၈။ မြို့ကျဉ်း ကျဉ်း လူ နည်း နည်း အိမ်များများ

၈။ မြို့ကျဉ်း ကျဉ်း လူ နည်း နည်း အိမ်များများ

” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း၈)

 

ကျယ်ခေါင်မြို့ လို့သာဆိုပေမယ့် မန်းလေးမြို့ကရပ်ကွက်ကြီးတစ်ခုသာသာလောက်ဘဲရှိတာပါ။

မြို့အကျယ်အဝန်းက တစ်မိုင်ပါတ်လည်လောက်ဘဲရှိမယ်ထင်ပါတယ်။

မြန်မာပြည်နယ် နယ်စပ်ပိုင်းခြားထားတဲ့ သံတိုင်တွေကို ပါတ်ပြီးဖောက်ထားတဲ့ မြို့ပါတ်လမ်းတစ်လမ်းရှိမယ်။

ရွှေလီမြို့ထိအထိပေါက်တဲ့လမ်းမ ရယ် ၄လမ်းလို့ခေါ်တဲ့လမ်းမနှစ်ခုကတော့လမ်းအကျယ်ကြီး

တွေဖြစ်ပြီး အရှေ့အနောက်တန်းပြီးဖောက်ထားတဲ့လမ်းတွေပါ။

တောင်မြောက်လမ်းကတော့ လမ်းကျဉ်းလေးတွေ ငါးလမ်းဘဲရှိပါတယ်။

လမ်းဒေါင့်တိုင်းမှာ လမ်း အမည်ဆိုင်းဘုတ်အကျ အနရှိပါတယ်။

လမ်းဘေးဘယ်ညာမှာ တော့ အထပ်မြင့်တိုက်ခန်းတွေတန်းစီလို့နေပါတယ်။

မြို့အတွင်းပိုင်းမှာတာ့ တစ်ထပ်အုတ်တိုက်လေးတွေရှိပေမယ့် အများအားဖြင့်ကတော့

တိုက်ခန်းတွဲတွေဘဲများပါတယ်။

မြို့တောင်ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းအစွန်တွေကတော့ ဂိုဒေါင်တွေဖြစ်ပြီး

မြို့အလည်ခေါင် ကွက်ကွက် ကလေးမှာ ရှိနေတဲ့ တိုက်ခန်းတွေမှာသာ လူအနေများပါတယ်။

မြို့မြောက်ဘက်ခြမ်းအတွင်းပိုင်းမှာတော့ တိုက်ခန်းတွဲသေးသေးလေးတွေမှာတော့ လူနေထူထပ်တယ်ပြောနိုင်ပါတယ်။

လူနေတိုက်ခန်း ငှားခ က တစ်လကို ယွမ်၅၀၀(မြန်မာငွေ၈၀၀၀ဝကျပ်)လောက်ဆိုတော့

ဈေးများတယ်လို့ဆိုနိုင်ပါတယ်။

ဒီထက်ဈေးသက်သာတဲ့အိမ်တွေရှိနိုင်ပေမယ့် မြန်မာပြည်ဘက်ထက်စာရင်အိမ်ငှားခဈေးကြီးပါတယ်။

ဒါကြောင့်လဲ မူဆယ်ဘက် မှာနေပြီး ကျယ်ခေါင်ထဲကို လာအလုပ်လုပ်သူများပါတယ်။

 

လူနေခွင့်မပြုတဲ့ အဆောက်အဦ
လူနေခွင့်မပြုတဲ့ အဆောက်အဦ

ဒီတော့ ကျယ်ခေါင်မြို့ထဲမှာ လူမနေတဲ့တိုက်ခန်းလွတ်တွေအများကြီးရှိနေတာပါ။

ကျယ်ခေါင်ရဲ့အထင်ကရနေရာဖြစ်တဲ့မနောကွင်းရဲ့အနောက်ဘက်မှာ

အဆောက်အဦးကြီးတစ်ခုရှိပါတယ်။

စဆောက်ပြီးကတည်းက လူမနေပါဘူး။

သူတို့အပြောတော့ ဆောက်ထားတဲ့အဆောက်အဦးမှာချို့ယွင်းချက်ရှိနေတော့

လူပေး မနေပါဘူးတဲ့။

ဒါပေမယ့်ဖျက်လဲမချဘဲဒီအတိုင်းကြီးထားတာကတော့ ထူးခြားနေသလိုပါဘဲ။

ဒါပေမယ့်လည်း လမ်းကြားတွေထဲမှာ အိမ်ကျဉ်းကျဉ်းလေးတွေထဲမှာ

ဖြစ်သလို ကျပ်သိပ်နေအောင်နေတဲ့သူတွေလဲအနည်းအပါးတော့ရှိပါတယ်။

အချို့တော့လဲရေမြောင်းနံဘေးက လွတ်နေတဲ့နေရာမှာ ဖြစ်သလိုအိမ်ဆောက်

နေသူတွေကိုလဲ မြင်တွေ့နေရပါသေးတယ်။

ဘယ်လိုဘဲပြောပြော မြို့မှာရှိနေတဲ့အိမ်ခန်းအရေအတွက်က

နေတဲ့လူထက်တော့များနေတာကအမှန်ပါဘဲ။

တိုက်ခန်းနေသူတွေကိုမေးကြည့်တော့ ဆူညံတာရယ်

တိုက်အမြင့်လေးငါးထပ်ကို ဓါတ်လှေခါးမပါဘဲတက်ရတာကတော့

အဆင်မပြေဘူးလို့ဆိုပါတယ်။

အဲလိုတိုက်ခန်းတွေမှာ ဆိုင်ကယ်ထားစရာနေရာမရှိတာကလဲ အခက်အခဲတစ်ခုပါဘဲ။

 

မနောကွင်း
မနောကွင်း

 

တစ်ခါတစ်ရံ အဆင်မသင့်ရင် ဆိုင်ကယ်ပျောက်တတ်ပါသတဲ့။

မြို့မြောက်ဘက်ခြမ်းတစ်ခြမ်းလုံးကတော့ ဂိုဒေါင်တွေများပါတယ်။

မြန်မာပြည်ဘက်ကိုပို့မယ့်မုန့်ပဲသွားရေစာတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊

စက်ပစ္စည်းတွေ

အလူမီနီယံအိမ်ဆောက်ပစ္စည်းတွေ သိုလှောင်ထားတဲ့ဂိုဒေါင်တွေပေါ့။

တံခါးအမြဲပိတ်ထားတတ်တဲ့ဂိုဒေါင်ဝင်းအကျယ်ကြီးတွေထဲမှာတော့

သစ်လုံးတွေပုံထားတာကို မမြင်သာ့ မြင်သာ မြင်နေရတတ်ပါတယ်။

အချို့ ဝင်းကြီးတွေထဲမှာတော့ နံပါတ်မဲ့လိုင်စင်မဲ့ ကားအကောင်းတွေ

အများကြီးရပ်ထားတာကိုလဲမြင်တွေ့နို်င်ပါသေးတယ်။

မြို့တောင်ဘက်အခြမ်းမှာလည်း ဂိုဒေါင်တွေရှိပေမယ့် မြောက်ဘက်ခြမ်းလောက်မများပါဘူး။

ဘာဘဲပြောပြော ဒီကျယ်ခေါင်မြို့မှာက လွတ်လွတ် လပ်လပ် နေ လေဝဝ ရှုနိုင်တယ်လို့ဆိုနို်င်ပါတယ်။

တစ်မြို့လုံးမှာ သစ်ပင်တွေရှိနေပြန်တော့ စိမ်းစိမ်းစိုစို အရိပ်ခိုလို့လဲရနိုင်ပါတယ်။

စိမ်းစိမ်းစိုစို
စိမ်းစိမ်းစိုစို

မြို့ကလေးတော့ကျဥ်းကျဥ်းလေး နေတဲ့လူကလည်း နည်းနည်းလေးပါဘဲ။

ကျယ်ခေါင်မြို့မှာ လူစည်ကားတဲ့နေရာက ဆင်ဖြူဂိတ်နဲ့နန်းတော်ဂိတ်အဝင်ပေါက်ရယ်။

ကျောက်မျက်ဈေးနဲ့ လေးလမ်းဘက်က ဈေးဆိုင်တွေနားမှာဘဲလူစည်ကားပါတယ်။

မြို့ရဲ့နေရာအစွန်အဖျားတွေကတော့ လူသွားလူလာရှိတယ်ဆိုရုံလောက်ပါဘဲ။

ဟိုးအရင် ၂၀၁ဝ ပါတ်ဝန်းကျင်ကတော့ ကျယ်ခေါင်မြို့က ဒီလိုမအေးချမ်းခဲ့ပါ။

လူပြတ်တဲ့နေရာမှာအိတ်လွယ်သွားရင်အလုခံရမှာသေချာပါတယ်။

အိတ်လွယ်ပုံလွယ်နည်းနဲ့ပါတ်သက်လို့

“ရှေ့မှာထားရင် ကိုယ်ဟာ

ဘေးမှာထားရင် သူတစ်ဝက် ကိုယ်တစ်ဝက်

နောက်မှာထားရင် သူ့ဟာ” ဆိုကြပါတယ်။

ဟိုးအရင်ကဆိုရင် အိတ်လွယ်ပြီးတော့လူပြတ်တဲ့နေရာမှာအိတ်လွယ်သွားလို့ကတော့ ရိုက်အလုခံရပြီသာမှတ်ပေတော့။

အခုနောက်ပိုင်းမှာတော့ ကျယ်ခေါင်မြို့ ဘယ်နေရာသွားသွား လုံခြုံစိတ်ချရပါတယ်။

ကျယ်ခေါင်မြို့ထဲမှာဖြတ်သွားဖြတ်လာလုပ်နေရင်း စိတ်မကောင်းစရာမြင်ကွင်းကိုမြင်နေရတဲ့နေရာတစ်နေရာရှိပါတယ်။

နန်းတော်ပေါက်ရဲ့မြောက်ဘက် သံတိုင်တွေနားမှာပါ။

သံတိုင်ရဲ့ဟိုဘ က်ခြမ်းက မြန်မာပြည်ဘက်ပါ။

လမ်းလျောက်လို့ကောင်းတဲ့နေရာလေး
လမ်းလျောက်လို့ကောင်းတဲ့နေရာလေး

လမ်းနောက်ဘက်က အိမ်တွေရဲ့နောက်ဘက်မှာ ဖြစ်သလိုတဲထိုးပြီးနေတဲ့မြန်မာတွေရှိပါတယ်။

ဝါးလုံးတိုင်ထောက် သူများလွှင့်ပစ်ထားတဲ့ဗီနိုင်းအစုတ်တွေ

သတင်းစာစက္ကူတွေ သွတ်ပြားအတိုအစတွေနဲ့ ဆောက်ထားတဲ့အမည်ခံအိမ်လေးတွေပါ။

အဲဒီအိမ်အနားမှာအမြဲရှိနေသူတွေကတော့ မူးယစ်ဆေးစွဲနေတဲ့လူငယ်တွေပါဘဲ။

ဆေးထိုးအပ်နဲ့ ဆေးတင်တဲ့အဆင့်ရောက်နေသူတွေပါ။

တရုပ်ဘက်ကလှမ်းကြည့်ရင်မြင်နေရပါတယ်။

တားဆီးမယ့်သူမရှိ။

မြန်မာဘက်ကဆိုရင်လဲ လမ်းအောက်ဖက်ကိုလှမ်းကြည့်ရင် ဆေးထိုး ဆေးချ လုပ်နေတာမြင်နေသိနေနိုင်ပါတယ်။

တစ်ခါ်တစ်လေဆိုရင် သန့်သန့်ပြန့်ပြန့်ဝတ်စားထားသူတွေတောင်ပါ ပါတယ်။

နှစ်ဖက်လုံးက သိနေပါလျက်နဲ့ ဘာလို့ မတားမဆီးဘဲ လွှတ်ထားကြတယ်ဆိုတာကို

မစဥ်းစားနိုင်အောင် ပါဘဲ။

အဲဒီ လို လုပ်နေတဲ့ နေရာ ကနေမြင်နေရတဲ့ တရုတ်ပြည်ဘက်ခြမ်းမှာတော့

မြန်မာ့ရိုးရာအနှိပ်ခန်းနဲ့ကာရာအိုကေဆိုင်တွေ တန်းစီလို့နေပါတယ်။

ညနေပိုင်းဆိုရင် အဲဒီနေရာက အကင်ဆိုင် ဘီယာဆိုင်တွေနဲ့

စည်ကားပါတယ်။

တစ်နေကုန် ပင်ပန်းစွာ ရှာဖွေခဲ့တဲ့သူတွေရဲ့အပန်းဖြေအနားယူပြီး

ရှာသမျှငွေတွေကို ကုန်အောင်သုံးကြတဲ့နေရာလဲဖြစ်နေပြန်ပါတယ်။

မိဝေးဖဝေး လာရောက်လုပ်ကိုင်စားသောက်နေကြသူ လူများအတွက်

အပျော်ဆိုတာ လိုအပ်ချက်တစ်ခုပါဘဲ။

တစ်နေကုန်ပင်ပန်းစွာအလုပ်လုပ်

စားတော့ ထမင်းဆိုင်

အိပ်တော့ ဖြစ်သလို ဆိုတဲ့လူတွေအတွက် အပျော်ရှာတာမဆန်းဘူးလို့ဆိုချင်ပါတယ်။

ဒီတော့ ကျယ်ခေါင်မှာနေတဲ့လူတွေ တစ်နေ့တာအလုပ်ပြီးချိန်ကို

ဘယ်လိုများကုန်ဆုံးစေပါသလဲလို့တွေးမိတဲ့အခါ…………………………..

ကိုပေါက်လမ်းသလားနေသည်

12-5-2015

 

 

 

 

 

 

 

 

 

 

4 comments

  • မြစပဲရိုး

    July 27, 2015 at 10:12 pm

    ကိုပေါက်ကြီး ရယ်

    ကိုပေါက်ကြီး စာတွေ ကို ဖတ်ကြ ပါတယ်။
    ပုံတွေ ကိုလဲ ကြည့်ပါတယ်။
    ပို့စ် တွေ က တော့ အမှတ် ပြည့်ကာ နီး မှတော့ ကြိုးစားရမှာပေါ့။
    ဒါက ရှက်စရာမှ မဟုတ်တာလေ။
    ကျွန်မ လဲ အခုဆို တစ်နေ့ နှစ်ပုဒ် ကြိုးစားတင်နေတာ။
    ပြီးခဲ့တဲ့ လ ထဲ မှာ စာမေးပွဲ တစ်ခု ဖြေဖို့ လဲ မဖြေဖြစ်လိုက်ဘူး။
    အဲဒါကို အမှတ်မရှိ ဆက်သောင်းကျန်း နေတယ်။
    အမှန်က အခု အချိန်မရှိပြန်ဘူး။

    သို့ပေမဲ့ ဒီလိုအချိန်လေး မှ ရွာထဲ မတက်ကြွ ထားရင် တစ်နေ့ နိုင်ငံ တိုးတက်သွားရင် ကိုယ့် သဲတစ်ပွင့် တာဝန် မကျေ သလို ဖြစ် နေ မှာ စိုးတယ်။
    ဒါကြောင့် ကိုယ် ပြောချင်တာလဲ ပြော စေ၊ ပွိုင့်လဲ တိုးစေပေါ့။
    တစ်နေ့ကျ ရင် ဒီအကြောင်း တွေ အားလုံး ဟာ ကျွန်မတို့ ရွှေပြည်ကြီး ရဲ့ ဒီမိုကရေစီတိုက်ပွဲ ထဲ မှာ သမိုင်း ဝင်စေမှာ။
    မဟုတ်လား။
    သမိုင်းထဲ မင်းသားမဟုတ်ခဲ့ရင်တော့လဲ လူကြမ်း ပေါ့။ lol:-)))

    ပုံထဲ မြို့လေးက ချောင်ချောင်ချိချိ မို့ နေသာသလိုဘဲ။
    “လူနေခွင့်မပြုတဲ့ အဆောက်အဦ” က တော့ သမိုင်းဝင် ပြတိုက်လို ထားတော့ မှာလား မသိဘူး။
    ဘာဘဲ ဖြစ်ဖြစ် ကျွန်မ တို့ မသိနိုင်တဲ့ အကြောင်း မရောက်နိုင်တဲ့ နေရာကို ခေါ်သွားလို့ ကျေးဇူးတင်ပါတယ်။

  • လူမနေတဲ့အဆောက်အဦးက အင်ဂျင်နီယာ နည်းပညာပိုင်းအရ မှားနေတယ်လို့ပြောပြီး မနေခိုင်းတာပါလို့ပြောကြပါတယ်။
    အဲဒီအဆောက်အဦးကို ဆောက်တဲ့ အင်ဂျင်နီယာကိုလဲအရေးယူထားတယ်ပြောထားပါတယ်။
    ရဲစည်က ပိုသီတယ် ဒီအကြောင်းကို.

  • အောင် မိုးသူ

    July 28, 2015 at 3:57 pm

    ရန်ကုန်က ကန်တော်ကြီးနားက အမွှာ ကွန်ဒိုကြီးလည်း ဒီလိုပဲ လူမနေဘူးလေ။ ဆောက်ဆောက်ပြီးချင်း စိတ်မချရလို့ဆိုလားပဲ။ ခုထက်ထိ ဒိအတိုင်း။ အဝေးကကြည့်ရင်တော့ လှမှလှနော့်။

  • အဲလို မနေရဘူးလို့ပြတ်ပြတ်သားသားဆုံးဖြတ်ချက် ချလိုက်တာမှန်တယ်
    ငွေမက်ပြီးရောင်းလို့ လူနေပြီးမှ ပြိုကျရင် ဆုံးရှုံး မူ့ ပိုကြီးနိုင်တယ်လေ

Leave a Reply