အားလုံးဟာ ကပ်ကျော်သန်း…။ (သိမ်းတင်သား)

black chawOctober 22, 20152min1566

ကျွန်တော့် ဆရာ ပြောပြဖူးတာ ရှိပါတယ်။

တစ်ခါတော့တဲ့…

သူတို့ အရပ်က လူတွေဟာ ရွာကဘုရားပွဲမှာ

“ရွှေမန်းတင်မောင်” ကောင်းလှချည်ရဲ  ့ ဆိုလို့

ရွာလုံးကျွတ်ကြည့်ကြတယ်ဆိုပဲ။

အပြောကတော့ “ရွှေမန်း” ပဲ ကိုးဗျာ။

 “ကြိုက်ရာရွေးလို့ ဝယ်…ဝယ်…ဝယ်ဝယ်…ဈေးတော့ မဆစ်နဲ့ကွယ်”

ဆိုတဲ့ သီချင်းနဲ့တင်

အဲဒီပွဲခင်းတစ်ခုလုံး ပြီးပြီ ဆိုတဲ့ ကာလပေကိုး။

“အမေကြီးအို ဦးအောင်စိန်” ရဲ့ အရွှမ်းနဲ့

“ဗကဦးဓါတ်ရှင်တို့ ဝန်းရံထားတာက ပိုသေး။

ဆရာတို့ ဘယ်လောက် ပီတိတွေ ကျနေကြမလဲဗျာ။

ပွဲလည်းသိမ်းရော သူလိုကိုယ်လို ဟုတ်ဟန်မတူတဲ့ ရွာသားကြီးတစ်ယောက်က

(စွမ်းအားရှင်၊ မ-ဘ-သ၊ အထူးရဲ၊ တာဝန်လက်ပတ်နီ၊

သန္ဓေမီးသတ် တို့နဲ့ မရောပါနဲ့ ဆရာ၊

 ဒီကာလက အလွန်ဆုံးပေါ်လှ “ကင်းထောက်” ပေါ့လေ)

ဒီလို ပြောပါသတဲ့။

မညာတတ်တဲ့ အညာသားရဲ့ ရင်တွင်းစကားပေါ့လေ။

“ကွာ…ရွှေမန်းတင်မောင် ကောင်းလှဆိုလို့ သွားကြည့်မိပါတယ်၊

 တကတဲ…တို့ အညာကမင်းသား ‘ကပ်ကျော်သန်း’ ကမှ နိပ်သေးဗျာ”

တဲ့ ခင်ဗျာ။

ကိုင်း…ဘယ်သူက…မူပိုင် အစစ်လဲဗျာ။

“အပြောကတော့ ကပ်ကျော်သန်း” လို့များ ပြောင်းရတော့မလား မသိ။

တော်ပြီ…နောက်ကို… “ကပ်ကျော်သန်းကလည်းကွာ”

လို့ပဲ သုံးတော့မယ် ကိုကို။

ကျွန်တော်တို့ တိုင်းပြည်မှာ “ကပ်ကျော်သန်း” တွေ ပေါလှပေါ့

ကျောင်းကြီးဒကာ ရာ။

ဒါတောင် ကျွန်တော်မှတ်မိသလောက် မှတ်တမ်းတင်ထားတာပါ။

“အမေဒစ်ကန်” (ဆရာကြီး ကုသ ရဲ့ အသုံးပါ) တွေတောင် မရိပ်မိလိုက်တဲ့

“ကြက်ဆူပင်/ကြက်ဆူသီး ကနေ…ဇီဝလောင်စာဆီ

ကမ္ဘာပေါ်မှာ ပထမဆုံးထုတ်နိုင်တဲ့

 ဗမာပြည်ကလူကြီးလူကောင်းတွေ ပြောခဲ့ လုပ်ခဲ့ တာတွေလေ…” ။

အမေဒစ်ကန် တွေ ဘယ်လာသိမှာတုုံး။

မ-ဆ-လ ရဲ့ ခေတ်ဦးမှာ ကျွန်တော် လူဖြစ်လာရတော့

 (လူကတော့ ခုထိ မဖြစ်သေးပါဘူး။ မွေးလာတယ် လို့သာ ပြောတာပါ ကိုကို)

အဲဒီကာလက ကျွန်တော် ဘာမှ မသိခဲ့ပါဘူး။

သိတာကတော့ “ပါတီကလပ်စည်း” ဆိုလား

“ဆိတ်ကော်မတီ” (‘ဆပ်’ တော့ မမြင်ဖူးဘူးဗျာ။

ဆိတ်လိုပဲ လက်ဖက် စားကြတာ..တပျပ်ပျပ် နဲ့)

အစည်းအဝေး ကျွန်တော့်အိမ်မှာ ခဏခဏလုပ်တယ်။

အမေက လက်ဖက် သုတ်ပေးရတာ မှတ်မိတယ်။

အဲဒီ အစည်းအဝေး ရှိရင်..အမေစိတ်ညစ်ရော။

ဟိုတုန်းက “စနေနေ့ဝက်” ရုံးဆင်းကတည်းက

“အမေ” ဟာ “ပိုကာ” ထိုင် ဒေါင်းတော့တာပဲဗျာ။

အစည်းအဝေးရှိရင် သူ့ပိုကာဝိုင်း ပျက်ကရောလေ။

ပြီးတော့ ကျွန်တော့် အိမ်က နံရံမှာ စာကပ်ထားသေး။

“အမြုတေ ပါတီမှ ပြည်သူ့ပါတီ သို့” ဆိုပဲ။

“ကပ်ကျော်သန်း ကလည်းကွာ” ။

နောက်တော့…ပါတီ မိတ်ဆွေ၊ တင်းပြည့်/ကျပ်ပြည့်ပါတီဝင်၊

ပိုလျှံဝန်ထမ်း၊ ပိုလျှံပါတီဝင်၊

E.C ၊ C.E.C ၊ E2000 ၊ T2000၊ Mazada Jeep ၊ 1300 Seden

ဒါတွေ ဆက်တိုက်လာပြီးမှ…နောက်ဆုံး…

“သဲအိတ် ၅ အိတ်၊ ရေအိတ် ၅ အိတ်” အိမ်တိုင်းချိတ် ဆိုတာနဲ့

သံချပ်ကားတွေ ပဒေသာပင်လှည့်တဲ့ ခေတ် ရောက်လာပါရော။

တစ်တိုင်းပြည်လုံးမှာ အဲဒီကာလက

ရှိတဲ့ ပန်းခြံတိုင်းမှာ…

မိကျောင်းတစ်ကောင်နဲ့ ဆင်ဝပ်နေတဲ့ ပုံကို မြေကြီးနဲ့ ပုံဖေါ်ပြီး

အပေါ်က မြက် ဖုံးပေးရတာပါ။

ကြွပ်ကြွပ်အိတ်ထဲက ရေနဲ့ သဲဟာ…မီးဘေး လုံခြုံရေးအတွက်ဆိုပဲ။

တော်သေးပေါ့ ကျောင်းဒကာရာ…၊

ဒီကာလတုန်းက မိုးကြိုးလွှဲဖို့ ကျောက်ဖရုံသီးတစ်လုံး

တင်ကို တင်ထားရမယ် လို့များ လုပ်ခဲ့ရင်…

အားလုံး ချောက်ကျကုန်မှာ ဗျာ။

ကျေးဇူးနော် ကိုကပ်ကျော်သန်း။

အဲဒီကာလ ၁၉၈ဝ ပြည့်လွန်ကာလမှာ…

လူကြီးတွေ ပြောတာကို ကျွန်တော် အသည်းစွဲအောင် မှတ်မိနေတာ

ရှိပါတယ်။

အဲဒီကာလ တုန်းက ကျွန်တော့်အိမ်မှာ TV မရှိပါဘူး။ မဝယ်နိုင်ခဲ့ပါဘူး။

အစိုးရ ရဲ့ သတင်းစာ ရှင်းပွဲ ဆိုရင်

နိုင်ငံရေးသမား တစ်ယောက်ရဲ့ (အဘိုးကြီးပါ၊ ကျွန်းပြန်ကြီးပါ) အိမ်ကို

ပြေးကြည့်နားထောင်ရတာပါ။

ဒီကာလတုန်းက…စစ်တန်းလျားကို ပြန်မယ်ချည်းလုပ်နေတဲ့..

ကျန်စစ်သားကြီး

က…

“ဦးနု ခေတ်တုန်းက အမတ်တွေ၊ ဖဆပလ အစိုးရနဲ့ အလွမ်းသင့်သူတွေ၊

စောင့်ရှောက်ခံရတဲ့ သူတွေ Land Rover တွေ စီးကြတယ်။ စီးကြပါ။

ကျွန်တော်တို့ မစီးနိုင်ပါဘူူး။ လမ်းစဉ်ပါတီက မာဇဒါ ၃၂၃ တွေ

 ပေးတယ်။ ရရင်စီးကြပေါ့”

အတိအကျ တော့ မဟုတ်ပါဘူး။ ဒီသဘောပါ။

ဖ.ဆ.ပ.လ က.. Land Rover ၊

မဆလ က Mazada ကျွန်တော်တို့စီးတာ “Dodge ခေါင်းရှည်”

ဘတ်စ်ကားပေါ့ဗျာ။

ခုကာလတော့…တရုတ် “Audi” နဲ့ “Camry” ပါ ဆိုရတော့မှာပေါ့

ကိုကပ်ကျော်သန်းရာ။

ဗမာတွေ ကားစီးချင်တယ်ဆိုတာ နိမိတ်ပြတာပေါ့လေ။

နောက်တော့ အဲဒီ ကာလက လက်ညှိုးညွှန်ရာ

အချုပ်ခန်း ဖြစ်စေတဲ့ အထိ တန်ခိုးကြီးခဲ့တဲ့၊

ဘုန်းကြီးသလောက် ဉာဏ်နည်းခဲ့သူ

အဘိရာဇက စစ်သူကြီး လက်သစ်ကြီးက..

 “ပုဇွန်တစ်ပိသာ ၄၀၀…ကျွန်တော် မစားနိုင်ပါဘူး၊ ကျွန်တော် ဝန်ထမ်းမို့ပါ”

လို့ မိန့်ခွန်း ပေးသွားသေးသဗျာ။

ပုဇွန်ဈေးကတော့ ကျပ် ၄၀ဝ လား ကျပ် ၈၀ဝ လား

တိတိကျကျ မမှတ်မိတော့ဘူးဗျာ။

ဒီမှာတင် ခုတော့ တအားကို ကိုယ်ချင်းစာပြီး…

လခတွေ တိုးလိုက်တာနော်။

ဘုရင် သိန်း ၅၀၊ သေနာပတိ ၂၀၊ ၃၀၊ ၄ဝ တစ်ခုခုပဲဗျာ။

နေ့စား တစ်နာရီ (အဲ ၈ နာရီနော်) ကျပ် ၃၆၀၀။

ဘတ်စ်ကား ဟိုနား ဒီနား ကျပ် ၁၀၀။

မြို့ပတ်ရထား ဘယ်စီးစီး ကျပ် ၃၀၀။

အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ဗမာကျပ် ၁၃၀၀။

ခုပဲ ပုဇွန်တွေထဲ ဖော်မလင်း (Formaldihyde) တွေ ထိုးထည့်။

“ခေါင်း” ထဲ “ခဲ” တွေ ထည့်ဆိုပဲ။

ခင်ဗျားတို့ အညာသားတွေ ပုဇွန်ထုပ် ဆိုတာ မသိလောက်ပါဘူး…

ကိုကပ်ကျော်သန်းရာ။

ကျွန်တော်တို့ အကြေသားစစ်စစ်တောင် မမြင်ဖူးတာ

အတော်တောင်ကြာပြီနော် ဆိုတဲ့ သီချင်းအတိုင်းပါဗျာ။

ဒီလို ခေတ်တွေ ဖြတ်ခဲ့ရပြီး

“ကပ်ကျော်သန်း”ရဲ့ ဇာတ်ညွှန်းက ပြောင်းသွားပြန်ပါရော ကိုကို။

 နွားနို ပုံမှန်သောက်ပါ။ နဂါးမောက်သီး စိုက်ပါ။

ထမင်းတစ်နပ် လျှော့စားပါ။

ဖယောင်းတိုင်ထွန်းပါ။

ငွေ ၃ သိန်းလောက်နဲ့ ဂါရဝ ပြုပါ။

ပါးရိုက်ပစ်မယ်။

တရုတ်ကို ကြောက်ရတယ်ဘုရား။

လက်သီးဆုပ်ကြီးနဲ့ တက်လာတဲ့ လူစုလူဝေးကြီးကို

သေနတ်ကလေးနဲ့ပဲ ပစ်တာပါ။

သမီးကလေး ကို ဘူဒိုဇာ လက်ဆောင်ပေးတယ်။

 “မီဒီယာတွေ မဝေဖန်ပါနဲ့၊ ဒီလိုဝေဖန်နေရင် တိုင်းပြည်မတိုးတက်ဘူး”။

 နာဂစ်မှာ သေကျေတဲ့ အလောင်းတွေကို ငါးတွေ စားသွားလိမ့်မယ်၊

မပူနဲ့ စင်္ကာပူ ဖြစ်စေရမယ်။

 ဆိုက်ကားနင်းပါ၊ ချမ်းသာမယ်။

နောက်ထပ် ၅ နှစ်ပဲ အုပ်ချုပ်ပါရစေ..

ပြည်သူချစ်ကြည် ကိုကြွက်နီ၊

ကြုံတာ တိုးတောင်း ကိုစိုးသောင်း၊

အဘတောင်ဝှေး ကိုအောင်ဝေး၊

ဓါတ်တော်မှန်း ကပ်ကျော်သန်း၊

 ပြည်သူအခြေပြု အုပ်ချုပ်ရေး စလုပ်ပေးမယ်။

မာမူ တွေ အလိုမရှိ။

ပေါက်ခေါင်းသားကွ ကျောက်မြောင်းသား ရေမကူးတတ်ပါ။

ကပ်ကျော်သန်း အနားမကပ်နိုင် မကျွမ်းတဲ့

ဇာတ်ညွှန်းဆန်းတွေ တန်းစီ ခဲ့ပါရောလား။

ခုနောက်ဆုံးပေါ် “ထိုးဇာတ်” ကတော့…

မဲစာရင်း မမှန်တာ အမေရိကန်က ပေးတဲ့

Soft Ware (အပျော့ထည်) “မှိုကပ်” သွားလို့

ဆက်တိုက်မှားနေတာတဲ့ ကျောင်းကြီးဒကာ။

ကျွန်တော့် အစ်ကိုကြီး

အမေဒစ်ကန် ရောက်.. “ကိုအောင်ဝေး” ကတော့ ပြောဖူး/ရေးဖူးတာပဲ။

“ရွေးကောက်ပွဲဆိုတာ…ခွေးခလောက်ဆွဲတာပါပဲ မောင်ရာ”

တဲ့။

လူရွှင်တော် မောင်မေတ္တာကတော့ …

“ရွေးရပြီဆိုကတည်းက ပေါင် ထားလို့ ပေါ့”

တဲ့။

ကိုကပ်ကျော်သန်း ဇာတိ လက်ကတောင်း တောင်လည်း ပြိုပြီ။

ရဟန်းတော်တွေလည်း မီးသင်္ကန်း ကပ်ပြီးပြီ။

အခုတော့…ကိုယ်တော် တွေက

တစ်လင်တစ်မယား စံနစ်ကို စောင့်ရှောက်ဖို့ ပြည်သူ့ရဲကိုယ်စား…

ပန်းခြံနဲ့ တည်းခိုခန်းတွေကို လှည့်လည် စောင့်ရှောက်တော်မူနေပြီး

ပြည်တော် တကယ် သာနေပြီပေါ့ ကျောင်းကြီးဒကာ။

မဲပေးပေး မပေးပေး မှန်မှာက ၃ဝ % ၊ ပယ်မှာက ၇ဝ %။

ပြည်တော် တကယ် သာပြီဆိုပြီး တစ်နေ့…

ဇာတ်ဆရာ လူပျိုကြီး ဦးကပ်ကျော်သန်း

(ဒီလို ပြောလိုက်တာ အေးပါတယ်။

One က တိုင်ရင် Two ရော Three ပါ မချောင်ဘူး။

လပေးလည်း မဟန်၊ နှစ်ပေးလည်း မနိပ်၊

ချိန်းတွေ့ရင် ရ နှစ်…ဒီတော့..လူပြိုကြီးပဲ လုပ်တာ ကောင်းဗျာ)

ဈေးသွားတာ လိုက်ကြည့်မိပါရော။

အံမယ်…

“အဘိရာဇက စစ်သူကြီး လက်သစ်…မစားနိုင်တဲ့

ပုဇွန်ထုပ်ကြီးများ ဝယ်မလားလို့ပေါ့။

လားလား…လူတကာယိုတဲ့ချေး၊ ပုဇွန်ဆိတ်ခေါင်းစု…ဆိုသလို..

ကပ်ကျော်သန်းဝယ်တာ..

ပုဇွန်ဆိတ်

(အင်္ဂလိပ် ပုဇွန်နော်…George ပုဇွန်၊ John ပုဇွန်ဆိုတာ ကြားဖူးတယ်ဟုတ်)

သူဌေးအိမ်က “ကြောင်စာ” ပေါ့ကွယ်။

ပုဇွန်ထုပ်မစားတာ မသမာတာတွေကို အားမပေးတာနေမှာပါ။

ပြီးတော့… “ကျောက်ဖရုံသီးဝယ်တယ်။

သူများက “မိုးကြိုးလွှဲ” ဖို့ ကျောက်ဖရုံသီးကို အားကိုးတာ။

ကပ်ကျော်သန်းက ဟင်းချိုလေး ချက်ဖို့တဲ့ ဗျာ။

ကျုပ်က..လူကြီးစကား နားထောင်ပါတယ်ဗျာ။

ထမင်းတစ်နပ်ပဲ စားတာပါ ဆိုပဲ။

ခင်ဗျားက…ကျုပ်ကို…ဒံပေါက်တစ်ပွဲ နဲ့ ကျပ် ၅၀၀ဝ ပေးပြီး

အစိမ်းရောင်ခြင်္သေ့စာကျွေးမလို့လား။

မရဘူးကိုကို.. “လာဘ်ထိုးတဲ့ ဒံပေါက်ဟာ တစ်ထုပ် ကျပ် ၃၆၀၀

(နေ့စားအလုပ်သမား ၈ နာရီ လုပ်အားခ ကြမ်းခင်းဈေးပါ။

K.F.C ကြက်ကြော်တစ်တုံးစာပါ။)

တန်ပါလေ့စေ..မစားဘူး။

တရုတ်လည်း မကြောက်ဘူး။

ကုလားလည်း မကြောက်ဘူး။

ထောင်ကဲရော..မာမူရော..ဘာဘူရော No ပဲ။

ကျုပ်ကြောက်တာ.. “ကျိန်စာ” ပဲ။

ဒံပေါက် ထဲ ကျိန်စာရော အပင်း ရော သွင်းထား၊ မထား မသိနိုင်ဘူး။

ဒီတော့..ဒါမျိုးတော့ မရဘူး။

မသကာ တန်ဖိုး မနည်းမများ အိမ်ရာလေးနဲ့ဆို တော်သေး…လုပ်ပါရောလား။

ကျောက်ဖရုံယို မကြိုက်တဲ့ ကပ်ကျော်သန်း တော့

ဆီး ကောင်းတယ်ဆိုပြီး ကျောက်ဖရုံဟင်းချိုကြီး သောက်နေပါလေရော။

“ကျောက်ဖရုံ ကပ်စမ်း၊ ကပ်ကျော်သန်း” ရဲ့ ဒေါသကို

ကျွန်တော်က နိုင်ငံကျော် ဗေဒင်ဆရာကြီး

တစ်ယောက်ကို ပြောပြတော့မှ…

“အော်…ခင်ဗျား…အဲဒီဆရာ ကပ်ကျော်သန်းကို ပြောလိုက်ပါဗျာ…

 ကျောက်ဖရုံဟင်းခါး သောက်တာလည်း သောက်ဗျာ…

ဖရိုဖရဲ ဆိုတဲ့ အတိုင်း… အဲဒီ ဖရုံသီး တင်ထားတဲ့

 ပတ်ဝန်းကျင်မှာ ဖရဲ စေ့သာ ကြဲထားလိုက်စမ်းပါ” တဲ့ ခင်ဗျာ။

ကိုင်း…မင်းသားကြီး “ကပ်ကျော်သန်း” ခင်ဗျာ…

ခင်ဗျားရဲ့ ကျူးကျော်တဲလေးဘေးမှာ

ဖရဲ စေ့သာကြဲထားလိုက်ပါ။

စင်ကာပူလို ဖြစ်လာမှာ မလွဲပါ။

လုပ်လိုက်တော့ ဆရာ။

ဒါပဲနော်…ဖူးစုံ၊ ဖက်စုံ အောင်ရအောင်

ဖက်ဖူးရောင်ကိုဆောင် ဆိုပြီး…မအပ်မရာ အင်္ကျ ီ ကြီးနဲ့

ကျောက်ဖရုံ ဝယ်ရောင်းတော့ မလုပ်နဲ့ ကျောင်းကြီးဒကာ။

မြေ မျိုသွားမယ်၊ ဘာမှတ်လို့လဲ။

ဝိဇ္ဇာသောင်း…အိပ်တာကောင်းတယ်။

အိပ်ပြီ…။

 

သိမ်းတင်သား

(၈-၁၀-၂၀၁၅)

 

(မှတ်ချက်…။)
မြန်မာဂဇက် နိုဝင်ဘာ ၂၀၁၅တွင် ပုံနှိပ်ဖေါ်ပြပြီး ဖြစ်ပါသည်။

 

6 comments

  • ဇီဇီခင်ဇော်

    October 22, 2015 at 12:10 pm

    ရေးတတ်လိုက်တာဗျာ။
    ရေးနိုင်လိုက်တာ။
    အရသာရှိတဲ့ စာ။

  • kai

    October 22, 2015 at 1:52 pm

    သတသ… TTT… တီကျု.. T Cubed ရဲ့ပြောင်မြောက်တဲ့… Satire ခနဲ့ဟာသ ပေါ့…။
    လတိုင်းရေးပေးနိုင်ရင်ကောင်းမယ်…။
    တခုပဲ..
    အမေဒစ်က မှာနေတဲ့..အမေဒစ်ကန်တွေ… FB တောက်လျှောက်လိုက်မဖတ်ထားရင်.. သတင်းတွေမဖတ်ထားရင်..နားလည်ရခက်မလားပဲ..။

  • မြစပဲရိုး

    October 25, 2015 at 1:58 am

    ♪ ♫ ♭ ♩♬ နိုင်ငံရေးတွေ မပြောချင်ဘူး ♪ ♫ ♭ ♩♬
    ♪ ♫ ♭ ♩♬ နိုင်ငံရေးတွေ မပြောချင်ဘူး ♪ ♫ ♭ ♩♬
    😉 😉 😉

  • Alinsett @ Maung Thura

    October 25, 2015 at 2:24 pm

    လူကတော့ ခုထိ မဖြစ်သေးပါဘူး ….တဲ့…
    အဟီးးး အနော်ဆို… လူသား အရသာတောင် သေချာ မသိသေးဘူး..

    :k:

  • ဦးကြောင်ကြီး

    October 26, 2015 at 5:33 am

    သိမ်းတင်သား ဘိန်းဝင်စား မှိန်းရွှင်အား ငြိမ်းစဉ်ပွား

  • Mike

    October 27, 2015 at 10:46 am

    .ဖတ်လို့ကောင်း၊ အချက်အလက်စုံ၊ ခေတ်ကိုထင်ဟတ်..အပြတ်မိုက်ပါဂျောင်း

Leave a Reply