ပြန်မရနိုင်သော မိုးရာသီကာလများ

မိုးရာသီနှင့် ပတ်သက်ရင်တော့ အကြောင်းအရာများစွာ ရှိခဲ့ဖူးသည်။ အချို့က မိုးရာသီကို

မနှစ်သက်ပေမယ့် ကျွန်တော်ကတော့ မိုးရာသီကို နှစ်သက်သူတစ်ယောက်ပင်။ ကိုယ်မွေးတဲ့

လကတည်း (မေ)လပင်ဖြစ်လို့လား မသိ။ မိုးရာသီကို နှစ်သက်သည်။ မိုးရာသီရောက်ပြီဆို

ပြန်ပြောင်းအကြောင်းတွေးစရာတွေက အများအပြားပင်။ ငယ်ငယ်က ကျောင်းတက်ချိန်အစ

ယခုထက်တိုင် မိုးရာသီနှင့်ပတ်သက်တာပြောမကုန်အောင် ရှိခဲ့သည်။

အခုလည်း မိုးတွေရွာနေပြီ။

မိုးရာသီနှင့်ပတ်သက်ရင်တော့ အစားအသောက်အကြောင်းကို အရင်သတိရသည်။

အခုမှ အစားအသောက်အပေါ် ဝါသနာကြီးမှန်း သိခဲ့သည်။ ငယ်ငယ်တုန်းကတော့

အမေ့လက်ရာနှင့် အစ်ကိုတွေရဲ့ လက်ရာနဲ့တင် ရင်းနှီးခဲ့ရသည်။ မေမေကတော့

အမြဲပြောသည် အမေအလုပ်လုပ်တုန်းက အဖေက ထမင်းဟင်းချက်သည်။ နံနက်ဆို

ဆိုင်ရောက်လာပြီး မိန်းမဈေးဖိုးပေးဆိုကာ ဖွယ်ဖွယ်ရာရာချက်ကျွေးတတ်သည်။

ကျွန်တော်ကတော့ ဖေ့ဖေ့ပုံရိပ်ကို သိပ်မမီလိုက်ပေ။ လေးနှစ်ဆိုသည်အရွယ်ဆိုတော့

ဝိုးတဝါးပင်။

မိုးရာသီဆို မှတ်မှတ်ရရက ခရုပြုတ်နှင့် ဖားကြော်ပင်။ ကျွန်တော်တို့ မောင်နှမက

ငါးယောက် ကျွန်တော်က နံပါတ်(၅)ဖြစ်ပြီး။ နံပါတ်(၁)နှင့်(၂)ကတော့ အစ်ကိုဖြစ်ပြီး

(၃ နဲ့ ၄) ကတော့ အစ်မဖြစ်သည်။ အစ်ကိုနှစ်ယောက်က မိုးရွာပြီဆို တစ်ယောက်က

ဖားထွက်ရိုက်သည်။ တစ်ယောက်က ခရုလိုက်ကောက်ပြီ။ ဖားကောက်ပြီးပြန်လာ

အသေအချာသင် ဖားခြောက်စပ်ကြော်ပေးည်။ စားကောင်းလိုက်သည့်ဖြစ်ခြင်း။

အဲ့သည်တုန်းက ငယ်သေးတော့လည်း ဖားဘယ်လို သင်ရမယ်မသိခဲ့။

အစ်ကိုကြီးကတော့ ခရုကောက်ပြီးပြန်လာရင် ခရုတွေကို တစ်ရက်ရေစိမ်ထားသည်။

နောက်ရက် သံဘရက်ဖြင့်တိုက်သည်။ နောက်တစ်ရက် ထပ်စိမ်သည်။ လေးရက်မြောက်နေ့မှ

ပြုတ်ပေးသည်။ အထဲက အသားကို ကလော်စားစား ပါးစပ်ဖြင့်စုပ်စားစား

ချိုလိုက်သည်ဖြစ်ခြင်း။ အခုအချိန်မှာတော့ အစ်ကိုနှစ်ယောက်စလုံး မရှိတော့ မိုးရွာလျှင်

လွမ်းနေရပြီ။

အသက်နည်းနည်းကြီးလာတော့ ကနဖော့တွေကို ကြော်စားလို့ရမှန်းသိလာပြီ။

အစ်မငယ်နှင့်နှစ်ယောက် မိုးရွာပြီဆို ဝဝတုတ်တုတ် ကနဖော့တွေ လိုက်ခူးကြပြီ။

ကနဖော့ကို အရွက်မစား။ အရွက်တွေကို ချွေပြီး အရိုးကိုသာ ဓားပြားရိုက် ကြော်စားကြသည်။

မိုးလေးနည်းနည်းစွတ်ပြီဆို ပုစွန်စာရွက်ရှိသေးသည်။ ကုန်စိမ်းသည်တွေမှာလည်း

ဝယ်ဖို့မလွယ်သည့်အရွက်ဆိုတော့ ပုစွန်စာရွက်တွေ့တာနှင့် ဟန်မဆောင်နိုင်ခူးပြီ။

သည်အတိုင်း ကြက်သွန်ဖြူလေး ဓားပြားရိုက်ကြော်သလို ကော်ရည်လေးနှင့်ကြော်လျှင်လည်း

အလွန်စားကောင်းသည်။ ပုစွန်စာရွက်ရဲ့ ထူးခြားချက်က စိမ့်သောအရသာရှိခြင်းပင်။

မေမေ့ကြောင့် မုန့်လုပ်နည်းတွေ ဟင်းချက်နည်းတွေ ရင်းနှီးခဲ့ရပေမယ် ့မိုးရာသီမှာ

စားတဲ့ အရာတစ်ခုတော့ မှတ်မှတ်ရရဖြစ်သည်။ မေမေပေါင်းပေးသော

ငါးပေါင်းထုပ် ဖြစ်သည်။ နောက်ပိုင်း ငါးပေါင်းထုပ်တွေ အပြင်မှာ ဝယ်စားပေမယ့်

တူတာတော့ အမှန်ပင်။ မေမေက ငါးပေါင်းထုပ်ကို ရွဲယိုရွက်နှင့်ထုတ်သည်။

ကျွန်တော်ကတော့ထမင်းနှင့်မစား ဒီအတိုင်းစားသည်။ တစ်ရက်တော့ ငါးပေါင်းထုပ်ထုပ်စား

ပြီး ထုပ်နည်းလေးပါ ဓာတ်ပုံရိုက်ဦးမည်ဟု စိတ်ကူးထားသည်။

မိုးရာသီနှင့်အတူ ထပ်လွမ်းမိသေးတာ ပိန်းရိုးဟင်းခါးဖြစ်သည်။

ပိန်းရိုးဟင်းခါးကိုတော့ ချက်နည်းတင်ပေးဖူးသည်။ အခုလည်း ပိန်းရိုးဟင်းခါးကို လွမ်းနေသေး

သည်။ တကယ်တော့ မိုးရာသီမှာ ထမင်းပူပူဟင်းပူပူ စားရတာလောက် စားကောင်းတာ

မရှိဟုထင်မိသည်။ နောက်ပြီး အစ်ကိုအကြီးဆုံးက ခရုမကောက်လျှင်  ငါးရှဉ့်လိုက်မျှားသေး

သည်။ ငရှဉ့်ကို စင်အောင်ဆေး အဝိုင်းေးလတွေလှီး ငရုတ်သီးဆီပြန်ချက်သော ကိုကြီးရဲ့

လက်ရာကိုလွမ်းမိပြန်သေးသည်။

ဒီနေ့လည်း မိုးကအုံ့မှိုင်းကာတစ်စွေစွေ တမ်းတမိသော လွမ်းမိသော အရာတွေက

အခုအချိန်မှာ ကိုယ်တိုင်လုပ်စားမှသာ ဖြစ်တော့မည်။ ငါးရှဉ့်မျှာပေးမည့် ခရုကောက်ပေးမည့်

ကိုကြီးမရှိတော့သလို၊ ဖားရိုက်ထွက်မည့် ကိုလတ်လည်း မရှိတော့ပေ။ ငါးပေါင်းထုပ်

ထုပ်နည်းကို သင်ပေးမည့် မေမေတော့ရှိသေးသည်။ ရုံးပိတ်ရက်ဈေးထဲသွားလျှင် လွန်ခဲ့သည့်

နှစ် (၂၀)ကျော်ကတည်းက ရှိသေးသည့် အဖေနဲ့အမေ မိတ်ဆွေတွေကတော့ နင့်အဖေလိုပဲ

ဟု တတွတ်တွတ်ပြောကြသည်။ အမေရှိသေးသည့်အချိန် အမွေအနှစ်လေးတော့ အပြည့်ယူ

ရမည်ဟု စိတ်ထဲတေးထားလိုက်မိသည်။

မိုးတွေလည်းရွာနေပြန်ပြီ။ စိတ်ထဲလွမ်းသလိုလိုနှင့် ဘဝဆိုသည့် ဘဝထဲကို လျှောက်ရ

ဦးမည်။ ငယ်ငယ်ကဆိုသည့်အတွေးများသည် ဘယ်တော့မှ ပြန်ရနိုင်တော့မည်မဟုတ်ပေ။

…………….

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

ဇူလိုင် ၁၆ရက် ၂၀၁၅ခုနှစ်

 

 

18 comments

  • HMM

    July 16, 2015 at 1:55 pm

    မိုးရာသီမှာအကြိုက်ဆုံးက အိပ်ရာထဲမှာ စောင်ခြုံပြီးပျင်းပျင်းနဲ့နှပ်ရတာပဲ

  • ဦးကျောက်ခဲ

    July 16, 2015 at 1:57 pm

    တောက်စ်… တောက်စ်… တောက်စ်… (သွားရည်ကျသံပါဗျ)
    ကျောင်းသားဘဝ ကွင်းဆင်းရင် အဲသည့်လို လတ်လတ်ဆတ်ဆတ်ချက်စားခဲ့ရတာ…
    ထိုင်းနဲ့ လာအိုနယ်စပ် တောထဲမှာလည်း အဲသည့်လိုပဲ အကောင်ပလောင်စုံ…
    ကိုရင်… ဦးလေးကျောက်စ်ကို မိုးမကုန်ခင် ချက်ကျွေးဖို့စကားခေါ်နေတာလား… ခွိ :k:

    • အောင် မိုးသူ

      July 16, 2015 at 3:00 pm

      ဖား​တော့မရိုက်​တတ်​ဘူး ငါးရှဉ်​့က မမျှားတတ်​ မျှားတတ်​ ငါး​ပေါင်​းထုပ်​​တော့လုပ်​​ကျွေးလို့ရတယ်​။ 🙂

      • sorrow

        July 17, 2015 at 1:56 pm

        ဖားရိုက်တာများခက်လွန်လွန်းလို့ … လက်မလောက်ရှိတဲ့ကြိမ်လေးနဲ့ ဖတ်ကနဲ ခပ်ဆတ်ဆတ်လေးခေါင်းကိုချိန်.ရိုက်လိုက်..အိတောင်မအော်နိုင်ဘူး ..ပြီးရင် ရေနွေးပူပူထဲ ပလုတ်ကနဲ ပစ်ထည့်… အရေခွံခွာ…ဗိုက်ခွဲ အူထုတ်ပြီး ခြေလက်ဖြတ်လိုက်ရင် ဖြူဖွေးအိစက်နေတဲ့ အသားတွေချည်းကျန်ခဲ့တာ.. အဲ့တာတစ်မှု..ငယ်တုန်းကဖားလိုက်ရိုက်ရင်း မြွေတွေ့ရင်မြွေပါရိုက်သတ်ချက်စားပစ်တာ…..ကင်းမြီးကောက်အမည်းကြီးတွေတွေ့ရင် ကင်းမြီးကောက်ပါဖမ်း အဆိပ်ဆူးကိုညှပ်ပြီး အစိမ်းဝါးပစ်တယ်…ငါဟဲ့ ကချင်… …

        ..ပြီးတော့ လက်ခလယ်လေး ထောင်ထားပြီး လက်သန်းနဲ့ လက်သူကြွယ် နဲ့ညှပ်ဖမ်းလိုက်ရင် ..ငါးရှဉ့်ကမလွတ်တော့ဘူး …
        ပုဇွန်လုံးကျတော့ အပေါ်ကဖိလိုက်ရင် ဘာဆိုဘားမှမလုပ်နိုင်တော့ဘူး ….
        နောက်များမှ ကြွက်ဖမ်းနည်း ။ ပူးကောင်တူးနည်း ။ ပုရစ်ကောက်နည်း ။ စာကလေးထောင်နည်း ။ ရှဉ့်ဘိထောင်နည်းတွေပြောပြအုံးမယ်…အဟိဟိဟိ

        တနေ့ကတုန်း စိမ်းလန်းမှာ အတွဲချိန်းတုန်း .. ဗီဇပြပြီး လက်မောင်းလုံးလောက်ရှိတဲ့ ငါးရံ့ကို လက်ဗလာနဲ့ ဖမ်းပြလိုက်သေးတယ်…. ငါကွ ဆူပါကချင်… အငိငိငိ

        • kai

          July 17, 2015 at 2:01 pm

          ကင်းမြီးကောက်အစိမ်းဘာအရသာလည်း သိချင်တာ…
          ပုရစ်နဲ့များတူသလားဗျ…။

          စကားအတင်းစပ်..
          အဲဒီအင်းဆက်တွေက.. မကြာမတင်ဆယ်စုနှစ်တွေထဲ.. ကမ္ဘာ့လူဦးရေတိုး..။ အစားအိုးကြီးလာတာကိုဖြည့်ပေးနိုင်တော့မယ်ဆိုတာပဲ..
          ယူအက်စ်မှာ..စီးပွားဖြစ် မွေးတဲ့သူမွေးကုန်ကြပြီ..။

        • sorrow

          July 17, 2015 at 2:09 pm

          ထူးခြားကောင်းမွန်တဲ့အရသာတော့မရှိဘူး ..ညှီစိမ်းစိမ်းပဲရယ် .. ကြော်လိုက်ရင်တော့ ပုရစ်နဲ့ ဆင်တင်တင်ပါပဲ ။ သူကြီးရဲ့ …အစဉ်အဆက်က ပြောလာတာ အစိမ်းစားရင်…ဟိုဟာအားကောင်းတယ်ဆိုလို့ …. အဟိဟိဟိ

        • အောင် မိုးသူ

          July 17, 2015 at 9:08 pm

          အကောင်ပလောင် ဖမ်းနည်းလေးတွေ ရေးပေးပါဦး။ မြွေတော့ ကြောက်လွန်းလို့ပါ။

  • ဇီဇီခင်ဇော်

    July 16, 2015 at 2:49 pm

    အဟားဟားးး
    ဒီ တစ်ပတ် ဖား ဝယ်ထားတယ်။
    ချက်နည်းလေး တဆိတ်လောက် ပြောပြဂျိဘားးးး

    :mrgreenn:

  • Mike

    July 16, 2015 at 3:10 pm

    .ကိုယ်တွေလည်းငယ်ငယ်က မေမြို့တွင်နေစဉ် မိုးတွင်းဖက်ဆို တောထဲသို့ မှိုရှာ .ဟင်းရွက်ရှာထွက်ကြသည်ပင်…မှိုနီ၊ မှိုစိမ်းစားအလွန်ပေါ..ဖလံတောင်ဝှေးလည်းချိုးလို့ရသည်
    .တောထဲကချောင်းစပ်မှာ ဇရစ်လည်းခူးနိုင်သည်…ပြောရလှ ျင်တော့ စားလို့ရတာအကုန်ရှာခဲ့ယူခဲ့ကြသည်ပင်
    .ခုတော့ မေမြို့လည်းတောင်ကတုံးဖြစ်နေပြီ
    .မိုးဦးက ျတွင်ပေါ်ပေါက်တတ်သော ဒန့်ကွ ျဲရွက်( မိုက ျလဘက်ဟုလည်းခေါ်)လည်းအလွတ်မပေးခဲ့ပေ
    .လွမ်းမိပါသည်ပေါ့

  • တောင်ပေါ်သား

    July 16, 2015 at 3:10 pm

    ခီညားလုပ်မှ ဒီညနေလှည်းတန်းဈေးဝင် ဖား နဲ့ ပိန်းရိုး ရှာဦးမှပါ ၊

  • aye.kk

    July 16, 2015 at 3:18 pm

    အန်တီကတော့ မိုးရာသီမှာ
    ငါးပေါင်းထုပ်,ထုပ်စားရတာ အရမ်းနှစ်သက်တယ်။။

  • မွသဲ ( 17082011 )

    July 16, 2015 at 4:25 pm

    ကိုင်းကိုင်း ဧည့်သည်လိုရင်လုပ်ပေးမယ်နော် ခေါ်လိုက် အားနာဇာလိုဘု ခိခိ

    • အောင် မိုးသူ

      July 17, 2015 at 9:09 pm

      ခေါ်ချင်ပါတယ် အိမ်ကကျဉ်းတယ်။ ကန်ထရိုက်ဆောက်ပီးမှပဲ ခေါ်တော့မယ်

  • kai

    July 16, 2015 at 4:45 pm

    လော့ကျတဲ့အိမ်မှာတော့.. မိုးညို့တာ..မိုးရွာတာ..တော်တေ်ာရှားပြီး.. ဒီနှစ်ထဲဆို..မတွေ့ရသလောက်..
    ဖားလည်းမရှိ..ငါးလည်းမရှိ..

    တလောကတော့.. မိုးမရွာပဲစိမ်းနေတဲ့…ရက်ဒ်ဝုတောကြီးထဲလယ်လယ်သွားတာ.. ငှက်ပျောသီးအရွယ်လောက် ပတ်ကျိတွေတွေ့ရပြီး.. စိတ်ထဲကျော်စားလိုက်ရင်တော့.. ကောင်းမှာပဲထင်မိ… :k:

  • YE YINT HLAING

    July 16, 2015 at 5:04 pm

    မိုးရာသီမှာ ထမင်းပူပူ ဟင်းပူပူစား ရတဲ့ အကြိုက်ချင်းတူတယ်။ငရုပ်သီးစပ်စပ်လေးနဲ့ဆို ပိုလို့ကောင်း။

  • မုးိနည်းတဲ့ဒေသမှာ ကြီးပြင်းလို့လားတော့ မသိ မိုး ရွာရင် မ နေတတ်။

    ဒါပေမယ့် ခပ်ငယ်ငယ်က ရွာတစ်ရွာကိုအလည်သွားတော့ ဖားသား ဟင်း စ စားဘူးတာဘဲ။

    မိုးတွေရွာတဲ့ ရက် ဖားသား ကြော် ငရုတ်သီးထောင်း ချဉ်ပေါင်ဟင်း

    အတော်ကို စားကောင်းတဲ့ ထမင်းပွဲ ဆိုတာတော့ မှတ်မိတယ်။

  • မြစပဲရိုး

    July 17, 2015 at 4:46 am

    ဖားတော့ မစားဖူးဘူး။ လယ်ကြွက်တော့ စားဘူးခဲ့တယ်။ ကြက်သား လိုပါဘဲ။
    မသိဘဲ စားလိုက် မိလို့ ။ သိရင်တော့ စားရဲမယ် မထင်။

    ကနဖော့လဲ မစားဖူးဘူး။

    ငါးပေါင်းထုပ် ကတော့ ငါးရံ့ နဲ့ ထုတ်တာစားဘူး တယ်။ ဆန်မှုန့် ပါတယ် ထင်မိတယ်။ ပေါင်းနည်း လေးမျှဦး။

  • zarlay

    July 17, 2015 at 1:46 pm

    ပြန်ရပါတယ် မိုးရာသီကနှစ်တိုင်းရှိတာကို
    ဟဲ….ဟဲ

Leave a Reply