ဒီတစ်ခါ မဲ နံပါတ် ကို ဒေါ်ဇီဇီ ရဲ့ စာရင်းမှာ သွားပြီး ကြည့်လိုက်ချိန် ပြုံးရုံမက အသံပါထွက်ပြီး ရီ လိုက်မိတာ။
ရွာ ထဲ က  ဝမ်းအော့သီ စူပါစတားအကြီးကြီး ရဲ့ နံမည် “ဘုန်းကျော်” ကို မြင်လိုက်ရလို့ပါ။
.  ဖေ့စ်ဘုတ် ထဲ မှာ နာမည်ကြီးနေတာမို့  သွေးကြီးပြီး ရွာထဲ မလာတော့ တာလားမသိ။
FB Friend တစ်ယောက်က ကဘုန်းကျော် ရဲ့ အော်ဇီမှာ အိမ်ဝယ်တဲ့ အကြောင်း ပို့စ်တစ်ခု ကို  ဖေ့စ်ဘုတ် ထဲ မျှထားတာ တွေ့တော့ ရွာက ကဘုန်းကျော် ဘဲ လို့ သိလိုက်ရတာ။
အဲဒီထဲ မှာ သူတို့ အိမ်လေး က ချစ်ဖို့ကောင်းလိုက်တာ။
သူ့ စတိုင် အတိုင်းပါဘဲ ထီမထင် ပြောလိုက်သေး။
တစ်ချို့လူများ အေးဂျင့် တွေ နဲ့ အငှား နဲ့ အိမ်ဝယ်ရတာ ကို လှောင်ထားတယ်။
သူက တော့ အင်တာနေရှင်နယ် ဘုန်းကျော် မို့ သူ့ဟာ သူ အားလုံး အစ အဆုံး လုပ်သတဲ့။
မကြားရတာ ကြာတဲ့ သူ့ စကား နဲ့ လေသံ တွေ ကို ဖတ်ပြီး တစ်ချိန်က တွေ ကို လွမ်းမိပါသေး။
တိုက်တိုက်ဆိုင်ဆိုင် မှ တိုက်တိုက်ဆိုင်ဆိုင်။
အဲဒါအပြီး ဗူးထဲ က မဲ ကို နှိုက်တော့ သူ့နံပါတ်ကျနေရော။
ကဘုန်းကျော် က ရွာ ကို ဝင်စ က ဒီလောက် ဂျီ ဂျီ ဂျစ်ဂျစ် မဖြစ်သေးဘူး။
. ခေသူတော့ မဟုတ် ဝင်ဝင်ချင်း မှာ ကို ပို့စ် နှစ်ပုဒ် တင်ပြီး ဝင်လာတာ။
သူ ရွာထဲ မှာ ပို့စ်တင်ပြီး  ခြေလှမ်းချခဲ့တာ Sep 19, 2011 ပါ။
(၁) “. မြန်မာပြည်က သူဌေးကြီးတွေ ဘာ့ကြောင့်ကပ်စေးနဲတာလဲ”  နဲ့
(၂) “မြစ်ဆုံဆည်စီမံကိန်း စာတမ်းဖတ်ပွဲနှင့် ပက်သက်၍..” တဲ့။
နံပါတ်(၁) ပို့စ်ကတော့ မြန်မာပြည် မှာကျိကျိတက်ချမ်းသာပြီး ငွေကို ရေလို သုံးနိုင်သူ များ တိုင်းပြည်ထဲ က ဆင်းရဲတွင်းနက်နေသူ များ ကို မမျှ ဘဲ နေနေသည် ကို အားမရ ဖြစ်ကာ ရေးထားခြင်းပါ။
မှန်လွန်းတော့ နာစရာ တွေ တောင် ပေါ်လာအောင် ဒဲ့ရေးတတ်ပါတယ်။
ပထမဆုံး အဝင်ခြေလှမ်း မှာတင် မှတ်ချက်ပေါင်း ၃၃ ခု နဲ့ စည်ကားခဲ့တာ ပါ။
အဲဒီတုန်းက အဲဒီလူ တွေ ရွာကို သတိတောင် မရနိုင် ကြတော့ဘူး ထင်ပါရဲ့။
နံပါတ်(၂) ကတော့ ဒီအချိန်မှာ ဒီ ပို့စ် လိုမျိုး ကို ပြန်ဖော်လိုက်နိုင်တာ ကွကိုယ်တောင် ကျောသပ်နေမိသေး။
ပို့စ်ရေးသူ ကဘုန်းကျော် ကိုလဲ လှမ်းပြီး ကျောကို သပ်ပေးလိုက်ပါတယ်။
ဒီလို သတင်းလေး သူတင်ပေးခဲ့လို့ သာ သမိုင်းမှတ်တမ်း နဲ့ ကျန်ခဲ့ပြီး ပြန်ရှာထွက်လာတာ။
. ပြန်ပြီး အလွယ် ဖတ်နိုင်ဖို့ ဒီမှာဘဲ မျှလိုက်ပါတယ်။
{{{
၂။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောကြားချက်အရ လက်ရှိအစိုးရလက်ထက်တွင် သဘာဝပတ်ဝန်းကျင်းဆိုင်ရာဝန်ကြီးဌာနတစ်ခု ဖွဲ့ စည်းပြီးကြောင်းသိရှိရသည်။
ထို့ အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေ (The Environmental Law or The Environmental Protection Act -2011 ) လည်းရေဆွဲနေကြောင်းနှင့် မကြာမှီ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းသိရှိရသည်။
ဒါ့ကြောင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောဌာန ဝန်ကြီး ဦးဝင်းထွန်းကို အထူးချီးကျူးပါတယ်။ ဒီဌာနကိုဖွဲ့ သင့်တာကြာပါပြီ။ အရင်တုန်းက အစိုးရအဆက်ဆက်တွေ မလုပ်ဘူးသေးတဲ့အလုပ်ကို လုပ်တဲ့အတွက် လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအစိုးရကို ကျေးဇူးတင်ရှိပါတယ်။ နောင်လာမဲ့အနာဂတ်မှာလည်း ယခုထက်ပိုမို နား, ပါတဲ့ အစိုးရဖြစ်ပါစေ။
}}}
ကဘုန်းကျော် ရေ ရှင် ကျေးဇူးတင်ခဲ့တာလေး ပြန်ပြီး Feedback လာပေးလှည့်ပါဦးလား။
နားတို့ ပါမပါ မသိဘူး။ လက် ကတော့ မပါနိုင်ခဲ့ဘူး ထင်ပါရဲ့။
သူ့ ပို့စ်တစ်ချို့ က ကိုယ် နဲ့ စိတ်မတူ လဲ တကယ်တော့ သူ့စာတွေ ထဲ  မှာ နိုင်ငံ အတွက် စေတနာတွေ၊ စိုးရိမ်စိတ်တွေ အများကြီး တွေ့နိုင်ခဲ့ တယ်။
ကဘုန်းကျော် ရဲ့ သမိုင်းပြန် အတူး မှာ တွေ့လိုက်ရတာကတော့ ထပ်ပြီး တိုက်တိုက်ဆိုင်ဆိုင် လို့ ပြောချင်တာပါဘဲ။
“မြန်မာပြည်ရဲ့  Ecosystem ကိုမထိန်းရင် ဗမာတွေသေဖို့သာပြင်တော့။” တဲ့  Dec 18, 2011  က ရေးခဲ့တာ။ မှီငြမ်း ဆိုပေမဲ့  သူ့ အာဘော် နဲ့သူ ရေးထားတာ လို့ ထင်ပါတယ်။
လွန်ခဲ့တဲ့ ၃နှစ်ခွဲ က သူ့ရဲ့ သတိပေးစကားက
{{{
ဒီဖြစ်ရပ်က အတုယူစရာဖြစ်ရပ်ပါ။ ဖြုတ်, အုံးနှောက်နဲ့စစ်အစိုးရကိုပြောမယ်။
သူများနိုင်ငံတွေရဲ့ ကောင်းတဲ့ လုပ်ရပ်ကိုအတုမခိုးချင်ရင် လုပ်စရာတခုပဲရှိတော့တယ်။
ဗမာပြည်ကို FOR SALE ကပ်လိုက်တော့။
အားလုံးမကုန်သေးခင် အချိန်မှီသေးတယ်။
}}}
အခုတော့ အချိန်မမှီလိုက်ပါဘူး ကဘုန်းကျော်ရယ်။  ရှိသမျှလဲ ကုန်ပါပြီ။
. ရွှေပြည်ရဲ့ နေရာတော်တော်များများ ရေတိမ်နစ်နေခဲ့ပြီ။
ကဘုန်းကျော် ဒီ လို ရေးခဲ့တာလို့ မှတ်မိနိုင်သေးလား။
ဒီလို အတည့်စာ တွေသာမက အရွဲ့ စာ တွေလဲ ရေးတတ်ပါသေးတယ်။
“စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ” တဲ့။  Dec 15, 2011 က ရေးခဲ့တာ။
ဒါပေမဲ့  “Aha! Jokes, Satire” ဆိုတာ ကို လူ တွေ သတိမပြုမိလေတော့ မှတ်ချက်ပေါင်း 51 ခု နဲ့ ပွဲစည်သွားခဲ့တာ။
အဲဒီမှတ်ချက် တွေထဲ က  “ဘီလူးကြီး”ogre ရေးထားတာလေး ကို သဘောကျလို့ ဒီ မှာ မျှလိုက်တယ်။
{{{
“ဘီလူးကြီး”ogre says:
ငပျင်းအလုပ်ကိုတောင် အပျင်းပြေလုပ်ကြည့်တာ သိပ်မသက်သာဘူးဗျ
ရေးတိုင်းလဲကောင်းတာမဟုတ်ဘူး
ကောင်းတိုင်းလဲဖတ်ကြတာမဟုတ်ဘူး
ဖတ်ကြတိုင်းလဲနာမည်မကျော်ကြပါဘူး
အဓိက တစ်ခုကတော့
ကိုယ်မသိတာလေးတစ်ခု သူတို့သိလို့ရေးပြရင် ကိုယ်သိရတယ်
ကိုယ်မပြောနိုင်တာလေးတစ်ခု သူတိုပြောပြရင် ကိုယ်ဆီမှာသိစရာတစ်ခုတိုးသွားတယ်ပေါ့
စာရေးဆရာဆိုတဲ့ကောင်တွေက နတ်ဒေ၀တာ တွေမှမဟုတ်တာ
ဒီလိုပဲ ကိုယ်မသိတာတွေ ကိုယ်သတိမထားမိတာတွေကို
ဖမ်းယူဆုပ်ကိုင်ရေးသားပြနိုင်တာလဲ သူတို့အရည်အချင်းတပ်ရပ်လို့ထင်ပါကြောင်း…….
}}}
ရွာထဲ ဒီလို မှတ်ချက်ကောင်းကောင်းပေးတဲ့ လူတွေ အများကြီး ရှိခဲ့ဘူး တာ ။
ကဘုန်းကျော်တို့က တော့ ဝိုင်းပြောလဲ ပန်းနဲ့ ပေါက်သလို ထီဟန်မရှိ။
. ပြန်ကြည့်လိုက်တော့ အဲဒီအချိန် မှာ သူ ကိုယ်တိုင်ဘဲ အဖေစစ်သား သားသူပုန် စာအုပ် ကို စရေးနေတဲ့ “စာရေးဆရာ” ဖြစ်နေလောက်ပြီ။
သူ့ဘဝ ကို သူ ဝေဖန်ရင်း ဒီလို စာပြောင်ကို ရေးခဲ့တာလို့  ထင်မိတာဘဲ။
ရွာထဲမှာ ၂နှစ် ကျော်ကျော်လေး  ရှိခဲ့တဲ့ ကာလ ထဲ ပို့စ် ပေါင်း ၁၅၇ ပုဒ် ရေး နိုင်ခဲ့တာမို့ သူ့ စာတွေ ကို ဆက်  ပြောရင်တော့ မဆုံးပေါင် ဖြစ်နေတော့မှာ မို့ ရပ်ပါပြီ။
သူ့နောက်ဆုံး ပေါ်လာတာ က “အလွမ်းပြေ တစ်ခေါက်” ဆိုပြီး Nov 26, 2013 မှာပါ။
အဲဒီထဲ ဒီလို လွမ်းပြခဲ့သရှင့်။
{{{
မန္တလေး ဂေဇက်မှာ ရန်ဖြစ်ဖေါ် ရန်ဖြစ်ဖတ်တွေကိုလည်း ဖေ့ဘွစ်ပေါ်မှာ မိတ်ဆွေတွေဖြစ်လို့ ဖြစ်။ ဘ၀ကြီးဟာ တခါတလေ မူးပြီးဆဲနေတာထက်တောင် အရသာပိုရှိသလို။
သူကြီး “ကိုင်” ကိုလည်းသတိရတယ်။ သူကြီးသမီး ခလေးတစ်ယောက်နဲ့ အပျိုကြီး ဒေါ်သဲနုကိုလည်း လွမ်းတယ်။ အိတုံခေါ် ကပ်ကပ်လန်ကြီးကိုလည်း Miss ဖြစ်ပါတယ်။
}}}
အပါတ်စဉ် လာမယ် ဆိုပြီး မလာတော့တာ တစ်နှစ် ခွဲ လောက် ရှိပါပေါ့။
ဖေ့စ်ဘုတ် ထဲမှာတော့ အားပေးသူ တွေ ရာချီ၊ ထောင်ချီ ပြီး ရှိနေမှာကိုး။
ကျီး တစ်ဖုတ်ဖုတ် နဲ့ အသက်တောင် လှိုက်ရှူ နေရတဲ့ ရွာထဲ ဘယ်လာချင်ပါတော့မလဲ။
ဒါပေမဲ့လဲ အချိန်လေးများ မျှနိုင်ရင် ရွာထဲ လဲ တစ်ခါတစ်လေလောက် အလည် ဝင်ခဲ့ပါဦးလို့။
ကလေး တွေလဲ အတော်ကြီး ပြီး အရွယ်ရောက်နေတော့မှာ။
ချစ်စရာ သူ့ မိသားစု လေး လဲ အဆင်ပြေ နေမယ် မှန်းပါတယ်။
အဲဒီ အကြောင်းလေးတွေလဲ ကြားချင်ပါသေးတယ် ကဘုန်းကျော် ရေ။
About မြစပဲရိုး
Khin Latt has written 240 post in this Website..