ရွှေဝါရောင်မြေပြင်ထက်မှ ရွေ့လျားသွားသော ကြယ်ပွင့်လေးများ

“ဟယ်လို….. လှိုင်ထွန်းစကားပြောနေပါတယ်ခင်ဗျာ….. Golden Land Travel & Tours
Co.ltd ကပါခင်ဗျာ…”
          ရုံးခန်းသို့ရောက်ရောက်ချင်းပင်  မြည်လာသောဖုန်းကိုကိုင်လိုက်ကာ  ပြောနေကျစကားအတိုင်း
 ကျွန်တော့်နှုတ်မှ ထွက်ကျသွား၏။ တစ်ဖက်မှပြောသောစကားသံကို ကြားရလိုက်ရသဖြင့်
အတတ်နိုင်ဆုံး (English) အင်္ဂလိပ်လို ယဉ်ကျေးစွာ ကျွန်တော်ဖြေဆိုနေရသည်။ တစ်ဖက်မှ
ဖုန်းချသွားကာမှ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရ၏။ နံနက်ပိုင်း စီးလာသော
ဘတ်(စ်)ကားကြပ်ပါသည်ဆိုမှ ရုံးသို့ရောက်ရောက်ချင်းပင် Tourist ဖုန်းနှင့်တွေ့ရသဖြင့်
 ပိုလို့ပင် အမောဆို့သွားရသည်….။
          ထိုင်ခုံပေါ်တွင်ထိုင်နေရင်းပင် ကျွန်တော်တစ်ချက်ပြုံးလိုက်မိသည်။ ပြည်ပခရီးသွားခြင်း
ဝန်ဆောင်မှုလုပ်ငန်းအား ဝါသနာပါသောကြောင့်သာ Travel & Tours တစ်ခုတွင်
စာရင်းကိုင် (Accountant) နေရာတွင်… လုပ်နေသော်လည်း Hotel (ဟိုတယ်လ်)
အများအပြားနှင့် ဆက်ဆံရခြင်း ၊ Tourist (နိုင်ငံခြားသား) များနှင့်ဆက်ဆံရခြင်းတို့တွင်
မိမိနိုင်ငံအား အထင်မသေး အောင် စကားလှအောင်ပြောနေရသည်နှင့်ပင်
စိတ်ဖိစီးမှုအများအပြား ကျွန်တော့်ထံသို့ ဝင်ရောက်လာသည်။ လုပ်ဖော် ကိုင်ဖက်
အချင်းချင်း ပြောစကားများအရ အစေခံ ဆားဗစ် (Service) (Travel & Tours)
ဟူရျ်ပင်ဖြစ်သည်။ မှန်နေတော့လည်း  နိုင်ငံခြားသား (Tourist) များလာလျှင် စိတ်တိုင်းကျ
အစေခံသဖွယ် ဝန်ဆောင်မှုပေးနေရခြင်းပင်ဖြစ်သည်။
                   ***                        ***                        ***                        ***
G-mail ဖွင့်ဖွင့်ချင်းပင် အသစ်ရောက်လာသော မေးလ်(Mail)တစ်ခုကို ကျွန်တော်ဖွင့်ဖတ်
ကြည့်လိုက်သည်..။ ဩစတေးလျတွင် အလုပ်သွားရောက်လုပ်ကိုင်နေသော
သူငယ်ချင်းထံမှဖြစ်သည်။ သူရေးထားသောစာထဲတွင်  နောက်(၂)လဆိုလျှင်
သူနိုင်ငံသားခံယူတော့မည်ဖြစ်ကြောင်း မိသားစုနှင့် သူငယ်ချင်းများဆီ
တစ်နှစ်တစ်ခေါက်တော့ လာလည်မည်ဖြစ်ကြောင်း သူအားလုံးအဆင်ပြေလျှင်
မိသားစုကိုပါ  ခေါ်ဆောင်မည်ဖြစ်ကြောင်း စာအရှည်ကြီးတစ်တစ်စောင် ကိုရင်မောစွာ
ကျွန်တော်ဖတ်လိုက်ရသည်။ Mail ဖြင့်ပို့လိုက်ရျ်သာ  တော်တော့သည် အပြင်မှာ
သူငယ်ချင်းနှင့် တွေ့လျှင် ကျွန်တော်နှင့်စကားများရဦးမည်။
“ကလင်…….ကလင်းးးးးးးးးးးးး”
“ဟယ်လို……Golden Land Travel & Tours Co.ltd ကပါခင်ဗျာ…”
“@#$%^…… နင်တို့…ဘယ်လိုလုပ်လိုက်တာလဲ……
အလုပ်ကိုသေချာမလုပ်ကြဘူးလား……”
          ပျစ်ပျစ်နှစ်နှစ်  အင်္ဂလိပ်လိုဆဲရေးသံနှင့်အတူ  ကြားလိုက်ရသောအသံကြောင့်
ကျွန်တော်မျက်လုံးပြူးသွားရသည်။ France (ပြင်သစ်) မှ ရောက်လာသော (Tourist)
ဖွားဖွားကြီးတစ်ယောက်ဖြစ်သည် ဟိုတယ်လ်မှထွက်သည့်ရက် (Check Out)
(၄)ရက်နေ့ ဖြစ်ရျ်  ဟိုတယ်လ်မှ ထွက်ပြီး လေယာဉ်ကွင်းသို့အသွားတွင် (၄)ရက်နေ့
ထွက်မည့်လေယာဉ် တွင် သူမနာမည် မပါဘဲ (၅)ရက်နေ့မှပါမည်ဟု လေယာဉ်ကွင်းမှပြော၍
ဟိုတယ်လ်သို့ပြန်အလာတွင် ဟိုတယ်လ်တွင်လည်း (Check Out) အထွက်ပြပြီးသည်ဖြစ်၍
ဝင်မရဖြစ်နေကာ ကျွန်တော့်ထံဖုန်းဆက်လိုက်ခြင်းဖြစ်သည်။ ပြသနာအား အဖြေရှာလိုက်ရာ
တွင်  လေယာဉ်လက်မှတ်ဖြတ်သည့်နေရာတွင် (၄)နှင့်(၅)အား ကွန်ပျူတာတွင်
မှားနှိပ်လိုက်ခြင်းပင်ဖြစ်သည်။
          စာရင်းကိုင်ဟုအမည်ခံထားသော်လည်း  (Toursit)များနှင့် ချိတ်ဆက်
ထားသောကြောင့် ရုံးမှ ဟိုတယ်လ်သို့ ပန်းစည်းတစ်စည်းဝယ်ကာ
ကျွန်တော်သုတ်ခြေတင်ရတော့သည်။ ဟိုတယ်လ်သို့ရောက်သောအခါ
ဧည့်ကြိုကောင်တာတွင် (Reception)တွင် (Tourist)ဖွားဖွားကြီးကိုတွေ့လိုက်ရသည်။
ပန်းစည်းကိုင်ရျ် အနားသွားသောအခါ ဒေါသများ အတုံးလိုက် အတစ်လိုက်ထွက်နေ၍
အသားများတဆက်တုန်နေသည်ကို ကျွန်တော်တွေ့လိုက်ရ၏။
“@#$%…… အလုပ်ကိုသေချာ မလုပ်ဘူး….. @#$%”
          ပန်းစည်းပေးလိုက်သောအခါ ပန်းစည်းအားလွှင့်ပစ်လိုက်ကာ
ပွစိပွစိဖြင့်ပြောဆိုကာ  အော်ဟစ်နေတော့သည်။ ကျွန်တော်နှင့် နောက်ထပ် General
Manager ပါရောက်လာကာ ဒူးထောက်မတတ်တောင်းပန်
ရတော့သည်။ နောက်ဆုံးတွင် နောက်တစ်ရက်ဟိုတယ်လ်တွင် တစ်ည
လက်ဆောင်ပေးနေစေရျ် မနက်စာနှင့်ညစာပါ ထိုဖွားဖွားလက်ဆောင်ပေးလိုက်ရသည်။
အခြားနိုင်ငံမှ နောက်တစ်နိုင်ငံသို့ အသက်ခြောက်ဆယ်ကျော်တစ်ယောက်တည်းလာရဲသော
သတ္တိကိုတော့ ကျွန်တော်ချီးကျူးမိ သည်။ ထိုနေ့မှစရျ် ထိုအလုပ်အား တစ်စတစ်စ
ကျွန်တော်စိတ်ပျက်လာမိသည်။
                   ***                        ***                        ***                        ***
“ကလင်……ကလင်းးးးးးးးးးးး”
” ဟယ်လို……Golden Land Travel & Tours Co.ltd ကပါခင်ဗျာ…”
“ဟဲ့….လှိုင်းထွန်းငါပါဟ…..ချစ်ဆုလေဟာ….”
“အေး…ချစ်ဆုပြောလေဟာ….”
“အကူအညီတစ်ခုတောင်းမလို့ပါ…..ဟ”
“ဘာအကူအညီလဲ ပြောလေ….”
“‘ဒီလိုဟ ငါ့အမေရဲ့သူငယ်ချင်း ကနေဒါ(CANADA)ကရောက်နေလို့ဟ
ပုပ္ပါးက အောင်မင်းခေါင်ပွဲကို သွားကြမလို့တဲ့ အဲဒါ နင်ပုပ္ပါးက တည်းဖို့ဟိုတယ်လ်ရော
ရန်ကုန်မှာ တည်းဖို့ဟိုတယ်လ်ရော သူတို့အကြိုက် အဆင်ပြေအောင် ကူညီပေးပါဟာ “
“အော်…အေး….ဒါဆို သူတို့ကို Summit Parkview Hotel မှာ စောင့်ခိုင်းလိုက်လေ….
ငါအားလုံး လာလုပ်ပေးလိုက်မယ်.”
“အေးအေး…..ငါ့အမေပါ ပါလာလိမ့်မယ်နော်….ကျေးဇူးပဲသူငယ်ချင်း….”
          ရုံးမှဆင်းဆင်းချင်းပင် ကျွန်တော်ဟိုတယ်လ်ဘက်သို့ထွက်ခဲ့သည်။
ချစ်ဆုအမေကလည်း ကနေဒါမှ(CANADA) မှ ဘယ်လို (Tourist)နဲ ့
့ရင်းနှီးနေသည်မသိပေ။ ဟိုတယ်လ် ဝင်ဝင်ချင်း စားပွဲခုံပေါ်တွင် ကျွန်တော်မြင်လိုက်
ရသည်မှာ မြန်မာအမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်ဖြစ်သည်။ ချစ်ဆုအမေက
ကျွန်တော့်အားမြင်သည်နှင့်။
“သား….လာ..အန်တီရဲ့သူငယ်ချင်းတွေလေ…. ခင်မြတ်အေးတဲ့….သူက
ကနေဒါ(CANADA)နိုင်ငံသား ခံယူထားတာလေ… ဟိုဘက်ကတော့ သူ့အမျိုးသား…
သူတို့က ပုပ္ပါးက အောင်မင်းခေါင်ပွဲကို သွားကြမှာ….သားအဆင်ပြေအောင် လုပ်ပေးပါဦး..”
“အန်တီ….ဒီမှာလိုအပ်တာလေးဖြည့်လိုက်ပါဦး……”
          ကျွန်တော်ထိုးပေးလိုက်သောစာရွက်အားကြည့်ပြီး ဒေါ်ခင်မြတ်အေးဆိုသောမိန်းမကြီးသည်
မျက်ခုံးနှစ်ဖက်အား ပင့်ကာ သူ့လက်ထဲမှ ပတ်စ်ပို့စာအုပ်အား ကျွန်တော့်ဘက်သို့
လှမ်းပစ်လိုက်ပြီး။
“ဒါမင်းလုပ်ရမယ့် အရာတွေပဲ….. မင်းမသိဘူးလား မင်းပဲဖြည့်လိုက်လေ….
အန်တီ့ကိုလာမဖြည့်ခိုင်းနဲ့…..”
          အထက်ဆီးနိုင်၍ မြန်မာနိုင်ငံသားမဟုတ်ခဲ့သည့်အတိုင်းပင် မြန်မာလေသံဖြင့်
ကျွန်တော်အားပြောလိုက်သော စကားတစ်ခွန်းကြောင့်ကျွန်တော်ကိုယ်များ
ဖိန်းကနဲဖြစ်သွားသည်။ ကူညီပေးရုံသက်သက်လာခဲ့သော်သူအား ဆက်ဆံလိုက်ပုံမှာ
မထင်ရက်စရာပင် ဒါတောင်ယခင်က မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်သည်။
ကျွန်တော်မျက်နှာပျက်သွားချင်သော်လည်း ခံစားချက်တစ်ခုကိုထိန်းကာ ပြုံးပြလိုက်၍။
“ကျွန်တော်က… ချစ်ဆုအကူအညီတောင်းလို့ လာကူညီတာပါခင်ဗျာ
ဘာအကျိုးအမြတ်မှ…မယူပါဘူး..ခုဒီဟိုတယ်လ်မှာ တည်းမယ်ဆိုရင်လည်း…..
150ဒေါ်လာပေးရမယ့်နေရာမှာ အန်တီတို့….. 110ဒေါ်လာပဲ ပေးရတော့မှာပါ….”
          ပြုံးရျ်ပြောလိုက်ရသော်လည်း ရင်ထဲမှခံစားချက်တစ်ခုက တဆစ်ဆစ်နာနေသည်။
ထိုမိန်းမကြီးအမျိုးသား မှတ်ပုံတင်ကြည့်လိုက်တော့လည်း မြန်မာနိုင်ငံသား
မှတ်ပုံတင်ပဲရှိသေး၏။
“ပုပ္ပါးမှာတော့ ဒီရက်ပိုင်းလူကြပ်တော့……. အန်တီတို့….. Special Room
ရမှာမဟုတ်ဘူးဗျ…. 5Stars Hotel
(ကြယ်ငါးပွင့်ဟိုတယ်လ်) ကောင်းကောင်းမှာတော့…နှစ်ယောက်ခန်းတော့ရလိမ့်မယ်….”
          ကျွန်တော်ပြောလိုက်သောအခါ ဒေါ်ခင်မြတ်အေး၏နှုတ်ခမ်းသည် အောက်သို့
အနည်းငယ်တွန့်သွားပြီး။
“အို…(Special Room)မှ မရရင် မတည်းပါဘူး…. မင်းဆီက မရရင် ငါတို့ဖာသာ…..
ဘုတ်ကင်ယူတော့မယ်..”
“အန်တီ့သဘောပါပဲခင်ဗျာ ကျွန်တော်တို့တောင် မရရင် အန်တီတို့လည်းမလွယ်ပါဘူး…..
ကျွန်တော်ကူညီတယ်ဆိုတာ အန်တီတို့ တစ်ရက်ကို ဒေါ်လာ20-30လောက်
သက်သာမှာပါ…”
          ကျွန်တော့စကားသံတွင် ဒေါသသံအချို့ဆွတ်ပါလာသည်ကို သတိထားမိသော
သူမ၏အမျိုးသားသည် သူမ ထိုင်နေရာမှ ခဏထွက်သွားသောအခါ ကျွန်တော့်နားကပ်၍
“စိတ်မရှိပါနဲ့…….သားရယ်….သူက ကနေဒါ(CANADA)က ကုမ္ပဏီတစ်ခုမှာ
မန်နေဂျာမို့လို့ပါ….”
          မြန်မာပြည်မှာနေခဲ့တာမဟုတ်ဘူးလားဟူသောမေးခွန်းကို
ကျွန်တော်မေးလိုက်ချင်သည်။ မြန်မာပြည်မှာပဲမွေး ဒီပြည်မှာပဲကြီးပြီး
ဟိုတယ်လ်အကောင်းစား ကိုတောင် ရွေးနေရလောက်အောင် ဒီမိန်းမဘဝမေ့သွားပြီလားဟု
ကျွန်တော့်စိတ်ထဲတွင် အကြိမ်ကြိမ်ပေါက်ကွဲနေမိသည်။
“ရောမရောက်ရင်…..ရောမလိုကျင့်” ဟူသော စကားတောင်ရှိသေးသည်။
ကနေဒါ(CANADA) တွင် သူမဖာသာဘာကြီးပဲဖြစ်နေပါစေ။
သူမရောက်နေသည်မှာ မြန်မာပြည်ဟုပြောပြန်လျှင်လည်း
သူမသည်ယခင်က မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည်။ ယခုတွင် တခြားနိုင်ငံမှလာသော
Tourist တစ်ယောက်ဖြစ်သည်။ သူမလာသည်မှာလည်း ပုပ္ပါး အောင်မင်းခေါင်ပွဲဖြစ်သည်။
Tourist တော့ Tourist ပင် ဘယ်လိုနာမည်ပေးရမှန်းပင် ကျွန်တော်မသိတော့ချေ။
                   ***                        ***                        ***                        ***
          Tourist မဟုတ်သော Tourist မိန်းမကြီး၏ ကိစ်စပြီးသောအခါ….
ဟိုတယ်လ်မှထွက်ထွက်ချင်းပင် လေကိုတဝကြီး ရှူပစ်လိုက်သည်။ တစ်နေ့ကပင်
ဩစတေးလျတွင် နိုင်ငံသားခံယူတော့မည့် သူငယ်ချင်းတစ်ယောက်ကြောင့်
စိတ်မကောင်းဖြစ်မိသည့်ကြားထဲမှ ဒီမိန်းမနှင့်ထပ်လာတွေ့သည်။ ကျွန်တော်မေးချင်သော
စကားတစ်ခွန်းသာရှိသည် မြန်မာနိုင်ငံသားမဖြစ်ချင်တော့ဘူးလားဟုပင်။
ကျွန်တော်ကတော့ မြန်မာနိုင်ငံကြီးဘာပဲဖြစ်နေပါစေ မြန်မာပြည်ကိုချစ်နေဆဲပင်ဖြစ်သည်။
တွေးနေရင်းနှင့်ပင် အိတ်ထဲမှ ဟန်းဖုန်းလေးကထမြည်လေသည်။
“ဟယ်လို…..”
“ဘယ်လို…..ဆရာဆုံးပြီဟုတ်လား….ဘယ်မှာလဲကွာ….”
“သူ့အိမ်မှာပဲ…အသည်းရောဂါနဲ့ ဆုံးသွားတာကွ……”
“သူ့အိမ်မှာပဲဆိုတော့ သူ့ဆန္ဒပြည့်ဝသွားတာပေါ့ကွာ…….”
          ယခင်က အင်္ဂလိပ်စာသင်ပေးခဲ့သော ဆရာဆုံးသွားပြီဟု သူငယ်ချင်းမှ
ဖုန်းဆက်ပြောချင်းချင်းပင်။ သင်တန်းတုန်းက ဆရာပြောခဲ့သော စကားများကို
ကျွန်တော်အမှတ်သွားရမိသည်။
“အေး….ဆရာပြောချင်တာက… သွားကြိုက်သလောက်သွား…မင်းတို့တိုးတက်ဖို့သွားတာ
ဘယ်နိုင်ငံသွားသွား စုံလေကောင်းလေပဲကွာ……
ဆရာလည်းကျန်းမာနေသရွေ့သွားမှာပဲ…အေးဒါပေမယ့် သေရင်တော့ ဒီမှာပဲသေမှာကွ…
ဘာဖြစ်လို့လဲသိလား….. ဗုဒ္ဓရဲ့အရိပ် ဗုဒ္ဓရဲ့ တရားတော်အရိပ်တွေ
ရှိတဲ့နေရာမှာပဲ….ခေါင်းချချင်တယ်ကွာ…မင်းတို့ အဲဒါလေးတစ်ခုတော့ မှတ်ထားကြပါ….”
          ဟိုတယ်လ်ရှေ့လမ်းထက်မှာပင် ကျွန်တော်လေကိုတစ်ဝကြီးရှူသွင်းလိုက်ပြီး
ကာင်းကင်ကိုမော့ကြည့် မိသည်။ တစ်ရက်ကတွေ့သော လင်းလက်လက်ကြယ်လေး
တစ်လုံးကို မတွေ့ရတော့ပေ။ ကောင်းကင်ကိုကြည့်ရင်း ကျွန်တော် ပြုံးလိုက်မိသည်။
ကျွန်တော်ယခင်က တွေ့ရသောကြယ်လေးသည် ကြွေကျသွားခြင်းဖြစ်ပေလိမ့်မည်။
ကျွန်တော့်စိတ်ထဲတွင် ရွေ့လျားသွားခြင်းလားဟု ထင်နေမိသည်။
စဉ်းစားရင်း…. စဉ်းစားရင်း…. တွေးရင်းတွေးရင်းနှင့်ပင် ကျွန်တော့ဘဝထဲက
ကြယ်လေးတစ်လုံး လွင့်ပါးကြွေကျသွားခဲ့သည်ကို ကျွန်တော်ဇွတ်မှိတ်
ပြီး ရွေ့လျားသွားသည်ဟု ထင်နေဆဲဖြစ်သည်။ ကျွန်တော်တို့နေထိုင်သော မြန်မာ့မြေကြီး
၏အထက်ကောင်းကင်ရှိ…ကြယ်လေးတွေ ဘယ်လောက်ကြွေကျပြီး
ဘယ်လောက်ရွေ့လျားသွားကြတယ်ဆိုတာ ကျွန်တော်တွေးရင်း……တွေးရင်ပင်။
ကျွန်တော်ရပ်လျှက်ရှိသော အထက်ကောင်းကင်ယံမှ ကြယ်လေးများသည်လည်း ………။
ရင်နှင့်ရင်း၍
အောင်မိုးသူ

5 comments

  • ဇီဇီခင်ဇော်

    July 22, 2015 at 1:01 pm

    နိ ဝတ္ထု အရှည်ရေးပါ့လားဟေ။
    ဒီ ရေးလက်က အတော်ကောင်းတယ်။

  • မြစပဲရိုး

    July 22, 2015 at 1:15 pm

    အဲဒီလို ကြယ်ကြွေတာ ကလဲ မိုးစက် လေး တစ်စက် မြေပေါ် ကျလာသလိုမျိုး သဘာဝ တရား တွေ အများကြီး ထဲ က တစ်ခု လို့ သာ မှတ်လိုက်ပါ မောင်အောင် ရယ်။
    ဒသန အမြင် တစ်ခု ကို ရေးထားတာ ဖတ်လို့ ကောင်းပါတယ်။

  • ကိုအောင်မိုးသူရေးတာဖတ်လိုက်ရတော့မှာ ခရီးသွားဝန်ဆောင်မူ့လုပ်ရတာ အတော်လေးကို
    သည်းခံပြီး တောင်းပန်ဘို့အဆင်သင့်ဖြစ်နေတဲ့လုပ်ငန်းတစ်ခုဆိုတာသိလိုက်ရတယ်

Leave a Reply