ခံစားမိသမျှ ရင်ဖွင့်ခြင်း

lady fingerJuly 4, 20151min35919

လတ်တလော ကြုံတွေ့နေရတဲ့ ပြသနာလေးတစ်ခု ပေါ့လေ။ မိဘဖြစ်လာရင် ကြုံလာနိုင်မယ့် အခက်အခဲတွေကို ကြိုတင် စိတ်ကူးထားတဲ့အထဲမှာ ယခု ပြသနာလေးကတော့ လုံးဝ တွေးမထားခဲ့မိတာ အသေအချာ။

စုစုပေါင်းမှ ၃ ယောက်ပဲရှိတဲ့ အိမ် ၊ ပတ်ဝန်းကျင်ကလည်း ကလေးတွေချင်း ကူးလူးဆက်ဆံ ဆော့ကစားလေ့ရှိတဲ့ ပတ်ဝန်းကျင်မဟုတ်တဲ့အတွက် သားသားလေး အများနဲ့နေတတ်အောင် ၃နှစ်ပြည့်တာနဲ့ မူကြိုပို့ဖို့ ဆုံးဖြတ်ခဲ့ပြီး သင့်တော်တဲ့  မူကြိုကို ကြိုတင်ရွေးချယ်ခဲ့ပါတယ်။  မူကြိုတက်နေတဲ့ ကလေးမေမေတွေ recommend ပေးသော အိမ်နဲ့လည်းနီး၊ ဈေးနှုန်းကလည်း ကိုယ့်အတွက် သင့်၊ မူကြိုကလေး ၁၀ဝကျော်လောက်တက်နေသော Pre-school တစ်ခုမှာ ထားလိုက်ပါတယ်။  ၃ လ ကို Level တစ်ခုဖြစ်ပြီး ၃ လစာ ဝတ်စုံဖိုး အပါ ၂ သိန်းခွဲ ကျပါတယ်။  အဲဒီတုန်းကတော့ အဲဒီLevel ဆိုတာကြီးအပေါ် ဘာဖီလင်မှ မရှိခဲ့ပါ။

ကျောင်းမတက်ခင် ကတည်းက BBC က လွှင့်တဲ့ CBeebies Kids channel က သားသားအသည်းစွဲ။ Presenter တွေ နဲ့လည်း ဟိုက အစီအစဉ်စလို့ Hello ဆို သူက Hello ၊ Goodbye  ဆို သူက တာ့တာ့ good bye နဲ့  Professional ကျလှတဲ့ Presenter တွေနဲ့ တော်တော်ကို ခင်မင်နေပါတယ်။  ကျောင်းထားတော့မယ်ဆိုတော့ အဲဒီထဲက ကလေးတွေကိုပြပြီး သားသားကျောင်းသွားချင်လား ဆိုတော့ သွားချင်တယ်ဆိုပြီး ကျောပိုးအိတ်တွေ ဝတ်စုံတွေကို ကြည့်ပြီး သိပ်ပျော်နေခဲ့ပါတယ်။ သားလေးကို အများနဲ့နေတတ်စေချင်သည်။ မျှဝေတတ်စေချင်သည်။ တယောက်ထဲမွေးထားတော့ တကိုယ်ကောင်းဆန်တတ်မှာ စိုးသည်။

စတက်တဲ့နေ့မှာ ငိုယိုရုန်းကန်နေတဲ့ ကလေးတွေကြားထဲ အမေကို တာတာ့လုပ်ပြီး လာခေါ်တဲ့ Teacher နောက်ကို ခပ်တည်တည်လိုက်သွားခဲ့တဲ့ အတွက် ပထမရက်မှာ အဆင်ပြေသွားခဲ့တယ်။  ၂ရက် ၃ ရက် ၄ ရက်မြောက်နေ့မှာတော့ လာကြိုတဲ့အမေဆီ သူငယ်ချင်းတစ်ယောက် လက်ဆွဲခေါ်လာခဲ့သေး။  ဒီအနေအထားလောက်ဆို အဆင်ပြေသွားပြီ ဟုထင်နေခဲ့တယ်။ အိမ်မှာလည်း lesson တွေကို တပတ်တခါ ကြည့်ရုံကလွဲပြီး ၃ နှစ်အရွယ်ကလေးတစ်ယောက်အတွက် revision ပြန်ပေးရလောက်တဲ့ အထိ မလိုအပ်သေးဘူးထင်ကာ လွတ်လပ်စွာဆော့စေတယ်။  အဲဒီမှာစတွေ့တော့တာပါပဲ။

၂ ပတ်မြောက်ရဲ့ နောက်ဆုံးနေ့မှာတော့ သားသားအခန်းရဲ့ main teacher က သားသား color ချယ်တာ အာရုံမစိုက်တဲ့ အကြောင်း ၊ color တွေ မေးတာ မှန်မှန်မဖြေနိုင်ကြောင်း အိမ်မှာ နည်းနည်းလေ့ကျင့်ပေးရန်လိုကြောင်း အကြောင်းကြားလာပါတယ်။

OMG ဘာများဖြစ်ရတာလဲမသိ စလာပြီပေါ့ ။ အစထဲက သားက Color တွေနဲ့ မစိမ်းပေ။ အဲဒါနဲ့ အိမ်ရောက်တော့ ချော့မော့ပြီး မေးကြည့်တော့ သားက Color တွေမသင်ချင် shape တွေ သင်ချင်တာဆိုပြီး Picture Dictionary မှာပါတဲ့ shape တွေကို လက်ညှိုးထိုးပြပါတယ်။  ok သင်ပေးမယ် colorလေးတွေအရင် ဆိုပြပါအုံးဆိုတော့ အသုံးများ color  ၅ ရောင် မှန်မှန်ဆိုပြနိုင်ပါတယ်။ ဒါနဲ့ပဲ color လေးတွေသုံးပြီး Picture Dictionary ထဲက circle ၊ triangle ၊ rectangle ၊ star ၊ heart  shape ၅မျိုးကို နောက်ထပ် color ၅မျိုး ပေါင်းပြီး weekend မှာ သင်ပေးလိုက်တာ shape တွေကို ဘာထောက်ပြပြပြောနိုင် မေးတဲ့ color ကိုရွေးထုတ်ပြီး ချယ်နိုင်သွားပါတယ်။ ဒီလောက်ဆို ok ပြီပေါ့လေ။

၄ ပတ်မြောက်ရဲ့ ဒုတိယနေ့မှာတော့ သားလေးက စာသင်တာ အာရုံမရောက် ငေးချင်ရာငေးနေသည်။ စာလိုက်မဆိုဟု ပြောလာပြန်သည်။ Teacher ရယ် သူ shape ကလေးတွေ စိတ်ဝင်စားပါတယ်ဆိုတော့ shape တွေတခြားlesson တွေက baby nestling level မှာ မမေးပါ သင်ရုံပဲသင်တာ higher baby nestling level မှ မေးမှာတဲ့ ။  သားလိုက်မဆိုတာတွေက A for Ant, B for Bear, C for cow,….. ဒါမျိုးကို A to L  ထိဆိုနိုင် color တွေကို မှန်ကန်စွာနဲ့ ပုံအတွင်းဝင်အောင်ချယ်နိုင်မှ Level တက်ပေးနိုင်မည်တဲ့။ တခြားကလေးတွေ နည်းတူ သားကိုလည်း Level တက်စေချင်ပါတယ်တဲ့ ။

အိမ်ရောက်တော့  သားဘယ်ဟာရတယ် ဘယ်ဟာမရဘူးသိချင်တာနဲ့ သားရတာလေးတွေ အရင်ဆိုပြနော်ဆိုတော့ သားက Lesson တခုချင်းဆီ ပုံလေးတွေကို ထောက် ထောက်ပြပြီး

Head, Ear, Eye, Nose, Mouth, Hand

Banana, Coconut, Pineapple, Grapes, Apple, Orange, Strawberries

Tree, Flower, Water, Sun

Scissors, Glue, Pen

Seesaw

Heart, Circle, Triangle, Rectangle, Heart ပုံလေးတွေ ထောက်ထောက်ပြီး ဆိုပြနေတာ အားလုံးမှန်နေတာပါပဲ။ သားလေးအရမ်းတော်တာပဲလို့ ချီးမွမ်းလိုက်ပြီး ကလေးကို Teacher ပြောတာတွေ Level အကြောင်းတွေ မပြောတော့ပါ။မူကြိုတက်တာ တလပဲရှိသေးတဲ့ ကလေး တစ်ယောက်အတွက် ဒီလောက်ဆို ကျမကျေနပ်ပါတယ်။ သူဆိုပြနိုင်တယ်ဆိုတာ လိုက်နားထောင်ထားလို့ပါ။ တခြားကလေးတွေရတဲ့ အပိုင်းကို သူမရ တခြားကလေးတွေ မရတဲ့ အပိုင်းကို သူရတာလည်း ကျောင်းမှာ တစေ့တစောင်း အကဲခတ်မိပါတယ်။ အမေးနဲ့ စိတ်ဝင်စားမှု တိုင်ဆိုင်စွာ ထပ်တူကျနေရင် Level တက်မှာပါ။

(Teacher ပြောတာနဲ့ ကြိမ်လုံးကိုင် ကျင့်လိုက်တာ ပုံစံကျသွားတယ်) (ဒီမူကြိုချိန်ပြီးတာနဲ့ မြန်မာစာguide ခေါ်တယ် အဲဒီအချိန်ကျ ကလေးက အိပ်ချင်နေတော့ မျက်နှာသစ်ပေးရတယ်) (ကိုယ့်ကလေးကို ပိုဂရုစိုက်အောင် ဆရာမတွေကိုလက်ဆောင်ပေးလိုက်တယ် ) မြတ်စွာဘုရား မူကြိုအမေတွေရဲ့ အသံတစေ့တစောင်း

ခုမှ စလုံးရေစ ကျယ်ပြောတဲ့ လောကထဲ တိုးဝင်မယ့်ကလေးတွေကို ဘာလို့များ မှတ်ကျောက်ကြီးတွေတကိုင်ကိုင် နဲ့ တန်ဖိုးဖြတ်ကြတာလဲ မသိပါ။ သူတို့စိတ်ဝင်စားတာလေးတွေနဲ့ အစပျိုးပြီး လောကကြီးကို အကောင်းမြင်စိတ်ဓါတ်လေးတွေ ပျိုးထောင်မသွားသင့်ဘူးလား။ အမေးနဲ့ အဖြေ အမြဲ ကိုက်ညီရမယ်ဆိုတဲ့ ပေတံကြီးတွေနဲ့ ကလေးတွေကိုဆီးကြိုနေတဲ့ လောကကြီးထဲ ပေးဝင်ဖို့တော်တော်ကို စဉ်းစားနေမိပါတယ်။ ။

 

 

 

 

19 comments

  • ဇီဇီခင်ဇော်

    July 4, 2015 at 7:41 pm

    အမှန်တော့ ၃ နှစ် ဆိုတာ စာ အတင်းအကြပ် သင်ဖို့ စောသေးတယ်လို့ပဲ မြင်ပါတယ်။
    သူတို့ကို ကစားခိုင်းရာကနေပြီး သိသင့်တာလေးတွေ သိအောင် ပြောရမဲ့ အနေအထားပါ။
    ၃ နှစ်မှာ ဒီလောက် ပြောနိုင်တာ တော်ရောပေါ့။
    ဒီ အသက်တောင် လယ်ဗယ်တွေ ဘာတွေ ခွဲတယ် ဆိုတော့ အဲဒီ ကျောင်းက ဘယ် နိုင်ငံရဲ့ စံနှုန်းနဲ့ သင်ရိုးတွေ ယူသလဲမသိ။

    ၃ နှစ် ဆိုတာ ဒီ မှာ Play Group ဒါမှ မဟုတ် Nursery တန်းပဲ ရှိတာပါ။
    စာမသင်ပါဘူးး
    ကစားခိုင်းပါတယ်။
    အရောင်စုံနဲ့ ကစားရင်း အတုံးလေးတွေနဲ့ ကစားရင်း နေပျော်အောင်ထားတာပါ

  • ဇီဇီခင်ဇော်

    July 4, 2015 at 7:45 pm

    3- to 4-Year-Old Development: Language Milestones

    1 Say his or her name and age
    2 Speak 250 to 500 words
    3 Answer simple questions
    4 Speak in sentences of five to six words, and speak in complete sentences by age 4
    5 Speak clearly
    6 Tell stories

    ~~~~~~~

    3- to 4-Year-Old Development: Cognitive Milestones

    1 Correctly name familiar colors
    2 Understand the idea of same and different
    3 Pretend and fantasize more creatively
    4 Follow three-part commands
    5 Remember parts of a story
    6 Understand time better (for example, morning, afternoon, night)
    7 Count, and understand the concept of counting
    8 Sort objects by shape and color
    9 Complete age-appropriate puzzles
    10 Recognize and identify common objects and pictures
    ~~~~~~~~~~~~~~~~~~~~~~~~~

    3- to 4-Year-Old Development: Movement Milestones

    1 Walk up and down stairs, alternating feet — one foot per step
    2 Kick, throw, and catch a ball
    3 Climb well
    4 Run more confidently and ride a tricycle
    5 Hop and stand on one foot for up to five seconds
    6 Walk forward and backward easily
    7 Bend over without falling

    • lady finger

      July 5, 2015 at 2:08 pm

      အဖိုးတန်တဲ့ comment လေးအတွက် ကျေးဇူးတင်ပါတယ်နော်

  • ဝင့်ပြုံးမြင့်

    July 4, 2015 at 9:21 pm

    .ရုံးပတေသီးကို တအားကြိုက်သွားပြီ ဟိဟိ။ စားလို့ကောင်း အဲလေ ဖတ်လို့ကောင်း လိုက်တာ။
    .အမသားကတော့လေ ၂ နှစ်ရှိပြီ။ ခု ထက်ထိကို စကားမပြောလို့ စိတ်မောရပါဘိတော့။ သူများကလေးတွေ တော်တာ တတ်တာမြင်တိုင်း အားကျနေရတဲ့ဘဝပါ။ ပေါက်စနလေးတွေကို ညီမပြောသလို လယ်ဗယ်ခွဲတာကိုတော့ ဘဝင်မကျဘူး။ တော်ပြီးသားကလေး သူတို့လုပ်မှ ညံ့နေမယ်။
    .ပြီးတော့လေ ညီမစာရေးတာ ဖတ်ကြည့်တော့ ပညာတတ်ထဲက ဖြစ်မယ်။ အဲဒီတော့ ကိုယ့်ကလေး မူကြိုမထားဘဲ အမေကိုယ်တိုင်သင်လည်း ဖြစ်တာပါပဲ။ အမသမီးဆိုရင် ၈နှစ် ။ E တော်တော်ဖတ်နို်င်ပြီ။ ကာတွန်းကားတွေ ကြည့်ရင်လည်း အကုန်နားလည်ပြီ။ ပြောတာတော့ ကျင့်သားသိပ်မရှိ။

    • lady finger

      July 5, 2015 at 2:23 pm

      comment လေးအတွက် ကျေးဇူးတင်ပါတယ် အမ။
      အမေသင်တာထက် Pro ပိုကျတဲ့ Pre-shool တွေက ပိုကောင်းမယ်ထင်ခဲ့လို့ပါ။ ကျမရွေးချယ်မှုကပဲ မှားခဲ့တာလား ဒီထက် ပို ကောင်း ပိုအဆင့်မြင့်တဲ့ ကျောင်းတွေကပဲ ပိုကောင်းနေမလား ဝေဝါးဆဲပါ။ ကိုယ့်ရွေးချယ်မှုမှာ ကလေးကိုတော့ မြေစာပင်မဖြစ်စေချင်ပါဘူး။ ခုချိန်မှာ စာထက် Team Work activity လေးတွေ နဲ့ ကလေးရဲ့ အရွယ်အလိုက် လုပ်ဆောင်နိုင်တဲ့ အရာလေးတွေကိုပို လုပ်စေချင်တာပါ။ ဥပမာ- ကိုယ့်ဖိနပ်၊ ကိုယ့် school bag ကို နေရာတကျထားတတ်တာ…

  • ကလေးေ တွ ကို ငယ်ငယ်လေး က တည်း က လူကြီး ကြိုက်အောင်နေတတ် ဖြေတတ်တဲ့ အကျင့် ရသွားရင်
    ဒီကလေးက တော်တဲ့ လိမ္မာတဲ့ကလေးဖြစ်မယ်

    သူ့စိတ်ထဲမှာရှိတာ သူစိတ်ဝင်စားတာဖြေလိုက်ရင် ဒီကလေးက လူညံ့စာရင်းသွင်းလိုက်မယ်

    ကျနော်တို့ငယ်ငယ်က စပြီး အခုထက်ထိ ဒီအကျင့်တွေကို ရိုက်သွင်းပေးနေတော့

    ကျနော်တို့ လူညံ့ ဖြစ်တာ မဆန်း ဘူး

    နောင်လဲ ဆက်ဖြစ်နေအုံးမယ်ထင်ပါတယ်

    မိဘအတော်များများက သူတို့ မျက်နှာပွင့်ဘို့ လက်မထောင်နိုင်ဘို့ ကလေးတွေကို ချနင်း နေတယ်လို့ခံစားရပါတယ်

    အဲလိုပြောရင် ခင်ဗျားက ကလေးမှ မွေးမထားတာ မိဘ တွေ ရဲ့ ခံစားချက် ဘယ်သိမလဲလို့အပြောခံရမှာသေချာတယ်

    • lady finger

      July 5, 2015 at 2:27 pm

      (မိဘအတော်များများက သူတို့ မျက်နှာပွင့်ဘို့ လက်မထောင်နိုင်ဘို့ ကလေးတွေကို ချနင်း နေတယ်လို့ခံစားရပါတယ်)
      အဲဒီစကားအတိုင်းကို လက်တွေ့မှာ တော်တော်များများတွေ့နေရပါတယ်

  • Alinsett @ Maung Thura

    July 5, 2015 at 6:38 am

    ကလေးတစ်ယောက်ကို ကိုင်တွယ်ရာမှာ ကလေးဘက်က ကလေးလိုတွေးပေးရတာမျိုးလည်း
    လိုမယ်ထင့်

    • lady finger

      July 5, 2015 at 2:28 pm

      အရမ်းကို လိုပါတယ်

  • kai

    July 5, 2015 at 6:51 am

    အိမ်ကလေဒီကတော့.. ကလေးဦးနှောက်ဖွံ့ဖြိုးမှုက.. ၁နှစ်ကနေ…၅နှစ်.. .အဓိကဆိုပြီး.. ပိပိလေးကို.. အဟာရဖြစ်မှာတွေ.. အသားကုန်ကြွေးတာပဲ..
    နောက်ပိုင်းပြန်မရဘူးဆိုပါတယ်..။
    ယူအက်စ်မှာကျ.. စာသင်..ဘာသင်ညာသင်.. ကျန်တာအကုန်… ကျောင်းတွေ/အစိုးရက.. လုပ်ပေးသွားသဗျ..။
    မိဘတာဝန်က.. အဟာရပြည့်အောင်ကျွေးဖို့…။

    မြန်မာကလေးငယ်တွေ..ဦးနှောက်ဖွံ့ဖြိုးကြကာ… အဆိပ်မမိကြစေသတည်း…။

    • ဦးကြောင်ကြီး

      July 5, 2015 at 2:30 pm

      ကြောင်က္ခဖ အူးမာမွပ်ကို အတိုင်းမသိ ကြေးဇူးတင်ရပါပီဂေါ…

    • lady finger

      July 5, 2015 at 2:42 pm

      ဟုတ်ကဲ့ အဲဒီမှာတော့ မိဘက ဂရုမစိုက်ပေးနိုင်ရင်တောင် baby food specialist တွေ ဘာတွေများရှိမလားမသိပါဘူး။ ဒီမှာတော့ အရာအားလုံးက မိဘပါပဲ။ ကလေးအရွယ်အလိုက်ကျွေးရမယ့် အာဟာရ တွေ အတွက် ရယ် မစားစားအောင် ကျန်းမာရေးနဲ့ ညီညွတ်အောင် လေ့လာချက်ပြုတ်ဖို့ရယ်ကို guide book ကို ရှာဝယ်တာတမျိုး google တာတဖုံ မို့တော်နေသေးတာပါ။ အဲဒီလိုလုပ်ဖို့ အလှမ်းဝေးနေသူတွေ များစွာရှိနေဆဲပါ။

  • မြစပဲရိုး

    July 5, 2015 at 2:08 pm

    ဟိုတစ်ခါ ဖုန်းလေဒီ ပို့စ် လေး ကို မှတ်မိနေဆဲပါ။
    ဘာလို့လဲ ဆိုတော့ အဲဒါကို ရွာထဲ ဖတ်အပြီး ရွှေပြည်လဲ ရောက်ရော တန်းတိုး တော့တာဘဲ မို့။

    အခု ပို့စ် လေး လဲ အတော်ကောင်းပါတယ်။
    ကလေးငယ် တွေ ဟာ တစ်ယောက်နဲ့ တစ်ယောက် စွမ်းရည် ချင်း မတူ ဘူး ဆိုတာ ကို ကလေး ကျောင်း က ဆရာမ တွေ သိသင့်တယ်။
    သဘောက ကလေး တွေ ကို ပုံစံ တူ တန်းညှိ မထားဘဲ ကလေးတွေ ရဲ့ အားနဲချက် အားသာချက် တွေ ကို ကြည့်ပြီးသင်ရမယ်။
    ဒါကို စိတ်ဝင်စား တဲ့ ဆရာမ နဲ့ တွေ့ရင် အဲဒီ ကလေး တွေ ကံကောင်းတာဘဲ။
    တကယ်တော့ ညံ့ တဲ့ ကလေး ဆိုတာ မရှိဘူး။ သူ့ ဟာသူ တစ်နေရာ မှာ တော် ကြတယ်။ အဲဒါ ကို ဆရာမ က မြင်သင့်တာ။

    . မြန်မာပြည်ထဲ မတော့ ဆရာမ အများစု သတင်း ကြားရတာ
    ဒီလို တီထွင် ကြံဆပြီး အပို သင်ပေးဖို့ မပြော နဲ့ ကိုယ့် အခြေခံ အလုပ် က ဘာ လုပ်ရမှာလဲ ဆိုတာတောင် သိပါ့မလားဘဲ။
    တာဝန်မဲ့ တွေ များနေသလားလို့။ အားလုံးလို့ တော့ မပြောလိုပါ။

    အဲဒီ လို ကလေး တွေ အတွက် မြန်မာပြည် ကို ပြန်လာချင်တာပါ။

    • lady finger

      July 5, 2015 at 2:53 pm

      တာဝန်မဲ့ကြတာလဲရှိသလို မသိကြတာတွေလဲရှိပါတယ်။
      ကလေးတွေရဲ့အနာဂတ်ဟာ နိုင်ငံ အနာဂတ်မို့လို့ ကလေးတွေကို ပုံဖော်ရတဲ့ သူတွက အရည်အချင်းကောင်းတွေရှိဖို့ ပိုလိုအပ်သလို အရည်အချင်းကောင်းတွေရှိတဲ့သူတွေကလည်း ကလေးတွေအတွက် စိတ်ပါဝင်စားပျိုးထောင်ပေးဖို့ အရမ်းကိုလိုအပ်နေတာမို့လို့ အမရဲ့ ဆနဒကို လှိုက်လှိုက်လှဲလှဲကို အားပေးရင်း ဖိတ်ခေါ်ပါတယ်နော်..

  • Ma Ma

    July 5, 2015 at 4:36 pm

    မျှင်ကြော်ပြုံးပြောသလိုပဲ ရုံးပတီသီးကို ကြိုက်သွားပြီ။ 🙂
    တခါတလေမှာ မိဘတွေရဲ့အတ္တကြီးမှုအောက်မှာ ကလေးတွေ ပြားပြားဝပ်သွားရတာတွေ အများကြီးပဲ။
    ရုံးပတီသီးရဲ့ ကလေးက ဉာဏ်အမျှော်အမြင်ရှိတဲ့ အမေနဲ့တွေ့ရတာ ကံကောင်းလှပါတယ်။

    • lady finger

      July 9, 2015 at 3:50 pm

      comment အတွက်ကျေးဇူးပါရှင်။

  • မြန်မာမူကြိုတွေက ကလေးတွေဆို ငယ်ငယ်ကတည်းက အပိုးကျိုးအောင် လုပ်ရမယ်ချည်း ထင်နေကြတာ… အနော်ငယ်ငယ်က မူကြိုတက်ဖူးတယ်.. ဆရာမကို အရမ်းကြောက်ရတာ.. ထမင်းခွံ့ကျွေးရင်လည်း အလုတ်အကြီးကြီးတွေ… ရှူးပေါက် အိမ်သာတက် ဆရာမကို မပြောရဲဘူး.. နေ့ခင်းဘက် တစ်ရေးအိပ်ရတယ်.. အိပ်နေချိန် ရှူးပေါက်ချမိရင် အရိုက်ခံရတယ်… မူကြိုကတည်းက သူငယ်တန်းစာသင်ရတယ်.. အိမ်စာတွေပေးမယ်.. မလုပ်လာရင် အရိုက်ခံရတယ်… ဒါတောင် ခုခေတ်လို အပြိုင်အဆိုင်မများသေးဘူး.. ခုခေတ်ကလေးတွေ သနားဖို့ကောင်းတယ်…

    ဒါနဲ့ အဲ့မူကြိုမှာ လူကြီးသားသမီးတွေများ ရှိသလားဟင်င်… :mrgreen:
    နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်မှာပါပဲ..

    • lady finger

      July 9, 2015 at 3:46 pm

      အတော်ပဲ…လုံမလေးမွန်မွန်ရေ…အဲဒီ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေ အကြောင်းပြောချင်နေတာ။
      မူကြိုတွေမှာ အဲဒီ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို တခြားကလေးတွေထက်ပိုပြီးဂရုစိုက်ကြတယ်။ သူတို့တွေက ပိုပြီး ပြသနာရှာတတ်လွန်းလို့လေ။
      ဒီနေ့ပဲ သတင်းတစ်ခုကြားတာ သားတို့မူကြိုတော့ မဟုတ်ဘူး။ ဒီထက်ပို အဆင့်မြင့် တဲ့ မူကြိုပေါ့။
      ၂နှစ်ခွဲ ကလေးတစ်ယောက်က အဲဒီအ ကောင်ကြီးကြီးအမြီးမြီးရှည်ရှည်ရဲ့ ကလေးကို ကိုက်မိလိုက်ပါတယ်တဲ့။ အဲဒီမှာပဲ ဆက်ဆက်ထိမခံတို့ကြောင့် ကလေးကို black list ထဲထည့်ပြီး ကကျောင်းထုတ်လိုက်ပါတယ်တဲ့လေ။ ကြားပြီး စိတ်တွေမကောင်းလို့။:(

Leave a Reply