သစ်ခွ လိပ်ပြာ – ၁

ムラカミJuly 9, 20153min4088

ဟို တနေ့က သစ်ခွပန်းပင် တပင် လက်ဆောင်ရပါတယ်။

သူပြတဲ့ ပုံအရ ကတ္တလီယာ ဖြစ်မယ် ထင်ခဲ့ပေမယ့်

တကယ်တမ်း အိမ်ရောက်လာတဲ့အခါ ကတ္တလီယာ မဟုတ်ခဲ့ပါ။

လိပ်ပြာ လို့ အလွယ်ခေါ်တဲ့ တရုတ်ပြည်မ ဘက်က လာတဲ့ သစ်ခွ တမျိုးလို့တော့ ပြောရောင်းကြတယ် ဆိုပါတယ်။

 

လိုက်ရှာကြည့်တော့ သည်သစ်ခွ ၂မျိုး သွားတွေ့သဗျ…

http://www.orchidspecies.com/phalamablis.htm

http://www.orchidspecies.com/phalaphrodite.htm

 

ပွင့်ချပ်တွေက တော့ ၂မျိုးစလုံးထက် ပိုပြီး ကြီးမား ထွားကျိုင်းတာကို တွေ့ရသဗျ။

ဖြစ်နိုင်ချေရှိတာကတော့ .. ကျနော်ရှာတွေ့ခဲ့တဲ့ sites တွေက ညွှန်းတာသည် မျိုးရင်းတွေဖြစ်ပြီး

အိမ်ရောက်လာတာက နောက်ပိုင်း hybrid မျိုးတွေစပ် ဆေးတွေ ကျွေးပြီး ပြုပြင်ပြောင်းလဲ ယူထားတဲ့ ပန်းတွေဖြစ်ဖို့များတာပါပဲ။

လခြမ်းပုံ (ပဲကြီးစေ့ပုံ) ဘယ် နဲ့ ညာ ပွင့်ချပ် ၂ခု ရဲ့ နောက်မှာ တြိဂံပုံ ဖိုခနောက်ဆိုင် ပွင့်ချပ် သုံးခု စုပေါင်းပါဝင်ပြီး

အလည်ခေါင်မှာတော့ ဝတ်ဆံ အိမ်နဲ့တကွ ဆင်နားရွက်လို ပွင့်ချပ်ငယ် ၂ခု နဲ့ သူ့အောက်မှာ ခက်ရင်းခွပုံ နှုတ်ခမ်းမွေး ၂ချောင်းတို့ ပါဝင်ပါတယ်။

 

10
1

မူလဘူတ ပန်းမျိုးစိတ် ၂မျိုး နဲ့ မတူဘူး ဆိုတာက အဓိက အရွယ်အစားပိုင်းမှာဗျ.

သူတို့ က ပန်းပွင့်အရွယ်အစား ၃-၄ လက်မ လောက်သာ ရှိတယ် ဆိုထားချိန်မှာ သည်ပန်းခိုင်ထဲက အကြီးဆုံးအပွင့် က အလျားလိုက် တိုင်းကြည့်တာ ၆လက်မ နီးနီးရှိနေတယ်။

ဆိုတော့ … မဆီမဆိုင် မာလကာသီး နဲ့ ကီလို မာလကာသီး ကို သွားသတိရလို့ ပြုံးမိသေးတယ်…

မာလကာသီး ရဲ့ အဘိဓာန် သွားလှန်ရင် … သည်အရွယ် မရှိဘူးပဲ ပြမှာမဟုတ်လား

အဲ့ဒါနဲ့ ချစ်လှစွာသော ဝိကိပိဒိယ ကိုဖွင့်ကြည့်မိတော့ … ဘာမျိုးရင်းဝင်ထဲမယ် ဘာမျိုး စိတ်တွေ ရှိတယ် ဆိုတာလောက်

လက်တဝါးစာ ရေးထားတာပဲ တွေ့ရတယ်..။ ဒေတာ စုံစုံလင်လင် မရှိ။

အကြောင်းသိချင်လို့ အပေါ်က website ထဲမှာပဲ အကြမ်းဖျဉ်း ဖတ်လိုက်ရပါတော့တယ်။

 

9
2

ယေဘုယျ အားဖြင့်တော့ သည်ပန်း မျိုးရင်းတွေဟာ တရုတ်ပြည် တောင်ပိုင်း နဲ့ အရှေ့တောင်အာရှ ရဲ့ အရှေ့ဘက်ယွန်းယွန်း ဒေသရယ်

ဩစတျေးလျတိုက် မြောက်ပိုင်း ရယ်မှာ ဇာတိချက်ကြွေ လို့ ဆိုနိုင်ပါရဲ့။ အရှေ့ပိုင်း အီကွေတာ ဒေသ ဇာတိတွေ ဆိုပါတော့။

သည်တော့လည်း အမြင့်ပေ ၁၀၀ဝ အောက် နဲ့အပူပိုင်း မုတ်သုန်တောတွေရဲ့ ပင်စည်တွေမှာ တွယ်ကပ် ပေါက်တတ်သေးသမို့

စိုစွပ် အရိပ်ရတာတွေ ကို နှစ်သက်တဲ့ သဘောလည်း ရှိသေးသဗျ။

 

 

8
3

ပွင့်ချပ်တွေ လှသလောက် အကြမ်းခံတာကတော့ သူ့ရဲ့ ဂုဏ်တပါး လို့ ဆိုရမယ်။

သာမန်ပန်းတွေထပ်စာရင် ပွင့်ချပ်တွေက ပိုပြီး ထူထဲမာကျော သယောင် (အတုနဲ့တောင် တူသေး) ရှိတယ်။

ခုစာကိုရေးပြီးတဲ့အချိန်အထိ အပင်ပေါ်မှာ တပါတ်ကျော်ကျော်လောက် နဂိုအတိုင်းပဲ လန်းလန်းဆန်းဆန်း။

အခုပုံတွေ ရိုက်တုန်းက ပါတဲ့ ထိပ်ဆုံးက အဖူးကလေးကတော့ အခုချိန်မှာ ပွင့်သွားပါပြီ။

7
4

သည်ရက်ပိုင်းက ဘုရားပန်းတွေ (ခူးပြီးသားပန်းတွေ) ရိုက်တာဆိုတော့ .. ကိုယ့်စိတ်ကြိုက် နေရာချ အလင်းအမှောင်ပေး .. မျိုးစုံ နှောင်ကြိုး ကင်းကင်း နဲ့ လုပ်လို့ရခဲ့တယ်။

ခုသည် သစ်ခွတွေကျမှ ပင်စည် ရိုးတံ အမြစ်တို့ က တိုးလို့ တွဲလောင်း ဆိုတော့ လွတ်လွတ်လပ်လပ်က သိပ်မရှိ။

ရိုးတံကနေ ဖြတ်ပြီး ရိုက်ဖို့ ကျတော့ ခုဖြတ် ခု ဖြစ်ပေမယ့် စိတ်ထဲမှာ သည်ပန်းက ပွင့်ပြီး အပင်ပေါ် ဘယ်လောက် ခံတယ်ဆိုတာကို သိချင်နေသေးပြန်တာကြောင့် မလုပ်ဖြစ်ပြန်။

အဲ့ဒါနဲ့ပဲ ၄ရက်မြောက်လောက်နေ့မှာ တပွင့် ခြွေပြီး တပွင့်ချင်းစီ ပုံရိုက်ဖြစ်ပါတယ်။ (မတင်ဖြစ်သေးပါ)

6
5

တပါတ်ကျော်ကြာတဲ့အထိ အနှီ အပွင့်လည်း တပါတ်ကျော် ကြာတဲ့ ယခုချိန်ထိ ညှိုးသွား ခြောက်သွားတာမျိုး မဖြစ်ဘဲ စားပွဲပေါ်မှာ အကောင်းအတိုင်း။

အပင်ပေါ်က အပွင့်တွေထက် စာရင်တော့ ပွင့်ချပ်တွေ နည်းနည်း ပျော့သွားပြီး အကြောတွေ ပေါ်စပြုနေပေမယ့် ရှုံ့တွတော့ မနေသေး။

အချုပ်ပြောရရင်တော့ သည်လိပ်ပြာသစ်ခွပန်းက ပုံသဏ္ဍာန်၊ အရွယ်၊ အရောင် နဲ့ အထားခံနိုင်မှုတို့ က အတော်လေး အားသာချက် ရှိတဲ့ ပန်းအမျိုးအစားလို့ ဆိုနိုင်ပါတယ်။

အားနည်းချက်ကတော့ သစ်ခွပန်းတို့ရဲ့ ထုံးစံအတိုင်း ရနံ့ မရှိခြင်းပါပဲ။

5
6

ဓာတ်ပုံနဲ့ ပါတ်သတ်တာ ပြောရရင်တော့

သည်တခါ တင်တဲ့ ပုံတွေအကုန်လုံးလည်း ပန်းပွင့် အသေးတွေ (တပွင့်ချင်းတွေ ရိုက်သလိုပဲ) တတ်နိုင်သမျှ

Aperture အကျယ် နဲ့ ဖွင့်ရိုက်ခဲ့တာချည်းပါပဲ။

နောက်ပိုင်းနေ့တွေ ရိုက်ဖြစ်တဲ့ ပုံတွေမှာတော့ Aperture ကျယ်ကျယ် နဲ့ Lighting များများသုံးပြီး ရိုက်ဖြစ်ပါတယ်။ သည်ထဲတော့ မပါသေးပါ။

Aperture ကျယ်ကျယ်ရိုက်လို့ နောက်ခံ blur ဖြစ်တယ် Subject ကို BG ကနေ ခွဲထုတ် ဆွဲထုတ်သလို ဖြစ်တယ် ဆိုပေမယ့်

ပြန်ပေးဆပ်ရတဲ့အပိုင်းကတော့ ပန်းခက်တခက်လုံး (Focal Plain တခုတည်းပေါ်ကျမနေတဲ့အခါ) ပြတ်သားဖို့ ခက်လို့ပါပဲ။

သည်တော့ ဘာကို focus ထားပြီး ဘာကို blur စေမလဲ ဆိုတာက စိန်ခေါ်မှု တရပ်ဖြစ်လာပါတယ်။

ကင်မရာနဲ့ အနီးဆုံး (ဝါ) ထိပ်ဆုံး အပွင့်ကို Focus ဖြတ်ပြီး ကျန်အပွင့်တွေ ဝါးစေမှာပေါ့ လို့ အကြမ်းဖျဉ်းပြောလို့ရပေမယ့်

အခါတိုင်းမှာ မှန်တဲ့ ဆေးနည်း တော့ မဟုတ်ပြန်ပါဘူး။

သည်တော့ မလွတ်စေရအောင် Tips အနေနဲ့က fame တခုတည်းမှာပဲ focus ကို

ဟိုအပွင့် သည်အပွင့် စသည် …၃-၄မျိုး ဖြတ်ပြီး ရိုက်ကြည့်။ ပြီးတော့မှ ပြန်ရွေး အကောင်းဆုံးကို ပြင် တဲ့နည်းပါပဲ။

4
7

အလင်းနည်းတဲ့အခြေအနေမှာ hand shake blur မဖြစ်အောင် လုပ်ရင်းနဲ့ ကြုံတွေ့လာရတဲ့

နောက်ထပ် စိန်ခေါ်မှု တရပ်ကတော့ ISO ဖြစ်ပါတယ်။ အခြေအနေကိုလိုက်လို့ ISO ကို တင်ရိုက်ရတဲ့အခါမျိုးမှာ Grain (or) Digital Noise တွေထပါတယ်။

ဒါကို Post Production မှာ ပြန်သန့်စင်တဲ့လုပ်ရပ်ကို Noise သတ်တယ် လို့ အလွယ်ပြောပါတယ်။ Noise သတ်ရင် အနည်းနဲ့အများတော့ ပုံရဲ့ ပြတ်သားမှု Sharpness

ကျဆင်းတာချည်းပါပဲ။ သည်တော့ တခါတရံလည်း Noise ကို သေအောင်မသတ်နိုapင်ဘဲ မသေမရှင် နဲ့ လက်လွှတ်ရတာမျိုးတွေ ရှိရဲ့။

စရိုက်ကတည်းက Noise ဟာ ကိုယ် သတ်နိုင်လောက်မယ့် ပမာဏ အထိလောက်ပဲ ပါအောင် လောက်သာ ISO ကို တင်ရိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

Noise သတ်တဲ့ ကိစ္စကိုတော့ သပ်သပ် တင်ပါဦးမယ်။

 

2
8

သည်တော့…

ဆြာတယောက်နဲ့ လေပေးဖြောင့်ဖူးတာ ပြန်ရေးရရင် (အမြဲလည်း ကိုယ့်ဟာကိုယ် သတိပေးနေဖြစ်တဲ့ )

know your gear

know the (natural) light

know your (additional) light

know your skill

know your app

‘n

know yourself

ပါပဲ။

1
9

သည်ပုံတွေ ရိုက်အပြီး နောက်ပိုင်းရက်တွေမှာတော့ ကျနော် Aperture ကို ပြန်ကျစ်ပြီး ခပ်ကျဉ်းကျဥ်းကို မီး ပြင်းပြင်းပေးလို့ ရိုက်ဖြစ်ပါတယ်။

အဲသည်မှာ ဖြည့်စွက်အလင်း ကိစ္စက စကားပြောလာပါတယ်။

အပွင့်တွေက ကြီး တပွင့်နဲ့ တပွင့်ကနီး ပြီးတော့ ရှေ့နောက် overlap ဖြစ်နေတဲ့အပိုင်းတွေက ရှိနေလေတော့

ရှေ့တည့်တည့်ကသာ မီးထိုးမယ် ဆိုရင် တပွင့်ရဲ့ အရိပ်ဟာ တပွင့် ပေါ် ပြန်ကျပြီး နောက်ဘက်က အပွင့်တွေက တခြမ်းပဲ့နေသယောင် ဖြစ်တတ်လို့ပါ။

ရိုက်ရင်း ရိုက်ရင်းနဲ့ တခါတရံမှာ ရိုက်ကို မရိုက်တတ်တော့သလို ဖြစ်ဖြစ်သွားတာလည်း ခနခနပေါ့…။

ဒါပေမယ့် နာမည်ကျော် အဆိုအမိန့် တခုရှိတယ် မဟုတ်လား… တနေရာရာမှာ အခက်အခဲ(ပြသနာ) တခုခု ရှိတယ် ဆိုရင်

အဲ့သည်နေရာမှာပဲ … အခွင့်အလမ်း (တိုးတက်စေရာ) တစုံတရာပါ ရှိနေစမြဲ ဆိုတာပါပဲ။

အဲ့ဒါနဲ့ပဲ ပြန်ပြီး အားတင်း ဆိုပါတော့…။

တော်သေးပြီ။

 

8 comments

  • ဇီဇီခင်ဇော်

    July 9, 2015 at 3:18 pm

    လုံးဝ အားပေးသွားတယ်။

    .
    Bravo…!!!

    ပန်း ဓာတ်ပုံလှလှကြည့်ရတယ်။
    ပန်း အကြောင်း စုံအောင် ပြောပြသွားတယ်။
    ဓာတ်ပုံ အကြောင်းလည်း ပြောသွားတယ်။

  • Ma Ma

    July 9, 2015 at 7:42 pm

    ကတ္တလီယာ ထက် လိပ်ပြာ က ပြုစုရခက်တယ်။
    ရှင်ခဲပွင့်ခဲလို့ မစိုက်နိုင်ပဲ ငေးကြည့်နေရတဲ့ပန်းပေ့ါ။
    ပန်းခိုင်ထဲက အကြီးဆုံးအပွင့် က အလျားလိုက် တိုင်းကြည့်တာ ၆လက်မ နီးနီးရှိတယ်ဆိုတော့ တော်တော်ကြီးတာပဲ။
    အပြင်မှာမြင်ဖူးတဲ့ သစ်ခွလိပ်ပြာက ၂ လက်မ၊ ၃လက်မလောက်ပဲရှိတယ်။
    အနံ့မရှိတာကလွဲလို့ အမြင်ဆန်းတာရော၊ ကြာရှည်ခံတာရော သဘောကျစရာတွေချည်းပဲ။ 🙂

  • Ma Ei

    July 10, 2015 at 11:01 am

    တရုတ် လိပ်ပြာ ဆို 15 000 ကနေ 30 000 လောက်ဈေးရှိတယ်
    ၊ ယိုးဒယား လိပ်ပြာ ကတော့ 20 000 ကေ ျာ် ကနေ လှရင်လှသလောက် ဈေးကြီးတယ်
    အပွင့် ဆက်ပွင့်တတ်တယ် အတော်ဂရုစိုက်ရတယ် ဆိုတာကြောင့် လိုချင်ပေမယ့်
    မဝယ်ဖြစ်သေးတဲ့ သစ်ခွပါ…
    ခုလို လှလှပပ ဓာတ်ပုံတွေ မြင်ရတော့ …
    လိုချင်စိတ်ကို ဘယ်လိုတားရပါ့မလဲနော်…

  • Mike

    July 10, 2015 at 11:54 am

    .တော်တော်လှတဲ့သစ်ခွပဲ..အူးအောင်တောင်းဆီ တစ်ခက်လောက်ပို့ပေးပါ…ခိခိ

  • မြစပဲရိုး

    July 10, 2015 at 12:37 pm

    ဘာလို့ မှန်း မသိဘူး။ ပန်းထဲမှာ သစ်ခွ တွေ ကို သိပ်မကြိုက်လှ ဘူး ထင်တာဘဲ။
    အမေ က အိမ်မှာ သဇင် ပန်း ကိုအရမ်းခရေဇီး ဖြစ်ခဲ့တာ။
    ကိုယ်ကတော့ သဇင်ပန်းလဲ မကြိုက်။
    သစ်ခွ အကြောင်း ကို မယ်ပု လေး သင်တန်းတက်ဖူး လို့ အသေအချာ ရေးခဲ့တာ လေးလဲ မှတ်မိသလိုဘဲ။
    . စောက ပြောသလို ပြက္ခဒိန် ထဲ က ပန်းတွေ လို ထက်တောင် လှ ပါတယ်။

  • အောင် မိုးသူ

    July 11, 2015 at 11:37 am

    လိပ်ပြာသစ်ခွတွေကတော့ အနံ့မရှိတတ်ကြဘူး။ အကြမ်းလည်းခံတယ်လေ တစ်ပင်ကို ၅ထောင် ၆ထောင်လောက် ရှိတယ်။ အပင်သန်အောင် အပွင့်သန်အောင်စိုက်ဖို့တော့ သစ်ခွသဘာဝအတိုင်း ဂရုစိုက်မှကိုရမယ်။ အချို့ သစ်ခွတွေကတော့ မွှေးပါတယ်။ ခုတေလော စိတ်ဝင်စားမိတဲ့ သစ်ခွတွေထဲမှာ လိပ်ပြာသစ်ခွရယ် ဘေဘီကတ်တလီယာရယ်နဲ့ ဒေသမျိုးရင်းတွေကို စိတ်ဝင်စားနေတယ်။

  • Alinsett @ Maung Thura

    July 13, 2015 at 10:12 am

    ဆက်ဆက်ယို။။။အဲလေ…. စက်စက်ယို…

    လှချက် ပြောပါတယ်..

  • Shar Thet Man

    November 23, 2018 at 1:33 pm

    ဒီပို့စ်လည်း သစ်ခွတဲ့ ပုံတွေက ဘုရားပွဲပုံတွေ

Leave a Reply