မြေကြီးအောက်ကကြယ် (၂)

taylayNovember 7, 20091min941

စာမျက်နှာ (၄)

မကင်းတော့ဘူး။ နင့်ကို ငါအရမ်းတွေ့ချင်တယ်။ ပျင်းရိဖွယ် ညနေစောင်းက ကျွန်တော့်ကို ကျေနပ်နှစ်သိမ့်မှုကို ဖြစ်စေခဲ့တယ်။ ကျွန်တော့် သူငယ်ချင်း ပြန်ရောက်လာပြီး စန္ဒာရဲ့ အမည်၊ နေရပ်၊ လိပ်စာ အချက်အလက် သိခွင့်ရခဲ့သည်။ သူငယ်ချင်းကို ကျွန်တော့်ဘဝ တစ်လျှောက်လုံးတွင် ဒီတစ်ကြိမ်တော့ အရမ်းကျေးဇူးတင်သွားမိသည်။ သူစုံစမ်းပေးခဲ့သော အချက်အလက်မှာ အနည်းငယ်သာ ဖြစ်သော်လည်း ကျွန်တော့်လို လောကကြီးမှ ထွက်သွားရတော့မည့် လူတစ်ယောက် အတွက် လုံလောက် ပေပြီ။ ပိုပင်ပိုနေသေးသည်ဟု ပြောနိုင်ပါသည်။ ကျွန်တော်က စန္ဒာဆီက ဘာမှမျှော်လင့် မထားပါ။ မမျှော်လင့်ရဲပါ။ မမျှော်လင့်ဝံ့ပါ။ မမျှော်လင့်ရက်ပါ။ ကျွန်တော်က စန္ဒာမျက်နှာလေးကို နောက်တစ်ကြိမ်တော့ ထပ်ပြီးမြင်ချင်မိသည်။

ကျွန်တော်ညဖက် အိပ်ယာဝင်တော့ အိပ်မက်ထဲမှာ စန္ဒာမပါဝင်စေဖို့ ကျွန်တော်တိတ်တိတ်လေး ဆုုတောင်းပြီး အိပ်ပျော်နိုင်အောင် ကြိုးစားခဲ့ရသည်။ ကျွန်တော်သည် ဆုတောင်းတိုင်း တစ်ခါမှမပြည့်ခဲ့ဖူး။ ထို့ကြောင့် ကျွန်တော် ဆုမတောင်း ဖြစ်သည်မှာ အတော်ကြာပြီဖြစ်သည်။ ဒီတစ်ကြိမ်တော့ ကျွန်တော့်စိတ်ထဲက ယုံယုံကြည်ကြည် ဆုတောင်းလိုက်သည်။ “အိပ်မက်ထဲမှာ စန္ဒာမပါဝင်ပါစေနဲ့´´။ ဘာကြောင့် ကျွန်တော်ထိုသို့ ဆုတောင်းမိသလဲ။ စန္ဒာကို တကယ်ပဲ အိပ်မက်ထဲမပါစေချင်လို့လား။ အိပ်မက်ထဲ ပါစေချင်လို့လား ကျွန်တော်မသိ။ ကံကြမ္မာရယ် ဒီတစ်ကြိမ်တော့ . . .

ကျွန်တော့်ထို ညကအိပ်မက်မက်ပါသည်။ အိပ်မက်ထဲတွင် ကျွန်တော်ကံကောင်းလား မပြောတတ်။ အိပ်မက်တွင် ကျွန်တော်စန္ဒာနှင့် တွေ့ခဲ့ရသည်။ အိပ်မက်ထဲတွင် အိပ်မက်မှန်း ကျွန်တော်မသိ ရစ်မူးနေခဲ့ရသည်။ ဒီအိပ်မက်အကြောင်း အခြားသူတစ်ယောက်ကို ပြောပြမိရင် သူတို့က ကျွန်တော့်ကို မင်းကံကောင်းတယ်လို့ ပြောမှာသေချာတယ်။ ကျွန်တော့်ကို ကံဆိုးစေတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်စန္ဒာကို တစ်ခါတွေ့တယ်။ အနည်းဆုံးနောက်တစ်ခါ ထပ်တွေ့ချင်တယ်။ ကျွန်တော်လောကကြီးကို နှုတ်မဆက်သွားရခင်ပေါ့။ ဒါပေမယ့် နှုတ်ဆက်ခွင့်တောင် ရမှာမဟုတ်ပါဘူး။ အခုအိပ်မက်ထဲမှာ ထပ်တွေ့တယ်။ နောက်တစ်ခါထပ်တွေ့ချင်တယ်။ ပြီးတော့ အိပ်မက်က လက်တွေ့မှ မဟုတ်တာ။

ကျွန်တော်လမ်းပေါ်မှာ ခြေလှမ်းတွေ ဘယ်နှစ်လမ်း လှမ်းခဲ့ပြီးပြီလဲဆိုတာ ရေတွက်လို့ မရေပေမယ့်။ ကျွန်တော့် ခြေလမ်းတွေ တက်ကြွနေတာကို မြင်သူတိုင်းက ငြင်းကြမယ်မထင်ဘူး။ ကျွန်တော့်ဘဝရဲ့ ပထမဆုံး ထားဖူးတဲ့ မျှော်လင့် ချက်အတွက် လျှောက်လမ်းခဲ့တဲ့ ခြေထောက်တွေပဲ မတက်ကြွပဲ နေမလားလို့ တစ်လောကလုံးကို အော်ပြောလိုက်ချင် မိတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်သူနဲ့မှ စကားမပြောချင်ဘူး။ ဒီအချိန်မှာ ကျွန်တော့်နှုတ်ခမ်းထဲမှာ ပီတိတွေပဲ ရှိနေမှာကို လူတွေမနာလို ဖြစ်ကြဦးမယ်။

ဒီနေ့ ကျွန်တော် ဆေးရုံကနေ ခိုးထွက်လာတာ ဖြစ်ပေမယ့်။ မလျှောက်တာ ကြာပြီဖြစ်တဲ့ ဒီခြေလှမ်းတွေ ယိုင်မနေခဲ့ဘူး။ ပိုက်ဆံမကိုင်တာ ကြာပြီဖြစ်လို့ ပိုက်ဆံမပါပဲ စန္ဒာအိမ်အရောက် လမ်းလျှောက်ထွက်ခဲ့တယ်။ ညနေကတော့ တဖြည်းဖြည်း နေလုံးကို ဝါးမြိုပြီး နေ့ကို အသွင်ပြောင်းဖို့ ကြိုးစားနေတယ်။ ခဏနေရင် လ ထွက်လာတော့မယ်။ ကျွန်တော် မှတ်သားဖူးတာက လဆိုတာ လူတွေရဲ့ တောင့်တချက်ကြောင့် ထွက်ပေါ်လာတဲ့အရာ၊ အဲဒါကြောင့် သူ့ကို ဆန္ဒလို့ ခေါ်ရာကနေ စန္ဒာဆိုပြီး ဖြစ်လာတာလို့ အဘိုးက အိပ်ယာဝင် ပုံပြင်အဖြစ် ပြောပြဖူးတယ်။ အဘိုးရေ အခုကျွန်တော် လနတ်သမီးလေးနဲ့ တွေ့ဖိုးထွက်လာခဲ့မိပြီး။ ကျွန်တော့် ဆန္ဒတွေ ပြည့်ဝမှာလားဗျာ။

ကျွန်တော့်ရဲ့ ခြေလှမ်းတွေက တစ်ခါမှ မရောက်ဖူးပေမယ့် စန္ဒာအိပ်ရှေ့ရောက်အောင် ခေါ်သွားနိုင်တာတော့ ကျွန်တော် ချီးကျူးမိတယ်။ စန္ဒာတို့ အိပ်ရှေ့မလှမ်းမကမ်းက အုတ်ခုံလေးမှာ ထိုုင်ပြီး ကျွန်တော် မျက်လုံးတွေကို စန္ဒာရဲ့ အရိပ်ကို ရှာနေမိတယ်။ တွေ့ပါရစေ စန္ဒာရယ်။ စန္ဒာ ကိုတမ်းတရင်း စန္ဒာရဲ့ပုံရိပ် မျှော်မှန်းလို့ အနားမှာတွေ့ရတဲ့ မီးသွေး ခဲနဲ့ အဖြစ်ချင်ဆုံး အလွမ်းတွေကို ချရေးမိတယ်။

ပါးပြင်ပေါ်က သနပ်ခါးလေးကို

လွမ်းတယ်

စန္ဒာရဲ့ မျက်တောင်ကော့ကော့လေးကို

ချစ်တယ်

နှုတ်ခမ်းပေါ်က နှုတ်ခမ်း နီစိုလေးကို

လွမ်းတယ်

စန္ဒာရဲ့ မျက်လုံးဝိုင်းဝိုင်းလေးကို

ချစ်တယ်

နင်ရဲ့ပုံရိပ်လေးက အရမ်းလှတာပဲ။ ခဏလေး တွေ့ခဲ့ရတာတောင် ငါတစ်သက်လုံး စွဲထင်ကျန်နေတာ နင်ရဲ့ မျက်နှာလှလှလေးပေါ့။ စန္ဒာရယ် တွေ့ချင်လွန်းလွန်းလို့ အတွေးပုံရိပ်တွေ စိုးမိုးနေပြီ။

စာမျက်နှာ (၅)

တဖြည်းဖြည်းညက နက်လာလေလေ ရန်ကုန်မြို့ရဲ့ ထုံးစံအတိုင်း လေအေးအေးလေးတွေ တိုက်လာပြီး တဖြည်းဖြည်းချမ်းလာတယ်။ ကျွန်တော့်မှာ ဝတ်နေကျ ဂျာကင်အင်္က ျီပါမလာဘူး။ ကျွန်တော် ခြေဖျား လက်ဖျားတွေ အေးလာတယ်။ ကျွန်တော့်တစ်ကိုယ်လုံးလည်း ချမ်းပြီးစိမ့်တက်လာတယ်။ ကျွှန်တော့် နှလုံးသားကတော့ နွေးထွေးလျှက်ပါ။ ဘာလိုလိုနဲ့ ကျွန်တော် စန္ဒာကို အိမ်ရှေ့ရောက်တာ ငါးနာရီ၊ ခြောက်နာရီလောက် ရှိပြီထင်တယ်။ ခု သန်းခေါင်ယံ ကြက်တွန်သံ တစ်ချက်ကြားလိုက်ရတယ်။ အခုထိ စန္ဒာနဲ့ မတွေ့ရသေးဘူး။

ကျွန်တော် အုတ်ခုံမှာ ထိုင်ရတာ ညောင်းလာတာနဲ့ ခဏလောက် လမ်းလျှောက်ပြီး စန္ဒာတို့ အိမ်ရှေ့က မြရာပင်ကြီး အောက်ကို ပြောင်းထိုင်မိတယ်။ ဒီနေရာက စန္ဒာတို့တိုက်ကို ပိုပြီးနီးနီးကပ်ကပ် မြင်နိုင်တယ်။ မြရာပင်က သစ်ရွက်တွေက တစ်ရွက်ပြီး တစ်ရွက် ကြွေနေတယ်။ မြရာပင်ကို မှီပြီး ကျွန်တော် ပန်ကာကြီးကို သတိရနေမိတယ်။ ကျွန်တော်နဲ့ ခုချိန်မှာ စကားပြောဖော်မရှိဘူးလေ။ ပန်ကာကြီးက ကျွန်တော့်ကို အချိန်တော်တော်များများ အဖော်ပြုခဲ့ ပေးပြီပြီလေ။ လူ့ဘဝရဲ့ အနှစ်သာရကို ခံစားခွင့်လည်း ကျွန်တော့်ကို ပေးခဲ့ပြီးပြီလေ။ ပန်ကာကြီးရေ ကျေးဇူးပါဗျာ။ ကျွန်တော်ကို စန္ဒာနဲ့ တွေ့ခွင့်ပေးတာ။

ကျွန်တော် ကောင်းကင်ကိုမော့ကြည့်မိတော့ လမင်းကြီးရဲ့ အဖော်ဖြစ်တဲ့ ကြယ်လေးတွေက တလက်လက် တောက်ပနေကြတယ်။ ကျွန်တော် အချိန်တော်တော်ကြာကြာ ကြည့်နေမိတယ်။ အဲဒီညက ကြယ်တစ်ပွင့်မှ မကြွေကျခဲ့ဘူုး။ လနတ်သမီးလေးရေ မင်းအတွက် အဖော်တွေ မဆုံးရှုံးဘူးပေါ့ကွာ။ ငါ့အတွက် ဆုတောင်းပြည့်ဖို့ ကြယ်တစ်ပွင့်လောက် ကြွေကျခဲ့ရင် ငါအရမ်းဝမ်းနည်းမိမှာပါ။ စန္ဒာနဲ့ ပက်သက်လာရင် စန္ဒာရဲ့ ပိုင်ဆိုင်မှုတွေ တစ်ခုမှမဆုံးရှုံး စေချင်ဘူး။ အထူးသဖြင့် ကျွန်တော့်ကြောင့်ပေါ့။

ကျွန်တော် အရင်ကလိုသာ ကိုယ်ခံအား ကောင်းနေခဲ့မယ်ဆိုရင် ဒီတစ်ညလုံး ကျွန်တော်မအိပ်ပဲ စန္ဒာကို အတွေးပုံရိပ် ဖော်ပြီး တမ်းတနေချင်တယ်။ အခုတော့ ကျွန်တော်ပင်ပန်းလှပြီ။ ကျွန်တော်ခဏလောက်တော့ အိပ်မှဖြစ်မယ်။ ဒါပေမယ့် ကျွန်တော် အိပ်လို့ဖြစ်ပါ့မလား။ အခုထိ စန္ဒာနဲ့ တွေ့ခွင့်မရသေးဘူးလေ။ ပြီးတော့ ကလေကချေတစ်ယောက်လို မြေပြင်ပေါ်မှာ အိပ်ရမှာလား။ ကျွန်တော် ပင်ပန်းလှပြီ။ ကျွန်တော်အိပ်ယာက နိုးလို့မျက်စိနှစ်လုံး ဖွင့်တာနဲ့ မြင်ချင်တာ စန္ဒာ မျက်နှာလေးပါ။ တမ်းတလိုက်မိတယ်။ တွေ့ခွင့်ရပါစေ။ ကျွန်တော်ခဏလောက် အိပ်လိုက်ပါရစေ။

စာမျက်နှာ (၆)

ကျွန်တော် အိပ်မက်ဆိုးတွေ မက်ခဲ့ရတယ်။ အိပ်မက်ထဲမှာ ကောင်းကင်ကကြယ်တွေ တစ်လုံးပြီးတစ်လုံး တဖြုတ်ဖြုတ် ကြွေကျနေတယ်။ ကျွန်တော့် ဈာပနာအတွက် ငိုကြွေးနေတာတဲ့။ မြရာပင်ပေါ်က သစ်ရွက်တွေ တစ်ဖွဲဖွဲ ကျွန်တော့် ခန ္တာကိုယ်ပေါ် သက်ဆင်းနေတယ်။ ကျွန်တော် ဈာပနာ အတွက် ဖုံးလွှမ်းပေးတဲ့ ပန်းခင်းတဲ့။ ကျွန်တော် အခုထိ စန္ဒာနဲ့ တွေ့ခွင့်မရသေးဘူး။ ကောင်းကင်ကို ကျွန်တော် အလန့်တကြားကြည့်လိုက်မိတယ်။ လမင်းရော ရှိနေပါ့မလား။ လမင်းရဲ့အနားမှာ တောက်တောက်ပပနဲ့ ကြယ်တစ်ပွင့်က မင်းကိုကိုယ်ရံတော်အလား စောင့်ရှောက်ပေးနေတယ်။ အဲဒီကြယ်ဟာ ကျွန်တော့်ဝိညာဉ်ပေါ့။ စန္ဒာကို စောင့်ရှောက်ချင်တဲ့ ကျွန်တော့် ဝိညာဉ်ပေါ့။

ကျွန်တော် အာရုံထဲ ဆူညံညံသံတွေ ကြားလိုက်ရတော့။ မနက်လင်းနေပြီလို့ သိလိုက်ရတယ်။ ငှက်ကလေး တွေရဲ့ အော်မြည်သံပေါ့။ ကျွန်တော် မျက်လုံးနှစ်ခုကို အသာလေးဖွင့် ကြည့်လိုက်တယ်။ ကျွန်တော့်ကို အံဩတကြီး စိုက်ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်၊ ကျွန်တော့်ရဲ့ သနပ်ခါးလေး၊ ကျွန်တော့်ရဲ့ မျက်တောင်လေး၊ ကျွန်တော့်ရဲ့ နှုတ်ခမ်းလေး၊ ကျွန်တော့်ရဲ့ မျက်ဝန်းလေး၊ စန္ဒာဖြစ်နေတယ်။ ကျွန်တော့်ဆန္ဒ ပြည့်ဝခဲ့ရပါပြီ။ ကျွန်တော် တစ်ချက်ပြုံးပြပြီး လှည့်ထွက်လာခဲ့တယ်။ ကျွန်တော့်အပြုံးကို စန္ဒာမမြင်နိုင်ပါ။ စန္ဒာမြင်နေရတာက ကျွန်တော့်ရဲ့ ———————-။

ပြီးပါပြီ။

One comment

  • KyawThein

    October 14, 2012 at 10:53 pm

    ဒီအချိန်တုန်းက ဒီပို့စ်ကို ကွန်မန် ့ မရခဲ့တာ အံ့ဩတယ် ။။
    ဖတ်စေချင်လို့ပြန်တင်ပေးလိုက်တာ……..။

Leave a Reply