( Happy Birthday သမီးလေး )

ဪ ဒီကနေ့ ဇူလိုင် ရ ရက်မှာ သမီး သုန္ဒရီစံ အသက်၂ဝ ပြည့်ခဲ့ပြီပဲ ၊

ဟိုးးးးး  အနှစ် ၂ဝ ကို ပြန်လှည့်ကြည့်လိုက်တော့လည်းမနေ့တစ်နေ့ကလိုပါပဲလား ၊

အဲဒီအချိန်တုန်းက အဖေဟာ ရန်ကုန်မြို့လယ်က ထရိတ်ဒါးစ်ဟိုတယ်ဆောက်လုပ်ရေးမှာ

သာမန်အဆိုင်းခေါင်းဆောင်အလုပ်သမားလေးပေါ့ ၊

၁၉၈၉ ကနေ ၁၉၉၁ အထိ NLD ရုံးချုပ် အဖွဲ့ဝင်လက်ခံဌာနတာဝန်ခံ လုပ်ခဲ့တဲ့ အဖေဟာ

အဲဒီနောက်ပိုင်းမှာ ဝမ်းရေးအတွက်ရုန်းရချိန်မှာ လခစားထက် ဒီကနေ့လုပ် ဒီညနေပိုက်ဆံထုတ်ရတဲ့အလုပ်ကို ရွေးခဲ့ရပါတယ် ၊

လခစားဆို ကြားထဲမှာ ဘာနဲ့ သွားစားမလဲသမီးရေ ၊

သမီးအဖွားက ၁၉၉ဝမှာ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ် ၊ ၁၉၉၁ မှာ အင်းစိန်ဘဝတက္ကသိုလ် ရောက်ရလေတော့

အဖေဟာ ထောင်ဝင်စာ ဆိုတာကြီးအတွက် ဘိလပ်မြေသယ် မဆလာထမ်း မမောတမ်းလုပ်ရင်း

ကိုယ်စားဖို့ကော နှစ်ပတ်တစ်ခါ ထောင်ဝင်စာ အတွက်ပါ ရုန်းခဲ့ရတာပါ ၊

အဖွားဟာသမီးအမေ နဲ့ အဖေ့ကို အချုပ်ခန်းသံတိုင်တွေကြားကနေ လက်ထပ်ပေးခဲ့တာလေ ၊

ဒီလိုနဲ့ အဖွားဟာ ၁၉၉၂ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အိမ်ပြန်ရောက်လာတယ် ၊ ဒါပေမယ့် အဖွားမှာ အလုပ်မရှိဘူး ၊

စာရေးခြင်းနဲ့ အသက်မွေးတဲ့သူကို စီစစ်ရေးက စာမရေးရ ဆိုတော့ မခက်ဘူးလား သမီးရေ ၊

အဖေဟာ ယောင်္ကျားသားတစ်ယောက်မို့ အမေ အေးဆေးနေဆိုပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကြားမှာ

အသားကျအောင် နေတတ်လာခဲ့တယ် ၊

မြန်မာ့အသံစိုက်ပျိုးရေးမှတ်တိုင်က ဆမ်းမားပဲလေ့စ်ဟိုတယ်မှာ အဖေ့လက်ရာတွေ ပါသပေါ့ကွယ် ၊

မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ၁၀ဝ ၊ ညနေ ၆ နာရီကနေ ည ၁၂ နာရီအထိ နောက် ၁၀ဝ ၊

အဲသလို အဖေ ရှာခဲ့တာပါ ၊

၁၉၉၅ မှာတော့ အဖေဟာ ထရိတ်ဒါးစ် ဆောက်လုပ်ရေးကို ရောက်နေပါပြီ ၊

အင်ဂျင်နီယာ မစ္စတာ ရက်ပ်က အဖေ့ကို သဘောကျလို့ အဖေဟာ တစ်ဂျူတီ ၁၈ဝစား အဆိုင်းခေါင်းဆောင်ဖြစ်သွားခဲ့တယ် ၊

ည ၁၂ နာရီကျော်မှ နှစ်ဂျူတီစာ ၃၆ဝ ကိုကိုင်ပြီး ဆူးလေ ကနေ လှည်းတန်းကို ကြားကားစီးပြန် ၊ ည ၁ နာရီခွဲလောက်မှ အိမ်ရောက် ၊

မနက် ၆ နာရီကျော်ပြန်ထ ၊

အဲဒီ ဘဝတွေကိုဖြတ်သန်းရင်း သမီးကြီးအတွက် အဖော်ရစေမယ့်

သမီးကို ဟောဒီ ဇူလိုင် ရ ရက် နေ့လည် ၁၁ နာရီမှာ အဖေ ပွေ့ချီခဲ့ရပါတယ် ၊

သမီးကြီးလို အသားမဖြူလှပေမယ့် အသံကတော့ အောင်ပါလေရဲ့ ကွယ် ၊

ဆဲဗင်းဇူလိုင်ဆိုတာ မြန်မာပြည်ရဲ့   မမေ့နိူင်တဲ့ ရက်တစ်ရက်မို့ အဲဒီလိုရက်မှာ မွေးလာတဲ့ သမီးဟာလည်း အဖေ့အတွက် သမီးထူးပါပဲ ၊

သမီးကိုရပြီး သိပ်မကြာခင်မှာပဲ အဖေဟာ ၁၉၉၆ Visit Myanmar Year အမီဖွင့်မယ့်

ဆီဒိုးနားဟိုတယ် ပထမအသုတ် ဝန်ထမ်းတွေထဲမှာ ပါသွားခဲ့ပါတယ် ၊

အင်တာဗျူးမေးသူက ဩစတြေလျသား စားဖိုမှုးကြီးပါ ၊

သူတို့က အတွေ့အကြုံရှိသူ ၆ဝ % နဲ့ မရှိသူ ၄ဝ % ကိုရွေးလို့ အဖေ ပါခဲ့တာပေါ့လေ ၊

သင်တန်းပေးတာက ဆီဒိုးနားအနောက်က မြရိပ်ညို ၂ ဟိုတယ်မှာပါ ၊

ဟိုတယ်စဖွင့်တော့ အဖေဟာ မိန်းကစ်ချင်းမှာ တာဝန်ကျခဲ့ပါတယ် ၊

ဘိလပ်မြေ သံချောင်း သစ်ပုံတွေကြားကနေ သားငါးပုဇွန် သစ်သီးဝလံကြား ရောက်သွားရပြန်တာပေါ့ ၊

ဒုတိယအသုတ်မှာတော့ သမီးအမေ ပါလာခဲ့ပြီး ကိုးလ်ကစ်ချင်းမှာ တာဝန်ကျလို့ ဆင်းဒဝစ်ချ်ပေါင်းစုံနဲ့ နပမ်းလုံးပေါ့လေ ၊

လစာက FEC ၃၅ နဲ့ မြန်မာငွေ ၃၅၀ဝ ရတယ် ၊ ငွေလဲနှုန်းက ၃၅ဝ မို့ တစ်လ ထစ်သောင်းခွဲလောက် ရတာပေါ့သမီးရယ် ၊

အဖွားကလည်း အမေရိကန်သံရုံးကပေးတဲ့ စာအုပ်တွေ ဘာသာပြန်ပေးရလို့ အဖေတို့ အသက်ရှုချောင်စပြုခဲ့ရပါတယ် ၊

သမီးအမကြီးတုန်းက ခက်ခဲလေသမျှ သမီးအလှည့်မှာ နေသာထိုင်သာ ရှိလာသပေါ့ ၊

သမီးဟာ ငယ်ကတည်းက အဖေ့ကို ကပ်တယ် ၊ သမီးအမကြီးက အဖွားကို ကပ်တယ် ၊ ဒါကြောင့် အခုထိ အတူရှိနေကြတာ ထင်ပါတယ် ၊

သမီးကို မူကြိုပို့ရတာကတော့ အဖေ့အတွက် အခက်ဆုံးပါပဲ ၊ အဖေ့အင်္ကျီကိုဆွဲ အသံဗြဲနဲ့အော် ၊

မထားလို့ကလည်းမဖြစ် ၊ သမီးငိုသံကို ကျောခိုင်းရင်း အလုပ်သွားရတဲ့ အဖေ့မှာ အတော်စိတ်မကောင်းဖြစ်ရတာပေါ့ ၊

ဒါပေမယ့် ဘဝဆိုတာ ဒီလိုပါပဲ သမီးရေ ၊ သမီး စာတတ်အောင် သင်ရဦးမှာလေ ၊ အဖေလည်း အလုပ်သွားရဦးမှာပေါ့ ၊

ဟော အခုတော့ အဖေ့သမီးဟာ ကုမ္ပဏီ စီအီးအိုရဲ့  အတွင်းရေးမှုးဖြစ်နေပြီ မဟုတ်လား ၊

အဖေဟာ အရင်က ရုံးကပြန် ဈေးဝင် ၊ ရပ်ကွက်ထဲကဆိုင်မှာ ၃ ၊ ၄ ပက်မော့ရင်း ဘော်ဒါတွေနဲ့ လေကန်တတ်သူပါ ၊

ဒါပေမယ့် သမီးက အဖေ ဆိုင်မှာ မသောက်နဲ့ ၊ အပေါင်းအသင်းနဲ့ဆို လွန်သွားတတ်တယ် ၊

အိမ်ပေါ်မှာသောက် သမီး အမြည်းလုပ်ပေးမယ် ၊

အရက်ကိုလည်း နေ့တိုင်းမသောက်ရဘူး ၊ ဘီယာ ၂ ရက် အရက် ၁ ရက် ၊ အရက်က ၄ ပက်ပဲ ၊ ပိုတာ သမီး သိမ်းထားမယ် တဲ့ ၊

အဲဒီကတည်းကသမီးစကားအတိုင်း အဖေနေတယ် ၊

ဒါကို အဖွားက ဘာပြောလဲ သိလား  ၊  နင် နင့်သားသမီးတွေကို ဘယ်လောက်ချစ်တယ်ဆိုတာ သိသာတယ် တဲ့ ၊

သမီးအမကြီးကတော့ သမီးလို သိုင်းဝိုင်းမပြောတတ် ၊ မချွဲတတ် မနွဲ့တတ် ရိုးရိုးကြီးနေပေမယ့်

အဖေကြိုက်တတ်တဲ့ စားစရာလေးတွေ ဝယ်လာတတ်သလို ယူနီဖောင်းတွေကိုလည်း သူပဲ မီးပူတိုက်ရှာပါတယ် ၊

အဖေကတော့ သမီးတို့အပေါ်မှာ အမေလိုတစ်မျိုး အဖေလိုတစ်သွယ် နေထိုင်စောင့်ရှောက်ရင်း

သမီးတို့အလိုကျ မိထွေးဆိုတာလည်း ရှိမလာစေရပါဘူးကွယ် ၊

တကယ်လို့ ကြုံလာခဲ့ရင်တောင် အဲဒီခံစားချက်တွေကို သားသမီးချစ်စိတ်ကိုတွေးပြီး မျိုချ ၊

မိသားစုအိမ်ကလေး ပြိုမကျဖို့ အဖေ အားထုတ်ရမှာပေါ့ ၊

အဖေဟာ တကယ်တော်တဲ့ အဖေကောင်း မဖြစ်ခဲ့ရင်တောင် အဖေဆိုးတော့ မဖြစ်စေရဘူးလို့

မွေးနေ့လက်ဆောင် ကတိစကား ပါးလိုက်ပါရစေ သမီးရေ ၊

17 comments

  • ဇီဇီခင်ဇော်

    July 7, 2015 at 1:47 pm

    ချစ်ဖို့ ကောင်းတဲ့ သမီးလေး ပျော်စရာ မွေးနေ့ဖြစ်ပါစေ

    :chit:

  • kai

    July 7, 2015 at 3:06 pm

    နောက်အိမ်ထောင်ထပ်မထူတာနဲ့တင်.. ဒီသမီး.. ဒီအဖေ.. သံယောဇဉ်မှန်းနိုင်ပါတယ်…။
    ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်အောင်လုပ်ပါလေ..။ :k:

    • တောင်ပေါ်သား

      July 7, 2015 at 3:18 pm

      ဇီဇီရေ

      ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ၊

      သဂျီးရေ

      တကယ်တမ်း ပြိုင်ဆွဲရင် နိူင်စမြဲက သားသမီးမေတ္တာပါဗျာ ၊

      ဒီညနေ ဘီယာ ၃ ပုလင်း နဲ့ ကြက်ကင်ကျွေးမတဲ့ ၊ ဟီး ဟီး 🙂

  • ထူးခြားတဲ့နေ့မှာမွေးတဲ့
    ထူးခြားသောသမီးလေး
    ဘဝမှာလည်း
    ထူးခြားသောအောင်မြင်မူ့တွေ
    ပိုင်ဆိုင်နိုင်ပါစေ

  • ​ဒေါ် လေး

    July 7, 2015 at 9:29 pm

    ကိုတောင်ပေါ်သား ရေးတဲ့ ဘဝဇာတ်ကြောင်း
    သမီးချစ်တဲ့ အဖေ နောက်အိမ်ထောင် မထူတာနဲ့တင်
    လေးစားပါတယ်

  • မြစပဲရိုး

    July 7, 2015 at 10:01 pm

    သမီး အချောလေး တွေ ကို မှတ်မိပါတယ် ကိုမျိုး ရေ။
    သမီး တွေက ရုပ်လှရုံမက အဖေ ကိုလဲ ဂရုစိုက်ကြတာမို့ စိတ်လေးတွေလဲ လှ ကြတယ်ထင်တယ်။
    အဖေ ကလဲ သူတို့ ကို ဘဝ ပုံ ချစ်ပြထားလဲ မသိတတ် တဲ့ ကလေး က မသိတတ်ပါဘူး။
    ကိုမျိုး ကံကောင်းပါတယ်။
    ကိုမျိုး ဘဝ ဇာတ်ကြောင်း က ဂုဏ်ယူ ပြီး ပြောစရာတွေ နဲ့ ပြည့်နေတာပါ။
    ရိုးသား ကြိုးစား တယ် ဆိုတာ ကလေး တွေ အတွက် စံပြ ပေါ့။

    သမီးလေး မွေးနေ့ မှသည် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီး မြတ်သော လိုအင်ဆန္ဒ များ နဲ့ ပြည့်ဝပါစေ။
    နှစ်ဆယ် ဆိုတော့ ဆယ်ကျော်သက်ဘဝ တစ်ခန်းရပ်ပေါ့။
    ဒီ အရွယ်လေး နဲ့ အတွင်းရေးမှူး ဆိုတာ တော်တယ်ခေါ်ရမှာဘဲ။

    • တောင်ပေါ်သား

      July 8, 2015 at 8:50 am

      ကိုပေါက်ရေ

      ဆုတောင်းလေးအတွက် ကျေးဇူးပါနော့ ၊

      ဒေါ်လေးရေ

      တစ်ခါတစ်လေတွေးမိ စိတ်ကူးယဉ်မိပေမယ့်

      သူတို့လေးတွေ အဖေ့အပေါ် နားလည်မှုလွဲပြီး မေတ္တာလျော့သွားမှာ ကြောက်တယ် ၊

      နောက်တစ်ခုကတော့ ဘယ်သူမှ ရိုက်ပေးစားတာ မဟုတ်ပဲ ချစ်လို့ယူပေမယ့် ကွဲတတ်ကြသေးလို့

      ပျဉ်ဘိုး မဟုတ်တောင် သံဘိုးလောက်တော့ နားလည်နေပါပြီ ၊

      အရီးရေ

      အဓိကကတော့ သူတို့အဖွားရဲ့ ထိန်းသိမ်းမှုကြောင့်ပါ ၊

      ဒီလို သားသမီးတွေကြောင့် ကျနော် အဖေဖြစ်ရကျိုးနပ်ပါတယ် ၊

  • ဦးကြောင်ကြီး

    July 7, 2015 at 10:40 pm

    သာမီးမွေးနေ့ စိုလှို့ ဓါတ်ပုံ တွေ့ရမားလို့.. ဆာခ ျည်းသပ်သပ် ဘာလှုပ်ရမှာဒုံး.. လဇိုး…။
    အနော ်ဒေါ့ သာမီးကြီးဂေါ သာမီးငယ်မှာ ညှီတူမြှတူ ခြစ်သာပဲ.. birdမီလှို်ကဗူး..
    ကြောင်က္ခမမ ျိုး.. နေ့ည နှစ်ပိုင်းဆွဲ ဒလောက် အလှုပ်မြှားဒဲ့ဂ ျားက သာမီးနှေ ျာက် ထွန်းဂါးလှာဒါ အံ့ဖွယ်သုတ… အရိုးထဲကအားထွက်လာထင်ပါ… ။ အနော ်လည်း ဒီစာဖတ်ပီး ပိန်မှာ ကြောက်တော ့ဝူး… ဆွဲပစ်မယ် တမုန်း…

    • မြစပဲရိုး

      July 7, 2015 at 10:45 pm

      နာ သိတယ်။ ဒင်း လာတော့မယ် ဆိုတာ ကို။ lol;-)))

      • တောင်ပေါ်သား

        July 8, 2015 at 8:53 am

        အရီး သူလာမယ်ဆိုတာ ကျနော်လည်း သိတယ် ၊ 🙂

  • aye.kk

    July 7, 2015 at 11:06 pm

    သိတတ်တဲ့ သမီးလေးတွေ ပိုင်ဆိုင် ရရှိထားတာ၊ဝမ်းသာဂုဏ်ယူမိပါတယ်။
    မိဘကို သိတတ်တဲ့ သမီးရဲ ့မွေးနေ့ရက်မြတ်မှသည်၊နွေးထွေးတဲ့ မိဘရဲ ့မေတ္တာရိပ်အောက်မှာ
    ထာဝစဉ် ခိုလှုံပြီး ၊ ဘဝကို အေးအေး ချမ်းချမ်း အောင်အောင်မြင်မြင် ပျော်ရွှင်ချမ်းမြေ့စွာဖြင့်
    နောင်မွေးနေ့နှစ်ပေါင်းများစွာတိုင် ၊ ဖြတ်သန်းနိုင်ပါစေလို့ သမီးလေးအတွက် ဆုမွန်ကေါင်းတောင်းချွေလိုက်ပါရစေ။။။

    • တောင်ပေါ်သား

      July 8, 2015 at 8:54 am

      ကျေးဇူးပါဗျ

  • ဦးကျောက်ခဲ

    July 8, 2015 at 9:23 am

    ၁၅၀ဝ နဲ့ ကံမကောင်းခဲ့တဲ့ ကိုမြိုး ၊ ၅၂၈ မှာ ကံကောင်းတာမို့ ဝမ်းသာရပါ၏…
    သားမက်ကောင်းကောင်းရပါစေဗျာ ၊ အပေါ်က ကြောင်ဏှာဂျီးလိုမျိုးဆို…
    အရေခွံသာ တန်းဆုတ်ပြီး မီးမြိုက်လိုက်ပါ… ခွီး :k:

    • တောင်ပေါ်သား

      July 8, 2015 at 9:32 am

      ခီညားက ပြောအားရှိတော့ပြောပေါ့လေ ၊ း)

      သားမက်တွေကတော့ ဘယ်လိုလာမယ် သိတတ်သေးပါဘူးဗျာ ၊

      ဟိုကြောင်ကိုတော့ အိုင်အက်စ်နဲ့ပဲ လွှဲပေးလိုက်မယ် ၊ းP

  • Mike

    July 9, 2015 at 4:24 pm

    .မင်္ဂလာရှိသောမွေးနေ့မှသည် အဖေ၊အဖွားတို့ကိုပြန်စောင့်ရှောက်နိုင်တဲ့သမီးကောင်းလေးဖြစ်ပါစေ :))

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    July 10, 2015 at 3:13 pm

    မိဘမေတ္တာဟာ ကိုယ့်ကိုယ်လောင်ကျွမ်းပြီး အလင်းရောင်ပေးရတဲ့ ဖယောင်းတိုင်ဘဝတွေများလားလို့..။
    ဆရာတောင်ပေါ်သားတို့လို့ မိဘ တွေကို ဂုဏ်ယူလေးစားရင်း…။
    သမုဒယသစ္စာတွေလားလို့.. မြင်မိလို့.. ကျွန်တော်က ကလေး မယူ ၊ ယူဖြစ်မယ် လို့တောင် မထင်ပါဘူး..

    • တောင်ပေါ်သား

      July 10, 2015 at 3:21 pm

      ကိုမိုက်ရေ ကျေးဇူးဗျ

      မုန့်ကြိုးလိမ်လေးလိုပဲ သားသမီးနဲ့မိဘမေတ္တာက ရစ်ပတ်နှောင်ဖွဲ့နေသမို့ ကြိုးစားပါဗျို့ ၊ 🙂

Leave a Reply