ကျွန်တော် နှင့် စာရေးဆရာ ၂ ယောက်…။

black chawAugust 7, 20151min22016

ဆရာ တင်နိုင်တိုး နဲ့ ကျွန်တော် နဲ့ လုံးဝ မရင်းနှီးပါဘူး။
ဒါပေမယ့် ရန်ကုန်တက္ကသိုလ် ဗဟို စာကြည့်တိုက် ကို သုံးကြသူချင်း
မျက်မှန်းတန်းမိနေကြပါတယ်။
ဆရာက အင်္ဂါ နေ့တိုင်း စာကြည့်တိုက်ကို လာတတ်ပါတယ်။
စာကြည့်တိုက်မှာက သတင်းဂျာနယ်တွေက
သတင်းထောက် ကောင်လေးတွေ ကောင်မလေးတွေ
သတင်းစာအဟောင်းတွေထဲက သူတို့လိုချင်တာတွေကို
လာ ရှာတတ်ကြတာကို ကျွန်တော် သိထားပါတယ်။

ဆရာ ့ကိုလည်း ဂျာနယ်တစ်ခုခုက အယ်ဒီတာ တစ်ယောက်ယောက်လို့ပဲ

ကျွန်တော်က ထင်ထားမိခဲ့ပါတယ်။
တစ်ရက်တော့ ကျွန်တော်က ရောက်အသွား
ဆရာက ရောက်နှင့်နေသူမို့ မျက်လုံးလှန်ကြည့်ပြီး
ပြုံးပြပါတယ်။
ကျွန်တော်ကလည်း ပြန်ပြုံးပြပြီး
“ဆရာ ဘယ်ဂျာနယ်ကလဲ ခင်ဗျ “
လို့ စပ်စုလိုက်မိပါတယ်။
ဆရာက
“ကျွန်တော် တင်နိုင်တိုး ပါ” တဲ့။
ဝိုး…ဆရာ ့ရဲ့ သမိုင်း ဆောင်းပါးတွေ အကြိုက်တွေ့ သူမို့
ဝမ်းသာ သွားမိပါတယ်။
ဆရာက ကျွန်တော့်ကို ပြန်မေးပါတယ်။
“ဆရာက ရော ဘာတွေလာရှာနေတာလဲ” တဲ့။
“မကြာမကြာ တွေ့မိတယ်နော်” တဲ့။
ကျွန်တော် က
“စာနယ်ဇင်း သမားတော့ မဟုတ်ပါဘူး။
အွန်လိုင်းပေါ်က မန္တလေး ဂဇက် ဆိုတဲ့ ဝက်ဆိုက်မှာ
စာတိုပေစ တွေ အပျော်တမ်း ရေးနေသူ ပါ” လို့ ပြန်ပြောပါတယ်။
အဲဒီနေ့ကစ ကျွန်တော်တို့ တွေ့ရင် ပြုံးပြ နှုတ်ဆက် အလာပ သလာပ
စကားတချို့ပြောကြတဲ့ အဆင့်ကို ရောက်ပါတယ်။
ကျွန်တော့် ဖုန်းနံပတ်လည်း ပေး ဆရာဖုန်းနံပတ်လည်း ယူ ပေါ့ဗျာ။
တစ်နေ့မှာ ကျွန်တော်က
“ဆရာ ့ရဲ့ ဂျာနယ်မှာ ဖေါ်ပြပြီးသား သမိုင်းဆောင်းပါး တစ်ပုဒ်လောက်
မန္တလေး ဂဇက် မှာ ဖေါ်ပြချင်ပါတယ်။ ခွင့်ပြုလို့ ရမလား ဆရာ”
လို့ ခွင့်တောင်းကြည့်ပါတယ်။
ဆရာက
“ဟာ အဟောင်းကြီးတော့ မလုပ်ပါနဲ့ဗျာ။
ကျွန်တော် အသစ်တစ်ပုဒ် ရေးပေးပါ့မယ်။
စာမူခ ပေးစရာ မလိုပါဘူး။
နောက်တစ်ပတ် အင်္ဂါ နေ့ ယူပေါ့”
လို့ ပြန်ပြောပါတယ်။
ဖြစ်ချင်တော့ အဲဒီ အင်္ဂါ နေ့က ခရီးတစ်ခုထွက်နေလို့
စာကြည့်တိုက် မရောက်ဖြစ်လိုက်ပါ။
နောက် ပိုင်းလည်း စာကြည့်တိုက်ကို ရောက်ပေမယ့်
ဆရာ နဲ့ မဆုံဖြစ်ကြတော့ပါ။
ဆရာ ကွယ်လွန်သည် အထိပါပဲ။
မန္တလေး ဂဇက် ဝက်ဆိုက်အတွက် ဆရာတင်နိုင်တိုးက
စာမူတစ်ပုဒ် မေတ္တာဖြင့် ရေးထုတ်ပေးခဲ့တယ် ဆိုတဲ့
သမိုင်းကို ကျွန်တော် မရေးနိုင်ခဲ့တော့ပါ။
ဘယ်လောက် နှမြောစရာ ကောင်းလိုက်ပါသလဲ။
အခု ဆရာကွယ်လွန်ခြင်း တစ်နှစ် ပြည့်တော့မည်ဆိုလား။
ဆရာတင်နိုင်တိုး ကောင်းရာ သုဂတိ မှာ ပျော်ရွှင် နိုင်ပါစေဗျာ။

အဲဒီ မတိုင်မီက ဆရာကြီး ဦးအောင်သင်း နဲ့ ဇာတ်လမ်းလေးလည်း တစ်ခါတည်း

ဆက်လိုက်ပါရစေဦး။

မန်းဂဇက် စာပေဆုရ စာမူတွေ အတွက် ဂုဏ်ပြုသည့်အနေဖြင့်

ဆရာကြီးဦးအောင်သင်း ၏ မှတ်ချက် ရနိုင်လျှင် ပို ခန့်ညားမည်ဟု ကျွန်တော် တွေးမိပါသည်။

ဟိုတုန်းက သဘင်မဂ္ဂဇင်းမှာ ဆရာကြီးရေးခဲ့ဖူးသည့် ဒီလ အကြိုက်ဆုံး ဝတ္ထုတို ပုံစံမျိုးလေး လို့လည်း

စိတ်ကူးယဉ်မိတာလည်း ပါပါ၏။

ထို့ကြောင့် ဆရာကြီး နေထိုင်ရာ ဓမ္မိကဝတီလမ်း အိမ်သို့ ကျွန်တော် ရောက်အောင်သွားခဲ့ပါသည်။

ဆရာကြီးက အိပ်ရာ ထက်မှာ စောင်ခြုံလေး နှင့် ပက်လက်ကလေး။

ရှည်ရှည်ဝေးဝေးတွေ ပြောနေစရာ မလိုပဲ ဆရာကြီးက စာမူတွေကို ဖတ်ပေးမယ်

အချိန် ၂ ပတ်ခန့်ပေးဟု ဆိုပါသည်။

ထို့အတွက် ဆရာကြီးလက်ထဲ ကြိုတင် ပြင်ဆင်လာခဲ့သည့် ဆုရ စာမူတွေကို ဖိုင်တွဲဖြင့် ပေးအပ်ခဲ့ပါသည်။

ချိန်းသည့်နေ့တွင် ဆရာကြီးထံမှ စာမူ ကို လက်ခံရရှိခဲ့ပါသည်။

စာမူခ ဘယ်လောက်ကန်တော့ရမလဲ ခင်ဗျ 

ဆိုသည့် ကျွန်တော့် အမေးကို ဆရာကြီးက

တစ်ပြားမှ ကန်တော့စရာ မလိုဘူး၊

မျိုးဆက်သစ် လူငယ်တွေ အားတက်သွားဖို့ အဓိကပဲ

ဟု ဆိုပါသည်။

ထို့ကြောင့် ကျွန်တော်မှ ကျပ် သုံးသောင်း ကို စာအိတ်ထဲထည့်ပြီး ထိုင်ကန်တော့ ခဲ့လိုက်ပါသည်။

အဆိုပါ ဆရာကြီး၏ မှတ်ချက်ကို ကျွန်တော် ရွာထဲမှာ တင်ပေးခဲ့ပြီး ဖြစ်ပါသည်။

ကျွန်တော် တို့ သူကြီးက ဆရာကြီး ဆီက စာမူ အတောင်းခိုင်းသဖြင့်

တောင်းရပြန်ပါသည်။

ဆရာကြီးက ရေးပေးမယ်။

စာမူခ တစ်ပြားမှ ပေးစရာမလိုဘူး ဟု ပြန်ပြောပါသည်။

စာမူယူရန် ချိန်းသည့်နေ့တွင် ဆရာကြီးအိမ်သို့ ကျွန်တော် ရောက်သွားရာ

ဆရာကြီးအတော် နေမကောင်း ဖြစ်နေသဖြင့် စာမူမပြီးသေးကြောင်း သိရပါသည်။

ဆရာကြီး ကွယ်လွန်သွားသည် အထိ မန်းဂဇက် သတင်းစာအတွက် စာမူ ကို မရရှိခဲ့တော့ပါ။

နောက်တစ်ခါ စာရေးဆရာ များထံမှ ကျွန်တော် စာမူ မတောင်းရဲတော့ပါဘူးခင်ဗျာ…။

ချစ်ခင်လေးစားတဲ့

ဘလက်ချော…။

 

 

16 comments

  • htet way

    August 8, 2015 at 12:56 pm

    အခုလို ကိုယ့်တွေ့အဖြစ်အပျက်လေးကို မျှဝေတော့ ကျနော်
    တို့လည်းသိရတာပေါ့ဗျာ
    ရန်ကုန်တက္ကသိုလ် ဗဟို စာကြည့်တိုက်မှာ သောကြာဟာသ
    စာစောင်တွေရှိလားဗျ။
    ရှိရင်ကျနော့်ဟာသဝတ္တုတိုတွေရှာချင်လို့ပါဆရာ။

    • black chaw

      August 8, 2015 at 5:37 pm

      @ htet way ;
      ရှိတာပေါ့ ဆရာထက်ရယ်…။
      ဒီဘက်ခေတ် သောကြာစာဆောင်တွေဆို ပိုတောင် ရှိဦးမယ်…။
      ထုတ်တဲ့ လ နဲ့ နှစ်ကို သိရင် ပိုရှာလို့လွယ်မယ်ဗျ…။
      ကိုယ်တိုင်ရှာစရာမလိုပါဘူး…။
      သူတို့ကို ပြောလိုက်ရုံနဲ့ ရှာပေးပါတယ်…။
      ငှားလို့တော့မရဘူး ဆရာ…။
      မိတ္တူကူးချင်ရင်တော့ ရပါတယ်…။
      ကွန်းမန့်လေး ဝင်ချီးမြင့်ပေးတာ ကျေးဇူးပါ ဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

      • အူးလေး အူးလေး..
        သောကြာစာစောင်ရှိရင် ရှာချင်ပ..

        ၂၀၀၆ လောက်က သမာျး ကဗျာလေးတစ်ပုဒ် ပါဖူးတယ်… အသစ်ကဏ္ဍထဲမှာ… ပြန်ကြည့်ချင်ထှာ…

        • black chaw

          August 11, 2015 at 2:15 am

          @ လုံ မ လေး မွန် မွန် ;
          သေချာပေါက် ရှိတာပေါ့
          လုံ မ လေး ရဲ ့။
          က လောင် နာမည် ပြော ရင်
          ရှာပေးပါ့မယ်ဗျာ။
          ချစ်ခင် လေးစားတဲ့
          ဦးလေး ဘလက်ချော…။

  • kai

    August 8, 2015 at 3:32 pm

    အင်း..
    ဖတ်ရင်းနဲ့.. တောင်းခိုင်းမလို့ ..ကြံယုံရှိသေး.. တခါထဲဘူပိတ်ထားတယ်…
    မရဘူးလေ.. တောင်းပါဦး..။

    ဆိုတော့…
    ယူအက်စ်မှာ.. ရှိတဲ့စာရေးဆရာကြီးတွေ..
    ကြေးမုံဦးသောင်း၊ ဦးတင်မိုး.. အဲလိုပဲ သတင်းစာအတွက်ရေးပေးသွားကြတာ..။
    သမိုင်းမှတ်တမ်းကျန်ရစ်တာပေါ့..။

    • black chaw

      August 8, 2015 at 5:41 pm

      @ kai ;
      ဘူပိတ်ထားတာ မဟုတ်ရပါဘူးဗျာ…။
      သူနဲ့ကျမှ တိုက်တိုက် ဆိုင်ဆိုင် တွေ ဖြစ်သွားလို့ပါ…။
      အဆင်ပြေရင် တောင်း ပေးဦးမှာပါ…။
      ကွန်းမန့်လေးအတွက် ကျေးဇူး အထူးပါ သူကြီးရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဝင့်ပြုံးမြင့်

    August 9, 2015 at 4:55 pm

    .ဆရာတင်နိုင်တိုးက စာပေလောကမှ ဩဇာအရမ်းကြီးတယ်။ သူ့ ဘယ်သူ့မှ မလှန်ရဲဘူး

    • black chaw

      August 10, 2015 at 8:28 am

      @ ဝင့်ပြုံးမြင့် ;
      ဒီလို အချိန်မှာ ဝင်ရေးသွားတဲ့ ကွန်းမန့်လေး အတွက်
      ကျေးဇူး အထူးတင်ရပါတယ် ဗျာ…။
      ရေပတ်လည်ဝိုင်းရံနေသော အချိန်မှာ ရေးတဲ့ ကွန်းမန့်မို့လို့ပါ။
      ဆရာတင်နိုင်တိုး ကို အလဲဗင်းမှာ ပါတဲ့ ဆောင်းပါးတွေ ဖတ်ပြီး
      အကြိုက်တွေ့ခဲ့တာဗျ။
      ဆရာမ ပြောပြမှ ဆရာတင်နိုင်တိုး ရဲ့ ဩဇာ ကြီးခဲ့ပုံကို သိရတာပါ။
      ကျေးဇူးပါဗျာ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဂျက်စပဲရိုး

    August 9, 2015 at 11:17 pm

    အဲ့လိုသာဆိုရင် ဟို လင်းသိုက်ညွန့် ဆီက စာမူ တောင်းပေးပါ အူးဘလက် ခညား… း)

  • black chaw

    August 10, 2015 at 11:50 am

    @ ဂျက်စပဲရိုး ;
    မေတ္တာ ထားတယ်…လာ့။
    ကွန်းမန် ့လေးအတွက် ကျေးဇုးပါ
    ကို ဂျက် ရေ။

  • အောင် မိုးသူ

    August 11, 2015 at 9:39 am

    ဒီစာလေးဖတ်မှ တစ်ရက်က မဂ္ဂဇင်းတစ်ခုမှာ သူမရဲ့ June ဆိုတဲ့ ဝတ္တုလေးပါလို့ စာမူခနည်းတာ ခွင့်လွတ်ပါလို့ ပြောတဲ့အယ်ဒီတာကို သတိရသွားမိတယ်။ း)

  • ဦးကျောက်ခဲ

    August 11, 2015 at 9:50 am

    ကိုဘလက် ကောင်းမှုကြောင့်ရခဲ့တဲ့ ဆရာကြီးဦးအောင်သင်းရဲ့ မှတ်ချက်ကလေးကို…
    တစ်သက်တာ အမှတ်တရ ဂုဏ်ယူစွာ သိမ်းထားပါတယ်ဆိုတဲ့အကြောင်း…
    ကျေးဇူးတင်တယ်ဆိုတာထက် ပိုပြီးကျေးဇူးတင်ပါတယ်ခင်ဗျာ… 🙂

    • black chaw

      August 11, 2015 at 10:00 am

      @ ဦးကျောက်ခဲ ;
      ဒီကွန်းမန့်ကို ဖတ်ဖူးတယ်လို့ ထင်နေတာ…။
      ဖဘ ပေါ်မှာ ပေးထားတဲ့ ကွန်းမန့်ပေပဲ…။
      ကျေးဇူးတင်စရာ မလိုပါဘူးဗျာ…။
      အဲဒီလို အပြောလေး ကိုပဲ
      ကျွန်တော်က ကျေးဇူးပြန်တင် နေရတာပါ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • black chaw

    August 11, 2015 at 9:57 am

    @ အောင်မိုးသူ ;
    ပရင့်မီဒီယာတွေ ရဲ့ စာမူခကတော့ အသစ်ဆိုရင်
    နည်းနည်း နည်းမယ် ထင်မိတယ်ဗျ…။
    ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါမှ မပါဖူးသေးတော့
    သိတ်တော့ နားမလည်ပါဘူးဗျာ…။
    တစ်နေ့တော့ ကျွန်တော် လေးလေးစားစား ဖတ်တဲ့
    မဂ္ဂဇင်းတစ်ခုခုမှာ
    ကိုယ်တိုင်ရေး ဝတ္ထုတို တစ်ပုဒ်လောက်တော့ ပါဖြစ်အောင်ကြိုးစားမယ်လို့
    ရည်ရွယ်ချက်ရှိပါတယ်ဗျာ…။
    အခု လောလောဆယ်တော့
    သော်ဇင် တို့ အောင်မိုးသူ တို့ကို အားကျနေရုံပါပဲ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • Mike

    August 11, 2015 at 2:45 pm

    .လေးစားပါတယ် ရဲဘော်ဘလက်
    .က ျနော့ဘဝအတွက်လည်းဆရာအောင်သင်းမှတ်ချက်က အဖိုးတန်လက်ဆောင်တစ်ခုပါ
    .လက်ဆောင်လေးယူပေးခဲ့တာကေ ျးဇူးမမေ့ပါဘူး

  • black chaw

    August 11, 2015 at 5:22 pm

    @ Mike ;
    ထိုက်တန် လို့ ရခဲ့တယ်လို့ မှတ်ပါဗျာ…။
    ထည့်မရေးလိုက်တဲ့ အထဲမှာ စာမူသွားယူတဲ့နေ့က
    ဆရာကြီးက ကိုမိုက် ရဲ့ ထောင်ထွက်စာမူကို နမူနာပေးပြီး
    (ကိုမိုက်ကိုလည်း လူငယ်လေး တစ်ယောက်လို့ ထင်လို့ နေမှာပါ)

    ဟိုကောင် ကြီးမိုက် ဆိုတဲ့ ကောင် ရေးထားတာ
    အကြောင်းအရာက ဘာမှ မဟုတ်ဘူး။
    ဘာမှ မဟုတ်တဲ့ အကြောင်းအရာကို ပဲ တခမ်းတနားဖြစ်အောင်
    ရေးပြသွားတာ

    လို့တောင် ပြောနေသေးတာဗျ။
    ကိုမိုက်တို့ကို ကျွန်တော် ပြန်ပြောပြပြီးပါပြီ။
    ဆရာကြီးနဲ့ ပြောတာတွေ အကုန် အသံဖမ်းထားလို့ ရေးပြနိုင်တာပါဗျာ…။
    ဘာပဲဖြစ်ဖြစ် အမှတ်တရလေး တစ်ခု ဖြစ်သွားတာ ဝမ်းသာပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

Leave a Reply