နားဦးတည့်ရာ သုံးဆယ့်ကိုး – Robbie Williams (Go Gentle)

မြစပဲရိုးJuly 30, 20152min26718

အစ်မဒုံ ပို့စ် ထဲ မဆိုင်ဘဲ ရေးထားတဲ့ သူကြီးမင်း ရဲ့ မှတ်ချက်လေးပါ။
{{{ သမီးအတွက်ကတော့ ပိုလို့တောင်လက်တွေ့ဆန်သေး..
သမီးရဲ့.. first date ယောက်ျားဟာ..ဖခင်ဖြစ်တာမို့.. ဖခင်ရဲ့သမီးအပေါ်ဂုဏ်ယူဆက်ဆံပြောဆိုတာတွေအားလုံးဟာ..
သမီးရဲ့နောက်လက်တွဲမဲ့..အိမ်ထောင်ဖက်ရွေးချယ်မှုအတွက်.. စံနှုံးတွေဖြစ်သွားတယ်ဆိုပါတယ်..။ }}}

သူ့စကားတွေဖတ်ပြီး ကိုယ့်ရဲ့ ဒက်ဒီ ပါပါး ချစ်ဖေဖေ ကို ပိုပိုလွမ်းသွားတယ်။
ဒီတော့ ကြုံတုန်းလေး ဘဝဇာတ်လမ်း တစ်ချို့ ပြန်တူးလိုက်ပါဦးမယ်။

သိကြတဲ့ အတိုင်းပါဘဲ။
ကျား တွေကြား မှာ တစ်ဥထဲလေး ပေါက်လာရတဲ့ “မ” ဘဝ ကို။
အတော်လေး ဒူပေဒါပေခံ နိုင်မှ သက်ဆိုးရှည်နိုင်မှာကိုး။
မဟုတ်လို့ကတော့ သူတို့နောက်က နေ သူတို့ ခိုင်းသမျှ လုပ်လိုက်၊ မကျေနပ်လဲ မျက်ရည်ကျ ငိုပြလိုက် လုပ်နေရတော့မှာ။
အခု စေ့စေ့ ပြန်တွေးကြည့်လိုက်တော့ အဲဒီလို ပျော့နွဲ့နွဲ့ မဖြစ်အောင် ကျင့်ပေးလိုက်တဲ့ သူက “အဖေ” ဆိုတာ အသေအချာ မြင်လိုက်ခဲ့တယ်။
သူ့ရဲ့ တစ်ဦးတည်းသော သမီးကို သားတွေ နဲ့ အပြိုင် ဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့တာပါ။
ဟိုးပေါက်စ ဘဝ ထဲ က စက်ဘီးစီးသင်ပေးတယ်၊ ဘောလုံးကန်ခိုင်းတယ်။ ကြက်တောင်ရိုက်ခိုင်းတယ်။ ကျားထိုး၊ စစ်တုရင် သူနဲ့ ကစားနေကျ။
ဖဲရိုက်တောင် သင်ပေးတယ်။
အရက် နဲ့ ဆေးလိပ်ကတော့ သူလဲ မသောက်တော့ ကိုယ့်ဆီလဲ မပါခဲ့ဘူး။
နဲနဲကြီးလာတော့ ကားမောင်းသင်ပေးတယ်။
မနက် အစောကြီး သားအဖ နှစ်ယောက် ဟယ်လ်ပင်လမ်း ကလေးဆေးရုံ နား မှာ ပါတ်ပါတ်မောင်း နေကြတာ။ ခရေပင်လမ်း ဆိုတာ အရင် လူတွေ ကားမောင်းကျင့်ကြ တဲ့ နေရာတစ်ခုပေါ့။
အဲဒီအချိန်တုန်း က လမ်းပေါ်မှာ ကားဆိုတာ ဒီလိုဘယ်ကြပ်ပါ့မလဲ။
မနက်စောစော ဆို ဘာကားမှ မရှိသလောက်ပါ။

. နောက် အဖေက စာစုံ ဖတ်တယ်။
တစ်ခါတစ်ခါ နိုင်ငံခြား သဘောင်္ တွေ ဆီက ပလေးဘွိုင် တွေ က အစ ရီဒါဒိုင်ဂျက် အဆုံး ရရ လာတယ်။
သူများတွေ ကတော့ ဆေးလိပ်တို့ အရက်တို့ အိမ်သယ်မှာပေါ့။
သူကတော့ စာအုပ်တွေ သယ်လာတယ်။
. နောက်ပြီး သူက ပုံပြောကောင်းတယ်။
သူဂျူတီ နားတဲ့ ညမျိုး တွေ ဆို မောင်နှမတွေ အဖေတို့ အိပ်ယာပေါ်တက်ပြီး အဖေပြောတဲ့ ရက် ၈ဝ နဲ့ ကမ္ဘာပါတ်တဲ့ ဇာတ်လမ်းမျိုး တွေ နားထောင်ကြတယ်။
သားသမီး တွေ ကို ဟိုဟာလုပ် ဒီဟာလုပ် မတင်းကြပ်ပေမဲ့ မလုပ်သင့်တာ၊ လုပ်သင့်တာ တွေ ကတော့ စည်းကမ်းထားတယ်။
သူ့ရဲ့ ထရိန်း နဲ့ လူမကြောက်တတ်တဲ့ မာဆတ်ဆတ် မိန်းမ ဖြစ်လာတယ် ထင်ရဲ့။
ပိုဆိုးတာကတော့ ယောကျာင်္း ဆို တော်ရုံ အထင်မကြီး တော့တာဘဲ။
ဒါကတော့ ဘေးက မျောက် တွေ ရဲ့ ကျားစရိုက် တွေ ကို ခရေစေ့တွင်းကျ သိနေလို့ လဲ ဖြစ်မှာပါ။

. ကျောင်း တက်တော့ လဲ မိန်းကလေးကျောင်း၊ တက္ကသိုလ်တက်တော့ လဲ မိန်းမတက္ကသိုလ် မို့ အထင်ကြီးစရာ တစ်စိမ်းကျား တွေထဲ သိပ်မတွေ့တာ မဆန်းပါ မဟုတ်လား။
အဖေက ရန်ကုန် ဆို ရာထူး သာမာန်ပေမဲ့ နယ် ရောက်ရင်တော့ နဲနဲပါးပါး ကြီးတယ်ခေါ်နိုင် တယ်။
ဒါပေမဲ့ ကိုယ်ကဲ နယ် တွေ ဆို မလိုက်ဘူး။ မောင်လေးတွေ ကတော့ အဖေ နယ် ပြောင်းတိုင်း လိုက်လည်ကြတာ နယ်စုံရော။
ဒီတော့ သူတို့ နယ်ရောက်ရင် သမီး အတွက် ပစ္စည်းတွေ လူကြုံ လိုမျိုး ရှိရင် ထည့်ပေးတတ်တယ်။
အဲ့ဒီ အဖေ့အောက်က ပုဂ္ဂိုလ်များ ရဲ့ မှတ်ချက် ကို အမေ့ဆီ က ပြန်ပြန်ကြားရတယ်။
“အစ်မ သမီး က အငယ်ကောင် တွေ လို မဟုတ်ဘူးနော်။” လို့ ပြောသတဲ့။
မဖော်ရွေဘူးပေါ့။
အမေကတော့ အားနာပုံဘဲ။ အဖေကတော့ မဖော်ရွေ လဲ ဘာဖြစ်လဲ ဆိုပြီး အားပေးခဲ့တယ်။
ဟုတ်တယ်လေ။ သူရို့ က အဲဒီ အချိန်က ရွှေမင်းသား တွေလို ခေတ်ကောင်းချိန်။
အထက်ကလူ ရဲ့ သမီးတွေ နဲ့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ကြတဲ့ ယဉ်ကျေးမှု ကြား ကိုယ်တို့ သားအဖ မပါခဲ့ဘူး။
အဖေက သူ့သမီး ကို အပျိုကြီးလုပ်လို့လဲ မဆွယ်ဘူး၊ အိမ်ထောင်ပြုပါလို့လဲ မတွန်းဘူး။
. ကြိုက်တဲ့သူ ယူ လို့ ဖွင့်ပေးထားခဲ့တာ။
ဒါပေမဲ့ အဖေ့ကို အရင်ပြရမတဲ့။
သူ အရင် စကားပြောပြီး အင်တာဗျူးမတဲ့။

. ကျောင်းပြီးလို့ အလုပ်ဝင်ချိန် ယောကျာင်္းလေး မိတ်ဆွေ တော်တော်များများ ရှိလာတယ်။
အဖေ ရဲ့ ရုံး နဲ့ ကိုယ့်အလုပ် က နီးတော့ မနက် သားအဖ နှစ်ယောက် အတူတူ သွား၊ အဖေ့ကို သူ့ရုံးမှာ ချပေး။ ကိုယ်က အလုပ်ဆက်သွား၊ ညနေ အဖေ့ကို ကြို ပြီး တူတူပြန်ကြတယ်။
ဒီတော့ အလုပ်အပြန် ကောင်လေး တွေ နဲ့ သွားတာ လာတာ မရှိနိုင်ခဲ့ဘူး။
တစ်ချို့ ကိုယ်တော်များ က ညည  အိမ်ကို အကြောင်းမျိုးစုံ နဲ့ ဆက်ကြလို့ အဖေ နဲ့ တိုး ရင် မေးခွန်းတွေ ဖြေပေတော့ဘဲ။ ဒီတော့ တော်ရုံမဆက်ရဲကြတော့ဘူး။
နဲနဲရင်းနှီးသူ တစ်ချို့ ကတော့ နပ်တယ်။
လူကြီး တွေ အိပ်လောက်ချိန် ဖုန်းခေါ်တယ်။ ဖုန်းက အပေါ်ထပ် ကိုယ့်အခန်းမှာ Extension ဆွဲထားတာမို့ တန်းကိုင်နိုင်ပါတယ်။
ဒါပေမဲ့ ဖုန်းပြောနေတုန်း အောက်က ဖုန်းကို ကောက်ကိုင် ပြီး မသိမသာနားထောင်လိုက်သံကို လဲ ကိုယ်သိပါတယ်။
ဒီလို အီစီကလီ တွေ နဲ့ သူ့သမီး မှာ အတည်တကျ ပြစရာလူ မရှိတော့ အဖေ လဲ အေးနေနိုင်သပေါ့။
“အပျိုကြီးပေါ့ အဖေရာ” ဆိုတဲ့ စကား ကို အဖေက မယုံသလို နဲ့ နေရင်း သူ့သမီးတစ်ယောက်တော့ အပျိုကြီး ဟုတ်တော့မလား ထင်လာခဲ့တာ။
တစ်ချိန်ကို ရောက်တဲ့ အထိပါဘဲ။

အဲဒီအချိန်မှာ အဖေ ပင်စင်ယူဖို့ စနေပြီ။
. နှစ်ဖက် အဖွား ရဲ့ အမွေ ကလဲ ရှိ (တရားဝင်ပေါက် မြေ တွေ ပါ)၊ သားသမီး တွေကလဲ ဝင်ငွေရ သူ့နာမည် ကို ထိပါးစရာ မရှိချိန်မို့ အိမ်နဲနဲ ကောင်းတာနဲ့ နေဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ပေါ့။
မဟုတ်ရင် သူ့အလုပ် ကို ပြောမှာ ကြောက်တာ နဲ့ လုပ်မှာမဟုတ်။
အိမ်ကို တစ်ခြားနေရာ ကို ပြောင်းပြီး ဝယ်လိုက်ရင် အလုပ်မရှုပ်ဘူး။
ဒါပေမဲ့ အမေ က လက်ရှိနေရာ နဲ့ ပါတ်ဝန်းကျင် အသိုင်းအဝိုင်းကို သံယောဇဉ်ကြီး လွန်းတာမို့ နောက်ဆုံး အိမ်ဟောင်းကို လုံးဝဖျက်ပြီး စိတ်ကြိုက် အိမ်ဒီဇိုင်းပေး အသစ်ပြန်ဆောက်ဖို့ စီစဉ်ခဲ့ကြတယ်။
အိမ်မှာ ကျား တွေ အားလုံး က ပင်လယ်ထွက်တွေ မို့ အဖေ က ပင်တိုင်ကြီးကြပ်ပြီး ကျန်သူတွေ က အလှည့်နဲ့ ဝင် ထွက်ပြီး ကူပေါ့။
အဲဒီ အချိန် အမေ နဲ့ ကိုယ့် က အမေ့ရဲ့ မောင်အငယ် အိမ်မှာ သွားနေခဲ့တယ်။
အဖေ ကတော့ ညနေ အဲဒီအိမ် ကို ပြန်လာ၊ မနက် အစောကြီး အိမ်ဆောက်တဲ့ နေရာ ထ သွားပေါ့။
ကိုယ်က တော့ အဲဒီ ကနေ အလုပ် ကို သွားပေါ့။

အိမ်ပြင် လို့ အလုပ်သမားတွေ၊ ပစ္စည်းဝယ်တွေ အလုပ်များနေချိန် မို့ ကိုယ့်မှာ စီးတော်ယာဉ် မရနိုင်တော့ ဘတ်စ်ကား နဲ့ သွားပါတယ်။
ဦးလေး အိမ်ရှေ့မှာ ဘတ်စ်ကားဂိတ် ရှိလို့ မနက်ခင်း အသွား ဟန်ကျ ပါတယ်။
သို့ပေသည့် ညနေ တိုင်ဆို (အဲဒီကာလက) အဲဒီလမ်းမကြီး က ပိတ် တာမို့ ဘတ်စ်ကား မပြေးတော့ပါဘူး။ ကြားကားလေး တစ်ချို့ဘဲ လူစောင့်တင်ပြီး ရန်ကင်းဘက် သွားပါတယ်။
ဒီတော့ ညနေ ပြည်လမ်းပေါ်က နေ ဦးလေးအိမ် ကို လမ်းလျှောက်ပြီး ပြန်ရပါတယ်။
ကဲ ဘာများ ဇာတ်လမ်းရှုပ်စရာရှိလဲ။ ရိုးရိုးလေးဘဲနော။

ဒါပေမဲ့ ….
ဒါပေမဲ့  ဆိုတာ ဒီမှာ လာပါပြီ။
အလုပ်ထဲ မှာ လုပ်ဖော်ကိုင်ဖက် ကိုယ်နဲ့ မျက်နှာကြောမတည့် တဲ့ ကိုယ်တော် တစ်ယောက် ရှိပါတယ်။
အထက်စီး က ဆရာအမြဲလုပ်တတ်တဲ့ သူ တစ်ယောက် နဲ့ အတင်စီး မခံတဲ့ မိန်းမ တည့်စရာ သိပ်တော့မရှိ။
တစ်ခုခု ငြင်းပြီ ဆို ကိုယ်တို့ နှစ်ယောက်ပါဘဲ။
ကိုယ်ကလဲ ခပ်မာမာ၊ သူကလဲ ခပ်ရွတ်ရွတ်မို့ အလုပ် ကိစ္စကလွဲပြီး လူချင်း ခင်ခင်မင်မင် မရှိခဲ့။
အနှီ ကိုယ်တော်သည် ကိုယ့်ဦးလေး နေတဲ့ ခြံ ရဲ့ မျက်နှာချင်းဆိုင် က ခြံ မှာ နေကြောင်း ဦးလေးအိမ်ပြောင်းပြီး နောက်နေ့ မှာဘဲ သိလိုက်ပါတော့တယ်။

ကိုယ် နဲ့ ဘတ်စ်ကား တစ်စီးထဲစီး တစ်လမ်းထဲ လျှောက်သူ တစ်ယောက် ဖြစ်လာတာကိုု မကြာခဏ တွေ့ရတော့ တာပါဘဲ။

အလုပ်သဘောအရ Client တွေနဲ့ တွေ့ ပြီး ပြသနာတွေ ရှင်းရတဲ့ နေ့မျိုးဆို အိမ်ပြန်ချိန် နောက်ကျပြီး မှောင်ပါတယ်။
အဲဒီလမ်းက ညဖက် လူပြတ်တယ်။
အဲဒါကိုသိထားတဲ့ ထို ကိုယ်တော် က ကိုယ် နောက်ကျနိုင်တဲ့ ညဖက် တွေမှာ မသိမသာ စောင့်ပေးနေ ခဲ့တယ်။
ဘတ်စ်ကား ပေါ်ကဆင်းပြီးရင် စကားမပြောဘဲ နဲ့ ကိုယ်က ကိုယ့်ဟာကို ရှေ့က သွား၊ သူက သူ့ဟာသူ မသိမသာ လိုက် နဲ့ ဟုတ်နေတော့တာ။
ရီဖို့တော့ အကောင်းသား။

. နောက်တော့ အလုပ်ထဲ တဖြေးဖြေး ရင်း နှီး လာပြီး နောက်ကြ ပြောင်ကြရင်း အတည် လိုနဲ့ အတူတူ ပြန်ဖို့ စကားခေါ်လာတယ်။
ဒီတော့ ကိုယ်ကလဲ “အားကိုးပြီးပြန်တာမဟုတ်ဘူး။ ဓားပါတယ်။ ဘယ်သူ့မှ မကြောက်ဘူး။ အပျင်းပြေ စကားပြောဖို့ အဖော် လိုမျိုး ဆိုရင်တော့ ပြန်မယ်” လို့ ပြန်ပြောခဲ့တယ်။
ဒါတင်ဘဲလား ဆို။ ဘယ်ဟုတ်မလဲ။ နဲနဲလဲ  ကြောခဲ့သေး။
“ရည်းစားစကား တော့ လာပြီး ပြောမယ် မကြံနဲ့” လို့။ သူကလဲ “ဝေးသေး” တဲ့။
ဒီလို နဲ့ စကားတွေ တစ်တွတ်တွတ် ပြောလို့ ရတဲ့ အိမ်ပြန်ဖော် သူငယ်ချင်းတစ်ယောက် ကောက်ရ လိုက်ပါတယ်။
မဟုတ်ရင် လှည်းတန်းထိပ်ကနေ အဲဒီ လမ်းတစ်လျှောက်ကို လျှောက်ပြန်ရတာ အတော်ပျင်းဖို့ကောင်း တာ။

. နောက်ပိုင်း အလုပ် မှာ ပရော့ဂျက် တွေ အစပျိုးလို့ လုပ်ငန်း က အရှိန်ရလာတော့ ပိုပိုပြီး အလုပ်များလာတယ်။ ပိုပို ညနက် လာတယ်။
မောင် တွေ ကလဲ လာကြိုဖို့ စိတ်တောင်မကူး။ သူတို့လဲ တစ်နေကုန် ပင်ပန်း နေပြီကိုး။
အဖေ ကလဲ မျက်စိကြောင့် ညဖက်ကားမောင်း လို့ မရ။
အဲဒီမှာ အဖေ က စပြီး ရစ်တော့တာဘဲ။
. နေ့ဖက်လိုမျိုး ကောင်လေး တစ်ယောက် နဲ့ တွဲတွဲပြီး ပြန်လာတာ အကြောင်းမဟုတ်ဘူး။
ညဖက် အတော်ညဉ့်နက် မှ ကောင်လေး တစ်ယောက် နဲ့ ပြန်လာတာ တော့ သူ သဘောမကျဘူး ဆိုပြီး စိတ်ဆိုးပါလေ ရော။
သူ့ကြည့်ရတာ သူ့သမီး တစ်ယောက် ထဲ ပြန်လာတာ ကို မှ ပိုပြီး စိတ်ချပုံဘဲ။

ဒီတော့ အသက် ၃ဝ နီးပါး သမီး ကို အိမ်ပေါ်က နှင်ချ ပြီး မြို့ ထဲ အပြင်ဆောင်မှာ သွားနေတဲ့။
ဒီမှာတင် ကိုယ်လဲ တစ်ရက် နှစ်ရက် လောက် တော့ သူ့အကြိုက် စော ပြန်လာ တယ်။
. နောက်ရက် မှာ ချော့ပြီး ဟို ကိုယ်တော် နဲ့ ပေး တွေ့ပေးလိုက်ရတယ်။
ဟိုကလဲ ကိုယ့်ကိုသာ ဘုကလန့်လုပ်တာ။ လူကြီး ကိုတော့ ဦးချ မတတ် အဖားကျွမ်းပါတယ်။ (ကျောက်စ် လိုမျိုး ကိုသာ ပြေးမြင်ကြပါ)
အဖေမကြိုက်တာ ဘာမှ မလုပ်ဘဲ တစ်ခုခုပြောင်းရင် အဖေ့ ကို အင်တာဗျူးဖို့ အရင် အသိပေးမဲ့ အကြောင်းကိုလဲ ကိုယ့်မှာ ဂတိပေးလိုက် ရသေးတယ်။
အဲဒီမှာ အတူတူ အိမ်ပြန်ခွင့် တရားဝင် ပါမစ် ထုတ်ပေးခဲ့တယ်။
အိမ်ဆောက်တာ ၂နှစ်နီးပါး ကြာခဲ့ တဲ့ ကြား ထဲ ကိုယ်တို့ နှစ်ယောက် ဘာမှ မပြောင်းတာမို့ အဖေလဲ ထို ကိုယ်တော် ကို ထပ်ပြီး အထူးစပါယ်ရှယ် အင်တာဗျူး စရာ မလိုခဲ့ဘူး။

. နောက်တော့ ကိုယ်တို့ အိမ်လေးပြီးသွား တယ်။
အိမ်တက် လုပ်တဲ့ နေ့မှာ သူ မလာဘူး။
အင်နားရှား ရှိနေဆဲမို့ အိမ်ပြန်ရင် လှည်းတန်းဘက်က လှည့်ပြန်တာလဲ ရှိတယ်။
သူက ကိုယ့်ဘက်ကို လိုက်ပြီး ပါတ်ပြန်တာလဲ ရှိတယ်။

. နောက်ပိုင်း မှာ သူလဲ အပြင်ဖက် အဝေး ကို ထွက်သွားခဲ့တယ်။
အဖေ က သတိတရ အမြဲ မေးတယ်။
ဘာမှ မဖြစ်တာမို့ ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။

ဒီလိုနဲ့ သူလဲ ဒီသမီးတော့ အပျိုကြီးဘဝ နဲ့ အရိုးထုတ်ပြီထင်ရဲ့လို့ တွေးရင်း နေလာခဲ့တာ တစ်ရက် တော့ သူ့ချစ်သမီးက သူ့ရင်ကို ခွဲ တော ဖို့ လူတစ်ယောက် ကို လက်ခံလိုက်ခဲ့မှန်း “အဖေ” သိခဲ့တယ်။
အင်တာဗျူး လုပ်ဖို့ ကို သူမေ့သွားခဲ့ သလား၊ မလိုတော့တဲ့ အချိန်မို့လား မသိ။ သာသာကြည်ကြည် ခေါင်းငြိမ့်ပေးခဲ့တယ်။
. နှမြောခြင်း နဲ့ စိတ်အေးခြင်း ကြား မှာ အဖေ ခံစားခဲ့ရတယ်လို့ ထင်ပါတယ်။

အခု တော့ “အဖေ တစ်ယောက်ရဲ့ ရင်ခွင်ထဲက သမီး” ကို ဆွဲ ထုတ်ပြီး သူ့ဘက်ခေါ်ယူနိုင်ခဲ့တဲ့
ကိုယ့် ဘေးက တစ်ယောက် လဲ ခံစားမှု တစ်ခု အစပျိုး နေခဲ့ပြီ။

ကလေး ကျောင်းက မိန်းကလေးကျောင်းပေမဲ့ သူတို့မှာလဲ မောင်နှစ်မကျောင်းလို့ သတ်မှတ်ထားတဲ့ ယောကျာင်္းလေးကျောင်း ရှိတယ်။
အဲဒီ ကျောင်း နဲ့ ဒစ်စကိုပွဲ တွေ လုပ်လုပ်ပေးတယ်။
အဲဒီကို သွားရင် “မှာပုံတော်” တွေ မဆုံးဘူး။
. ကောင်လေးတစ်ယောက် ဖုန်းဆက်ရင် မေးလို့ မဆုံးဘူး။
တစ်ရက်မှာ သူ့ အလုပ်ထဲ က အင်္ဂလိပ် သူငယ်ချင်းတစ်ယောက် ကြိမ်းဝါး နေတာ ကို ကလေး သိအောင်ဆိုပြီး ပြန်ပြောပြနေလေရဲ့။
အာရှတိုက် က အရှေ့တိုင်းသား အဖေမို့ ဒီလို ဆုံးမစကား ပြောပြောနေတာ မဟုတ်ဘူး ဆိုတာ ကို သိအောင်လို့ တဲ့။
အဲဒီလူက သူ့သမီး ကို ဘာပြောလဲ ဆိုတော့
ကောင်လေးတစ်ယောက် နဲ့ ဒိတ်လုပ်မယ် ဆိုရင် သူ နဲ့ အရင်အပြင်ကို ဒိတ်လုပ်ထွက်ပြီးမှ ခွင့်ပြုမတဲ့။
အဲဒါမှ အဲဒီ သူငယ် ရဲ့ စိတ်နေစိတ်ထား အကျင့်စရိုက် က  သူ့သမီး နဲ့ ဖြစ်မဖြစ် အသေအချာ သိအောင် လို့တဲ့။
အဲဒါကို အဲဒီ သားအဖ နှစ်ယောက် သဘောတူ ပြီး  ဆိုဘဲ။
သူလဲ အဲဒီ နည်းလမ်းကျင့်သုံး မတဲ့။

ကိုယ်ကတော့ သူတို့ပြောတာကို နားထောင်ရင်း Robbie Williams ရဲ့ “Go Gentle” သီချင်း ကို ကြား နေ မိခဲ့ တာပါ။
သမီး ဒိတ်လုပ် မှာကို စိုးရိမ်နေတဲ့ အဖေတစ်ယောက်၊ သမီး ဒစ်စကိုသွား ရင် ကောင်လေးနဲ့ မနမ်းပါနဲ့ လို့ ပြောတဲ့ အဖေတစ်ယောက်၊ သမီး ဘဝ အတွက် အမြဲ ရှိနေတဲ့ အဖေ တစ်ယောက် အကြောင်း။

ဒီလို မျိုး အဖေ တွေ သမီးတွေ ကို စိုးရိမ်တာ၊ စည်းကမ်းတွေ ထားတာ၊ ပြောဆိုဆုံးမ တာ တွေ ဟာ အနောက်တိုင်းမှာ မရှိဘူး လို့ ထင်နေတဲ့ ရွှေပြည်ထဲ က လူများ သိစေချင်ပါရဲ့။
အနောက်တိုင်းမှာလဲ အရှေ့တိုင်းက လူတစ်ချို့ လို အတွေးအခေါ် ရှိသူတွေ အများပါ။
အနောက်တိုင်းက လူတွေမှာလဲ အတွေးအခေါ် မြင့်သူရှိသလို နိမ့်ကျသူ တွေလဲ မရှားပါဘူး။
ဘဝ မှာ ဖြစ်သလို နေချင်သူ တွေ နဲ့ ဘဝ ကို ပို မြင့်အောင် ရုပ်ပိုင်းစိတ်ပိုင်း ကြိုးစားနေသူ တွေဟာ နေရာတိုင်းမှာ ရှိပါတယ်။
တကယ်တော့ အရှေ့တိုင်း အနောက်တိုင်း ကြောင့် လူတွေ ရဲ့ Life style ကွာခြားနေတာ မဟုတ်ပါ။
လူတွေရဲ့ အတွေးအခေါ် ခံယူချက်တွေ ကွဲလွဲ နေလို့ Life style တွေ ကွာနေတာပါ။

ရွာထဲက သမီးရှင် ဖခင်ကြီး များ ဆီက အသံ တွေ ကြားရကောင်းပါရဲ့။

အခုမှ ကြည့်မိတယ်။
ဒီပွဲ မှာတော့ ကိုယ်က ပွဲကြည့်ပရိတ်သတ် ဖြစ်နေပါပေါ့လား။ lol)))

Robbie Williams – “Go Gentle”
You’re gonna meet some strangers.
Welcome to the zoo.
Bitter disappointments.
Except for one or two.
Some of them are angry.
Some of them are mean.
Most of them are twisted.
Few of them are clean.

Now when you go dancing with
young men down at the disco.
Just keep it simple.
You don’t have to kiss though.
Don’t waste time whit the idiots
think that they’re heroes.
They will betray you.
Stick with us weirdos.

[Chorus]
For all your days and nights
I’m gonna be there,
I’m gonna be there,
yes I will.
Go gentle through your life.
If you want me I’ll be there.
When you need me I’ll be there
for you.

Don’t try to make them love you.
Don’t answer every call.
Baby be a giant.
Let the world be small.
Some of them are deadly.
Some don’t let it show.
If they try and hurt you.
Just let your daddy know.

Now when you go giving your heart make
sure they deserve it.
If they haven’t earned it.
Keep searching, it’s worth it.

[Chorus]
For all your days and nights
I’m gonna be there,
I’m gonna be there,
yes I will.
Go gentle through your life.
If you want me I’ll be there.
When you need me I’ll be there
for you.

18 comments

  • မြစပဲရိုး

    July 30, 2015 at 8:28 pm

    Now when you go dancing with
    young men down at the disco.
    Just keep it simple.
    You don’t have to kiss though.
    Don’t waste time whit the idiots
    think that they’re heroes.
    They will betray you.

    https://www.youtube.com/watch?v=o3OWZaIpEDk

  • ကျနော်သူငယ်ချင်း အခု စလုံးမှာရောက်နေတယ်
    မြန်မာပြည်မှာမွေးသွားတဲ့သူ့သမီးကအဲ့မှာအရွယ်ရောက်နေပြီ
    သူက မြန်မာအဖေလို ပြန်မလာသေးရင်ဖုန်းဆက်
    ညမိုးချုပ်မှပြန်လာရင် သူက တမေးထဲမေး
    ကလေးတွေက စိတ်ညစ်
    အဲတော့မတည့်

    မြန်မာက အဖေနဲ့
    အဲဒီကအဖေတွေသမီးအပေါ်စိတ်ပူတာခြင်းတူပေမယ့်
    ဖြေရှင်ပုံခြင်းတော့ တူမယ်မထင်ဘူးနော်
    ကျနော်ကတော့ မွေးမထားတော့ အဲဒါကို ကိုယ်တွေ့ ခံစားဘို့မဖြစ်နိုင်တော့
    သူများပြောတာကိုနားထောင်ရုံပါဘဲ

    • မြစပဲရိုး

      July 30, 2015 at 11:22 pm

      ကိုင်တွယ်ပုံနည်း ကွာတယ် ဆိုမမှားပါ ကိုပေါက်ကြီးရေ။
      ကျွန်မတို့ လဲ အတော်သတိထား ရပါတယ်။

  • kai

    July 31, 2015 at 1:23 am

    {{{ သမီးအတွက်ကတော့ ပိုလို့တောင်လက်တွေ့ဆန်သေး..
    သမီးရဲ့.. first date ယောက်ျားဟာ..ဖခင်ဖြစ်တာမို့.. ဖခင်ရဲ့သမီးအပေါ်ဂုဏ်ယူဆက်ဆံပြောဆိုတာတွေအားလုံးဟာ..
    သမီးရဲ့နောက်လက်တွဲမဲ့..အိမ်ထောင်ဖက်ရွေးချယ်မှုအတွက်.. စံနှုံးတွေဖြစ်သွားတယ်ဆိုပါတယ်..။ }}}
    ခရစ်ယန်ဘာသာရေးရဲ့..လက်တွေ့ဆန်တဲ့… အတွေးအခေါ်..သဘောတရားကို.. သူ့ဆရာတော်က… သင်ပေးတဲ့သဘောကို လှစ်ပြတာပါ…။
    ကမ္ဘာမှာအအောင်မြင်ဆုံး သာသနာလေ…။

    ဆိုတော့..
    မဟာယာနတခုဖြစ်တဲ့.. ဂျပန်ဇမ်ဗုဒ္ဓဘာသာလည်း.. အဲလိုသင်ကြားမှုတွေအများကြီးရှိတယ်..။
    သင်ကြားသူဘုန်းကြီးက.. သင်ကြားနိုင်လောက်အောင်လည်း.. ဘဝအတွေ့အကြုံ လက်တွေ့ရှိပါတယ်..။
    ဂျပန်ဘုန်းကြီးတွေမှာ.. အိမ်ထောင်ရှိတယ်..။ သားသမီးတွေရှိတယ်..။
    အဲဒါကြောင့်သူတို့တတွေရဲ့..သင်ကြားဆုံးမမှု.. တရားဓမ္မက..လက်တွေ့ဆန်တယ်..။
    တရားဂုဏ်တော်နဲ့အညီ.. အကာလိကော = အချိန်မလင့် မဖင့်မနှေး ချက်ခြင်းလက်ငင်းအကျိုးပေးတယ်..။
    အဲဒါကြောင့်.. မဟာယာနဗုဒ္ဓဘာသာနိုင်ငံတွေ.. ချမ်းသာတယ်..။ နေတဲ့လူထု.. လူမှုရေးအဆင်ပြေတယ်..။

    လူယောက်ျားတယောက်ဟာ.. အိမ်ထောင်ရှိမှ.. လူအကြောင်း.. နိုင်ငံရေး..ဘာသာရေး.. လူမှုရေး…စသဖြင့် ပိုနားလည်တာပါ…။ နားလည်မှလည်း.. ဘယ်လိုလွတ်လမ်းရှာရမလဲ.. သိတာပေါ့..။
    ဒါကြောင့်.. “ဘုရားဘုရား ငယ်ဖြူဘုရား လူပျိုဘုရား မရှိ..” လို့ဆိုကြတာပေါ့..
    အဲ.. တခြားမိန်းမတွေနဲ့လည်း.. သူကအိပ်ရ.. ရှုပ်ရခက်သပေါ့…။
    သူ့ကာမပိုင်မိန်းမက.. ငုတ်တုတ်ကြီးမို့..သူ့ယောကျ်းက မိန်းမတိုင်းနဲ့.. အီစီကလီမဖြစ်ဖို့.. ထိန်းကြောင်းတာပေါ့လေ…။
    မိန်းမရဲ့ဘဝပေးတာဝန်ပေါ့…။

    ဆိုတော့…
    မြန်မာပြည် ကျိန်စာကလွတ်ပြီး.. တိုးတက်အောင်မြင်ချင်ရင်.. လူဦးရေအချိုးများနေတဲ့..မိန်းမတွေမှာ..တာဝန်ရှိတယ်…။
    အခုသာသနာရေးက.. ဦးအံ့မောင်၊ ဓမ္မာစရိယဦးဌေးလှိုင်..။ မေတ္တာရှင်ရွှေပြည်သာတို့ကို.. စည်းရုံးသိမ်းသွင်းနိုင်တဲ့.. မာတုဂါမတွေကို.. ဆုချသင့်..။
    သူမတို့လိုလူစား.. အများကြီးလိုသည်..။ :k:

    • မြစပဲရိုး

      July 31, 2015 at 2:13 am

      { ခရစ်ယန်ဘာသာရေးရဲ့..လက်တွေ့ဆန်တဲ့… အတွေးအခေါ်..သဘောတရား } ???

      ဒီမယ် သူကြီးမင်း ရဲ့။
      ကျွန်မ ခရစ်ယာန်အဖွဲ့အစည်း တစ်ခု မှာ လုပ်ခဲ့ဖူးသူပါ။
      အဲဒီတုန်းက Sunday ဆို Church တောင် တက်ရသေး။
      သူတို့ တရား တွေလဲ ကောင်းတာ မကောင်းတာ ရောနေတာပါဘဲ။ သိချင်ရင် ပြောပါ။ စာပုဒ် လိုက်ရှင်းပြမယ်။
      သူငယ်ချင်း ခရစ်ယာန်ကတော့ သူတို့ ဘုန်းကြီး တွေ လောကီရေးတွေ နဲ့ ရှင်းရင်ပိုကောင်းမတဲ့။
      ထားပါတော့။
      သူတို့ အယူအဆ လိုက်နာရတာတွေထဲမှာ သဘောအကျဆုံးက “Promise of Purity” ဆိုတဲ့စကားပါဘဲ။
      ခရစ်ယာန်အစစ်အမှန် တကယ်ဘဲ ဘာသာရေးကိုင်းရှိုင်း ရင် လက်မထပ်ဘဲ ကာမမှု မကျူးလွန်ပါဘူး။
      အဲဒါကို ရော မလိုက်နာသင့်ပေဘူးလား။ ဖြေပါ။
      အသေအချာမေးတာပါ။
      (သူတို့ Gay marriage ကို ကန့်ကွက်တာ အကြီးအကျယ်ပါ)

      သူကြီးပြောတဲ့ ဗုဒ္စတရားကို အိမ်ထောင်ပြုထားသူလဲ တရား ဟောလို့ ရပါတယ်။
      ဘယ်သူဟောဟော ပြောပြော ပါ။
      ဒါပေမဲ့ သူတို့ ဟောတဲ့တရား အတိုင်း အသေသေချာ လိုက်နာကျင့်ကြံ ပြီး နေပြမှ သူတို့ တရား က အစွမ်းထက်မယ်။

      ဒီတော့ နဂို ဘုန်းကြီး မဟုတ်ဘဲ အိမ်ထောင်ရှင် တရားဟောပြတာ ကိုလက်ခံတယ်။
      လူမှုရေး အရှုပ်တွေထဲ ကျင်လည်ခဲ့ပြီး တရား ကို မြင်ခဲ့လို့ ရှင်းအောင်နေရမဲ့ စိတ် ကို သူကျင့်ကြံပြီး ပြန်ဟာပြ နေတဲ့ သဘော။

      ဒါပေမဲ့ နဂို ဘုန်းကြီး ဝတ်ထား တဲ့ သူက မိန်းမ ကောက်ယူတာက အရှင်း ထဲမှာ ရှိနေပြီးသား ကို ဆက်မနေနိုင်ဘဲ အရှုပ်ထဲ ရောက်လာတဲ့သဘော။
      ကိုယ် စောင့်ထိန်းရမဲ့ ကျင့်ဝတ် ကို မစောင့်ထိန်းနိုင်လို့ ချိုးပျက်ခဲ့ရတဲ့ သဘော။
      ကာမစိတ်ကို ချွန်းမအုပ်နိုင်လို့ ဖောက်ပြန်ခဲ့တဲ့ သဘော။
      တခြား ယောကျာင်္း တွေ ပေါနေပါရက် ဒီလို တရားကျင့် နေရမဲ့ ဘုန်းကြီး ကို မှ မြူဆွယ် ပြီး ကျ အောင် လုပ်ခဲ့တဲ့ မိန်းမ မှာလဲ စောင့်ထိန်းတတ်မှု မရှိဘူး။
      နဂိုထဲ က စိတ်မခိုင်မှန်းသိရင် ဘုန်းကြီး လုပ်မနေနဲ့ပေါ့။
      စားရချောင်လို့ ဝတ်ပြီး မိန်းမ က မြူဆွယ် တော့ ပါရ တဲ့ သူက စောင့်ထိန်းမှုဆိုတာ ချို့ယွင်းနေပြီ။
      ဒီတော့ ဘုန်းကြီးရူး နဲ့ လှေလူး ဆပ်စလူး ထတဲ့ ဇာတ်မှာ “ဘုရားဘုရား ငယ်ဖြူဘုရား လူပျိုဘုရား မရှိ..” လို့ ဆွဲ မထည့် ပါနဲ့ သူကြီး ရယ်။
      ဗုဒ္ဓ က တရားမသိ သေးခင် မိန်းမ ယူခဲ့ တာပါ။
      တရားသိချိန် အားလုံး စွန့်သွားခဲ့တာ။

      အခု သူကြီး ရဲ့ ရှင်လိင်ပြန် တွေ က အသက်ကြီး မှ ကိုယ့်တဏှာ လောဘ မောဟ တွေ မသတ်နိုင်လို့ အရှုပ် တောထဲ ပြန်ဝင်လာတာ မဟုတ်လား။
      ကြည့်ကျက်လဲ နှိုင်းပါ သူကြီး ရယ်။
      ကျွန်မ ဆက်ပြောရင် ရင့်သီး ကုန် မစိုးလို့ တော်ပါပြီ။

      ကျွန်မကတော့ လက် တွေ့မှာ ကိလေသာ တဏှာမသတ်နိုင်လို့ အဲလို ဖောက်ပြန်သွားတာ ကို လက်ခံပါတယ်။
      ဒါပေမဲ့ သူတို့ ဟောတဲ့ တရား တွေ ကတော့ လက်တွေ့မရှိဘဲ နှုတ်တိုက် စာရွတ် ပြ နေတာ ဖြစ်နေပြီ။
      ဒါမျိုး ကတော့ ကြက်တူရွေးတောင် သင်ပေးရင် ဟောတတ်သေး။

      • kai

        July 31, 2015 at 2:32 am

        အင်း..
        ကျုပ်သဘောကတော့.. ဘာသာရေးဟာ..နိုင်ငံရေး..လူမှုရေးမှာဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်ဖူးပဲ..။
        ဆိုတော့…
        လက်ရှိခေတ်အခြေအနေနဲ့ ကိုက်ညီသလိုညှိနှိုင်းပြင်သွားနိုင်တာကိုသာ ..လက်ခံသဘောကျတယ်..။
        ဒီမိုကရေစီလမ်းအရပေါ့…။
        လက်ရှိအသက်ရှင်နေတဲ့လူတွေထဲ.. အများစုကထောက်ခံ.. လက်တွေ့လုပ်ကြည့်.. ပိုအဆင်ပြေလာရင်..အိုကေ..။
        အဆင်မပြေ..လက်ငင်းအကျိုးမပေးရင်.. နောင်ဘဝထိ.. ဖြစ်လာနိုးမစောင့်သင့်..။
        ပြင်ပစ်..။ ပြောင်းပစ်..။

        လွန်ခဲ့တဲ့နှစ်ထောင်ချီ.သချ်ာမတတ်..။ ကွန်ပျူတာမရှိ..။ စကြ်ဝဌာအကြောင်းနားမလည်ခေတ်ကလူတွေစကား.. တလုံးမကျနားထောင်လက်ခံနေရမယ်ဆိုတာကို ..လက်မခံ..။
        ပြောရရင်.. အဲဒီခေတ်က..အဲလိုပြောထားပါတယ်ဆိုတဲ့..ခိုင်မာတဲ့အထောက်အထားလည်း..ဘာဘာ..ဘာမှမရှိ..။
        လူတွေရဲ့. Bias ဘယ်လောက်များသလဲ.. အခုထစမ်းသပ်..အခုရ..။
        လူ၁ဝယောက်တန်းစီပြီး.. ထိပ်ဆုံးတယောက်က.. နေကောင်းလား အနီးဆုံးတယောက်ကို ကပ်ပြောကြည့်ပါလား..
        နောက်ဆုံးတယောက်က.. နေကောင်းလားဆိုတဲ့ စကားအတိအကျ.. ရနိုင်ပါ့မလား..
        တွေးသင့်..။
        ရဟန္တာဆိုတာကြီးနဲ့ကိုင်ပေါက်ရအောင်လည်း.. ရဟန္တာတွေအမှားလုပ်… မှတ်ဉာဏ်မကောင်းတာတွေတောင်.. ဘုရားဟောဆိုတာတွေထဲ..ဒုနဲ့ဒေး..။

        တကယ်တော့.. ဘာသာရေးဆိုတာဟာ..
        အာဏာရှိသူတွေက.. လူအများစုကို.. ထိမ်းကျောင်းအုပ်ချုပ်ရလွယ်အောင်.. ထား,ထားတဲ့.. နိုင်ငံရေးဗျူးဟာ တခုမျှသာ..။ :k:

        • မြစပဲရိုး

          July 31, 2015 at 9:16 pm

          သူကြီးမင်းတို့ ဒီ ရက်ထဲ ခရစ်ယာန်တရား တွေ နာ နေလို့ လားမသိ။ လေသံပြောင်း နေပါရော့။ lol:-))))))
          လောလောဆယ် မြန်မာပြည် ရဲ့ ဘာသာရေးဘဲ။
          That is.
          ======================================
          kai says: တကယ်တော့.. ဘာသာရေးဆိုတာဟာ..
          အာဏာရှိသူတွေက.. လူအများစုကို.. ထိမ်းကျောင်းအုပ်ချုပ်ရလွယ်အောင်.. ထား,ထားတဲ့.. နိုင်ငံရေးဗျူးဟာ တခုမျှသာ..။
          =======================================

  • Courage

    July 31, 2015 at 4:14 am

    အဲ့ ကိုယ်တော် ဆိုတဲ့ ဦလေးကြီးက ကျွန်တော့လဲဖြစ်မလားမသိဘူး။ သူတစ်ပါးကို ချစ်ဖို့ထက် ကိုယ့်ကိုကိုယ်ချစ်ဖို့ ပိုပြီး ကြိုးစားတတ်ကျတဲ့သူတွေလေ။ 🙂
    မိဘတစ်ယောက်ရဲ့ သားသမီးအပေါ် စိတ်မချတတ်တဲ့ မေတ္တာဟာ အချိန်တိုင်း နေရာတိုင်း မှာ ရှိနေမှာပါ။ တစ်ခါ အဖေပြောဖူးတဲ့စကားလေးကို မှတ်မှတ်ရရရှိနေသေးတယ်။ ကျွန်တော်နေတဲ့ဆီကို အဖေနဲ့အမေ ခဏအလည်လာတုန်းက ညစာထမင်းစားပြီး သူ့တို့ကို ဟိုတယ်လိုက်ပို့ ပြီးပြန်မယ်လုပ်တော့ အဖေက ဟိုတယ်ပေါ်မတတ်ပဲ ကျွန်တော်ကားငှားတာကို စောင့်ကြည့်လို့လေ။ ဒါနဲ့ သူတို့နဲ့အတူ အလည်လိုက်လာတဲ့ဦးလေးကြီးက “သူက အိမ်နဲ့အဝေးမှာ နေနေတာလဲကြာပါပြီး။ ကိုယ့်ပါသာကိုယ်လဲ နေတတ်နေပြီပဲ။ ဘာတွေများ စိတ်မချဖြစ်နေတာလဲ”လို့မေးတော့ အဖေက တစ်ခွန်းပဲ ပြန်ပြောတယ်။
    “မမြင်ကွယ်ရာမှာဆိုရင် သူဘာလုပ်လုပ်စိတ်အေးအောင်နေလို့ရပေမယ့် မြင်နေရရင်တော့ စိတ်ပူတယ်ဗျ”တဲ့။
    :'( အဟင့် ပြောရင်းနဲ့ ငိုချင်လာပြီ ီ ီ ီ ီ ီ ဗြဲ ဲ ဲ ဲ ဲ ဲ ဲ ဲ ဲ

  • ဇီဇီခင်ဇော်

    July 31, 2015 at 8:11 am

    ငိုတတ်တဲ့ကလေးက မုန့်ပိုရဆိုပေမဲ့…
    ကျနော့ ဆုံးဖြတ်ချက်တိုင်းကို စကားနည်း မှတ်ချက်နည်းတဲ့ ကျနော့ အဖေဘက်က မပါမဖြစ်စဉ်းစားပြီး ဆုံးဖြတ်ခဲ့တာချည်းပဲ။

    စကား အတင်းစပ် …
    သများက ရောဘီ ဝီလီယမ် ရဲ့ ကတုံး နဲ့ မျက်လုံး အကြည့် စူးစူး ကို သိပ်ချစ်တာ။
    ထုံးစံ အတိုင်း နည်းနည်း ဂျီ နေလား မသိ။

    😥

  • မြစပဲရိုး

    July 31, 2015 at 9:22 pm

    . မောင်ကာကြီး – အဲ့ ကျွန်တော်လို ဦးလေးကြီး ကလဲ ကျွန်တော် လိုဘဲ စကားတစ်ခွန်း ထဲဘဲ ပြောပြီး ထွက်သွားခဲ့တာဘဲ။ 😉

    ဇီကလေးလဲ Daddy’s Girl ဘဲ ထင်ရဲ့။
    ရော်ဘီ ကိုတော့ ကြိုက်ဝူး။ :-)))

  • @QUIL@

    July 31, 2015 at 11:16 pm

    သီချင်းအကြောင်းပြောကြဗျာ…

    • မြစပဲရိုး

      July 31, 2015 at 11:24 pm

      ဆရာလေး လာ လေ။ ပြောတာပါ့။ :-)))

      • @QUIL@

        August 1, 2015 at 12:52 am

        ကျုပ်မပါဘူး…

  • Ma Ma

    August 1, 2015 at 10:33 am

    သမီးတွေဆို အဖေတွေက ပိုသဲတတ်ကြသလိုပဲ။
    အဲဒါကြောင့်လည်း သမီးမွေးရင် အဖေကို ဝဋ်လည်ရတော့မယ်လို့ ပြောကြတာ။
    အဖေကို နှမြောခြင်း နဲ့ စိတ်အေးခြင်းကြား ပေးနိုင်တဲ့သမီးကို တော်တယ်ပြောရမယ်။ 🙂

  • YE YINT HLAING

    August 1, 2015 at 11:15 am

    အရီးရေးတာဖတ်ပြီး ဗွီဒီယိုကားဇတ်ဝင်ခန်းကြည့်နေရသလိုမြင်မိတယ်။

  • တောင်ပေါ်သား

    August 1, 2015 at 11:45 am

    သမီးတစ်ကောင် နွားတစ်ထောင် ဆိုတော့ ကျနော်က နွားနှစ်ထောင်ပိုင်ရှင်ကြီးပေါ့ ၊
    အမေ မရှိတဲ့ သမီးတွေကို ထိန်းရတာ လွယ်ဘူးဗျ ၊ သူတို့ရည်းစားတွေက ဘယ်သူဘယ်ဝါဆိုတာ
    ကျနော့်ကို လက်ထောက်ချသူကတော့ သားတော်မောင်ပေါ့ ၊
    ကျနော်နဲ့ လှည်းတန်းမှာ မျက်နှာချင်းဆိုင် ဆုံဘူးပါရဲ့
    ဆောင်ရန် ရှောင်ရန်တွေကို လက်ချာပေးရသူက သူတို့အဖွားပေါ့ ၊ ကျနော်ကတော့ ပြောလည်း နဲနဲပါပဲ ၊
    အိမ်မှုရေးရာမှာ ဝါသနာပါအောင်လည်း လုပ်ပေးရသေးတယ် ၊ ယောက္ခမအိမ်မှာ ဒုက္ခများမှာစိုးလို့ ၊
    သမီးတွေ လိမ္မာလို့ တော်ပါသေးတယ်ဗျာ ၊

    • မြစပဲရိုး

      August 1, 2015 at 12:33 pm

      ကျေးဇူးပါ မမ၊ မောင်ရဲ နဲ့ ကိုမျိုး။
      သမီးလေး တွေ က လိမ္မာတာမို့ အဖေ တစ်ယောက် အနေနဲ့ အတော်လေးကို ဂုဏ်ယူလို့ ရပါတယ် ကိုမျိုး ရယ်။
      အန်တီလို လူ ကို အဖွားတော်ထားမှတော့ ညံ့စရာအကြောင်း ဘယ်ရှိပါတော့မလဲ။

Leave a Reply