. မြ ရဲ့ သင်ပုန်း ၁၉-၀၇-၂၀၁၅

မြစပဲရိုးJuly 19, 20151min16011

. မြတို့ မျိုးရိုး သည် နယ် ဖက်မှ ဖြစ်သည်။
အဖေ့ ရဲ့ ဇာတိမြို့ က ပလာတာ နာမည်ကြီး ဖြစ်သည်။
အဖေ့ အဖေ  ရဲ့ မြို့လေး က တော့ နာမည်ကြီး ခေါက်ဆွဲ ကို အမည်တပ်ခေါ်နိုင်သည်။
အဖေ တို့ ညီအစ်ကို အတွက် အဖိုး က မြင်းကြီးများ ဝယ်ထားသည် ဟု ပြောသည်။
တစ်ခါတစ်ရံ အဖေ့ ရဲ့ ငယ်ပုံပြင်ထဲ က မြင်းနက် ထွားထွား ကြီး များ  မြင်ယောင်ကြည့်မိသည်။
. မြရဲ့ အဖိုး သည် စီးပွါးရှာကောင်း ပုံရခဲ့သည်။
သက်တမ်း တော့ သိပ်မရှည်လိုက်။
အဖေတို့ ဆယ်ကျော်သက် မှာ ဆုံးခဲ့သည်။

. မြတို့ ကလေးဘဝ ငယ်ငယ် က မြ တို့ ကို ထိန်းပေးသည့် လင်မယား ရှိသည်။
အဖိုး ရဲ့ ကားဒရိုင်ဘာ လင်မယား လို့ ပြောသည်။
သူတို့ သည် မြ ရဲ့ အဖေ့ ကိုလဲ ငယ် ကထဲ က ထိန်းလာသူများ ဖြစ်သည်။  မြ ရဲ့  အဖေ ရန်ကုန် ပြောင်းချိန် သူတို့ ပါ ပါလာကြသည်။
ထို လင်မယား တွင်  အဖိုးကြီး ဆုံးတော့ အဖွားကြီး ကို အဖေ က အိမ် ကို ခေါ်ထားခဲ့သည်။

ထို အဖွား ဆုံးချိန် အဖေ့ ကို ပစ္စည်းလေး တစ်ခု အမွေ ပေးခဲ့သည်။
“လွတ်လပ်ရေး မော်ကွန်းဝင် တတိယဆင့်” ဟု ရေးထားသော တံဆိပ်လေး ဖြစ်သည်။
တန်ဖိုး ရှိမည် မဟုတ်သော်လည်း အဖေ သည်  အမြတ်တနိုး သိမ်းထားသည်။

အဖေ အမြတ်တနိုး ထားလွန်းသည့် ပစ္စည်းတွေ ထဲ ဗိုလ်ချုပ်အောင်ဆန်း ၏ မှန်ဘောင်သွင်း ဓာတ်ပုံ ကြီး လဲ ပါသည်။
အတော်လေး ကြီးသည်။
. မြတို့ ကြီး သည် အထိ ဧည့်ခန်းထဲ ချိတ်ထားသည်။
၈၈ အပြီး မှာတော့ ဖြုတ်သိမ်းခဲ့ရသည်။
အဖေ့ ရင်ထဲ တွင်တော့ ထို ပုံ သည် အမြဲ ရှိမည် ကို ယုံသည်။

ထို သွေးသည် မြ ဆီ ကို ကူးလာသည် ဟု ထင်သည်။
.မြတို့ သိတတ်ခါစ အရွယ်ထဲ က အာဇာနည် နေ့ ဆို ရေဒီယို ဥဩ ဆွဲသံ ကို နားထောင်၍ အလေးပြု ရသည်။
ဘာလို့ မှန်းမသိ။ မေလှမြိုင် သီချင်း နားထောင်ရင်း မျက်ရည်ဝိုင်းလေ့ ရှိခဲ့သည်။
. မြ အဖေသည် တာဝါလိန်း ရှိ ဗိုလ်ချုပ်ပြတိုက် သို့ မြတို့ မောင်နှမ တွေ ကို နှစ်တိုင်းပို့သည်။
ထို အိမ်ရှေ့ရှိ အောင်ဆန်းလင်း ရေနှစ်သည့် ရေကန် လေး ကို ကြည့်ပြီး စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရသည်။

. မြ အသက်ကြီး လာချိန် အောင်ဆန်း သမိုင်း စာ တွေ ကို ဖတ်သည်။
ထိုစာများ မှ သူ့ရဲ့. ကောင်းသည့် အကျင့်များ သာမက ဆိုးသည့် အကျင့် များ ကိုလဲ မြင်မိသည်။
သမိုင်းထဲ ဇာတ်ကြမ်းတိုက်ခဲ့ သော အဖြစ် တစ်ခု ကို လဲ ဖတ်ဘူးသည်။
သို့ပေသည့် သူ့လုပ်ရပ်တိုင်း ရဲ့ နောက်မှာ သူ့ရဲ့ စေတနာ သူ့ရဲ့ မေတ္တာ ကို အထင်းသား မြင်နေရသည်။
မှားသည် မှန်သည် ဆိုသည့် ဝေဖန်သည့်  အကြောင်းများသည် သူ့ရဲ့  တိုင်းပြည် လူထု အပေါ်ထားခဲ့သည့် ကြီးမားသော သစ္စာတရား အောက်မှာ ကျန်ခဲ့သည်။

ဘာပြောပြော အောင်ဆန်း သမိုင်း သည် ဘယ်အခါမှ မရိုင်းခဲ့။
သူ့ စကား တွေ ကို နားထောင်ဖို့  ဘယ်တော့မှ မရိုး ခဲ့။
သူ့ အကြောင်း မှတ်တမ်း တွေ ကို ဖတ်ဖို့ ဘယ်တော့မှ မပျင်းခဲ့။
ထို မှတ်တမ်း တွေထဲ ရီရမလို ငိုရမလို အဖြစ် တွေ ကိုလဲ ဖတ်ဖူးသည်။
. ပြည် ရွှေတောင် မှ တစ်ဆင့် ရခိုင် သို့ အသွား ဖွတ်ချက် ဖွတ်ချက် ကားစုတ် လေး ပျက်သည့် အကြောင်း ထဲ ကိုအောင်ဆန်း ကိုယ်တိုင် ကားဆင်းတွန်း ရသည် ကို လဲ မြင်ယောင်ခဲ့လိုက်သည်။

. မြပြုံးခဲ့ မိသည်။
အဖေတို့ ငယ်စဉ်က မြ ရဲ့ အဖိုး မှာလဲ ဖွတ်ချက်ချက် အော်စတင်ကားစုတ် အမဲ လေး ရှိခဲ့ဖူး၏။

AS

11 comments

  • ဇီဇီခင်ဇော်

    July 19, 2015 at 4:29 pm

    ပြည် ရွှေတောင် ဆက်တွေပေါ့။

    ပေါင်းတည်မှာ ၃ နှစ်လောက် နေဖူးသဗျ။

    အစားအသောက်နဲ့ ရာသီ လေးကောင်းသော်လည်း အညာလောက် မပျော်၊
    အဲဒီဘက် အဆက်တွေက ဖြူဖြူချောချောတွေနော်။

    အဲဒီ ဘက်က လူတွေက သတ္တိအရာ ကောင်းတယ်လို့ ပြောကြတာပဲ။

  • မြစပဲရိုး

    July 19, 2015 at 4:34 pm

    ပထမ မှတ်ချက်လေး အတွက် ကျေးဇူးပါ “မရှိမဖြစ် ဇီ” ကလေး။
    . ဒေါ်ရွှေကြည် လေး လဲ အဲဒီ အဆက် ထဲ က တစ်ဆက်ပေါ့။
    သတ္တိကောင်းမကောင်း တော့ မသိဘူး။
    အဖေ က လက် တော့အင်မတန် မြန် တယ်။
    သား တွေ က အားလုံး လူကြောက် တွေ ချည်းဘဲ။
    သမီး က မှ သူ့သွေး နီးသေး။ lol:-)))

    • ဇီဇီခင်ဇော်

      July 19, 2015 at 4:42 pm

      မွသဲ ရော မွနှင်းရော က ပေါင်းတည် ဆက် တွေ

      🙂

      • မြစပဲရိုး

        July 19, 2015 at 4:47 pm

        အမျိုး တွေ ရွာထဲ ရှိနေတာ မသိဘူး။
        . ကြုံ ရင် အမျိုးစပ်ကြည့်ဦးမယ်။
        . ပေါင်းတည် မှာ အမျိုးတွေ အများကြီး။
        Thanks ဇီကလေး။ ဒါကြောင့် မရှိမဖြစ်ပါလို့။ :-)))

      • ဦးကျောက်ခဲ

        July 20, 2015 at 10:06 am

        ပြည် ရွှေတောင် ပေါင်းတည် တကြောမှာ…
        နှင်းနှင်း အမေဘက်က အမျိုးတွေ အတော်များတယ်…
        ဆွေမျိုးစပ်ချင်ရင် သူ့ကိုမမေးနဲ့ … ဘာမှမသိ… ဟိ
        ကျောက်စ်ကိုသာ… မေးပါလှည့်… ခွိ :k:

        • ဇီဇီခင်ဇော်

          July 20, 2015 at 10:26 am

          သများတို့ နေခဲ့တဲ့ လမ်းထိပ်မှာ
          တက္ကသိုလ် ဘုန်းနိုင်ရဲ့ မိုးညအိမ်မက်မြူ အိမ် ရှိပါတယ် ခင်ညာ။
          :mrgreenn:

  • ကိုလတ်ကြီးသာ ဒီမှာရှိနေရင်

    အခုအချိန်ဆို

    ဒေါ်အောင်ဆန်းစုကြည် နံဘေး မှာရောက်နေလောက်တယ်

    • မြစပဲရိုး

      July 19, 2015 at 5:16 pm

      မှတ်ချက်လေး အတွက် ကျေးဇူးပါ ကိုပေါက်ကြီး ရယ်။
      ကျွန်မ တစ်ချိန်လုံး သူ့အနားမှာ အဝေး ကနေ ရှိနေခဲ့တာပါ။ :-))

      ဒီအတွက် ဒီရွာ နဲ့ ဒီ သူကြီး ကို ကျေးဇူး အမြဲတင်ပါတယ်။

      တစ်နေ့တော့ တရားဝင် သူ့ အရိပ် မိုးပေးနိုင်ခဲ့ရင် အဲဒီ မြေ ကို ကျွန်မ ပြန်လာမှာပါ။
      လိုတဲ့ ကွက်လပ် တွေ ဖြည့်ဖို့ပေါ့။
      အဖွား မြို့လေးပြန်ပြီး ကလေး တွေ ကို စာသင်ပေးချင်တယ်။
      အဲဒီ မှာ ကျွန်မ ဆပ်ရမဲ့ အကြွေးတွေ ရှိနေတယ်။
      ထမင်းဝ ဖို့ အတွက်ကိုတော့ တစ်ဖက်က တစ်ခြား ပညာတစ်ခု နဲ့ အလုပ်တော့ လုပ်ရမယ်ပေါ့။
      ကျွန်မ အိမ်မက်ပါ။ တကယ်ဖြစ်မဖြစ်ကတော့ … :-))

      • Ma Ma

        July 19, 2015 at 8:01 pm

        အိပ်မက်ကလေးအတိုင်း ပြည့်ပါစေလို့ ဝိုင်းဆုတောင်းပေးမယ်။

        (သမီး က မှ သူ့သွေး နီးသေး။) ……
        ဆိုတော့ တူလိုက်တာလို့။
        ဘယ်သူနဲ့ဆိုတာ သိတယ်ဟုတ်။ 🙂

  • တောင်ပေါ်သား

    July 20, 2015 at 12:42 pm

    ဘာရေးရမှန်း မသိလို့ ၁၂ ကျပ်ပဲ ယူသွားမိတယ် အရီးရယ်

    ခွင့်လွှတ်နော် 🙂

  • Mike

    July 20, 2015 at 1:18 pm

    .မရိုးနိုင်ဘူးဗျာ..ဗိုလ်ချုပ်အကြောင်းဖွဲ့နွဲ့တဲ့လူတွေကလည်းအဖွဲ့အနွဲ့ကောင်း..ကိုယ်တွေကဖတ်ပြီးဖီးလ်တက်..
    .မနေ့ကတောင်ဗိုလ်ချုပ်အကြောင်းရေးထာတဲ့ကဗျာလေးဖတ်ပြီး မျက်ရည်ဝိုင်းမိတယ်…
    .ဖတ်ပီးသားပေမဲ့ ထပ်ဖတ်လည်းမရိုးပါဘူး..ဖတ်ကြည့်

    BrainWave ဉာဏ်လှိုင်း

    ကျွန်တော်တို့
    အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

    အောက်ပါ ကဗျာသည် မေမြို့မှ အမည်မသိ လူငယ်တဦး ရေးစပ်ခဲ့သော ကဗျာဖြစ်ပြီး ကြိုက်လွန်း၍ ဆိုကာ စာရေးဆရာ ညီမင်းညိုမှ စာပေဟောပြောပွဲများတွင် အခါအားလျော်စွာ ရွတ်ဆိုခဲ့ဘူးသော ကဗျာ ဖြစ်ပါသည်။
    ********************************************************************
    နတ်မောက်…
    မင်းဘာမှထပ်မလုပ်နဲ့
    ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
    ဆယ်ကမာ္ဘစာလောက်တာဝန်ကျေပြီ။

    ခင်ကြည်…
    ညည်းယောက်ျားကိုသေချာကြည့်ထား
    သမီးကလေး ခမည်းပေးဖို့
    ရွှေကလေးတစ်ပဲတစ်မူးတောင်
    အမေအိုဆီ လက်ဖြန့်တဲ့လူသား။
    နိုင်ငံခေါင်းဆောင်ငမွဲကို
    ညည်းစိတ်ပျက်ချင်ပျက်
    သမိုင်းက စိတ်မပျက်စေနဲ့။

    ဗိုလ်ထွန်းလှ…
    ခင်ဗျားဆရာကို ကြည့်ပြောဦး
    လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
    နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။

    ဆရာတော်ဦးသောဘိတ….
    ဒီတစ်ခါကြမ်းတမ်းမိလို့
    ဒီကလေးကို မရိုက်ပါနဲ့
    ရရင်ရ မရရင်ချ ဆိုတာ
    ကျွန်တော်တို့အတွက်ပါဘုရား။

    ဦးဘဝင်း..
    ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
    သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
    စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
    ကျွန်တော်တို့ပဲ နစ်နာကြမှာ။

    ရဲဘော်ကျော်စိန်….
    ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
    ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
    အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

    ဟေ့လူ…ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
    သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
    သွားမတားပါနဲ့။
    ဘဝမှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
    စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။

    ဗိုလ်မှူးကြီးဆူဇူကီး….
    တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
    ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
    အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
    နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။

    အမွိုင်….
    မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
    အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
    နှစ်လလောက်ထမ်းထားလိုက်ရတာ
    အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။

    ဦးစော…
    ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့မရသေးဘူး။
    ဒါပေမဲ့..မပူပါနဲ့။
    ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။

    မစ္စတာနေရူး…
    ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
    အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

    ပဲခူးဆောင်…
    ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ့
    စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
    မခေါက်ရသေးတဲ့အဝတ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
    သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။

    ညိုညိုစိန်….
    ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာအနယ်နယ်အရပ်ရပ်။
    ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
    “ကျုပ်မှာ ကာမပိုင်နဲ့ဗျ” တဲ့။
    မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
    ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။

    ဆြာ စတက်ဖို့ကရစ်ပ်….
    သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
    ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့ဩပါနဲ့။
    ၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
    သူအခုထိ ဆွဲလုနေနိုင်တုန်း။

    ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ…..
    (ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
    စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
    တီးပေးလိုက်ပါဗျ။
    နှလုံးသားမရှိတာမဟုတ်ပါဘူး။
    နှလုံးသားရှိလွန်းလို့ပါ။

    ဂျူဗလီဟော….
    ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
    ခင်ဗျားကို မြင်တိုင်း
    မျက်ရည်ဝဲရင်း အလေးပြုမိလို့။

    ရဲဘော်ကလေးတွေ……
    စိတ်မကောင်းမဖြစ်နဲ့။
    မင်းတို့ခေါင်းဆောင်ကြီးက
    သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
    စိတ်ဆိုးမယ့်လူစားလား။
    “ငွေသော်တာရောင်ခြည်” ဆိုတော့
    အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

    ပြည်ထဲရေးဝန်ကြီးဦးမြ…
    ခင်ဗျား…မှားတယ်။
    သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
    သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
    အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

    ကိုကျော့မောင်….။
    သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
    ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
    သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
    အဲ့လို အပိုဆားဒါးတွေမပါဘူး။

    မေမြို့….
    ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
    နိုင်ငံရေးလောကက ထွက်ရင်
    ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
    ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
    ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။

    ************************************************************************

    စကားချပ်။…။ Comment များ၏ ဖော်ပြချက်အရ ဤကဗျာကို ရေးသားသူသည် ကဗျာဆရာဟိန်း ဖြစ်ပါသည်။

    ************************************************************************

    ၁၉၄၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် စစ်ကြပ်သင်တန်း ဘွဲ့နှင်းအပ်ပွဲ၌ စစ်ဝန်ကြီး မေဂျာဂျင်နရယ် အောင်ဆန်း၏ မိန့်ကြားချက်.

    ဗမာ့တပ်မတော်ရဲ့တာဝန်ဟာ အရင်တုန်းက အင်္ဂလိပ်လက်ထက်က တပ်များလို ကြေးစားမဟုတ်ဘဲ နိုင်ငံနဲ့အမျိုးကို တကယ်ကာကွယ်ဖို့ပဲ။ ဒီသဘောကို ရဲဘော်တို့ဟာ မိမိရရနားလည်ပြီး ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် လုပ်ကြရမယ်။

    ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက် ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲဖြစ်မယ်။ ရဲဘော်တို့ ဒီမှာလာပြီး ဆင်းရဲရတာတွေ၊ နောက် တပ်ထဲမှာ ဆင်းရတာတွေ၊ စစ်မြေပြင်မှာ စွန့်ရမှာတွေအားလုံး အချည်းအနှီးဖြစ်မယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ ပြည်သူ့တပ်မတော်လို့ တစ်နိုင်ငံလုံးက ယုံကြည်အားကိုးလာအောင် ရဲဘော်တို့ဟာ မိမိတာဝန်များကို ထမ်းရမယ်”

    ဤစာစု ဖြင့် ကျေးဇူးရှင် ဖခင် ဗိုလ်ချုပ်အား အလေးပြုပါသည်။

    .နာမည်ကြီး ပြည်ပလာတာတော့ ပြည်ရောက်တိုင်းစားဖြစ်တယ်

Leave a Reply