ဖမ (Pha Ma) ဗမာ

cobraAugust 25, 20101min1037
  • မန်မာပြည်မှာ မွေးပါသည်။ အသက်သာ ၃၅ နှစ် ကျော်လာပြီ၊ ကိုယ့်မြေ ကိုယ့်ရေကနေ ပြင်ပကမာ္ဘကို တခါမျှ ခြေတလှမ်း မချဘူးသေးပါ။ စိတ်ထဲက နိုင်ငံခြားရောက်ဖူးချင်နေတာ ကြာပါပြီ။ ဒါပေမယ့် နိုင်ငံခြားသွားရကိန်း ရှိလားလို့ ဗေဒင် တခါမျှ မမေးဘူးခဲ့ပါ။
  • ဟော … သွားရမယ်ဆိုတော့လည်း မခက်သလိုပါပဲလား။ ပတ်စ်ပို့က လက်ထဲရောက်လာပြီ။ သွားရမှာက အသားဖြူ၊ နှာတံရှည်ရှည် မျက်လုံးပြာတို့ရဲ့ဒေသ အနောက်တိုင်းတော့ မဟုတ်ပြီ။ နီးနီးနားနား အိမ်နီချင်း ထိုင်းနိုင်ငံကိုပါ။
  • နိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်ကြီးအဖြစ် ထိုင်းလူမျိုးများ အသိအမှတ်ပြုထားတဲ့ မြို့တော်ဘန်ကောက်က ချူလာလောင် ကွန် ဘုရင့်တက္ကသိုလ်ကြီးတွင် ပညာဆည်းပူးခွင့်ရရန် မျှော်လင့်ချက်ဖြင့် ဖွင့်ကာစ အာရှရဲ့ အကြီးဆုံး နိုင်ငံတကာ လေဆိပ်ကြီးဖြစ်တဲ့ သုဝဏ္ဏဘူမိ (ထိုင်းတွေက ပါဠိ အက္ခရာ အသံထွက်အတိုင်း “ဆူဝနာဘူ” လို့ ခေါ်ကြတယ်) ကို ဆိုက်ရောက် လာခဲ့သည်။ အချိန်က ၂၀၀၆ ခုနှစ် နှောင်းပိုင်း ဖြစ်ပါသည်။
  • ဒီတော့မှ ရန်ကုန်သား ကျနော် ဘန်ကောက်မြို့ကြီးပေါ်မှာ တောသားလုံးလုံး စဖြစ်တော့တာပါပဲ။ ရောက်ခါစ မသွား တတ်၊ မလာတတ် ကျနော့်ကို ပူပူနွေးနွေး သိခါစ မြန်မာမိတ်ဆွေတယောက်က ကူညီရှာပါသည်။ ထိုင်းနိုင်ငံမှာနေရင် သတိထားရမယ့် အချက်တချို့ကိုလည်း လက်ချာပေးသေးသည်။
  • “မောင်ရင် … လမ်းသွားလို့ ဘယ်ထိုင်းနဲ့ပဲတွေ့တွေ့ သူတို့က ဘာလူမျိုးလဲ၊ ဘယ်ကလာလဲ လို့မေးရင် ဗမာ (ထိုင်းတွေ က “ဖမာ” လို့ အသံထွက်၏) လို့ မပြောနဲ့နော်။ ဖိလစ်ပိုင်ဖြစ်ဖြစ်၊ စင်္ကာပူဖြစ်ဖြစ်၊ မလေးဖြစ်ဖြစ် ပြောလိုက် သိလား” ဟု ကျနော့်ကို မှာကြားသည်။
  • စိတ်ထဲက မရှင်းမရှင်းဖြစ်သွားတာနဲ့ ဘာဖြစ်လို့လဲ လို့ ပြန်မေးမိသည်။ ဒါနဲ့ သူက “ထိုင်းတွေက ဗမာဆိုတာနဲ့ နှာခေါင်း ရှုံ့တယ်၊ အထင်သေးတဲ့ မျက်စိနဲ့ကြည့်ပြီး စကားမပြောချင်တော့ဘူး။ ဒီမှာက ဗမာတွေ တအားများတယ်လေ။ ထိုင်းတွေမလုပ်တဲ့ အောက်ခြေ အလုပ်တွေကို လာလုပ်ကြတာ ဗမာပြည်မှာ လူငယ်တောင် ကျန်သေးရဲ့လား မသိဘူး” လို့ ရှင်းပြသည်။
  • “ထိုင်းရဲတွေက ဗမာလို့ သိတာနဲ့ စစ်လားဆေးလား လုပ်တော့တာပဲ။ အခန့်မသင့်ရင် ဖမ်းခေါ်သွားပြီး ရဲစခန်းရောက်မှ ရှင်းရတာမျိုးရှိတယ်။ ဗမာပတ်စ်ပို့ ရှိရဲ့သားနဲ့ အဲဒီလို အလုပ်ခံရသူတွေမနည်းဘူးဗျ” ဆိုပြီး သူက ဆက်ပြောသည်။
  • ရောက်ခါစ ကျနော်လည်း သူပြောသလို မှတ်ထားလိုက်ပြီး ဘန်ကောက်မြို့ပြကြီးထဲ ခြေဆန့်ထွက်ကြည့်၏။ ထိုင်း စကား တလုံးမှ မတတ်တဲ့ကျနော့်ကို စားသောက်ဆိုင်က စားပွဲထိုး၊ ရှော့ပင်းမောလ်က အရောင်းစာရေးမ၊ ကောင်းကင် ရထား ဘူတာရုံမှာတွေ့တဲ့ခရီးသည်၊ တုတ်တုတ် ကားသမား၊ မော်တော်ဆိုင်ကယ် အငှားမောင်းသမား အစုံပါပဲ “ဘယ်ကလာသလဲ” လို့မေးကြသည်။
  • ဘယ်ရမလဲ၊ ဒီကကောင်က အထာ သိနေပြီ။ မိတ်ဆွေပြောထားတဲ့ အတိုင်း ခပ်တည်တည်နဲ့ “ဖိလစ်ပိုင်” ကလို့ တမျိုး၊ “စင်္ကာပူ” ကလို့ တဖုန် ပြောလိုက်၏။ ဟုတ်တယ်လေ၊ တော်ကြာ ထိုင်းရဲတို့ ဘာတို့က အနားမှာ ရှိနေရင် ဘယ့်နယ်လုပ်မလဲ။ အလကားနေ အဖမ်းခံနေရအုံးမှာ။
  • ပြောသာပြောလိုက်ရတယ်၊ စိတ်ထဲက အတော့်ကို ဘဝင်မကျဖြစ်ရသည်။ ဘာဖြစ်လို့ ငါ့ကိုယ်ငါ ဗမာပါလို့ မပြောနိုင်ရ တာလဲပေါ့။ ငါက ဒီနိုင်ငံကို တရားဝင်လာတာပဲ။ ဒီနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်တာ တခုမှမရှိဘဲလို့ တွေးပြီး နောက်ဆို ဗမာလို့ပဲ ပြောမယ်။ ဗမာလို့ သိသွားလို့ အထင်သေးလည်း ဂရုမစိုက်ဘူး၊ စကားမပြောချင်လဲနေ၊ ရဲတိုင်ရင်လည်း ရှင်းမယ် လို့ ဆုံးဖြတ်ပြီး နေခဲ့တာ အခုထိဆိုပါတော့။ ၃ နှစ်ကျော် ၄ နှစ်ထဲရောက်လာပြီ။
  • ဒီလိုနဲ့ ချူလာလောင်ကွန် တက္ကသိုလ်မှာ ပညာသင်ခွင့် ရတော့ ထိုင်းနိုင်ငံနဲ့ ထိုင်းလူမျိုးတွေအကြောင်း၊ ထိုင်း စီးပွားရေးနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအကြောင်း ပိုပြီးလေ့လာခွင့် ရခဲ့သည်။ ဗမာကျောင်းသားဖြစ်လို့ ကူညီချင်တဲ့ ပရောဖက်ဆာနဲ့လည်း တွေ့ခဲ့ရသလို၊ ပြဿနာနိုင်ငံ၊ ပြဿနာလူမျိုးဆိုပြီး ခပ်လှောင်လှောင်လေး ဝေဖန်တဲ့ ပရောဖက်ဆာနဲ့လည်း တွေ့ခဲ့ရပါသည်။
  • ဒီလိုနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အကြောင်း လေ့လာခဲ့ရာက ထိုင်းကို ကျနော်ရောက်စ ကျနော့်မိတ်ဆွေက စိုးရိမ်ပြီး ပြောခဲ့တာတွေကို နားလည်နိုင်ခဲ့သည်။
  • မြန်မာနိုင်ငံမှာ အကြောင်း အမျိုးမျိုးကြောင့် ဘဝ တိုးတက်ရာ တိုးတက်ကြောင်း မျှော်လင့်ချက် မရှိလို့ စွန့်စားပြီး ထိုင်းကို ထွက်လာ အလုပ်လုပ်ကြတဲ့ မြန်မာလူမျိုးတွေ ၂ သန်းကျော်လောက်ရှိပါသည်။ တချို့ကလည်း ၃ သန်းကျော်၊ ၄ သန်း ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းသည်။ ထိုင်းအစိုးရရဲ့ တရားဝင် ကိန်းဂဏန်းက ၂၀၀၄ ခုနှစ် စာရင်းအရ ၁. ၂ သန်းကျော်။
  • အဲဒီအလုပ်သမား အားလုံးနီးပါးဟာ ထိုင်းနိုင်ငံကို တရားဝင်ရော၊ တရားမဝင်ပါ ဝင်ရောက်လာကြပြီး ဒီမှာ အားလုံးနီးပါး တရားမဝင် နေထိုင်နေကြသူတွေပါ။ ထိုင်းနိုင်ငံရဲ့ လူဝင်မှု အက်ဥပဒေကို နဂိုကတည်းက ဖောက်ဖျက်ထားပြီးဖြစ်တဲ့အတွက် သူတို့တတွေဟာ အချိန်မရွေး အဖမ်းခံရနိုင်သလို မြန်မာပြည်ကိုလည်း ပြန်ပို့ခံရနိုင်ပါတယ်။
  • အဲဒီတော့ သူတို့တွေ ဇာတိရုပ်ကို ဖျောက်ကြရတော့သည်။ ၃၊ ၄ နှစ် အနေကြာရင်ပဲ ထိုင်းစကားကို အတော်ပြော တတ် လာတော့ ထိုင်းလိုဟန်ဆောင် နေတတ်လာပြီ။ ထိုင်းလူမျိုးများက သူတို့ရဲ့ဘုရင်ကို ချစ်မြတ်နိုးလို့ Long Live the King စာတမ်းထိုးထားတဲ့ အဝါရောင် လက်ပတ်လေးတွေဝတ်တော့ ကျနော်တို့ ဗမာလူငယ် အလုပ်သမားလေး တွေလည်း သူတို့ရဲ့ လက်ကောက်ဝတ်မှာ ဝတ်ထားတတ်ကြသည်။
  • အပေါ်က အဖြူရောင် ရှပ်အင်္ကျီ အောက်က အမဲရောင် မီနီစကပ် … ထိုင်းကျောင်းသူတွေရဲ့ဝတ်စုံကို ငယ်ငယ် ရွယ်ရွယ်နဲ့ ထိုင်းနိုင်ငံရောက်လာပြီး အလုပ်လုပ်နေကြတဲ့ အမျိုးကောင်း ဗမာ မိန်းကလေးတွေလည်း လိုက်ဝတ် ကြသည်။ သူတို့ရဲ့ လုံခြုံမှုအတွက် ဒါတွေကို လုပ်ကြရခြင်း ဖြစ်သည်။ မလုပ်ချင်ဘဲ လိုအပ်ချက်အရ လုပ်နေရတယ်ဆိုတာ ကျနော် သဘောပေါက် နားလည်ခဲ့သည်။
  • ဒါပေမယ့် ထိုင်းတွေက သူတို့လို လိုက်တုပြီး ထိုင်းလို ဟန်ဆောင်နေကြရတဲ့ ဗမာတွေကို မကျေနပ်ကြပါ။
  • မကြာခဏ လမ်းပေါ်မှာ ဈေးရောင်းနေတဲ့၊ စားသောက်ဆိုင်တွေမှာ လုပ်နေတဲ့ မြန်မာလူငယ်တွေကို တွေ့တဲ့အခါ ဗမာ လို နှုတ်ဆက်မိတော့ တချို့က ဝမ်းသာအားရပြန်တုန့်ပြန်တတ်ပေမယ့် တချို့က ဗမာ မဟုတ်သလိုနဲ့ ထိုင်းလို ပြန်မေးတတ်၏။ ထိုသူတို့က နိုင်ငံခြားရောက် စိတ်ကြီးဝင်ပြီး ဗမာလို မပြောကြတော့တဲ့ သူတွေ မဟုတ်ပါ။ အလုပ်ရဲ့ ပတ်ဝန်းကျင် အခြေအနေကြောင့်ပါ။
  • အလုပ်ရှင်တွေက တရားမဝင် ဗမာအလုပ်သမားကို ငှားရမ်းထားတော့ လုပ်ငန်းခွင်ထဲမှာ ဗမာလိုပြောတာကို မကြိုက် ကြ။ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲ (Immigration Police) တွေ တွေ့သွားရင် ဖမ်းလား ဆီးလားဖြစ်ပြီး လုပ်ငန်း ထိခိုက်မှာ စိုးတာကြောင့်ဖြစ်သည်။
  • ဒီလိုအောက်တန်းနောက်တန်းကျပြီး လုံခြုံမှုမရှိတဲ့ ထိုင်းနိုင်ငံက လုပ်ငန်းခွင်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဗမာရယ်လို့ မထုတ်ဖော်ဝံ့တဲ့၊ ကြမ်းတမ်းညစ်ပတ်ပြီး အန္တရာယ်များတဲ့ အလုပ်တွေကို လုပ်နေကြရတဲ့ ကျနော်တို့ မြန်မာနိုင်ငံ သားတွေရဲ့ ဘဝဇာတ်လမ်းတွေက ပြောမယ်ဆိုရင် ကျမ်းတစောင်ဖွဲ့လို့ ရပါသည်။
  • ဒါပေမယ့် သန်းနဲ့ချီတဲ့မြန်မာလူငယ်တွေ ဒီလိုအခြေအနေတွေကို ရင်ဆိုင်နေရတာကို မျိုသိပ်ပြီး မြန်မာပြည်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုရဲ့ ဘဝရှင်သန်ရေး အတွက် သူတို့ရတဲ့ ချွေးနည်းစာထဲက လစဉ်ငွေပို့ ထောက်ပံ့နေကြတာ လေးစားဖို့ ကောင်းပါသည်။
  • ဒီလိုနဲ့ အနိုင်ကျင့် အသတ်ခံခဲ့ရပြီး မြစ်တွေ၊ ချောင်းတွေ၊ လယ်ကွင်းနဲ့ အမှိုက်ပုံတွေမှာ ပစ်ထားခံခဲ့ရတဲ့ ဗမာတွေ မနည်း တော့ပါ။ လုပ်အားကိုယူ၊ လုပ်အားခမပေးတဲ့ ခေတ်သစ် ကျွန်ဇာတ်လမ်းတွေ ထိုင်းနိုင်ငံနေရာအနှံ့မှာရှိသည်။
  • ထိုင်း နဲ့ ထိုင်းနိုင်ငံရောက် အမျိုးကို ချစ်ကြတဲ့ဗမာတွေ ထူထောင်ဖွဲ့စည်းထားတဲ့ မြန်မာအလုပ်သမားအရေး အဖွဲ့ အစည်းတွေရဲ့ အကူအညီကြောင့် ဒီလူ့ငရဲတွင်းထဲက လွတ်မြောက်လာခဲ့သူ တချို့ရှိပေမယ့် အများစုမှာ အကူအညီမဲ့ ခါးစည်းခံကြရသည်။
  • ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို ကူညီတဲ့ ရာဇဝင်မရှိပါဘူး။ ကိုယ့် သဘောနဲ့ကိုယ်လာ၊ ကိုယ်ဖြစ် ကိုယ်ခံလို့ နှလုံးပိုက်ထားပုံရသည်။ အခွန်ဆောင်မယ်ဆိုရင်တော့ ဝဲလ်ကမ်းပါပဲ။
  • မြန်မာပြည်သားအားလုံး မြန်မာပတ်စ်ပို့ကိုင်ပြီး မြန်မာလူမျိုးပါလို့ စိုးရိမ်ကြောင့်ကြခြင်း ကင်းကင်းနဲ့ ရင်ကော့ပြီးပြောနိုင်တဲ့နေ့နဲ့ ကမာ္ဘဒေသမရွေး ကိုယ့်နိုင်ငံသားကို အကာအကွယ်ပေးမယ့် အစိုးရတရပ် အမြန်ဆုံး ပေါ်ပေါက်ချင်တာ ပြည်ပရောက် မြန်မာအလုပ်သမား အားလုံးရဲ့ ရင်ထဲကဆန္ဒ ဖြစ်ပါလိမ့်မည်။
  • forward mailမှကူးယူဖော်ပြသည်။

7 comments

  • researcher

    August 25, 2010 at 8:13 am

    အရင်ကတည်းက ကြားတော့ကြားဖူးပါတယ်။ အခုဒီစာကိုဖတ်ရတော့မှ ကိုယ့်လူမျိုးတွေအတွက် တော်တော်ခံစားရတယ်ဗျာ။ မြန်မာတွေအားလုံး စည်းလုံးညီညွတ်ဖို့ အချိန်တန်ပါပြီ။

  • kopauk mandalay

    August 25, 2010 at 8:57 am

    တကယ်တမ်းထိုင်းနဲ့မြန်မာ ပြဿနာက ရှေးကတည်းကစတဲ့ဇာတ်လမ်းပါ။
    သူတို့က ခုချိန်ထိ ရာဇဝင်ကြွေးဆပ်လို့ မပြေသေးဘူးဖြစ်နေတာလေ။
    ဒီတော့ အငြိုးကြီးကြီးနဲ့ဆော်တာပေါ့
    သူ့တို့ဘက်က ခုချိန်ထိစိတ်ထဲမှာ မြန်မာတွေက ကျုးကျော်စစ်ကိုဆင်နွဲခဲ့တယ် သူတု့ိနိုင်ငံကိုဖျက်ဆီးခဲ့တယ်လို့စွဲနေတော့ မပြေနိုင်ဘူးပေါ့။
    ဥပမာပေးရရင် မြန်မာတွေ ခုချိန်ထိကို ဖက်ဆစ်ဂျပန်တော်လှန်ရေးရုပ်ရှင်တွေရိုက်ပြနေသေးသလိုပေါ့။
    ဒါက တစ်ချက် ။
    မြန်မာပြည်နယ်စပ် အထူးသဖြင့် ဘားအံ့ဘက်ကလူတွေက အရွယ်ရောက်တာနဲ့ ထိုင်းဘက် ကို သွားဘို့စိတ်ထဲမှာ ပြင်ဆင်ပြီးသားလိုဖြစ်နေတာ။
    မန်းလေးမှာလာနေတဲ့ကလေးမလေးတစ်ယောက်ဆို ဒီမှာအလုပ်ရှာပေးတာကိုမလုပ်ချင်ဘူး။
    ထိုင်းဘက်ကိုဘဲသွားလုပ်ချင်နေတယ်။
    ဒီမှာအလုပ်ရှားတာကတော့ ရှားတာပေါ့။
    ဒါတွေကပြောလို့တော့ခက်ပါတယ်၊
    သူများဆီမှာ ပိုရတာမှန်ပေမယ့် အန္တရာယ်ရှိတယ်ဆိုတာသေချာနေတော့ ဒီလိုသူများဆီသွားလုပ်နေ့မယ့်အစားကို်ယ့်နိုင်ငံတင်ကိုယ်ဖြစ်သလိုလုပ်စားရင်ရော မရဘူးလားလို့ တော့ တနည်းစဉ်းစားစေချင်ပါတယ်။

  • လင်းဝေကျော်

    August 25, 2010 at 10:23 am

    အလုပ်အကိုင် အခွင့်အလမ်းနည်းပါနေတော့ ဒီလိုပဲဖြစ်မှာပါပဲ။
    မြန်မာပြည်မှာ အရင်းအနှီးဈေးကွက် မှန်ကန်စွာပေါ်လာပြီး ဥပဒေ ကလည်းထိမ်းကွပ်ပေးနိုင်ရင်၊
    နောက် စီးပွါးရေးကို သေချာမှန်ကန်စွာလုပ်ကိုင်နိုင်တဲ့သူတွေက လုပ်ခလစာကောင်းကောင်းပေးရင်
    ရွှေမြန်မာတွေ ရွှေပြည်ကြီးမှာ ပျော်နိုင်ကြမှာပါ။
    ဘယ်သူ့မြေမှာမှ သွားအောက်ကျခံ အနှိမ်ခံ ပြီး လုပ်စရာမလိုတော့ဖြစ်မှာပါ။
    အဲဒါတွေသာ ဘယ်တော့ ဖြစ်မလဲမသိတာ။

  • chitsayar

    August 25, 2010 at 1:18 pm

    ဟုတ်ဘူး ဟုတ်ဘူး
    သမိုင်းကြောင့် ဆိုတာ နည်းနည်းလေးပါ
    မြေနိမ့်ရာလှံစိုက်တတ်တဲ ့လူတွေရဲ ့ အမြင်ကျဉ်းမှု ့ပါ
    အယုဒ္ဓယမြို ့ဟောင်းမှာလဲ သားသားတို ့မြန်မာပြည်က အင်္ဂလိပ် ( နိုင်ငံခြားသားကို အင်္ဂလိပ်လို ့ခေါ်တယ်ဆိုတော့ ကိုယ့်ကိုယ်ကို အဆင့်မြှင့်ထားတာပါ) တွေရှိတယ်
    ဘန်ကောက်ရွာထဲမှာလည်း နီပွန်းမာစတာ အကောင်မတွေရော အကောင်ထီးတွေရောရှိတယ် ဖူးဖူးကိုမှုတ်ထားတာပဲ
    သူတို ့နှိမ်တာလဲသွားမပြောနဲ ့လေ ကိုယ့်နိုင်ငံ သံရုံ က မေကလွား (ရိုင်းလားဟင်?ကန်တော့နော်)တွေကတောင် ကိုယ့်ကိုလူလို ့မြင်တာ ဟုတ်ဝူး
    ကိုယ်တွေကလည်း ငတ်ပြတ်နေတော့ ရရာအလုပ်လုပ်ကြရတာကို ခါချဉ်အုံ အုပ်လိုက်ကျဉ်းလိုက်ဆိုတာ သနားတယ်
    ဪ . . . . ပါပါးရွှေ ပါပါးရွှေ
    သူမို ့ပြောရက်တယ် ကြက်ဆူပင်တွေစိုက်ရမယ်တဲ့
    နောက်ထပ် ဆင်ဖြူ ၈၆ ကောင်ထပ်ရပါစေ။

  • ghost

    August 25, 2010 at 5:49 pm

    လွန်ခဲ့တဲ နစ်၅ဝ လောက်ကတည်းက မြန်မာတွေ ကမာ္ဘမှာ အနှိမ်ခံနေ ရတာ ဆောက်သုံးမကြတဲ အစိုးရတွေ ကြောင့်ဘဲ။

  • timothy

    August 25, 2010 at 8:03 pm

    The root cause of Burmese expatriates suffering in Royal Thailand, everyone knows, is the military Junta`s fascist policy. Nearly half a century of systemic mismanagement brought once rice-bowl nation of Asia into the lowest poverty nation. Burma got the least developed status declared by UN in late 1970s. What do we want? What does our country need? We need the civilian democracy in Burma. National League for Democracy made the important announcement yesterday. The league educate people about the voter`s right. One can make own decision to vote or not to vote. No one can question your decision. If someone try to influence your decision, he is committing crime. NLD is now telling the people not to cast vote on the election day. Boycott the election is your Right, Human Right. The criminal Than Shwe would make law preventing anyone to boycott the election. He is a criminal so it should not effect us. Let him jail us for not casting the vote. We will go to jail in millions. Burma will become the first in the history to jail voters for refusing to cast the vote. Let Than Shwe, the mad dog hound the people under the spot light of international media and organization. The aim is to kick out the evil empire from Burma. We will regain the dignity and pride as soon as these criminals disappear from our sight.

  • bigcat

    August 25, 2010 at 10:02 pm

    ဘုရင်မျိုးဟေ့….တို့ဗမာ၊ (ဪ.. ဆင်မဖြူတဖြူရှင် ကျပ်မပြည့်ဘုရင်ကြီး သူ့ကိုယ်သူကြည့်ပြီး နေ့စဉ်ရွတ်နေကြ စကားလုံးကို လိုက်ဆိုကြည့်တာပါ။)

Leave a Reply