“ဖြစ်စေကောင်း၏…..မကောင်း၏” တောင်တွေးမြောက်တွေးအပိုင်းအစလေးများ ( ၇)

“ဖြစ်စေကောင်း၏…..မကောင်း၏”

တောင်တွေးမြောက်တွေးအပိုင်းအစလေးများ ( ၇)

ဒီနေ့ရာသီဥတုက မိုးအုံ့ဆိုင်းဆိုင်း။
ဒီတော့လူကလဲထိုင်းထိုင်းမိူင်းမိူင်း။
ခါတိုင်း ညနေ ငါးနာရီကျော်မှာလမ်းလျောက်ထွက်ဖြစ်ပါတယ်။
ဒီနေ့တော့ခါတိုင်းထက် နည်းနည်းစောထွက်ဖြစ်သွားပါတယ်။
ထိုင်နေကျ လက်ဖက်ရည်ဆိုင်နားဖြတ်သွားတော့ သူငယ်ချင်းတစ်ယောက်က
ကျနော်ကိုလှမ်းခေါ်တာနဲ့လက်ဖက်ရည်ဆိုင်ထဲဝင်လိုက်ပါတယ်။
ဆိုင်ထဲမှာခါတိုင်းထက်တော့ လူပိုစည်နေပါတယ်။
လူတွေ ဟင်ကနဲ ဟာကနဲ့ အော်သံထွက်လာလို့ တီဗွီက
ဘာလာနေလဲလို့လှမ်းကြည့်လိုက်တော့ ဘောလုံးပွဲဖြစ်နေပါတယ်။
ကျနော်ရောက်တော့ ပွဲချိန် မိနစ် (၇၀)ကျော်နေပါပြီ။
ရတနာပုံနဲ့ရန်ကုန် ။
ရန်ကုန်က သုံးဂိုး ရတနာပုံက နှစ်ဂိုး။
ကစားနေကြတာကတော့ အကြိတ်အနယ်။
နှစ်သင်းစလုံးအတင်းဝင်အတင်းထွက်။
နည်းနည်းလေးတော့ ကြမ်းပါတယ်။
အဲတော့ ထိမိ ခိုက်မိတာတော့လဲရှိသပေါ့။
အဲလိုကစားနေရင်း ရတနာပုံဘက်ကဘောလုံးဆွဲအလာ
ရန်ကုန် ဂိုးဧရိယာထဲမှာ ရန်ကုန်ဘက်က နှစ်ယောက်ညှပ်ပြီးကာကွယ်တော့
ရတနာပုံဘက်ကကစားသမားလဲသွားပါတယ်။
သူက တော်တော်နဲ့မထ။
ပင်နယ်တီ မျှော်ပုံရပါတယ်။
အဲဒီမှာစညိကြပါတယ်။
ဂိုးသမားနဲ့လဲ ကစားသမားတွေညိကြပါတယ်။
အတော်လေးကိုအခြေအတင်ဖြစ်သွားပါတယ်။
ပရိတ်သတ်ထဲကလဲ ဘာတွေနဲ့မှန်းမသိလှမ်းပေါက်ပါတယ်။
ရုတ်ရုတ်သဲသဲ နဲ့ အ တော်ကို သရုပ်ပျက်ပါတယ်။
ဒိုင်လုပ်သူကလဲ ပွဲ ကိုကောင်းစွာထိန်းသိမ်းနိုင်ပုံမရပါဘူး။
နောက်တစ်ခါ ရန်ကုန်ကလူ ဘောလုံးသယ်လာတာကိုရတနာပုံကလူ
ကဝင်ဖျက်တော့ ရန်ကုန်ကလူ လဲသွားပါတယ်။
အဲဒီလဲသွားတဲ့သူက လဲနေလျက်ကနေ နောက်ပြန်ခြေထောက်နဲ့လှမ်းကန်တော့
ရတနာပုံက တစ်ယောက်က ထပ်လဲပါရော။
အဲမှာ ဒိုင်လူကြီးက ဘာမှအရေးမယူတော့ ပွဲကဆူ။
ကစားသမားအချင်းချင်းကလဲ ဆွဲကြလွဲကြ။
တွန်းကြထိုးကြ။
ပရိတ်သတ်ကလဲ ကွင်းထဲကို ရေသန့်ဘူးတွေနဲ့ပစ်ပေါက်ကြ။
အသင်းအုပ်ချုပ်သူအချင်းချင်းလဲ စကားတွေများကြနဲ့။
ပွဲကိုရပ်လိုက်ရပါတယ်။
ပြန်ဆက်ကစားကြတော့လဲ တွန်းလိုက်ထိုးလိုက်။
နိုင်တဲ့လူက အချိန်ဆွဲသလို လုပ်လိုက်ဆိုတော့
အတော်လေးကိုအရုပ်ဆိုးအကျည်းတန်တဲ့ မြင်ကွင်းပါဘဲ။
ဒါတွေကိုမြင်တော့ အားကစား ဆို တဲ့ အနှစ်သာရ ကပျောက်ဆုံးသွားသလိုပါဘဲ။

မြန်မာ့ဘော့လုံးလောက က ကြေးစားဘဝကိုပြောင်းလဲလို့လာတာမကြာသေးပါဘူး။
အရင်က ဘောလုံးသမားတွေ ရသင့်ပေမယ့် မရခဲ့တဲ့အခွင့်အရေးတွေကို
အခုလက်ရှိဘော့လုံးသမားတွေရခဲ့ကြပါတယ်။
ငွေကြေးပိုင်းဆိုင်ရာမှာလဲ အရင်ကထက်စာရင် ကောင်းကောင်းရတယ်
အပင်ပန်းခံရကျိုးနပ်တယ်လို့ ဆိုနိုင်ပါတယ်။
အရင်ထက်စာရင် ပိုကောင်းလာတယ် တိုးတက်တယ်လို့ပြောနို်င်တာကတော့
မြန်မာဘော့လုံးလောကမှာ ကမ္ဘာနဲ့ယှဉ်တဲ့ ပွဲကို ဝင်ရောက်ခွင့်ပထမဆုံးအကြိမ်
ရခဲ့ပါတယ်။
ဒါပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။
ဒါလဲ ပြဿနာမဟုတ်ပါဘူး။
တကယ့်ပြဿနာကတော့ ဘောလုံးသမားလေးတွေက
အနောက်နိုင်ငံက အားကစားသမားတွေရဲ့ပုံစံကို ပုံတူကူးလွန်း
အားကြီးတာပါဘဲ။
ဆံပင်ပုံစံ ကိုထူးခြားအောင်လုပ်ထားတာတွေ
ဂိုးသွင်းတဲ့အခါအောင်ပွဲခံပုံတွေကတော့ တစ်ကယ့် ထပ်တူထပ်မျှပါဘဲ။
ဒါပေမယ့် ကစားပုံကစားနည်းမှာတော့ အတုယူပြီး ကစားတာ မတွေ့သလောက်။
အပေါ်ယံကို ဘဲ အတုယူ ကြသလိုပါဘဲ။
ထစ်ကနဲ့ရှိရန်ဖြစ်ကြတာကတော့ အရုပ်ဆိုးလွန်းတယ်ထင်မိပါတယ်။
ပရိသတ်ကလဲ ဘာမှ ပြန်မလုပ်နိုင်တဲ့ကွင်းထဲက အားကစားသမားကို
ဟိုဟာနဲ့ပေါက် ဒီဟာနဲ့ထုကတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါဘဲ။
ဒီပုံစံနဲ့ကတော့”မြန်မာ့အားကစား ကမ္ဘာကိုလွှမ်း ရမည်”ဆိုတဲ့
ဆောင်ပုဒ် ကို “မြန်မာ့အားကစား ကမ္ဘာနဲ့ အလှမ်းဝေး နေပြီ”
လို့ပြင်ရတော့မယ်ထင်ပါတယ်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
5-7-2015

4 comments

  • တောင်ပေါ်သား

    July 6, 2015 at 12:15 pm

    ကိုပေါက်ရေ
    လွန်ခဲ့တဲ့ ၂၀၀၉ တုန်းက ဗထူးကွင်းကို တစ်ခါရောက်တယ် ၊ ဆောက်သမ်းမြန်မာ နဲ့ ရတနာပုံပွဲ ၊
    ကျနော်တို့ ဘောလုံးသတင်းသမားတွေကို ဆောက်သမ်းရဲ့ အစီအစဉ်နဲ့ ခေါ်လာတာ ၊
    အဲဒီပွဲမတိုင်ခင် ရတနာပုံက ဗထူးမှာပဲ ရန်ကုန်နဲ့ကန်ပြီး ပြဿနာ အကြီးအကျယ်တက်ထားတာ ၊
    ဆောက်သမ်းက ရတနာပုံကို မနိူင်နိူင်တာ အကုန်သိတယ် ၊
    ရှင်းရှင်းပြောရရင် ကြက်ကန်းတိုးနိူင်သွားမှာတောင် ကြောက်နေရတာ ၊
    ကွင်းထဲမှာ ရဲတွေကလည်း မနဲဘူး ၊
    ဖြစ်ချင်တော့ ဂိုး စရတာက ဆောက်သမ်း ၊
    ဆဲလိုက်ကြတာမှ မိုးမွှန်နေတာပါပဲ ၊ ဒိုင်ကို ဆဲနေတာ ၊
    နောက်တော့ ရတနာပုံဘက်က အောင်ကျော်မိုးက ချေပဂိုးသွင်း ၊
    ပွဲအပြီးမှာ ရတနာပုံက ၅ း ၁နဲ့နိူင်တယ် ၊
    ကျနော်တို့ သတင်းသမားတွေကား နဲ့ ဘောလုံးသမားတွေကားကို ရဲကားတွေရံပြီး တည်းတဲ့ဟိုတယ်ပြန်ပို့ပေးတယ် ၊ ခဲတွေ ဘာတွေနဲ့ ပစ်မှာစိုးလို့ပေါ့ ၊
    ရန်ကုန် ၊ ရတနာပုံ ၊ ဇေယျာရွှေမြေ အသင်းတွေ တွေ့ရင် အဲသလိုပဲ ၊
    ကိုပေါက်ပြောသလိုပါပဲ ၊ အလှမ်းဝေးပါသေးတယ် ၊
    သူများနိူင်ငံတစ်ချို့မှာလည်း အဲသလိုမျိုးတွေ ရှိလေရဲ့
    ဒါပေမယ့် အင်္ဂလန် ပရီးမီးယားလိဂ်မှာတော့ အတော်နဲပါတယ် ၊

  • လိုအပ်တာထက် ပိုပြီး ကို ဆိုးတဲ့ အဆင့်ကိုရောက်သွားတယ်လို့ ထင်ပါတယ်.။
    ပရိသတ်အားပေးပုံက နည်းနည်း ပရမ်း ပတာဆန်လွန်းတယ်။

    ထွန်းထွန်းမင်း ဆိုင်းရပ်က်ို နိုင်လိုက်တဲ့ ဒုတိယပွဲမှာလဲ
    ပရိတ်သတ်ထဲက တစ်ယောက်တက်လာပြီး ထွန်းထွန်းမင်းကို ခွစီးတာ။.
    အဲလောက်တော့ မဆိုးသင့် ဘူးလေ။

  • aye.kk

    July 6, 2015 at 9:25 pm

    ကိုပေါက်ရေ
    အခုpost ရေးထားတာလေးဖတ်ပြီးမှ ဟုတ်ပါလားဆိုပြီးခံစားမိပါတယ်။
    ကိုပေါက်ကအမြင်စူးရှတယ်။

  • အမအေးရေ
    ပြည်တွင်းပွဲတိုင်းမှာ ရန်ဖြစ်ကြတာက သမားရိုးကျ ကိစ္စလိုဖြစ်နေပြီ

    ကစားသမားချင်းတောင်မဟုတ် ရန်ဖြစ်တာ နည်းပြ ချင်း ပါ ပါလာတယ်

    မြန်မာပြည်နိုင်ငံရေးအခြေအနေကလည်း အဲလိုများဖြစ်မှာ စိုးရိမ်တယ်အမ

Leave a Reply