သင်ယူခြင်း…။

black chawAugust 6, 20152min23814

Facebook ပေါ်မှာ ဖီလင်လာရင် လာသလို ရေးထားတဲ့

သင်ယူခြင်း  

လို့ အမည်ပေးထားတဲ့ စတေးတပ်စ် လေးတွေကို

ပြန်လည် စုစည်းတင်ပြလိုက်ရပါတယ်ဗျာ။

ကျွန်တော်တို့ သင်ယူနေရဆဲပါ…။

—————————————————-
အသက်တွေ ဘယ်လောက်ပဲ ကြီးကြီး၊
အတန်းပညာတွေဘယ်လောက်ပဲ တတ်တတ်၊
အတွေ့အကြုံတွေ ဘယ်လောက်ပဲ ရှိရှိ၊
ရင်ဆိုင်ကြုံတွေ့လာရတဲ့ ပြသနာ တစ်ခုခုပေါ်ကနေ
ဘယ်လို တုန့်ပြန်သင့်သလဲ ဆိုတာမျိုးက အစ သင်ယူနေကြရဆဲပါပဲ။
ဆိုကြပါစို့။
ပြီးခဲ့တဲ့ တစ်ပတ်လောက်က ဦးအောင်သောင်း
ဦးနှောက်သွေးကြောပေါက်ပြီး
စင်္ကာပူ ကို ဆေးသွားကုရတယ် ဆိုတဲ့ သတင်း
FB ပေါ် ရောက်လာတာ
မှတ်မိကြဦးမှာပေါ့။
ကျွန်တော်တို့ ချက်ခြင်းကြီး ဟန်မဆောင်နိုင်ကြတော့ပဲ
FB တစ်ခုလုံး မြန်မာဘောလုံးအသင်း
ထိုင်းအသင်းကို အနိုင်ရလိုက်သလို
ပျော်ကြ ရွှင်ကြ အောင်ပွဲတွေ ခံကြ ဖြစ်ကုန်ပါရောလား။
သို့ပေမယ့် တခြားသော ရှုထောင့်တစ်ခုက တင်လာတဲ့
စတေးတပ်စ် လေးတွေ
ဖတ်လိုက်တော့ ကျွန်တော်တို့ လူသား ဆန် ကြရဲ့လား။
သူများတကာ ဒုက္ခရောက်တော့မှာကို ကျွန်တော်တို့
ဝမ်းမြောက်ဝမ်းသာ အောင်ပွဲ
ခံသင့်ကြရဲ့လား။ စသည်ဖြင့်ပေါ့။
အဲဒါကတော့ တစ်ယောက်ခြင်းစီ ရဲ့
ဆင်ခြင်တုံ တရား နဲ့ ပဲ ဆိုင်ပါလိမ့်မယ်။
ဆိုတော့ အောင်ပွဲခံ ကြတဲ့လူတွေ က မှားနေတာလား။
အောင်ပွဲမခံသင့်ဘူးဆိုတဲ့ လူတွေက မှားနေတာလား။
တိကျတဲ့ အဖြေကတော့ ထွက်မလာခဲ့ပေမယ့်
ဒီပြသနာပေါ်ကနေ ကျွန်တော်တို့ သင်ယူနိုင်ခဲ့တာ
တချို့ တော့ သေချာပေါက် ရှိနေပါလိမ့်မယ်။
ညီမငယ်တစ်ယောက် စတေးတပ်စ် တစ်ခု တင်ခဲ့ဖူးတယ်။
ကိုးကားချင်လို့ ပြန်ရှာပေမယ့် မတွေ့တော့လို့
မှတ်မိသလောက်လေး ပြန်ရေးလိုက်ပါရစေဦး။
သူပြောထားတာက မိတ်ဆွေတွေကို မီးပုံကြီးလို
သဘောထားတယ်ဆိုလား။
ခတ်လှမ်းလှမ်းက နေရင် နွေးထွေးတယ်ပေါ့။
မီးပုံနား အရမ်းကပ်လိုက်ရင် အရမ်းပူမယ်ပေါ့။
ဒါကြောင့် ခတ်လှမ်းလှမ်းလေးက ပဲ နေတာ အကောင်းဆုံးပေါ့။
သူရေးထားတဲ့ အတိုင်း အတိအကျ မဟုတ်ပေမယ့်
အဲ့ဒီ အဓိပ္ပါယ် ကတော့ တူမှာပါပဲ။
ကျွန်တော် ကြိုက်လိုက်တာ။
မိတ်ဆွေ တွေ နဲ့ နွေးနွေးထွေးထွေး ဖီလင်လေးရဖို့
ခတ်လှမ်းလှမ်းလေး မှာ နေဖို့လိုမှာပေါ့။
အဲ့ဒါကိုလည်း စာလေး သုံးလေးကြောင်းလောက်သာ ရှိတဲ့
စတေးတပ်စ်လေး ဆီက သင်ယူ ရရှိခဲ့ပြန်တာပါပဲ။

ဆက်ပွားလိုက်ပါရစေဦး…။

ဆိုက်ကား နင်းပြီး ချမ်းသာအောင် လုပ်နိုင်သည်ဟု
တိုင်းဧရာ ဝန်ကြီးချုပ်ပြောကြား ဆိုတဲ့ သတင်းဟာ
မနေ့က FB မှာ ရေပန်းအစားဆုံး လူပြောသူပြောအများဆုံး
လှောင်ပြောင်သရော်မှု အများဆုံး သတင်း ဖြစ်ခဲ့ပါတယ်။
တိုင်းဧရာ ဝန်ကြီးချုပ်၏ စကားမှာ မည်သည့်အရာကို ရည်ရွယ်ပြီး
ပြောလိုက်မှန်းမသိပေမယ့် ဆိုက်ကား နင်းစားသူ ဆိုက်ကားသမားများမှာ
နဂိုကမှ အနှိမ်ခံ ဘဝ များ ဖြစ်နေကြရသည့်အထဲ
အလှောင်ပြောင်ခံ ခလုတ်တိုက်ခံ ခဲ့ကြရတာကတော့
ရင်နာစရာ ကောင်းလှပါသည်။
ဆိုက်ကားသမားများဘက်က ရပ်တည် ပြောဆိုပေးခဲ့သော
စတေးတပ် လေးတွေလည်း ရှိခဲ့ပါတယ်။
…………………………………………………..
ဆောက်တလွဲစကားကိုဆောက်ခွက်ပြောင်တာလဲ
ပြောင်ပေါ့။ဒါပေမယ့်ကိုယ့်ကြောင့်
ဆောက်တလွဲထပ်ဖြစ်တာမျိုးဆိုရင်တော့
မကောင်းတော့ဘူး။မနေနိုင်လို့ပြောတော့မယ်။
အခုဟာခများတို့လုပ်ပုံကဆိုက်ကားဆရာတွေရဲ့
ဘဝဖြစ်တည်မှုနဲ့Lifestyleကိုစော်ကားသလို
မုဒိမ်းကျင့်သလိုဖြစ်နေပြီ။(လွန်လွန်းကဲလွန်းတွေ)
ဆိုက်ကားဆရာဆိုတာခများတို့ဆောက်ခွက်ပြောင်ဖို့
အသုံးချခံဘဝတွေမဟုတ်တာသေချာတယ်။
ခများတို့ကပညာတတ်တွေဆိုရင်တောင်သားသမီးကို
ဆိုက်ကားနင်းပြီးပညာတတ်ဖြစ်အောင်လုပ်ပေးတဲ့
ဖခင်မျိုးနဲ့မကြုံခဲ့လောက်ပါဘူး။အဲ့ဒီဖခင်တွေရဲ့
တန်ဖိုးကခင်များတို့ပို့စ်တွေလိုရီစရာမကောင်းတာတော့
သေချာတယ်။
(သခင် တဝမ်းပူ)
………………………………………

သခင် တဝမ်းပူ တင်ထားတဲ့ စတေးတပ်စ် လေးပါ။
လူတစ်ယောက်ပြောတဲ့ စကားကို လှောင်ပြောင်သရော် ချင်တာနဲ့
ကိုယ်ကိုယ်တိုင် စာနာမှု ကင်းမဲ့သူတွေ အဖြစ်ခံတော့မှာလား။
လူတစ်ယောက် ရဲ့ အမှားကို ဟိုက်လိုက် လုပ်ချင်တာနဲ့
ကိုယ်ကိုယ်တိုင် အမှား ကျူးလွန် သင့်ပါရဲ့လား။
ဆက်တွေးမိ တဲ့ အတွေးတွေ ပါ။
ဘာပဲ ဖြစ်ဖြစ် FB ပေါ်က တိုင်းဧရာ ဝန်ကြီးချုပ် ရဲ့ စကားတစ်ခွန်းဆီကနေ
ကျွန်တော်တို့ တစ်ခုခုတော့ ရလိုက်တာပါပဲ။
နောက် မောင်မောင်အေး(Dream Boat)

တင်တဲ့ စတေးတပ်စ် လေး ၂ ခု ဆီကနေလည်း
ကျွန်တော်တို့ သင်ခန်းစာယူစရာတွေ ရှိနေခဲ့ပြန်ပါတယ်။
ပထမ စတေးတပ်စ် က
ဟယ်လီကော်ပတာ တွန်းနေတဲ့ ပုံကို ပုံပြခက်ဆစ် ဆိုပြီး လှောင်ပြောင်ခဲ့ပါတယ်။
အဲဒီမှာ ကွန်းမန့်ပေးသူတွေကလည်း ပျော်ပျော်ပါးပါး ကြီး ဆွမ်းကြီးဝိုင်းလောင်းတော့
တာပါပဲ ခင်ဗျာ။

ဒါပေမယ့် ဒါဟာ လုပ်ရိုးလုပ်စဉ် ကိစ္စ၊ ဘာမှ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ကြောင်း
ကွန်းမန့်ရေးသူတချို့လည်း ရှိခဲ့ပါတယ်။
အဲဒီမှာပဲ မောင်မောင်အေး က ဒုတိယ စတေးတပ်စ် ထပ်တင်လာပါတယ်။
………………………………………….
ပြောင်ဧ ဂွမ်းသောနေ့တနေ့
…………………………………
ကိုယ်တွေက မြေကြီးပေါ်သွားတဲ့ယာဉ်တွေပဲ

တွန်းတာမြင်နေကျဆိုတော့ လေပေါ်ပျံတဲ့ Helicopter ကို

ဝိုင်းတွန်းနေကြတာလည်းတွေ့ရော ရုတ်တရက်

ပျက်နေတယ်လို့ပဲ လူပြိန်းတွေး တွေးမိလိုက်တာပေါ့….
ပြီးတော့ ပင်ကိုယ်စိတ်ကလည်း တခုခုဆို ပေါက်ကရ

သိပ်ပြောချင်တဲ့စိတ်အခံကရှိတော့ အပျော်သဘော စ နောက်ချင်စိတ်နဲ့

ပုံပြခက်ဆစ်ဆိုပြီး တင်လိုက်မိတယ်….
သို့သော်ငြားလည်း ဒါမျိုးတွန်းတာဟာ

လုပ်ရိုးလုပ်စဉ်ဆိုတာကို အောက်က ကွန်မန့်တွေမှာ

သေချာရှင်းပြပေးတဲ့မိတ်ဆွေကောင်းတွေကြောင့်

ဒီပုံပြခက်ဆစ် တင်မိတဲ့ အတွက် တာဝန်ယူ ရှက်ရွံစွာဖြင့်

သက်ဆိုင်သူများကို တောင်းပန်လိုက်ပါတယ်……
ပို့စ်ကိုတော့ ကိုယ့်အမှားကို ကိုယ်ပြန်သတိပေးမိနေအောင်

မဖျက်ဘဲထားလိုက်ပါ့မယ်
မှားလို့တောင်းပန်တာဟာ ရှက်စရာတော့

မဟုတ်လောက်ပါဘူးလေ
……………………………………………………….

ဟုတ်တာပေါ့။ မှားလို့တောင်းပန်တာ ရှက်စရာ မဟုတ်ပါဘူး။
………………………………………………..
သူများကိုမသရော်ခင် လေ့လာသင်ယူပြီးမှသရော်စာ လုပ်ပါဗျာ
သရော်တာနဲ့ ဟာသနဲ့ မတူပါဘူး
……………………………………………………
ဆိုတဲ့ ကွန်းမန့်ရေးသူတစ်ယောက်ရဲ့ ကွန်းမန့်လေး တစ်ခုကလည်း

ကျွန်တော်တို့ကို အသိတရား တစ်ခုခု တော့ ပေးနိုင်ခဲ့တာပါပဲ။
ကျွန်တော်တို့ အလွယ်တကူ လှောင်ပြောင် သရော်တတ်တာတွေကို
ဆင်ခြင် သင့်တယ်ဆိုတဲ့အကြောင်း
သူများ ရေးထားတဲ့ လှောင်ပြောင်သရော်မှုတွေ ဆီမှာလည်း
အလွယ်တကူ ဝင်ပြီး ဆွမ်းကြီးမလောင်းသင့်တဲ့ အကြောင်း
FB ကြီးဆီက မနေ့က သင်ယူရရှိခဲ့ တာတွေပါ ခင်ဗျာ။

ဒီတစ်ခါ သင်ယူလိုက်ရပြန်တာက fb ပေါ်ရောက်လာခဲ့တဲ့
ဂျာနယ် တစ်စောင် ရဲ့ အမှားခင်ဗျ။
ပြီးခဲ့တဲ့ တစ်ပတ်လောက် က ဆရာကြီးမောင်ထင်ရဲ့ ငဘ ဝတ္ထုကို
ဒါရိုက်တာ ခင်စောမျိုးက ကျော်သူ၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ တို့နဲ့
ရုပ်ရှင်ရိုက်တယ်ဆိုတဲ့ သတင်း ဖတ်လိုက်ကြရမှာပါ။
အဲဒီမှာ အိုအေစစ် ဂျာနယ်က စိုးမြတ်သူဇာကြီးရဲ့ ဒိုင်ယာလော့ခ်ကို အခုလိုပဲ
ဖေါ်ပြခဲ့ပါရောလားဗျာ။
“ငဘက ဟာသ ဇာတ်ပဲဆိုတော့ မကြီးတို့က အဓိက ဇာတ်ဆောင်မဟုတ်ဘူးလေ”
အဲဒီမှာပဲ မောင်ထင် ရဲ့ ငဘ ကို ဟာသဝတ္ထုရယ်လို့ ပြောရကောင်းလားဆိုပြီး
ဆရာကြီး မောင်ထင် ပရိသတ်တွေရော
ပရိသတ်မဟုတ်သူတွေရောက စိုးမြတ်သူဇာကြီးကို

ဝေဖန်တိုက်ခိုက်ရှုတ်ချပြောဆိုသံတွေ
ဆူညံခဲ့ပါရောလားဗျာ။
ဟော…အခုအပတ် အိုအေစစ်ဂျာနယ် ထဲမှာ

အိုအေစစ် အယ်ဒီတာ အဖွဲ့ရဲ့ တောင်းပန်စာ
ပါလာခဲ့ပါတယ်ဗျာ။
စိုးမြတ်သူဇာကြီး ပြောသွားတာက
“ငဘက ငဘ ဇာတ်ပဲ ဆိုတော့ မကြီးတို့က အဓိက ဇာတ်ဆောင်မဟုတ်ဘူးလေ”
လို့ ဖြစ်ပါတယ်တဲ့။
မှားယွင်းစွာပုံနှိပ်ဖေါ်ပြပါရှိသွားခဲ့တာပါတဲ့။
ဆရာကြီးမောင်ထင် ပရိသတ်တွေကိုလည်း တောင်းပန်ထားပါတယ်။
စိုးမြတ်သူဇာ ကိုလည်း တောင်းပန်ထားပါတယ်။
တစ်ပတ်နဲ့ တစ်ပတ် အလျင်မီအောင် ပြေးလွှားလှုပ်ရှား နေကြရတဲ့
ဂျာနယ်သမားတွေ အနေနဲ့ ဒီလို မှားယွင်းမှုမျိုးဟာ အမြဲကြုံတွေ့နေကြရတာပါ။
အင်တာဗျူးလုပ်ခဲ့သူ နဲ့ ကွန်ပျူတာ စာစီသူ ကြားထဲက နားလည်မှု အလွဲလေးတွေလည်း
ဖြစ်တတ်ပါတယ်။
ဆိုတော့ အိုအေစစ် ဂျာနယ် ဘက်က မှားခဲ့တဲ့ အမှားက သေးသေးလေး လို့ ပြောလို့ ရပါတယ်။
သို့သော်…
အဲဒီ အမှား သေးသေးလေးကပဲ ကာယကံရှင် ပြောဆိုသူ မင်းသမီးအတွက်
အင်မတန်ကြီးမားသော ဂုဏ်သိက္ခာ ကျဆင်းမှု ကြီး ဖြစ်ခဲ့ရတာကို
ကျွန်တော်တို့ ကိုယ်တိုင် တွေ့ရှိသင်ယူလိုက်နိုင်တာပါပဲ။
အမှိုက်ကစ ပြသာဒ် မီးလောင် ပေါ့ဗျာ။
အိုအေစစ် အယ်ဒီတာချုပ် ဂျူလိုင်မိုး ကိုယ်တိုင်ကလည်း
ကျွန်မ မြင်တဲ့ စိုးမြတ်သူဇာ ဆိုတဲ့
ဆောင်းပါးလေးတစ်ပုဒ် နဲ့ တောင်းပန်ထားတာကို ဖတ်လိုက်ရပါတယ်။
သူမခင်ဗျာလည်း စိုးမြတ်သူဇာ fb ပေါ်မှာ အတိုက်ခိုက်ခံခဲ့ရတာကို
အတော် စိတ်မကောင်းဖြစ်နေဟန်ရှိပါတယ်။

အတော်လည်း မျက်နှာပူနေရှာမှာပါပဲ။
ဆိုတော့
ဒီဖြစ်ရပ်အပေါ်ကနေ ဒီလို အမှားမျိုး နောက်ထပ် မကျူးလွန်ဖို့
ပို ဂရုစိုက်လာနိုင်ပါလိမ့်မယ်။
ပြန်ပြင်လို့ မရတော့တဲ့ ဒီဖြစ်ရပ် ဆီကနေ

အမှား ဆိုတာ သေးသေးလေးပဲ ဖြစ်နေပါစေ…

အခန့်မသင့်ရင် ပြသနာအကြီးကြီးတွေ ဖြစ်နိုင်တဲ့အကြောင်း
ကျွန်တော်တို့  သင်ယူရရှိလိုက်ပြန်တာပါပဲ ဗျာ။

ချစ်ခင်လေးစားတဲ့

ဘလက်ချော…။

14 comments

  • ဟေသီ

    August 6, 2015 at 12:53 pm

    အခု ရုပ်ရှင်ရုံမှာ တင်နေတဲ့ Unfriended လည်း အဲ့သဘော ခပ်ဆင်ဆင်ကို သရဲကား ဆန်ဆန် ရိုက်ထားတာ မျိုးပဲ။ တကယ်တမ်း Facebook သုံးရင် သဘောကျ စရာ အကျင့်တစ်ခု သင်ယူမိတာလေးတော့ ကြိုက်တယ်။ ဘာမှ မလုပ်ခင် လုပ်သင့်ရဲ့လား တွေးမိတာကိုပါ။ အရင်က ကိုယ်မှားသွားလည်း လူတစ်ဦး နှစ်ဦးလောက်ပဲ သိလောက်မှာဆိုတော့ သတိမထားမိတာတွေ အများကြီးပါ။ အခုတော့ မြန်မာစာ ဖတ်တတ်သူ လူအားလုံး သိသွားတော့မှာ၊ ကိုယ့်အမှားကြောင့် ထိခိုက်နစ်နာသူတွေလည်း များလာတော့မှာ ဆိုတော့ သတိလေး ထားတတ်သွားတာကို အကြိုက်ဆုံးပါ။ အခုလည်း ဒီပို့စ်ကို ဖတ်ပြီး ထပ် သင်ယူသွားပါတယ် 🙂

    • black chaw

      August 6, 2015 at 1:35 pm

      @ ဟေသီ ;
      ဟေသီ ဆိုတော့ ရွာသူ အသစ်ကလေး ပဲ ဖြစ်မယ်ထင်ပါရဲ့။
      ကွန်းမန့်လေး ဝင်ချီးမြှင့် သွားတာ ကျေးဇူးပါ ဗျာ။
      ကျွန်တော် ဆိုလိုချင်တဲ့ သင်ယူခြင်း ဆိုတဲ့ ဘောင်ထဲက ပေးသွားတဲ့
      ကွန်းမန့်လေးမို့ ပါ။
      ခင်ဗျားပေးတဲ့ ကွန်းမန့်လေးထဲက လည်း
      ကျွန်တော် က သင်ယူသွားပါတယ်ဗျာ။
      ချစ်ခင်လေးစားတဲ့
      ့ဘလက်ချော…။

  • aye.kk

    August 6, 2015 at 1:23 pm

    ဇီဇီပြောသလိုပါဘဲ။။

    • black chaw

      August 6, 2015 at 1:54 pm

      @ aye.kk ;
      ဇီဇီ့ ကို ပေးထားတဲ့ ကွန်းမန့်အတိုင်းပါပဲ အစ်မရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • kai

    August 6, 2015 at 1:40 pm

    ဦးအောင်သောင်းအသုဘကိစ္စမျိုးက.. လူအများစုကြီးက.. တကယ်ပျော်ကြရင်တော့ လုပ်ကောင်းတယ်လို့ထင်တယ်..။
    ကျုပ်လည်း ..ရွာထဲဘုရားဟောဇတ်တခုနဲ့.. အများမချစ်မနှစ်သက်သူသေရင်ပျော်ပွဲရွှင်ပွဲလုပ်တာ.. ဂေါတမဗုဒ္ဓတားတော်မမူကြောင်း.. အထောက်အထားတင်ဖူးပါတယ်..။
    ကျုပ်အမြင်အရလည်း.. ဒီလိုပျော်ကြရွှင်ကြလုပ်ပြကြမှ.. နောင်လာနောက်သားတွေမှာ.. အော်.. ဒီလိုမတရားတွေလုပ်ခဲ့ရင်.. ဒီလိုဖြစ်တတ်ပါလား..အသိတရားရပြီး.. နောင်.. အဲဒီလူ(ဦးအောင်သောင်း)လိုမလုပ်မိကြဖို့တွေးမိကြ.. သင်ခန်းစာယူကြမှာလို့ထင်မိတယ်..။
    ===
    တိုင်းဧရာ ဝန်ကြီးချုပ်၏ စကားကတော့.. သူ့မိတ်ဆွေ တပ်ကထုတ်ခံရတဲ့ ဗိုလ်မှုးတယောက်ကိုရည်ညွှန်းပြောတာလို့.. ပြောကြတာပဲ..။
    အဲဒီဗိုလ်မှုးဟာ..အခုအင်မတန်အောင်မြင်နေတဲ့.. စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေပြီလေ…။
    အဲဒီဗိုလ်မှုးတပ်ကထုတ်ခံရပြီး.. ဆိုက်ကားနင်းနေတုံး.. အဲဒီတုံးက မင်းသားဦးဝင်းဦးအကူအညီပေးခဲ့တာ..။
    အဲဒီကနေ..အဆင့်ဆင့်အောင်မြင်လာတာတွေကတော့..တကယ့်လက်တွေ့ဘဝပဲဖြစ်ပါတယ်..။
    ကျုပ်အနေနဲ့ကတော့..

    “ဆိုက်ကား နင်းစားသူ ဆိုက်ကားသမားများမှာနဂိုကမှ အနှိမ်ခံ ဘဝ များ ဖြစ်နေကြရသည့်အထဲ”

    အဲဒီလို..အတွေးအခေါ်ဖြစ်နေစေတဲ့ မြန်မာတွေရဲ့ မိုင်းဆက်ကြီးကိုပြင်ရမယ်လို့ထင်တယ်..။
    ငွေရှာကြတာခြင်းအတူတူ..တရားသဖြင့်ရှာစားသူတွေမှာ.. ဇတ်ခွဲနှိမ်ချခြင်းမရှိသင့်…။
    ===

    “ငဘက ငဘ ဇာတ်ပဲ ဆိုတော့ မကြီးတို့က အဓိက ဇာတ်ဆောင်မဟုတ်ဘူးလေ”

    ဆိုပြီး.. စိုးမြတ်သူဇာပြောတယ်ဆိုတာ.. စိတ်ထဲတမျိုးတော့ ထင့်မိသား..
    “ငဘက ငဘ ဇာတ်ပဲ ဆိုတော့ ဆိုတာက.. စကားထောက်နေလို့ပါ..။

    စာရေးဆရာမကြီးဒေါ်မြသန်းတင့်ရဲ့.. ဓားတောင်း၍မိမိလယ်ပင်းကိုဖြတ်မည်..ဝတ္ထုဖတ်ဖူးတဲ့.. စာရေးဆရာမတချို့တွေလိုများဖြစ်နေမလားလည်းတွေးမိရဲ့..
    စတော်ဗယ်ရီပင်အောက်မှာ.. ချစ်သူရည်းစားစကားပြောကြတယ်ဆိုတာမျိုး မှားရေးဖူးတဲ့စာရေးဆရာရှိဖူးသလို.. ဒီလိုအမှားတွေဟာ…ဘဝထိခိုက် နစ်နာသူမရှိနိုင်သမို့.. အမှားဖြစ်ရင်..အမှားကို ဝန်ချတောင်းပန်တာမျိုးကသာ ဂုဏ်တခုရှိတယ်လို့.. တွေးနေမိရဲ့..။
    ===

    • black chaw

      August 6, 2015 at 1:52 pm

      @ kai ;
      သူကြီးဆီက သင်ယူခြင်း ပေါ့ဗျာ။
      တစ်ယောက်ခြင်းစီ ရဲ့ ဆင်ခြင်တုံ တရား နဲ့ ပဲ ဆိုင်ပါလိမ့်မယ်
      လို့ ရေးထားတာဆိုတော့ ဒါ…သူကြီးရဲ့ ဆင်ခြင်မှု ပဲပေါ့။
      ဆိုက်ကား သမား ကိစ္စ ကတော့ ကျွန်တော် နားလည် သလို ရေးထားတာပါပဲ။
      စိုးမြတ်သူဇာ ကိစ္စ ကတော့ အမှားကို တောင်းပန်ပေမယ့်လည်း
      ဖေ့စ်ဘုတ်ပေါ်မှာ ပြောချင်သလို ပြောကြပြီးပြီမို့
      တောင်းပန်ပေမယ့် အရာမထင်တော့ ပါဘူးဗျာ။
      ဘာပဲ ဖြစ်ဖြစ် ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးပါဗျာ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

    • kai

      August 6, 2015 at 5:53 pm

      ဟားဟား… ဖေါ်ကုန်ပြီ..။
      ကျုပ်ကတော့…အဲဒီလူကြီးမင်းကို.. ယူအက်စ်လည်လည်လာတုံး.. ကိုယ်တိုင်တွေဖူးပါ့ဗျာ..။
      ဦးဝင်းထိန်နဲ့.. အမူတွဲတခုထဲဆိုတာကတော့.. အခုမှသိ..။ :k:

      • Ma Ma

        August 6, 2015 at 7:27 pm

        အဲဒီဇာတ်လမ်းထဲက တကယ်အတုယူဖို့ကောင်းတယ်။
        ဘယ်နေရာကဖြစ်ဖြစ် ပြန်စနိုင်တဲ့ စိတ်ဓာတ်က အောင်မြင်မှုရဲ့ သော့ချက်ပဲ။

    • black chaw

      August 6, 2015 at 11:33 pm

      @ Mike ;
      ကျနော်ပြောချင် တာက
      အဲ့ဒါမဟုတ်ဘူူးဗျ။
      တိုင်းဧရာ ဝန်ကြီးချုပ် ရဲ ့စကားကို
      ပြန်လည်လှောင်ပြောင် ကြတာမှာ
      ဆိုက်ကားသမားတွေ ခဗျာ
      ခလုတ်အတိုက်ခံကြရရှာတာကို
      ပြောချင် တာခင် ဗျ။
      အဲ့ဒီ အဖြစ်အပျက်က တော့
      ကျနော်လည်း ဖတ်ပြီး ပါပြီဗျာ။

  • ဝင့်ပြုံးမြင့်

    August 6, 2015 at 4:56 pm

    .ဆိုင်မဆိုင်တော့ သိပါဘူးနော်။ ရန်ကုန်က နာမည်ကျော် ပုံနှိပ်တိုက် ပိုင်ရှင်ဟာလည်း ဆိုက်ကားနင်းစားခဲ့တာပါပဲ။ သူက သူ့အိမ်မှာ သူနင်းခဲ့တဲ့ ဆိုက်ကားကို သ ထားတာ။ သူ့ရဲ့ ဖွားဖက်တော် ပုံစံမျိုး။ ဒီဆိုက်ကားကို ညွှန်းစရာပေါ့လေ။ တော်ရုံလူဆိုရင် – ဪ ဒီလောက်အောက်သက်ကျေတဲ့လူဆိုပြီး အထင်တွေ စွတ်ကြီးသွားတာပဲ။ ဒါ (ဟဲဟဲ မျှစ်ကြော် ညစ်ချင်လို့) သူဌေးတွေရဲ့ ကိုယ့်ကျောကိုယ်သပ်ပြတဲ့ လုပ်ပေါက်လေးတွေပါ။ အမှန်တကယ်မှာ အဲဒီလူ မတရားချမ်းသာသွားခဲ့တာ ၂လုံးဒိုင်လုပ်လို့ပါ။

  • ဦးကျောက်ခဲ

    August 6, 2015 at 9:09 pm

    ဖွဘုတ်မှာလည်း သင်ယူရ ၊ ဂဇက်ရွာမှာလည်း သင်ယူရ…
    မသေမချင်း အာရုံငါးပါးကနေတဆင့် သင်ယူနေရတဲ့ဘဝပါ ဆြာဘလက်ရယ်… :k:

  • black chaw

    August 7, 2015 at 10:21 am

    @ ကိုကျောက် , မမ , မပြုံး ;
    ကွန်းမန် ့လေးတွေ ချီးမြှင့် ကြတာအတွက်
    ကျေးဇူး အထူးပါ ခဗျာ။
    ချစ်ခင် လေးစားတဲ့
    ဘလက်ချော…။

Leave a Reply