ရေဘေး

htet wayAugust 8, 20151min1808


ရေနံ့က ရွံ့စရာလိုလို
တစိမ့်စိမ့်တက်လာတဲ့ရေက ရက်စက်တဲ့မျက်နှာ
စားတော့ဝါးတော့မယ်ဆိုတဲ့ မာန်နဲ့
အိမ်အမိုးထိအောင်တက်လာတဲ့ ကြမ်းကြုတ်ဟန်တွေ
ငါတို့တွေသစ်ပင်မခုတ်ကြဘူး
ငါတို့တွေကြေးနီမတူးဘူး
ငါတို့တွေ ဧရာဝတီကို ချစ်ခဲ့ကြတယ်
တို့ဘိုးတို့ဘွားတွေ ဥတုရာသီတောကိုမှီခဲ့ကြတယ်
ဖေါက်ပြန်တဲ့လူတန်းစားကိုမုန်းတယ်
ဖေါက်ပြန်တဲ့ ဥတုကိုမုန်းတယ်
ညမှောင်မှောင်ထဲ ရေတွေထပ်တက်လာမလား
မြွေဆိုးတွေ အိမ်ပေါ်တက်လာမလား
ရေဘေးရဲ့နိပ်စက်ချက်
အိပ်ဖို့ခက်တယ်။
ငိုသံတွေ
စိုးရွံ့နေတဲ့မျက်နှာ ဖြူရော်ရော်
မိသားစုတွေထမင်းလက်ဆုံစားလို့
မနေ့ကပျော်ရွှင်ခဲ့တာ အိပ်မက်လား
ရေကအဓမ္မသယ်ဆောင်သွားလို့ သေကွဲကွဲခဲ့ရ
ကမ်းလင့်နေတဲ့လက်တွေ
အော်ခေါ်နေတဲ့ အသံတွေ
ကလေးတွေရဲ့ ဆာလို့ငိုသံတွေ
ပင်လယ်လိုရေပြင်ကြီးပေါ်
သောကတွေထင်းလိုစည်းလို့ မီးဖိုလိုက်မိပါတယ် ။
ထက်ဝေး

8 comments

  • ဦးကျောက်ခဲ

    August 8, 2015 at 8:53 pm

    ကိုယ်မခုတ်ပဲ ခံ…
    ကိုယ်မစိုက်ပဲ ရိတ်နေရတာ…
    လောကပါလ မျှတပါရဲ့လား… လို့
    လော်တပ်ပြီး အော်လိုက်ချင်ပါရဲ့… :k:

  • kai

    August 9, 2015 at 12:56 pm

    ကောင်းတာလုပ်ရင်.. ကောင်းတာဖြစ်မယ်..
    ဆိုးတာလုပ်ရင်… ဆိုးတာဖြစ်မယ်… ဆိုတဲ့ သူတွေစကားကို ဟားတိုက်ရီချင်တယ်..။ :k:

  • htet way

    August 9, 2015 at 2:13 pm

    ဖေါက်ပြန်တဲ့လူတန်းစာတွေနဲ့အဝန်းအဝိုင်းတစ်ခုတည်းမှာ
    ရှင်သန်နေရတဲ့ အပြစ်မဲ့ သူတွေကတော့ လူတစ်စုရဲ့ မကောင်း
    တာလုပ်တဲ့ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးတရားမှာ
    အားလုံးနစ်မြုပ်ရတာပါပဲ။
    သစ်မြစ်တွေကရေထုကိုစုပ်ယူတယ် ၊မြေဆီလွှာကိုထိန်းတယ်၊ဥတုရာသီက
    တောကိုမှီတာပဲလေ။
    ဆည်တွေကရေကြီးမှုကိုထိန်းတယ်ဆိုပြီး အခုတော့ ဘောင်ပေါ်ရေကျော်
    ………မြေတွေကိုလည်းတူးလိုက်ဆွလိုက်ဖြိုလိုက်ဖျက်လိုက်
    ပိတ်လိုက်ကာလိုက်နဲ့.
    ……………………………………………………………………..။
    အခုဆိုရေနဲ့အတူပါလာတဲ့မြွေဆိုးတွေကိုက်လို့ဆေးရုံရောက်တဲ့
    လူတစ်ချို့ရယ် ၊ညမအိပ်ရဲလူတစ်သိုက်ရယ် ရေဘေးဒုက္ခက နိပ်စက်တယ် ။
    ညမှောင်မှောင်မှာရေတွေက တရိပ်ရိပ်တက်လာတဲ့ ရေထဲမှာ
    ရေငတ်နေသူတွေ….သူတို့သိပ်ကြောက်နေကြပါတယ် ။

  • Mike

    August 11, 2015 at 11:44 am

    “ညမှောင်မှောင်ထဲ ရေတွေထပ်တက်လာမလား
    မြွေဆိုးတွေ အိမ်ပေါ်တက်လာမလား
    ရေဘေးရဲ့နိပ်စက်ချက်
    အိပ်ဖို့ခက်တယ်။”……ပီပြင်အောင်ဖေါ်ကြူ းနိုင်တဲ့ဆရာထက်ဝေးလက်ရာကဗျာကိုကြိုက်တယ်…
    .မလုပ်ပဲခံနေကြရတာတော့ခံပြင်းလှသဗျာ

  • htet way

    August 11, 2015 at 5:18 pm

    ဆရာMikeရေ….
    ခုလို ကဗျာကိုခံစားပေးတာ ကျေးဇူးပါဗျာ
    ဧရာတိုင်းရဲ့သာပေါင်းဘက်မှာဆို မြွေတွေညဘက်အိမ်ပေါ်တက်လို့
    အော်ဟစ် ရိုက်နှက်…… ၊ကိုယ်တွေ့ကြုံသူက ကျနော့်ကိုပြောပါတယ် ဗျာ။
    ကျနော်တို့ မြို့လည်း ဘယ်တော့ရေလာလေမလဲ စိုးရွံ့နေရတာပဲဆရာရေ့ ။

  • black chaw

    August 11, 2015 at 5:25 pm

    ဆရာထက်ရေ
    ရေဘေး ကို ရေးဖွဲ့သွားတာ လေး ကောင်းပါတယ်ဗျ…။
    ရေဘေးနဲ့ ပတ်သက်ပြီး နောက်ထပ် ကဗျာလေးတွေလည်း
    ဖတ်ရဦးမယ် မျှော်လင့်မိပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • aye.kk

    August 12, 2015 at 12:21 am

    မင်းကျင့်တရား(ကိုယ်ကျင့်သီလ)တို့ပျက်ပြားသောအခါ
    ပြည်သူပြည်သားတို့သည်လည်း၊ရေဘေးသာမက၊ကပ်ဘေးအမျိုးမျိုးကိုခံကြရတော့သည်။။။

Leave a Reply