ပုံပျက်သွားတဲ့ ရိုးသားမှု

etoneAugust 24, 20101min724

တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ အလွန်မြတ်နိုးခဲ့သည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားသော ဒုတိယကုန်သည် တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျခဲ့သည်။

တစ်နေ့တွင် သူသည် မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လှဲလှယ်ရန် စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ဤမြင်းအား ရှိသမျှ စည်းစိမ်နှင့် လှဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘဝအတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေသရွေ့ မြင်းအား ဘယ်အရာနှင့်မျှ မလှဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းအား အလွန်နှစ်သက်မိသဖြင့် မြင်းအား ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံထုတ် လေတော့သည်။

တစ်နေ့တွင် သူသည် အဝတ်အစား အစုတ်အပြတ်ကို ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာလမ်း တစ်နေရာတွင် ဖျားနာချင် ဟန်ဆောင်ပြီး လဲလျောင်း နေခဲ့သည်။ မြင်းပိုင်ရှင်က တွေ့သောအခါ မြင်းပေါ်မှ အလျှင်အမြန်ဆင်းပြီး ဖျားနေသော သူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်း ပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား ” ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လှဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ် ရောက်နေပြီ… ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ” ဟု ပြောလေသည်။

မြင်းပိုင်ရှင်က ” ကောင်းပြီလေ… မြင်းကို ခင်ဗျားပိုင်သွားပါပြီ… ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ”
” မြင်းကို ကျွန်တော်ပိုင်ပြီပဲ… တစ်ခွန်းမကဘူး..ခင်ဗျားကြိုက်သလောက် ပြောလို့ရတယ်”
” တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်လို ရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့..ဒီစကားကို မှတ်ထားပေးပါ”
“ဘာလို့လဲ…”
“ဒီမြင်းကို ဘယ်လိုရခဲ့တယ် ဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့ လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူက ကယ်ရဲတော့မလဲဗျာ”

မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံအသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့ အားနာပြီး မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။

“ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ… ကျွန်တော့်ကို ခွင့်လွတ်ပါဗျာ”

4 comments

  • fatty

    August 24, 2010 at 10:44 am

    ပညာပေးပုံ ကောင်း လှ ပါသည်

  • bigcat

    August 24, 2010 at 4:38 pm

    တပ်ချုပ်ကြီးနဲ့ သူ့နောက်လိုက်တွေက တော့စီးလို့ကောင်းတုန်း။

  • ViCkY

    August 24, 2010 at 5:42 pm

    တော်တော်လေးကိုကောင်ပါတယ်… 🙂

  • mG

    August 28, 2010 at 1:36 pm

    ဟုတ်တယ်ဗျ။ကိုယ့်ကို ပြန်ပြီးအချိန်မရွေး ဒုက္ခပေးနိုင်တဲ့ အရာကတော့ ကိုယ့်စိတ်ပဲဗျ။လူကြီးတွေပြောဖူးပါတယ်။”ကိုယ့်ဒူးတောင် ကိုယ်မယုံရဘူးတဲ့လေ”။
    (@etone) ကိုလည်းကျေးဇူးတင်ပါတယ်ဗျာ။အကိုရေးထားတဲ့ စာတွေကို ဖတ်လိုက်တိုင်း လူတွေသိပြီးတားတွေပဲဗျ။ဒါပေမဲ့ လူတွေ သတိမထားလို့ ဖြစ်နေတာတွေကို ကြိုတင်ကာကွယ်ပေးနေတယ်ဗျ။အရမ်းသဘောကျတယ်ဗျာ။

Leave a Reply