လုပ်ခဲ့တဲ့ ရုံးလို့ ပြောပြပါတယ်.. အခြား လမ်းတစ်ခုကို ဖြတ်သွားချိန်မှာလည်း အိမ်တစ်အိမ်ကိုပြပြီး သူနဲ့ သူ့ခင်ပွန်းတို့ ညားကာစ အချိန်တွေတုန်းက နေခဲ့တဲ့ အိမ် ဖြစ်ကြောင်း ပြောပြီး အိမ်ရှေ့နားမှာ ကားကိုရပ်ခိုင်းကာ တော်တော်လေးကြာအောင် ငေးကြည့်နေခဲ့ပါတယ်.. တစ်ခါ အိမ်ထောင်ပရိဘောဂတွေ ရောင်းတဲ့ ဆိုင်ရှေ့မှာ ကားရပ်ခိုင်းပြီးတော့ ထိုနေရာဟာ တစ်ချိန်က အလွန်နံမည်ကြီး ထင်ရှားတဲ့ စားသောက်ဆိုင်ရဲ့နေရာ တစ်ခု ဖြစ်ခဲ့ကြောင်းနဲ့ ထိုစားသောက်ဆိုင်ဟာ သူမတို့ လင်မယား အမြဲတမ်း စားသောက်တတ်တဲ့ ဆိုင်တစ်ခုဖြစ်ကြောင်း ပြောပြပြန်ပါတယ်.. တခါတလေမှာတော့ အဆောက်အဦး အချို့ရှေ့ ဖြတ်တဲ့အခါ ကားကို ဖြေးဖြေးမောင်းခိုင်းတတ်ပြီး စကားတစ်ခွန်းမှ မပြောဘဲနဲ့ အကြာကြီး ငေးမောနေတတ်ပါတယ်။ အဖွားအိုရဲ့ပုံစံက အရာရာကို နောက်ဆုံး နှုတ်ဆက်တဲ့ ဆွေးဆွေးမြည့်မြည့် အကြည့်မျိုးနဲ့ တူနေတာမို့  ကြည့်ရတာ ဝမ်းနည်းဖို့ ကောင်းလွန်းနေပါတယ်။ အဖွားအိုရင်ထဲမှာ ဘယ်လိုများ ခံစားနေရမလဲဆိုတာ ကျွန်တော်တွေးကြည့်မိပြီး ကိုယ်တိုင်လည်း ဝမ်းနည်းလာမိပါတယ်။

အရှေ့ဘက်ဆီက အရုဏ်ဦး အလင်းရောင်လေး ပေါ်ထွက်လာတဲ့အချိန်မှာတော့  “အဖွား ပင်ပန်းသွားပြီကွယ်.. ပြောထားတဲ့ လိပ်စာအတိုင်းသာ ကားကို ဆက်မောင်းပါတော့ ” လို့ပြောလိုက်ပြီး မျက်လုံးကိုမှိတ်လိုက်ကာ ကားနောက်မှီကို မှီချလိုက်ပါတော့တယ်.. ကျွန်တော်လဲ တိတ်ဆိတ်စွာဘဲ ကားကို ဆက်မောင်းခဲ့လိုက်ပါတယ်.. အဖွားအို ပေးထားတဲ့ လိပ်စာအတိုင်း ရောက်တဲ့အချိန်မှာ ရှည်မျှောမျှော အဆောက်အဦးတစ်ခုကို တွေ့လိုက်ရပါတယ်.. တကယ်ဘဲ လူမမာတွေအတွက် ပြုစုစောင့်ရှောက်တဲ့ ဂေဟာ ဖြစ်ပုံရပါတယ်.. ကားကို အဆောက်အဦးရဲ့ ပေါ်တီကို အရောက် ကျွန်တော် မောင်းသွားလိုက်တဲ့အချိန်မှာ ဝန်ထမ်းဖြစ်ပုံရတဲ့ လူ၂ယောက်ဟာ ပြေးထွက်လာကာ ကားဆီကို ရောက်လာပြီး အဖွားအိုကို ဂရုတစိုက် အလေးအနက်ထားကာ ကူညီဖေးမနေတာကို တွေ့ရပါတယ်..  ကြည့်ရတာ အဖွားအို ရောက်အလာကို အဆင်သင့် စောင့်ဆိုင်းနေပုံရပါတယ်.. ကားနောက်ခန်းထဲ ထည့်ထားတဲ့ အဖွားအိုရဲ့ အိတ်ကို ကျွန်တော် သွားယူလာပြီးတဲ့အချိန်မှာ အဖွားအိုဟာ ဝှီးချဲ ပေါ်ရောက်နေပါပြီ။

“ကားခ ဘယ်လောက် ကျသလဲကွယ် ” လို့   အဖွားအိုက သူ့ပိုက်ဆံအိတ်သေးသေးလေးကို ဖွင့်လိုက်ရင်း ကျွန်တော့်ကို လှမ်းမေးလိုက်ပါတယ်..

“မပေးရပါဘူးခင်ဗျာ”  ကျွန်တော်က ပြုံးပြီး ပြန်ဖြေလိုက်တော့

“အို မဟုတ်တာ မင်းမှာလဲ နေထိုင်စားသောက်ရေးက ရှိဦးမယ်လေ… ပိုက်ဆံ ယူပါကွယ်..”  အဖွားက စိတ်မကောင်းတဲ့ လေသံလေးနဲ့ ပြန်ပြောပါတယ်။

“တစ်ခြား ခရီးသည်တွေ ရှိပါသေးတယ်အဖွား.. ဒီကအပြန်မှာလည်း ကျွန်တော် ခရီးသည် ရဦးမှာပါ.. ကျွန်တော့ အတွက် စိတ်မပူပါနဲ့.. ” လို့ ပြန်ပြောလိုက်ရင်း ကျွန်တော့် စိတ်ထဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဆန္ဒနဲ့  ဝှီးချဲပေါ်က အဖွားအိုကို ခါးညွှတ်ပြီး ပွေ့ဖက်လိုက်မိပါတယ်.. အဖွားကလည်း ကျွန်တော့ကို သူ့လက်ကလေးတွေနဲ့ ပြန်လည်ပွေ့ဖက်ပါတယ်။

“မင်းဟာ အဖွားအိုတစ်ယောက်ရဲ့ နောက်ဆုံးအချိန်လေးတွေကို စိတ်ချမ်းသာ၊ ကျေနပ်မှု ရသွားအောင် ကူညီ်ပေးခဲ့သူပါကွယ်.. အဲဒီအတွက် ကျေးဇူး အထူးပါ ကလေးရယ်… ”

အဖွားရဲ့ စကားက ကျွန်တော့် နှလုံးသားကို ဆုတ်ညစ်လိုက်သလို ခံစားလိုက်မိပါတယ်.. ဒါဟာ သူ့အတွက် နောက်ဆုံးအချိန်တွေတဲ့လား… ကျွန်တော် ဘာစကားမှ ထပ်မပြောဖြစ်တော့ဘဲ အဖွားရဲ့ လက်ကို နောက်ဆုံးအနေနဲ့ ဖျစ်ညစ်လိုက်ပြီး ကားဆီကို လျှောက်သွားကာ ကားကို မောင်းထွက်ခဲ့လိုက်ပါတော့တယ်.. ကျွန်တော် မောင်းထွက်လာပြီးတဲ့နောက်မှာ တံခါးပိတ်သံတစ်ချက်ကို ကျွန်တော့်နားထဲမှာ သဲသဲကွဲကွဲ ကြားလိုက်ရပါတယ်.. ဒီအသံဟာ ဘဝတစ်ခုရဲ့ နိဂုံးချုပ်သွားတဲ့ တံခါးပိတ်သံတစ်ခုလို့ ကျွန်တော့်စိတ်ထဲ ခံစားလိုက်မိပါတယ်။

အဲဒီက အပြန်လမ်းတစ်လျှောက်မှာ  ခရီးသည် တစ်ဦးတစ်ယောက်မှ ထပ်မတင်ဖြစ်တော့ဘဲ ကားကို ရည်ရွယ်ချက်မဲ့စွာ မောင်းလာခဲ့မိပါတယ်.. ဦးနှောက်တစ်ခုလုံးလဲ ဗလာဖြစ်နေခဲ့ပြီး အဲဒီနေ့တစ်နေ့လုံး စကားတောင် မပြောနိုင်လောက်အောင် ကျွန်တော့် ရင်ထဲမှာ အဖွားအိုအတွက် တစ်စုံတစ်ရာ ထိခိုက် ခံစားနေခဲ့မိပါတယ်.. တကယ်လို့များ အဖွားအိုဟာ သူရဲ့ နောက်ဆုံးအချိန်လေးမှာ စိတ်မရှည် ၊ ဒေါသကြီးတဲ့ တက္ကစီသမား တစ်ယောက်ယောက်နဲ့များ ကြုံတွေ့ခဲ့မိရင်၊ ဒါမှမဟုတ် ကျွန်တော်သာ သူပြောတဲ့ မြို့ထဲလမ်းအတိုင်း မောင်းပေးဖို့ ငြင်းဆန်ခဲ့မိရင်၊ သို့မဟုတ် တစ်ခေါက်လောက် ကားဟွန်းတီးပြီး လူထွက်လာတာ မတွေ့လို့ ကားမောင်းထွက်သွားခဲ့မိရင် ဆိုတဲ့အတွေးတွေနဲ့ ဖိစီးနေခဲ့မိပါတယ်.. ဒီလိုသာဖြစ်ခဲ့ရင်တော့ ဒီအဖွားအိုရဲ့ နောက်ဆုံးအချိန်တွေဟာ စိတ်ချမ်းသာမှု ရရှိသွားခဲ့မယ် မထင်ဘူး… ဘာဘဲဖြစ်ဖြစ် ကျွန်တော် ဒီနေ့လုပ်လိုက်မိတဲ့ ကောင်းမှုလေးတစ်ခု အတွက်တော့ ဘယ်တော့မှ မေ့လို့ မရအောင် သတိရနေဦးတော့မှာပါ။

အသက်ကြီးလာတဲ့ အိုမင်းမစွမ်းနဲ့ အထီးကျန်ဘဝ အချိန်တွေမှာ အခြားသူတွေရဲ့  ဂရုစိုက်နွေးထွေးမှု၊ ကြင်နာစောင့်ရှောက်မှု၊ နားလည်သိတတ်မှု၊ ဖေးမကူညီမှု တို့ဟာ လိုအပ်လှပါတယ်လေ… တစ်ချိန်ချိန်တော့ ခုလို ဘဝတံခါးကြီး ပိတ်သွားတဲ့အသံကို ကျွန်တော်တို့တွေလည်း ကြုံရပေလိမ့်ဦးမယ် မဟုတ်ပါလား။


4 comments

  • intro

    August 24, 2010 at 6:11 am

    အရမ်းရသမြောက်တဲ့တဲ့ Post တစ်ခုပါဗျာ… အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာ လူသားတိုင်း တစ်နေ့ မလွဲမသွေ ကြုံရမယ့် အရာတွေပဲလေ… ကိုယ်တွေ အသက်ကြီးလာလို့ အိုမင်း မစွမ်း ဖြစ်လာတဲ့အချိန် ဘယ်လို ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ… ဒီ Post လေးကို ဖတ်ပြီး လူသားအချင်းချင်း ကိုယ်ချင်းစာ စာနာ စိတ်က အရမ်း အရေးကြီးတယ်၊ အထူးသဖြင့် အသက်ကြီးလို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်မယ့် အရွယ်တွေဆိုရင် ပိုပြီး ကူညီစာနာ ပေးသင့်တယ်ဆိုတာ သဘောပေါက်လာ ခဲ့ပါတယ်…

  • SNAIL17

    August 24, 2010 at 7:52 am

    ဘဝဆိုတာ ဘာလည်းလို့ …………

  • Pyaung Gye

    August 24, 2010 at 2:52 pm

    ဖတ်တဲ့စူတွေကို ဆွဲဆောင်မှုရှိပါတယ်

Leave a Reply