Increasing your vocabulary (12) – Saya Myo Kyaw Myint

kaiJuly 18, 20152min1273

အရောင်လေးတွေနဲ့ ပတ်သက်တဲ့ idiom လေးတွေအကြောင်း အတော်အသင့် ဖော်ပြခဲ့ပြီးပါပြီ။ စာဖတ်ပရိသတ်ရဲ့ တောင်းဆိုချက်အရ ယခုလတွင် ကျန်ရှိနေသေးတဲ့ အရောင်နဲ့ ပတ်သက်တဲ့ idom လေးတွေကို ဖော်ပြလိုပါတယ်။
ဦးစွာပထမ အနီရောင် red နဲ့ ပတ်သက်တဲ့ idiom လေးတွေ လေ့လာကြည့်ရအောင်။ red carpet treatment ဆိုတဲ့ idom လေးကို ကြားဖူးကောင်း ကြားဖူးကြပါလိမ့်မယ်။
ဆိုပါစို့  – မြန်မာပြည်က မိဘတွေက US ကို အလည်လာကြမယ်ဆိုရင် ရိုးရိုး ကြိုဆိုလို့ ဘယ်ဖြစ်မလဲ။ red carpet treatment ပေးသင့်တာပေါ့။ တနည်းအားဖြင့် အထူးအရေးပါသူများ ဖြစ်တဲ့အတွက် သာမန်မဟုတ်ဘဲ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကြိုဆိုတာကို red carpet treatmentလို့ ဆိုလိုတာပါ။ ပန်းစည်းတွေပေးမယ်။ limousine နဲ့ အိမ်ကို ခေါ်လာမယ်။ အိမ်မှာလည်း နှင်းဆီပန်းတွေ ဝေနေအောင် ခင်းထားမယ်ဆို red carpet treatmentပေးတယ်ပေါ့။ ဒီတော့ သူငယ်ချင်းတွေကို ”I’m going to welcome my parents to the US by giving them a red carpet treatment.” လို့ ပြောလို့ ရပါတယ်။

နောက်  idiom လေးတခုကတော့ to catch someone red-handed အဓိပ္ပာယ်ကတော့ တစုံတယောက်က တစုံတခု မဟုတ်တာ လုပ်နေချိန် လက်ပူးလက်ကြပ် ဖမ်းမိတယ်ဆိုတဲ့ သဘောပေါ့။ လူငယ်လေးတွေ သတိထားကြပေါ့။ လူငယ်ပီပီ လူကြီးတွေ မသိအောင် တစုံတခု လုပ်မယ်ဆိုရင် ”Someone might catch you red-handed ” တနည်းအားဖြင့်တော့ မဟုတ်တာ လုပ်နေတုန်း လက်ပူးလက်ကြပ် မိသွားတတ်တယ်ပေါ့။ ဥပမာ – ”I went out with my boyfriend last night, and my uncle caught us red-handed.” ရည်းစားလေးနဲ့ တခါပဲ ရုပ်ရှင်သွားကြည့်မိပါတယ်။ ရုံထဲမှာ ဦးလေးနဲ့ ပက်ပင်းတိုးတော့တာပါပဲ”လို့ ပြန်ဆိုရပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေ ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ သွားကြလာကြ ပြောကြဆိုကြ ဆက်ဆံရတဲ့အခါ red flag  လေးတွေကို သတိပြုမိဖို့လိုပါတယ်။ red flags ဆိုတာကတော့ တစုံတခု လွဲမှားနေပြီ ၊ ချို့ယွင်းနေပြီ ဆိုတဲ့ လက္ခဏာလေးတွေပေါ့။ ဥပမာ – ”Before he committed suicide,John showed us all a lot of red flags. We were wrong not to have followed up with him”  ”ဂျွန်ဟာ သူ့ကိုယ်သူ သတ်မသေခင် တစုံတခုတော့ ချို့ယွင်းနေပြီဆိုတဲ့ လက္ခဏာလေးတွေ ပြရှာသားပဲ။ သတိမပြုမိဘဲ မသိလိုက်မသိဖာသာနေမိတာ… ဒို့တတွေရဲ့ အမှားပေါ့။” လို့ ပြန် ဆိုနိုင်ပါသည်။

မြန်မာအများစုဟာ ခရီးသွားရတာ အလွန်နှစ်သက်ကြပါသည်။ ဒါ့ကြောင့်လည်း အမိမြန်မာနိုင်ငံနဲ့ အဝေးကြီးမှာ ရှိတဲ့ US ထိ ရောက်လာကြတာပေါ့။အကယ်၍ ခရီးလည်းသွားလိုတယ်၊ ငွေကြေး အကုန်အကျလည်း သက်သာလိုတယ်ဆိုရင် red-eye flight ကို ဝယ်ယူကြပါ။ red-eye flight ဆိုတာ ညဉ့်နက်မှ စတင်ထွက်ခွါတဲ့ flight  ကို ဆိုလိုပါတယ်။ တညလုံး စီးသွားပြီး မိုးလင်းမှ ကိုယ်လိုရာ ရောက်တာမျိုးပေါ့။

US မှာ အလုပ်လုပ်နေကြတဲ့ မြန်မာလူမျိုးတိုင်းသိထားသင့်တဲ့ idiom လေးတခုကတော့ in black and white ဖြစ်ပါတယ်။ တိတိကျကျ ရှိနေတဲ့ ၊ တနည်းအားဖြင့် စာနှင့် ရေးသားထားတဲ့ စည်းမျဉ်းစည်းကမ်းမျိုး၊ ကတိမျိုးကို ဆိုလိုပါတယ်။ ပါးစပ်က ပြောတာမျိုး မဟုတ်ဘဲ အနည်းဆုံး e-mail မှာ ပါတဲ့ ကိစ္စမျိုးကို ရည်ရွယ်ပါတယ်။
ဆိုပါစို့ တဖက်အရာရှိက ကိုယ့်ကိုသဘောကျလို့ လခတိုးပေးမယ်လို့ ပြောလာတယ်။  ပြောတာကတော့ ပြောတာပဲ။ စာနဲ့ ပေနဲ့ တိတိကျကျ မယူထားရင်တော့ အဲဒီလခတိုးပေးဖို့ နှစ်ရှည်လများ စောင့်ကောင်း စောင့်ရလိမ့်မယ်။ ဒီတော့ …
”Thank you for offering to increase my pay in six months. If you wouldn’t mind putting it in black and white, I would really appreciate it. ဆိုပြီး လက်ဆုပ်လက်ကိုင် သက်သေယူထားရင်တော့ ၆ လ အကြာမှာ လခတိုးဖို့ သေချာပြီနော်။

မြန်မာအများစုဟာ blue collar jobs (အလုပ်ကြမ်း)တွေထက် white collar jobs (ရုံးအလုပ်)နဲ့ ပို သင့်ကြပါတယ်။ ဟုတ်တယ်လေ။ ဒို့လူမျိုးက နူးညံ့သိမ်မွေ့ကြတယ်။ လှပတင့်တယ်ကြတယ်။ ဒီတော့လည်း ကြမ်းတမ်းတဲ့အလုပ်မျိုးတွေ တနည်းအားဖြင့် blue collar jobs တွေနဲ့သိပ် မလိုက်ဖက်ပါဘူး။ white collar jobs မျိုးနဲ့မှ ပိုလိုက်ဖက်တာ မဆန်းလှပါဘူး။ အဲ တခုတော့ ရှိတာပေါ့။ white collar jobs မျိုး လုပ်ချင်ရင်တော့  အင်္ဂလိပ်စာကို အတော်အသင့်တော့ ကျွမ်းကျင်ဖို့ လိုလိမ့်မယ်။  အနည်းဆုံးတော့ မြင့်မြင့်ရေးတတ်၊ ပြောတတ်ဖို့ လိုမယ်လေ။ blue collar jobs တွေကEnglish ပြောတတ်ရုံနဲ့ ရနိုင်ပါတယ်။

ဒီနိုင်ငံမှာတော့ ဘာအလုပ်ပဲ လုပ်လုပ် ယောကျာ်းဆိုရင်  ဘောင်းဘီဝတ်ရမယ်။ ဘောင်းဘီဝတ်တဲ့အခါ  belt ခါးပတ် ပတ်ဖို့ လိုလိမ့်မယ်။ ဒီတော့ green belt ဆိုရင် အစိမ်းရောင် ခါးပတ်လေးလို့ မထင်လိုက်ကြပါနဲ့။ ဥပမာ –
”There’s a green belt surrounding San Jose.” ဆိုတာနဲ့ ”ဟာ… ဟန်ကျပြီ။ အစိမ်းရောင် ခါးပတ်တခုတော့ အလကားရပြီ”လို့ မထင်လိုက်ပါနဲ့။ ”San Jose မြို့ကို စိမ်းလန်းစိုပြေနေတဲ့ လယ်တောယာတောတွေ သစ်ပင်ပန်းမာလာတွေနဲ့ ဝိုင်းရံထားတယ်”လို့ ဆိုလိုတာပါ။

ပန်းရောင်  pink  ကိုတော့ မိန်းကလေးတော်တော်များများက နှစ်သက်ကြတယ်။ နှစ်လည်း နှစ်သက်သင့်ပါတယ်။ တကယ်ကို လှပတဲ့အရောင်လေးပါ။ ဒါပေမဲ့ တစုံတယောက်က ”I’m tickled pink by your gift.” လို့ ဆိုရင် ”ဟိုက်… ဘယ်နှယ့် ငါ့လက်ဆောင်ကြောင့် သူ အရောင်ပြောင်းသွားရသလဲ” လို့ မထင်မိပါစေနဲ့။ tickled pink ဆိုတာ အရမ်းကို သဘောကျတယ်။ ကျေးဇူးအများကြီး တင်တယ်ပေါ့နော်။

အဲ… ပန်းရောင်လေးဟာ လှပပေမဲ့ pink slip ကိုတော့ ဘယ်သူမှ မလိုချင်ကြဘူးနော်။ US မှာ အလုပ်လုပ်နေကြတဲ့ မြန်မာများ အင်မတန် ကြောက်တဲ့ စကားစုလေးပေါ့နော်။ ရုံးမှာများ တစုံတယောက်က ”He got a pink slip.” ဆိုရင် ”ငါလည်း ပန်းရောင် စာရွက်လေးတရွက်လိုချင်လိုက်တာလို့ မပြောမိပါစေနဲ့။ အားလုံး သိကြတဲ့အတိုင်း  pink slip ဆိုတာ အလုပ်ဖြုတ်တဲ့ စာကို ဆိုလိုပါသည်။ pink slip ရပြီ ဆိုရင်တော့အလုပ်ပြုတ်ရှာပြီပေါ့။ အလုပ်မပြုတ်ရအောင် ကိုယ့်မှာ ရှိနေတဲ့ grey matter ကို ကောင်းကောင်း အသုံးပြုတတ်ဖို့ လိုပါတယ်။

ဒီနေရာမှာ grey matter ဆိုတဲ့ idiom လေးရဲ့ အဓိပ္ပာယ်ကတော့ brain တနည်းအားဖြင့် ဦးနှောက်ပေါ့နော်။ ”Use your grey matter and you will never lose your job.” လို့ ဆိုတတ်ကြပါတယ်။ ”ဦးနှောက်ကို ကောင်းကောင်း အသုံးသူများဟာ အလုပ်ပြုတ်မှာမကြောက်ရဘူး” ဆိုတဲ့ သဘောပေါ့နော်။

US မှာ ရှိနေတဲ့ မြန်မာတွေရော၊ မြန်မာပြည်မှာ ရှိနေတဲ့ မြန်မာတွေကိုပါ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရကြုံရ ”Never wave a white flag.” လို့ အကြံပေးရင်း နိဂုံးချုပ်လိုပါတယ်။ wave a white flag ဆိုတဲ့ idiom လေးကတော့ အရှုံးပေးတယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။ ဒီတော့ ဘဝမှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ လက်မြှောက် အရှုံးပေးတဲ့ အလုပ်ကိုတော့ မလုပ်ကြပါနဲ့။
”Never wave a white flag.”လို့ တိုက်တွန်းရင်း နားပါဦးမည်။

3 comments

  • ကူမားရ်

    July 18, 2015 at 2:54 pm

    pink ကို ကျန်းမာရေးနဲ့ဆိုင်တဲ့နေရာ မှာ လည်းသုံးတတ်ပါတယ်
    ငယ်ငယ် က ဆရာ မ Mrs. Joy lluu ( Head of the department English. IM 2 )
    က Letter writing မှာ သင်ပေးခဲ့ဘူးတာလေး သတိရတယ်
    How are yo??
    I hope you are well, as for me, I am in the pinkest of health လို့ pink noun ကို adjective ပြောင်း ပြီး အကောင်းဆုံးကျန်းမာရေး အခြေအနေမှာ ရှိတယ် ဆိုတာ ရေး ဖို့ သင်ပေးခဲ့တယ်
    English နဲ့ပါတ်သတ်လာတိုင်း ကိုယ် သိတာလေးတွေ ခုလို ပြောနိုင်ဆိုနိုင် ဝင်ရောက် ဆွေးနွေး နိုင်အောင် သင်ကြားပေးခဲ့ဘူးတဲ့ သင် မြင် ကြား ဆရာ ဆရာ မများ ကို စိတ်နဲ့ လှမ်းပြီး ကန်တော့မိ တာ။

  • ဇီဇီခင်ဇော်

    July 18, 2015 at 3:00 pm

    http://myanmargazette.net/116350
    ဒီ မှာ တီချယ်ကြီး ပို့(စ)၊
    ခုန က ဂီ ပို့(စ) ရှာရင်း တွေ့လို့ လာပေါင်းလိုက်တယ်။
    ~~~~~~~~~~~~~~~~~~

    “Red or Blue?”

    စကားလုံးလေးတွေလှတာနဲ့ အသုံးဝင်မလားဆိုပြီး တင်လိုက်ပါတယ်။ ကျမတို့
    ဗမာစကားထဲမှာ အသုံးအနှုံးတစ်ခုရှိတယ်။ “ သူပြောလိုက်တာ စကားထဲမှာ အရောင်
    ပါတယ်နော၊ သတိထားကြ” ။ တဲ့။

    ဒီမှာ အဓိပ္ပါယ် က သူ့စကားထဲမှာ ဘက်လိုက်မှုတစ်ခုခု ဆိုလိုချက်တစ်ခုခုပါတယ်လို့
    ရည်ရွယ်မယ်ထင်ပါတယ်။

    အခု ကျမ တင်လိုက်တဲ့ ဝေါဟာရလေးတွေကတော့ အရောင်အများကြီးမပါပါဘူး။
    အနီရောင် နဲ့ အပြာရောင် နှစ်မျိုးထဲပါ။ အနီလားအပြာလား ပေါ်မှာမူတည်ပြီးတော့
    အဓိပ္ပါယ်လည်းပြောင်းသွားတော့တာပါပဲ။ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာသာစကား
    လေ့လာရတာဝါသနာပါမယ်ဆိုရင်ပြောတာပါ။

    အကယ်၍ Language ဝါသနာမပါဘူး၊ ဖတ်ရတာပျင်းတယ်ဆိုရင်လည်း
    တစ်ခေါက်ဖတ်ကြည့်လိုက်ပါ။ တစ်နေ့နေ့ သူများပြောသံကြားရင် ငါဖတ်ဖူးတယ်။သိတယ်
    ဆိုတယ် ခံစားချက်ရယူပါ။ မိတ်ဆွေတို့ တစ်ခေါက်ဖတ်ရတာ မပင်ပန်းပါဘူး။ ကျမ ရေးထုတ်
    ရတာ နည်းနည်းအားစိုက်ရပါတယ်။ အဘိဓါန်သုံးပြီး မမှားအောင် အကြိမ်ကြိမ် စစ်ရပါတယ်။

    ဒါကြောင့် စာဖတ်ကြပါလို့ မေတ္တာ ဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ကွယ်။
    ကဲ အရင်ဆုံး သိမသိဖြေကြည့်ပါ။ စိတ်ပျက်သွားမှာစိုးလို့ အဖြေတန်းပေးထားပါတယ်။

    အောက်ဖော်ပြပါဝါကျတွေ၊ စာစုတွေထဲက ကွက်လပ်တွေထဲမှာ red or blue တစ်ခုခု
    ထည့်ပေးရမှာဖြစ်ပါတယ်။

    (1) They caught her ______ -handed.
    သူမကို လက်ပူးလက်ကြပ်မိတယ်။
    (red – handed)

    (2) peacock ______
    စိမ်းပြာပြာအရောင်တောက်တောက်
    (peacock blue)

    (3) a bank account that is in the _______
    ဘဏ်ကိုငွေပေးချေစရာရှိသော ဘဏ်စာရင်း
    ( a bank account that is in the red)

    (4) to feel ______
    ( စိတ်မပျော်ရွှင်၊ ငိုချင်ချင်)
    ( to feel blue)

    (5) once in a ___________ moon
    တစ်ခါတစ်လေလေးပါ။
    (once in a blue moon)

    (6) ______________ cheese
    အပြာရောင်သန်းတဲ့ ဒိန်ခဲ
    (blue cheese)

    (7) a _____________ deer
    နွေမှာ အညိုရောင် သို့မဟုတ် နီညိုရောင်ပြောင်းသောသမင်
    (a red deer)

    (8) a ________-chip share
    အရှုံးမရှိနိုင်တဲ့ စိတ်ချရတဲ့ ရှယ်ယာ
    (a blue-chip share)

    (9) government ______________ tape
    အစိုးရ ကြိုးနီ စံနစ်
    ( government red tape)

    (10) a ______________ herring in a whodunit
    အမှုမှန်ဖော်ထုတ်ရေးမှာ အရေးမပါတဲ့ အချက်အလက်များ
    (a red herring in a whodunit)

    (11) It was like a ______________ rag to a bull.
    ဒေါသူပုန်ထတော့တာပါပဲ။
    ( It was like a red rag to a bull.)

    (12) a ________ -eyed boy
    မျက်နှာသာပေးခံရတဲ့ ကောင်လေး
    (a blue-eyed boy)

    (13) ________bells growing wild in a forest
    တောထဲမှာ အစွမ်းကုန် ပွင့်လန်းနေကြတဲ့ ခေါင်းလောင်းပြာပန်းလေးတွေ
    (bluebells growing wild in the forest )

    (14) The offer came completely out of the __________.
    ကမ်းလှမ်းချက်က လုံးဝ မမျှော်လင့်ဘဲ ပေါ်လာခဲ့တယ်။
    The offer came completely out of the blue.

    (15) a __________ -collar worker
    ကာယလုပ်သား
    (a blue-collar worker)

    (16) _______ -sky research
    စိတ်ကူးသာရှိသေးတဲ့သုတေသန
    (blue-sky research)

    (17) to see ______________
    စိတ်အလွန်တိုတယ်။
    (to see red)

    (18) a _________ – letter day
    တစ်သက်တာမမေ့ အလွန်ေပျော်ရတဲ့နေ့
    (a red-letter day)

    (19) He went as _____________ as beetroot.
    သူရှက်လို့ မျက်နှာကိုနီရဲ သွားတာပဲ။
    (He went as red as beetroot.)

    (20) a _________print.
    ဒီဇိုင်း ပုံကြမ်း
    ( a blueprint )

    တစ်ခါတစ်လေမှာ အနီရောအပြာရော ထည့်လို့ရတဲ့ စကားလုံးရှိသေးတယ်။

    ဥပမာ။ ။ Blue-blooded = describes someone who has been born
    into a family which belongs to the highest social class.
    အဆင့်မြင့်မြင့်မိသားစုထဲမှာ ပေါက်ဖွားလာသူ။

    ဥပမာ။ ။ Red-blooded = describes someone who seems full
    of confidence or sexual energy.
    ကာယခွန်အားတွေများပြီး နေသူ ၊
    ယုံကြည်ချက်တွေ ပြည့်နေသူ။

    ဆိုတော့ အရောင်လေးတွေ ကွဲပြားအောင်သုံးနိုင်ကြပါစေ လို့မှာလိုက်ပါရစေ။

    (TTNU)

    • မြစပဲရိုး

      July 18, 2015 at 10:04 pm

      ဒါကြောင့် ဒီမှာ ကွန်တစ် တွေ က အပြာဖြစ်ပြီး လေဘာ တွေ က အနီ ဖြစ်နေတာ ဖြစ်မယ်။ :-))

Leave a Reply