E-Lite ကုမ္ပဏီ FTTx ရောင်းချခွင့်ရပြီ…

lu ta loneAugust 25, 20101min913

E-Lite ကုမ္ပဏီက ဖိုက်ဘာ ဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော Fiber to the Curb၊ Fiber to the Home၊ Fiber to the Building (FTTx) ကို အများပြည်သူသို့ ရောင်းချခွင့် ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

E-Lite ကုမ္ပဏီက ရန်ကုန်တွင် အဆိုပါ ဖိုက်ဘာ ဆက်ကြောင်းဖြင့်အွန်လိုင်း ဝန်ဆောင်မှုစနစ် (FTTx) ကို ရောင်းချခွင့် ရရှိခြင်း ဖြစ်ပြီး မန္တလေးတွင် Red Link ကုမ္ပဏီနှင့် Fortune International ကုမ္ပဏီတို့က ရောင်းချခွင့် ရရှိထားသည်ဟု သိရသည်။

“ရန်ကုန်မှာ FTTx ရောင်းပေးဖို့ အတွက် လောလောဆယ်တော့  ပြင်ဆင်စရာ ရှိတာတွေ ပြင်နေပါတယ်။ မကြာခင် အများပြည်သူကို ရောင်းပေး တော့မယ်” ဟု E- Lite ကုမ္ပဏီမှ ဝန်ထမ်းတဦးက ပြောသည်။

FTTx စနစ်ကို မိမိနေထိုင်ရာ နေအိမ်တွင် တပ်ဆင်လိုက်ပါက မြန်နှုန်းမြင့် အင်တာနက် လိုင်းတလိုင်း အသုံးပြုနိုင်ပြီး ရုပ်ရှင်၊ အားကစား၊ ဂီတ၊ သတင်း အပါအဝင် ရုပ်မြင်သံကြားလိုင်းများ ကြည့်ရှုနိုင်ကာ တယ်လီဖုန်းလိုင်းတလိုင်းလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ရုပ်မြင်သံကြားလိုင်းမှာက အခပေးရုပ်သံလိုင်းတွေ၊ အခမဲ့ ရုပ်သံလိုင်းတွေ ပါမယ်။ အင်တာနက်မြန်နှုန်းက 30 Mbps ရှိတော့ အခုလက်ရှိသုံးနေတဲ့ အင်တာနက် လိုင်းထက် အများကြီး ပိုမြန်သွားမယ်။ တယ်လီဖုန်းက အပြင်မှာ ငွေသိန်း ၂ဝ လောက် ဈေးပေးဝယ်နေရတဲ့ ကြိုးဖုန်းလိုမျိုးပဲ။ အသံကြည်တယ်၊ ပြတ်သားတယ်” ဟု ကုမ္ပဏီဝန်ထမ်းက ရှင်းပြသည်။

E-Lite ကုမ္ပဏီက ရောင်းချမည့် အွန်လိုင်းဝန်ဆောင်မှုစနစ်အတွက် ဈေးနှုန်းမသတ်မှတ်ရ သေးသော်လည်း Red Link ကုမ္ပဏီနှင့် Fortune International ကုမ္ပဏီတို့က တပ်ဆင်ခ ကျပ် ၉ သိန်း၊ အသုံးပြုမှုအပေါ်မူတည်ပြီး လစဉ် အသုံးပြုခ ကျပ် ၃ သောင်းမှ ၁ သိန်းအထိ ကြိုတင်ငွေပေးချေစနစ်ဖြင့် အသုံးပြုရမည်ဟု ဩဂုတ်လ ၂၁ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မန္တလေးတွင် Red Link ကုမ္ပဏီနှင့် Fortune International ကုမ္ပဏီတို့က ဖိုက်ဘာဆက်ကြောင်း အွန်လိုင်း ဝန်ဆောင်မှု စနစ်ဖြင့် အင်တာနက်လိုင်းပေါင်း ၆၀၀ဝ ရောင်းချမည်ဖြစ်ပြီး မန္တလေး ၇၈ လမ်းအရှေ့ဘက်ခြမ်းရှိ မြို့နယ်များကို Red Link က လည်းကောင်း၊ အနောက် ဘက်ခြမ်းမြို့နယ်များကို Fortune International ကလည်းကောင်း ရောင်းချမည်ဟု သိရသည်။

အဆိုပါ ဝန်ဆောင်မှု မိတ်ဆက်ခြင်းအနေနှင့် ရန်ကုန် တပ်မတော်ပြခန်းတွင် ဩဂုတ် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့သော အိုင်တီနှင့် ကား အရောင်းပြပွဲတွင် ပြုလုပ်ခဲ့သည်။ ၎င်း ပြပွဲတွင် အိုင်တီကုမ္ပဏီနှင့် ကား ကုမ္ပဏီ စုစုပေါင်း ၄ဝ ခန့် ပါဝင်ပြသခဲ့သည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးမှု အားနည်းနေသေးကြောင်း၊ နိုင်ငံရေး မတည်ငြိမ်သည်ကို အကြောင်းပြ၍ အင်တာနက် အဆက်အသွယ်များ ဖြတ်တောက်ခြင်းသည် အွန်လိုင်း ဝန်ဆောင်မှု လုပ်ငန်းများ မဖွံ့ဖြိုးရခြင်း၏ အကြောင်းရင်းတရပ် ဖြစ်ကြောင်း အိုင်တီပညာရှင်တဦးက သုံးသပ်သည်။

“ဘယ်သူတွေပဲလုပ်လုပ် အွန်လိုင်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးလာတာကို ကြိုဆိုတယ်။ တဦးနဲ့တဦး အပြိုင်အဆိုင် ရောင်းကြရင်းနဲ့ ဈေးပေါလာမယ်။ လူတိုင်းသုံးနိုင်လာတဲ့ အဆင့်အထိ ရောက်စေချင်တယ်” ဟု ၎င်းကပြောသည်။

E – Lite ကုမ္ပဏီသည် ဖိုက်ဘာဆက်ကြောင်း အွန်လိုင်းဝန်ဆောင်မှုအပြင် အိုင်တီ နည်းပညာ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဖုန်းဟန်းဆက်များ ထုတ်လုပ်တင်သွင်း ရောင်းချခြင်း၊ ကျပ် ၅ သိန်းတန် CDMA ဖုန်းလိုင်းများရောင်းချခြင်း၊ ငါးသိန်းတန်ဖုန်း ငွေဖြည့်သွင်းကတ်များ ဖြန့်ချိ ရောင်းချခြင်း လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Credit: ဧရာဝတီ

3 comments

  • winne

    August 25, 2010 at 4:28 am

    သွားလေရာ ယူသွားပြီး ရောက်တဲ့ အရပ်မှာ အွန်လိုင်း ကို ဖုန်းနဲ့ သုံးပြီး ရုပ်ရှင်တွေ ပါ ကြည့်လို့ရမယ်ဆိုရင်ကောင်းမယ် အဲဒါမျိုးလေး ပေါ်လာနိုင်ဖို့ သိပ်မလိုတော့ဘူး ထင်တာဘဲ အခုပြောတာတော့ ကြိုးဖုန်းလိုမျိုးဆိုရင်တော့ တနေရာထဲမှာ ထားတာဆိုတော့ သိပ်အဆင်မပြေဘူး။ အွန်လိုင်းနဲ့ အီးမေး မတ်ဆိတ်တွေ ပို့လို့ရရင်တော့ ရှယ်ဘဲ စရိတ်တွေ တော်တော် သက်သာသွားမယ်။

  • winkyawaung

    August 26, 2010 at 4:16 pm

    ဝမ်းသာပါတယ်။ အင်တာနက်ရော၊ တယ်လီဖုန်းရော၊ ရုပ်သံလိုင်းတွေရော ဆိုတော့ လွတ်လွတ်လပ်လပ် ဖွင့်ထားမှ ကောင်းပါမည်။ ဟိုဟာပိတ်၊ ဒီဟာပိတ်၊ဆိုရင်တော့ စိတ်ညစ်ကြရမှာပါ။ ဖုန်းကလည်း ကြိုးဖုန်းဆိုတော့ အထိုင်ချသုံးခိုင်းတာပဲ။ သူများတွေ နိုင်ငံမှာ မြန်မာငွေ သုံးသောင်းဖိုးနဲ့ GSM ဖုန်းတွေနဲ့ သွားလေရာ ရောက်လေရာမှာ အင်တာနက်သုံးလို့ရတာကို အတုယူစေချင်ပါတယ်။ အခြားနိုင်ငံမှာ အိုင်တီပညာ မော်ဒယ်အောက်တာတွေကို မြန်မာပြည် လာပြီး ရောင်းချတာ မဖြစ်စေလိုပါ။ ပေးရမယ့်ငွေနဲ့ အခွန် အခတွေကလည်း သိန်းချီနေပါတယ်။ သက်သက်ညှာညှာ ဖြစ်အောင်လုပ်ပေးကြပါဆရာတို့ရယ်….။

  • timothy

    August 26, 2010 at 8:51 pm

    I would welcome the news of latest technology development whenever, wherever happened. Again, Burma situation is abnormal society of dog-eat-dog life, neglected by military government who only interested in growth and development of their families and a few stooges. The aim of military government is to make the civilian lives as hardship as possible, let the people struggle for their basic necessities daily so that there will be no chance of revolution or even thinking about complaining unfair practice of authority. This is deliberate act and crime against humanity. Yes, I am happy if this technology is relevant to the ordinary people on the street. Can they afford it? Is it freedom of information superhighway? Yes, I will give my wild applaud to the ghost Tay-Za. But it is profiteer Tay-Za who team up with his father-in-Law Than Shwe to rip off the have-to-do a few in Burma. The prize to pay for non-guaranteed service due to occasional outburst of political instability is beyond the dream of ordinary folks so it is another make-up of ugly poor impoverished Burma among the much developed Asean countries. People know that Than Shwe is lying to the country. Do not think we are naive enough to believe in your cruel plans. Down with Than Shwe and cronies. Boycott election.

Leave a Reply