အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …

  • ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ပြန်လည် ပြင်ဆင်ပေးဖို့အရေး တောင်းဆိုချက်သတင်း၊
  • ကျောင်းသားသပိတ် ၊ အရေးအခင်းကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူအပါအဝင် ဝန်းရံပြည်သူတချို့ကို အာမခံနဲ့ ပြန်လွှတ်ပေးတဲ့သတင်း၊
  • မြန်မာပြည်မှာ ပထမဆုံးအနေနဲ့ နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် လက်မှတ် (PR) စတင်း ထုတ်ပေးလိုက်တဲ့သတင်း၊
  • တပ်မတော် ကိုယ်စားလှယ် ၁၄၀ ကျော်ရဲ့ ရွေးကောက်ပွဲ ဝင်မယ့်အရေးနဲ့                           သမ္မတ ဦးသိန်းစိန်ရဲ့ ရွေးကောက်ပွဲ ဝင်ခြင်း ဆိုင်ရာ သတင်းအခြေအနေများ၊
  • မြန်မာ စစ်တပ်အပေါ်ပြည်သူလူထုက အထင်အမြင်လွဲမှားစေနိုင်တဲ့ အပြုအမူ အပြောအဆိုများ ပြုမူပြောဆိုရင် အရေးယူမယ့်အကြောင်း သတင်းထုတ်ပြန်ချက်၊
  • လက်ရှိ ဖြစ်ပွါးနေတဲ့ မြန်မာတိုင်းရင်းသားဒေသတွေအတွင်းက စစ်ဘေးအခြေအနေသတင်းများ၊
  • မြန်မာပြည်ဟာ အခုလက်ရှိကာလအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာတဲ့သတင်း၊
  • တစ်နေ့တာ လုပ်ခလစာ အနည်းဆုံး ကျပ် ၄,၀၀၀ ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ကြတဲ့ သတင်း၊
  • ရခိုင်ပြည်နယ်ထဲက မောင်တောမြို့ရဲ့ အခြေအနေသတင်း၊
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအရေး၊ နိုင်ငံ့အရေး ပြောဆိုမှုများနဲ့ လှုပ်ရှားမှုသတင်းများ
  • US မှာ ပြုလုပ်မယ့် မြန်မာ့ပွဲလမ်းသဘင် သတင်းများနဲ့
  • အခြား သိမှတ်ဖွယ်ရာ သတင်းအဖြာဖြာကို စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၁၆ ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေဟာ အခုလာမယ့် ရွေးကောက်ပွဲကို လွတ်လပ်စွာ စောင့်ကြည့်ခွင့်များ ၊ ရွေးကောက်ပွဲ မသမာမှုများကို                        သက်သေ အထောက်အထားရရှိဖို့ ခက်ခဲကြောင့်း ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက ပြောဆိုဝေဖန်လိုက်ပါတယ်။

ပြောဆို ဝေဖန်မှုတွေ အပြင် လွတ်လပ်မျှတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာဖို့                             လက်ရှိ ရွေးကောက်ပွဲ စောင့်ကြည့်ရေးဆိုင်ရာ စည်းမျဉ်းတချို့ကို ပြန်လည် ပြင်ဆင်ပေးဖို့လိုကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို တောင်းဆိုမှုတွေ ရှိလာပါတယ်။

လွှတ်တော်အမတ် ရွေးကောက်ပွဲတွေအတွင်း မဲဆန္ဒရှင်တွေ မဲထည့်ရတဲ့ အခြေအနေများ ၊ မဲရေတွက်မှုများနဲ့ မဲရုံတွင်း အခြေအနေများကို မှတ်တမ်း ရိုက်ကူး ရယူခွင့် ပိတ်ပင်ထားတဲ့အချက်ကို ပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကန့်သတ်ချက်တွေဟာ နိုင်ငံသားတယောက်ရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်နိုင်ခွင့် အခွင့်အရေးကို ပိတ်ပင်ရာ ရောက်နေကြောင်း ၊                                                                       ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၂ ခုရဲ့ အတွေ့အကြုံအရ မဲဆန္ဒရှင်တွေ လက်လှမ်းမီတဲ့ နေရာမှာ မဲပေးနိုင်တဲ့ မဲရုံတွေမရှိခြင်းများ ၊ မဲဆန္ဒရှင်စာရင်းတွေ အကြီးအကျယ် မှားယွင်းနေခြင်းတို့ကြောင့်                  အခုလာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ် မဖြစ်ဆိုတာကို သေချာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ပြောဆို ဝေဖန်လိုက်ကြပါတယ်။

အဆိုပါ ပြောဆို တိုက်တွန်းမှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ပြင်ဆင်ပေးဖို့ အရေးတစ်စုံတစ်ရာ ကတိမပေးသေးဘဲ စဉ်းစား အကြောင်းပြန်မယ်လို့ ဆိုပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၁၅ ။

ကျောင်းသားသပိတ် ၊ အရေးအခင်းကြောင့် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအပါအဝင် ဝန်းရံပြည်သူ စုစုပေါင်း ၁၂ ယောက်ကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

ဒါဟာ အဝေးသင်ကျောင်းသားများ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် အာမခံပေးခြင်း ဖြစ်ပြီး အာမခံအနေနဲ့ သိန်း ၅ဝ ပေးရသူ နှစ်ယောက် ရှိတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်အတွင်းမှာ အာမခံ မရသေးသူတွေလည်း ရှိနေပြီး လက်ရှိ ၁၂ ယောက် အာမခံရရှိကာ ပြန် လွတ်လာတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများနဲ့ ဝန်းရံသူ စုစုပေါင်း ၅၆ ယောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၁၄ ။

မြန်မာပြည်မှာ ပထမဆုံးအနေနဲ့ နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် လက်မှတ် (PR) ကို            ခွင့်ပြု ထုတ်ပေးနေပြီလို့ သိရပါတယ်။

ပထမ အသုတ်အနေနဲ့ ၁၂၄ ယောက်ကို နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် လက်မှတ်တွေ ထုတ်ပေးဖို့ စီစဉ်လျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ထုတ်ဖော် ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ် (PR) ကို စတင် လျှောက်ထားခွင့် ပြုလိုက်တဲ့ ဇန်နဝါရီလကနေ ယခုလအထိ လျှောက်ထားသူပေါင်း ၂၀၀ ကျော် ရှိတဲ့အထဲက ၁၂၄ ယောက်ကို စိစစ် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

အမြဲ နေထိုင်ခွင့် လျှောက်ထားသူတွေဟာ နိုင်ငံကူး လက်မှတ် ၊ အိမ်ထောင်စု လူဦးရေ စာရင်း ၊ ကျွမ်းကျင် ပညာရှင် ဆိုပါက ပညာရှင် ဖြစ်ကြောင်း အထောက်အထားများ ၊ ရင်းနှီးမြှုပ်နှံသူ ဆိုပါက ရင်းနှီးမြှုပ်နှံခွင့် ပြုထားတဲ့ လုပ်ငန်းပါမစ် စတဲ့ အချက်အလက်တွေကို စိစစ်ကြောင်း သိရပါတယ်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ် ထုတ်ပေးရာမှာ နိုင်ငံခြားသားတွေအတွက် တစ်နှစ်လျှင် ဒေါ်လာ တစ်ထောင် ကောက်ခံပြီး မြန်မာနိုင်ငံသားဟောင်း ဆိုရင်တော့ တစ်နှစ်အတွက် ဒေါ်လာ ၅၀၀ ကောက်ခံပါတယ်။

၂ နှစ်အောက် ကလေးငယ်များကို အခမဲ့ ပေးထားပြီး ၇ နှစ်မှ ၁၈ နှစ်အထိကိုတော့ တစ်နှစ်လျှင် US ဒေါ်လာ ၃၀၀ ကောက်ခံတယ်လို့ သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၁၄ ။

တပ်မတော် ကိုယ်စားလှယ် ၁၄၀ ကျော်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ်များ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားကြောင်း သိရပါတယ်။

စာရင်းပေးထားတဲ့ အထဲက တပ်မတော်သား ကိုယ်စားလှယ် ၅၇ ဦးကို ယာယီရွေးချယ် ထားကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရွေးချယ်ထားတဲ့ အမည်စာရင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊                                ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ရဲ့ နာမည်တွေကတော့ မပါဝင်ဘဲ ဒုတိယဗိုလ်ချုပ်ကြီးတချို့နဲ့ ဗိုလ်မှူးကြီး တချို့တို့တော့ ပါဝင်နေပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ သိရတာကတော့ လက်ရှိ သမ္မတ ဦးသိန်းစိန်ဟာ                           သူ့ရဲ့ ကျန်းမာရေး အခြေအနေ အရ လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် တော့မှာ မဟုတ်ကြောင်း ပြောဆိုမှုတွေ ရှိခဲ့ပေမယ့်                                                                     သမ္မတ ဦးသိန်းစိန် လာမယ့် ရွေးကောက်ပွဲ ဝင် မဝင် ဆိုတာ စဉ်းစား သုံးသပ်နေဆဲ ဖြစ်ကြောင်း သမ္မတရုံး ထပ်မံပြောဆိုလိုက်ပြန်ပါတယ်။

ဦးသိန်းစိန် ဒုတိယ သမ္မတ သက်တမ်း ဆက်လုပ် မလုပ် ဆိုတာနဲ့ ပတ်သက်ပြီး သမ္မတ အနေနဲ့ တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်တွင်း နိုင်ငံရေး အခြေအနေနဲ့ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူတွေရဲ့ အနေအထားတွေကို စဉ်းစား သုံးသပ်မှာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၁၃ ။

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ကျောက်တန်းမြို့နယ် မှော်ဝန်းမြစ်ကူးတံတားဖွင့်ပွဲကို သွားရောက်ခဲ့ရာ ခရီးစဉ်အတွင်း သမ္မတ ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ပေးပါဆိုပြီး ဒေသခံကျောင်းသားငယ်များနဲ့၊ ပြည်သူတချို့က ဆိုင်းဘုတ်တွေ ထောင်ပြီး ကြိုဆိုခဲ့ပါတယ်။

အဆိုပါ သမ္မတ ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ပေးစေရေး ဆန္ဒထုတ်ဖော်မှုများနဲ့ ပတ်သက်ပြီး ဒါဟာ ပြည်သူများရဲ့ ဆန္ဒမပါပဲ အတင်းအကြပ် ကြိုတင် စံမံထားဖြင်းဖြစ်ကြောင်း အငြင်းပွားမှုတွေ ရှိနေပါတယ်။

သမ္မတကို ကြိုဆိုမှုတွေဟာ ပုံမှန် မဟုတ်ဘဲ ဒေသခံများရဲ့ ဆန္ဒ အပြည့်အ၀မပါဝင်ကြောင်း၊                   ဒါဟာ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက ကြိုတင်စီမံပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း                           အဆိုပါ အခမ်းအနားကို တက်ရောက်ခဲ့သူ တချို့က ဝေဖန်လိုက်တဲ့အပြင် ၊   ကြိုတင်စီစဉ်ထားကြောင်းကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာလည်း ပြောဆိုဝေဖန်နေကြပါတယ်။

အခမ်းအနားကို ကြိုတင် ရောက်ရှိ စောင့်ဆိုင်းနေကြတဲ့ ကျောင်းသားငယ်များနဲ့ ဒေသခံတချို့ဟာ ‘‘နိုင်ငံတော်သမ္မတကြီး ကျန်းမာပါစေ၊ နိုင်ငံတော်အကျိုးဆောင်ရွက်နိုင်ပါစေ၊                                  ဒုတိယ ငါးနှစ်သမ္မတအဖြစ် ဆောင်ရွက်ပေးပါ’’၊ ‘‘သမ္မတကြီး ဆက်လက်ပြီး သမ္မတတာဝန်ထမ်းဆောင်ပေးပါ’’ စတဲ့ စာတမ်းတွေကို ဆိုင်းဘုတ်များနဲ့ ကိုင်ဆောင်ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၁၃ ။

မြန်မာ စစ်တပ်အပေါ်ပြည်သူလူထုက အထင်အမြင်လွဲမှားစေနိုင်တဲ့ အပြုအမူ အပြောအဆိုများ၊ ပြည်သူနဲ့ တပ်မတော်ကြား ယုံကြည်မှုပျက်ပြားစေမယ့်ကိစ္စများ၊                               ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့ ကိစ္စရပ်များ ပြုလုပ်သူတွေကို တပ်မတော်အနေနဲ့ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မြ၀တီသတင်းဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ကျေးရွာတစ်ခုမှာ အသက်(၇၃)နှစ်အရွယ်အဘွားအိုတစ်ဦးကို စစ်သည်တစ်ဦးက နေအိမ်ကျူးကျော်ဝင်ရောက်ပြီး သားမယားပြုကျင့်ဖို့ ကြံစည်မှု၊ သတ်ဖြတ်ရန်ကြိုးစားမှုတွေနဲ့ စွပ်စွဲခံရတဲ့ အတွက်

၎င်း စစ်သည်ကို ထောင်ဒဏ် (၇)နှစ် ချမှတ်လိုက်တဲ့ သတင်း ထုတ်ပြန်ရာမှာ ထည့်သွင်း ကြောညာခဲ့တာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၁၃ ။

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ဒေသမှာ အစိုးရတပ်တွေနဲ့ KIA တပ်များ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အပြင် ကရင်ပြည်နယ် ကော့ကရိတ်မြို့ထဲမှာလည်း တိုက်ပွဲများ ဖြစ်ပွါးနေကြောင်း သိရပါတယ်။

မြန်မာအစိုးရတပ်တွေက အာရှလမ်းသစ်နဲ့ ၁၀ မိုင်အကွာလောက်မှာရှိတဲ့ ဒီကေဘီအေ ရှိနိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ဖြစ်ပြီး ဒီကေဘီအေအပါအ၀င် တိုင်းရင်းသားနယ်မြေတွေအတွင်းမှာ အခုလို ထိုးစစ်ဆင်နေတာတွေဟာ တနိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ကိစ္စကို ထိခိုက်နိုင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ တပတ်ကျော်ကစပြီး အာရှလမ်းသစ်ဖွင့်နိုင်ရေး အကောက်ခွန်ဂိတ်တွေကို ဖယ်ရှားရင်း နယ်မြေရှင်းတယ်ဆိုပြီး ဒီကေဘီအေတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေတာပါ။

ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ မြ၀တီသင်္ကန်းညီနောင် အာရှလမ်းမသစ်နဲ့ လမ်းဟောင်းကို နယ်မြေရှင်းလင်း ထိန်းချုပ်ပြီး ဖွင့်လှစ်ထားကြောင်း ၊ လမ်းဟောင်းမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲ ၁၉ ကြိမ်နဲ့ အာရှလမ်းသစ်မှာ အကြိမ် ၂၀ ဖြစ်ပွါးခဲ့ပြီး မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်များ နှစ်ဘက်စလုံးမှာ ထိခိုက်မှုတွေရှိကြောင်း သိရှိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၁၂ ။

မြန်မာပြည်မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာပြီး ရောဂါဖြစ်ပွါးသူ ၁၆,၀၀၀ ကျော်အထိ ရှိလာရာမှာ သေဆုံးသူပေါင်း အယောက် ၆၀ လောက် ရှိနေပြီလို့ သိရပါတယ်။

ရောဂါ ဖြစ်ပွါးသူနဲ့ သေဆုံးသူ အများစုဟာ ရန်ကုန်မြို့အတွင်းက အဖြစ်များကြောင်းလည်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၀ ရက်နေ့ အထိ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ                    သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၆,၄၆၁ ဦး ၊ သေဆုံးသူ ၆၀ ဦးခန့် ရှိနေပြီး ရန်ကုန်တိုင်းအတွင်းက သွေးလွန်တုပ်ကွေး ဖြစ်ပွားသူပေါင်း ၂,၀၇၆ ဦးနဲ့ သေဆုံးသူ ၁၃ ဦး ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နှစ်ကထက် ဖြစ်ပွါးမှုနှုန်း နှစ်ဆထိ မြင့်တက်ခဲ့တာ ဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းမှာ လူနေထူထပ်တဲ့ အရှေ့ဒဂုံ၊ တောင် ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒလ စတဲ့ မြို့နယ်ပေါင်း ၂၀ အတွင်းမှာ အများဆုံးဖြစ်ပွားနေကြောင်း သိရပါတယ်။

အခုနှစ်မှာ ဖြစ်ပွါးမှုနှုန်း မြင့်မားလာတဲ့ အဆိုပါ ရောဂါဟာ ကပ်ရောဂါ အသွင် ဖြစ်ပွားနိုင်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရောဂါကာ ကွယ်နှိမ်နင်းရေးနှင့် စောင့်ကြပ် ကြည့်ရှုရေး လုပ်ငန်းတွေကို အရှိန် အဟုန်မြှင့်တင်ပြီး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး သေဆုံးမှုနှုန်းများ လျော့ကျစေဖို့ ပြည်သူလူထုအနေနဲ့ကလည်း မိမိတို့အိမ် ပတ်ဝန်းကျင်ရှိ ခြင်ပေါက်ဖွား နိုင်တဲ့အရာတွေ ၊ ရေကျန်ရစ်နိုင်တဲ့ နေရာတွေကို ရှင်းလင်းဖယ်ထုတ်ခြင်း ပြုလုပ်ဖို့ လိုအပ်ပြီး ဆေးဖြန်း ဆေးခတ်ခြင်း ပြုလုပ်ရာမှာလည်း  ပြည်သူများ ပူးပေါင်းပါဝင်ဆောင် ရွက်ကြဖို့ ကျန်းမာရေးဝန်ကြီး ဌာနက နှိုးဆော်တိုက်တွန်းနေပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၁၂ ။

မြန်မာပြည်အတွင်းမှာ အခြေခံအလုပ်သမားများအတွက် တစ်နေ့တာ လုပ်ခလစာ အနည်းဆုံး            ကျပ် ၄,၀၀၀ ရရှိရေးအတွက် အလုပ်သမား ၃၀၀ ကျော်က ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ စက်ရုံ ၁၅ ခုမှ အလုပ်သမားပေါင်း ၃၀၀ ကျော်ဟာ ဇူလိုင်လ ၁၂ ရက် မနက်ခင်းမှာ လမ်းလျှောက် ဆန္ဒပြခဲ့ပြီး လုပ်ခလစာ တစ်နေ့လျှင် ကျပ် ၄၀၀၀ ရရှိရေး                    အတွက် လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။

အနည်းဆုံး အခကြေးငွေနဲ့ ပတ်သက်ပြီး အထည်ချုပ် လုပ်ငန်း ရှင်များ အသင်းချုပ် လက်အောက်ရှိ လုပ်ငန်းရှင် ၁၇၇ ဦးက တစ်ရက်လုပ်ခ ၃,၆၀၀ ကျပ်ပေးဖို့တောင် အခက်အခဲရှိနေကြောင်း ကန့်ကွက်မှုတွေ ရှိနေချိန်မှာပဲ အလုပ်သမားတွေဘက်က တစ်နေ့လျှင် လုပ်ခလစာ ကျပ် ၄,၀၀၀ ရရှိရေး ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၁၂ ။

လူမျိုးရေး ပြဿနာတွေ ဖြစ်ပွါးခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မောင်တောမြို့မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းများ ၊ လူကိုအန္တရာယ်ဖြစ်စေနိုင်သော တုတ်၊ ဓါး၊ လက်နက်များကို                ၇ ရက်အတွင်း ရဲစခန်းကို အပ်နှံကြဖို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လက်နက်သိမ်းဆည်းမှုကို မောင်းတောမြို့ပေါ်ရှိ လူနေရပ်ကွက်တွေထဲမှာ                  အသံချဲ့စက်တွေနဲ့ လှည့်လည်ကြေညာခဲ့တာ ဖြစ်ကြောင်း မြို့ခံလူထုကပြောပါတယ်။

ပေါက်ကွဲစေတက်တဲ့ ပစ္စည်းမားနဲ့ ဂျင်ကလိ၊ ဓါး၊ တုတ် စတာတွေကို ၊ နီးစပ်ရာရဲစခန်းကို တစ်ပါတ်အတွင်း အပ်နှံရမှာဖြစ်ပြီး မအပ်နှံလို့ ရှာဖွေတွေ့ရှိတဲ့အခါမှာတော့ ဥပဒေအရအရေးယူမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်တုန်းက ပဋိပက္ခတွေ ဖြစ်ပွားစဉ်ကတည်းက အန္တရာယ်ဖြစ်စေတတ်တဲ့ လက်နက် သိမ်းဆည်းမှုတွေ မကြာခဏ ပြုလုပ်နေရကြောင်း သိရပါတယ် ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇူလိုင် ၁၁ – ၁၂ ။

မကြာခင် ကျင်းပတော့မယ့် နိုဝင်ဘာ ၈ ရက်နေ့ (၂၀၁၅) အထွေထွေရွေးကောက်ပွဲမှာ                လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)လည်း ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်ပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ NLD ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ကြောညာလိုက်တာ ဖြစ်ပါတယ်။

အခုလို ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်လိုက်ရတာဟာ NLD အဖွဲ့ချုပ်ရဲ့ မပြီးဆုံးသေးတဲ့ တာဝန်ဖြစ်တဲ့ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲ ရလဒ်အဖြစ် NLD ပါတီ အောင်နိုင်သွားတဲ့အခါ ပြည်သူလက်ခံနိုင်တဲ့ သမ္မတလောင်း အရည်အချင်းနဲ့ ပြည့်မီသူကို သမ္မတလောင်းအဖြစ် ရွေးချယ်ဖို့ အဆင်သင့်ရှိကြောင်းလည်း               NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တဲ့ ပြည်သူအများစုက ဒေါ်အောင်ဆန်းစုကြည်ကို                   သမ္မတ ဖြစ်စေချင်ကြပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ခွင့် မရှိတဲ့ အခြေအနေ ဖြစ်နေပြီး အဆိုပါ ဥပဒေပြဌာန်းချက်ကို ပြင်ဆင်ဖို့ လွှတ်တော်အတွင်း ကြိုးစားခဲ့ရာမှာလည်း အငြင်းပွါးဖွယ် ရှုံးနိမ့်မှုသာ ရခဲ့ပါတယ်။

NLD အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒနယ် တစ်ထောင့်နှစ်ရာ နီးပါးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမဲ့ CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ တိုင်းရင်းသားခေါင်းဆောင်များ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေကိုတော့ ခြွင်းချက်အဖြစ် ချန်ထားမှာဖြစ်ကြောင်း သိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ                    အမျိုးသမီး၊ လူငယ်နဲ့ တိုင်းရင်းသားများကို ဦးစားပေးရွေးချယ်မှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ မြန်မာဗုဒ္ဓဘာသာကျောင်းတိုက်၊ 6612, Brass Rd, Jamestown, NC 27282 မှာ

ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်မှုနဲ့အတူ ဒုလ္လဘ ရဟန်းခံ အလှူတော်ကို ဇူလိုင်လ ၂၅ ရက် စနေနေ့ မနက် ၁၁ နာရီမှာ ကျင်းပမယ်လို့ သိရပါတယ်။

မြန်မာမိသားစု ဓမ္မမိတ်ဆွေအပေါင်း ကြွရောက် ပါဝင် ကုသိုလ်ယူနိုင်ပါကြောင်း ဖိတ်ခေါ်ထားတဲ့အတွက် ဖုန်း (336)882-5012 / 847-4462 ကို အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .