အုန်းနို့/နို့စိမ်း/မြိတ်/ထားဝယ်/ရွှေတောင်ခေါက်ဆွဲ – KZ’s ထမင်းဆိုင်

ဇီဇီSeptember 7, 20154min87523

ကျနော် တင်တဲ့ ပုံစံတွေ ခုလောက် ဆို နည်းနည်း သဘောပေါက်လောက်မှာပါနော့။
အမျိုးတူရာ ဆင်ရာ အုပ်စု တူရာတွေ ရွေးစုပြီး တင်တတ်တာမို့ ဒီ တစ်ပတ်လည်း ခေါက်ဆွဲတွေ အများကြီးရှိတဲ့ အထဲကမှ

ဂျုံခေါက်ဆွဲနဲ့ အုန်းနို့ဟင်းရည်၊ ပဲနို့ ဟင်းရည်၊ နို့စိမ်းဟင်းရည် စတာတို့နဲ့ ချက်တဲ့ ခေါက်ဆွဲ အုပ်စုလေးကို စုထားပါတယ်။

သိသလောက်လေးတွေ ဝင်ပြေါပေးကြဦးး

~~~~~~~~~~~~~~~~~~~

.

.

.

ထားဝယ် ခေါက်ဆွဲ (ဦးကျောက်ခဲ ချက်သည်။ နှင်းမမ ဓာတ်ပုံပေးသည်)

 

"ထားဝယ်ခေါက်ဆွဲ"
“ထားဝယ်ခေါက်ဆွဲ”

 

 

အနှီ ထားဝယ်ခေါက်ဆွဲရဲ့ ရာဇဝင်က ဂလိုဗျ…
ကျောက်စ်ရဲ့ ဘူမိကျောင်းဖော် ငယ်သူငယ်ချင်းက ထားဝယ်သား ၊ ၁၀-တန်းရောက်မှ ရန်ကုန်ကို ပြောင်းလာတာပါ ။ သူက ညီအကို မောင်နှမ ၁၁-ယောက်မှာ အငယ်ဆုံးသားခင်ဗျ ။ ပိတ်ရက်ဆို အင်းစိန်ကြို့ကုန်းက သူတို့အိမ်မှာ လူအပြည့်ပဲ ။ လူစုံရင် သူ့အမတွေ မရီးတွေ ချက်လေ့ရှိတာ ဒီခေါက်ဆွဲအရည်ကျဲပါပဲ ….။ သူတို့ချက်နည်းက…
.
ကြက်သားကို မှုန့်နေအောင် ထောင်းထားတဲ့ သကြားအညိုရယ် ဆားရယ်နဲ့နယ်ပြီး နှပ်ထားပါ ။ အိုးတလုံးမှာ ရေသင့်ရုံထည့် ၊ ရေဆူရင် ကြက်သားကို ဂျင်းဓားပြားရိုက်ရယ် ပူဒီနာအရိုးတွေရယ်နဲ့ ပြုတ်ပါတယ် ။ ကြက်သားနူးသွားရင် ပြန်ဆယ်ပြီး အသားနွှင် ၊ အရိုးကို ပြန်ထည့်ပြုတ် ၊ ပြီးရင် သန့်စင်ထားတဲ့ ပြည်ကြီးငါး (ကင်းမွန်) နဲ့ ငါးကွမ်းရှပ် အသားထောင်း ငါးဆုပ်ပြား ကို အဲသည့် ကြက်ပြုတ်ရည်ထဲမှာပဲ ပြုတ်/ပေါင်း ပါတယ် ။ ကျက်သွားရင် ပြန်ဆယ်ပြီး နုတ်နုတ် တုံး ၊ ကြက်ပြုတ် ပြည်ကြီးငါး ငါးဆုပ်ပေါင်းပန်းကန်တွေကို သက်သက်စီ ခွဲထားပါတယ် ။ ပြီးမှ ခုန အပြုတ်ရည်ဆူဆူထဲကို အုန်းနို့ရည်ထည့် ၊ အရသာ အချို အငံ ပြင် ၅-မိနစ်လောက် ပွက်ပွက်ဆူပြီးရင် ရပါပြီ ။ (သူတို့ အော်ရီဂျင်နယ်က အတော်ချိုသဗျ)
.
စားတော့မယ်ဆိုရင် ဇလုံထဲကို ဂျုံခေါက်ဆွဲ ၊ နုတ်နုတ်စဉ်းထားတဲ့ အသား ငါးတွေ ၊ ကြက်သွန်နီ ၊ ပဲပင်ပေါက်ပြုတ် ၊ ပူဒီနာနိုင်းချင်း ၊ ညှပ်ထားတဲ့ ပဲပြားကြော် ၊ ငါးမုန့်ကြော်/ဝက်ခေါက်ကြော် ၊ ငရုပ်သီးခွဲကြမ်း ဆီသတ် ၊ ပဲငပိ အချိုချက်တွေထည့် ၊ အချဉ်ညှစ်ပြီး တွယ်တော့တာပဲ ။ ရွှေတောင်ခေါက်ဆွဲတို့ အုန်းနို့ခေါက်ဆွဲတို့ မလေး Laksa တို့နဲ့လည်းမတူ … အရသာ တမျိုးခင်ဗျ… စားကောင်းတယ် ။
.
ကျောက်စ်ကတော့ မွေးမြူရေးကြက်ကို ချက်ရတာမို့ အနံ့နံမှာစိုးလို့ ပဲငပိအချိုနဲ့ ဆီသတ်ပြီး (သကြား) အချိုလျှော့ချက်ပါတယ် ။ ပူဒီနာများများနဲ့စားတော့ သွေး သိပ်မတိုးတော့ဘူးပေါ့ဗျာ… ။ ချက်စားကြည့်ပါ… အမယ်များတာကလွဲရင် ချက်ရတာ လက်မဝင်ဘူး…

ဘူဖေးလို အားလုံးကို သက်သက်စီ ပန်းကန်လေးတွေခွဲပြီး ပြင်ထားပါ ။ ကိုယ်စားချင်တာကို စားနိုင်သလောက်ထည့်စားပေါ့ ။ စကားမစပ် … အဲသည့်ထားဝယ်သားတွေချက်ရင် အရည်ကျဲ အရသာပြင်းတွေများတယ် ။ မွင်းခါး အုန်းနို့ခေါက်ဆွဲကို ဆန်လှော်မှုန့် ပဲမှုန့် ဘယ်တော့မှ ထည့်လည်းမချက် ၊ အပြင်မှာစားရင်လည်း ဟင်းရည်ပျစ်ရင် မျက်နှာပျက်နေရော ။ စားကျင့်မရှိဘူးတဲ့လေ….

~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

ရွှေတောင်ခေါက်ဆွဲ (မွသဲ ချက်သည် ဓာတ်သေရိုက်ရန်ခုံပေါ်သို့တက်သည်။)

 

.

.

10692_125205631161559_3940186914183004429_n

ပါဝင်သော ပစ္စည်းများ

  • ခေါက်ဆွဲ – တပိသာ
  • ကြက်ရင်ဗုံ တခု နှစ်မွှာပေါ့ ( အရိုးအသား ၇ဝ သားခန့် )
  • ကြက်သွန်နီ ၂ဝ သား
  • ပဲမှုန့်အစိမ်း ၁၅ဝ ဂရမ် ရေ ခြောက်လီတာနဲ့ဖျော်
  • အုန်းသီးတလုံး ခြစ်ညှစ်

.

ချက်နည်း

  • ရေ 6-8 လီတာနဲ့ ပဲမှုန့်အစိမ်းကြေအောင်ဖျော်
  • ကြက်ရင်ဗုံကို အစိမ်းအတိုင်းအသားလွှာ… ခပ်သေးသေးတုုံးထား ဆားနယ်ထား
  • ကြက်သွန်ဖြူထောင်းဆီသတ် ကြက်အတုံးထည့် ပါတဲ့ရေခမ်းအောင်လုံးထား
  • ကြက်သွန်နီခွာ လေးစိတ်စိတ် တဖတ်ချင်းခွာထား
  • ပဲရေဆူအောင်တည် ပစ်တယ်ထင်ရင်ရေနွေးထပ်ရော ကြဲကြဲလေးဖြစ်နေရမယ်
  • ပဲနံ့ပျောက်ရင် လုံးထားတဲ့ကြက်သားထည့်… ဆူအောင်တည် အရသာထည့်
  • ငြုတ်သီးအစိမ်းမှုန့်ကိုဆီချက်ချက်ပီးလောင်းထည့်
  • မီးပိတ်ခါနီးခွာထားတဲ့ကြက်သွန်နီဖတ်တွေထည့် နဲနဲဆူခိုင်းပီးပိတ်ထားလိုက်တော့ (အခုဆိုင်မှာတောင်ကြက်သွန်ဖတ်ခွာတာမထည့်တော့ဘူး။ ကြက်သွန်ဈေးကြီးလို့ထင့်။ ငယ်ငယ်ကစားခဲ့တဲ့ အိုဆာကာရွှေတောင်ခေါက်ဆွဲတွေတုန်းကပါတယ်)
  • အုန်းနို့စားရဲရင် ပဲဟင်းအိုးထဲတခါတည်းထည့်ချက်… မစားရဲသူပါရင် အုန်းနို့ရည်ကို ဥအောင်မီးဖိုပေါ်တင်မွှေ
  • အကြွပ်ကြော်အတွက် ရယ်ဒီမိတ်ခေါက်ဆွဲခြောက်ထုပ်ထဲကခေါက်ဆွဲကို ဆီများများနဲ့ကြော်ထား
  • ငြုတ်သီးအရှည်တောင့်ကိုမကြေအောက်ကြိတ် ဆီချက်ပစ်ပစ်ကလေးချက်ထား
  • ကြက်သွန်နီပါးပါးလှီး
  • နံနံပင်လှီး
  • သံပြာသီးစိတ်ထား
  • ပဲမှုန့်အကျက်ပြင်ထား
  • ကျန်တဲ့ကြက်ရိုးကို ဟင်းချိုအကြည်ချက်မယ် ကြက်သွန်မိတ်ခပ်မယ်

Note – အရည်များချင်ရင် ပဲမှုန့် ၂၂၅ ဂရန် မွှေးတထုပ်ခွဲပေါ့..ရေ ရှစ်လီတာဆိုရင်တော့ ပိုလောက်ငမယ်..ကြိုကက်တတ်ရင်ကြက်အသည်းမြစ်နှစ်စုံလောက်ထည့်

.

စားပွဲပြင်နည်း

  • ပွဲပြင်ရင်ခေါက်ဆွဲတပွဲစာထည့်
  • ပဲဟင်းရည်ကို ခေါက်ဆွဲနယ်ရရုံထည့်
  • သတိထားရမှာက ဟင်းရည်ကအမြဲပူနေရမယ်… မွင်းငါးလောက်မများရ
  • အပေါ်ကအုန်းဆီ ငြုတ်ဆီ ပဲမှုန့်ထည့်
  • ကြက်သွန်နီနံနံပင်ထည့်
  • အပေါ်ဆုံးကအကြွတ်ကြော်တင်
  • ဟင်းချိုအကြည်ပန်းကန်လေးနဲ့ပေး

~~~~~~~~~~~~~~~~~

.

.

.

ရွှေတောင် ခေါက်ဆွဲ (မမှီ ရဲ့ လက်ရာ)
.
ပါဝင်သော ပစ္စည်းများ

၁. ကြက်သားရင်ဗုံသား ( အတုံးသေးသေးလေးတွေ တုံးထားပါ)။

၂.ကြက်သွန်ဥကြီး ၃၊၄ လုံးကို ကုဗပုံ အတုံးလေးတွေ လှီးထားပါ။

၃. အရောင်တင်မှုန့် အနည်းငယ်။

၄. ကြက်သွန်ဖြူ ၃၊၄ မွှာ နုပ်နုင်စဉ်းထားပါ။

၅. ဆီ အနည်းငယ်။

၆. အုန်းနို့ အနည်းငယ်။

၇. ငရုပ်သီးမှုန့် ( အကျက်မှုန့်ထက် အကြမ်းမှုန့်ကို ဆီနဲ့ ကြော်တာက ပိုကောင်း)။

၈. ပဲမှုန့် အကျက်မှုန့်။

၉. သံပုရာသီး။

၁၀. ကြက်သွန်မြိတ်။

၁၁. ကြက်သွန်နီ ပါးပါးလှီး ရေဆေးထားတာ။

၁၂. ခေါက်ဆွဲ။

၁၃. ခေါက်ဆွဲ အခြောက်ကြော် ( အဓိက အရသာမို့ မပါမဖြစ်ပါ။ ကျွန်မကတော့ ခေါက်ဆွဲ အစိုကို ဆီထဲမှာ ကြွပ်နေအောင် ပြန်ကြော်ထားပါတယ်။)

.

ချက်နည်း

ခေါက်ဆွဲခြောက်ကို ရေနွေးဖျောပြီး စစ်ထားပါ။

ကြက်သားဟင်း စချက်ပါမယ် ပထမဆုံး အိုးထဲကို ဆီထည့်ပါ။ ဆီပူလာရင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူနဲ့ ကုဗပုံလှီးထားတဲ့ ကြက်သွန်နီတွေကို ထည့်ပြီး ဆီသတ်ပါ။ အရောင်တင်မှုန့်ထည့်ပါ။ ကြက်သွန်တွေ နွမ်းလာရင် ကြက်သားထည့်ပြီး ဆီကျန်ရေကျန်ချက်ပေးပါ။ ဆား၊ ဟင်းခပ်မှုန့် သင့်သလို ထည့်ပါ။ ရေစပ်စပ်လေးနဲ့ စားမှ ကောင်းတာမို့ ဆီပြန်ကြီး မကောင်းပါဘူး။ ကြက်သွန်လေးကလည်း အိနေမှ ကောင်းတာမို့ ကြက်သွန်ကိုလည်း ခပ်ပျော့ပျော့လေးမှ ကောင်းပါတယ်။

အုန်းနို့ကိုလည်း သကြားလေး နဲနဲထည့်ပြီး ပျစ်အောင် ကျိုပေးပါ။ အုန်းနို့ရလာရင် ပန်းကန်တလုံးထဲ ထည့်ထားပါ။ သွေးတိုးမှာ ကြောက်ရင် အီမှာကြောက်ရင် အုန်းနို့ကို နည်းနည်းလေးပဲ ထည့်စားလို့ရပါတယ်။ ရွှေတောင်အုန်းနို့ ခေါက်ဆွဲဟာ နန်းကြီးသုတ်ထဲ မှာစားတဲ့ မုန့်ကြွပ်အဝါနဲ့ စားမကောင်းလို့ ကိုယ့်ဘာသာ မုန့်ကြွပ်ကြော်ပါတယ်။ မကပ်တဲ့အိုးထဲကို ဆီထည့်ပါတယ်။ ဆီပူလာရင် စောစောက ရေနွေးဖျောထားတဲ့ ခေါက်ဆွဲ အစို လက်တဆုပ်ကို ယူပြီး ဆီပူထဲမှာ ကြွပ်လာတဲ့အထိ ကြော်ပါတယ်။ ကြွပ်လာတဲ့ အခါဆယ်ပြီး ကျိုးကျေအောင်ချေပြီး ပန်းကန်လုံး တလုံးထဲ ထည့်ထားပါ။

ငရုပ်သီး ကြော်ပါမယ် အိုးထဲကို ဆီထည့် ဆီပူလာရင် ငရုပ်သီး အကြမ်းဖတ်ထည့် မွှေပေးပါ။ ငရုပ်သီးထည့်ပြီးတာနဲ့ ချက်ချင်း မီးပိတ်လိုက်ပါ ငရုပ်သီးက ချက်ချင်း မီးကျွမ်းတတ်လို့ပါ။ ကြက်သွန်ပါးပါးလှီးထား၊ သံပုရာသီး၊ ကြက်သွန်မြိတ်ပြင်ထားပါ။ပဲမှုန့် အကျက်မှုန်ပါ ပြင်ထားပါ။

.

စားပွဲပြင်နည်း

ပန်းကန်လုံးထဲကို ခေါက်ဆွဲထည့်၊ ကြက်သားဟင်းထည့်၊ အုန်းနို့ အနှစ်ထည့် (သွေးတိုးမှာ ကြောက်ရင် လျှော့ထည့်ပါ)၊ မုန့်ကြွပ်ကြော်ထည့်၊ ပဲမှုန့် အကျက်မှုန့်ထည့်၊ ကြက်သွန်အစိမ်း ပါးပါးလှီးတာထည့်၊ ငရုပ်သီးကြော်ထည့်၊ ကြက်သွန်မြိတ်ထည့်၊ သံပုရာရည်လေး ညှစ်ထည့်၊ ပေါ့ရင် ငံပြာရည်လေး ထည့်စားပါ။ အရသာရှိတဲ့ ရွှေတောင် အုန်းနို့ခေါက်ဆွဲ ရပါပြီ။ ဟင်းရည်ကတော့ ကြက်ရိုးလေးကိုပြုတ် ဆူလာရင် ဂျင်း နည်းနည်း ကြက်သွန်ဖြူ နှစ်မွှာ သုံးမွှာလောက် ထောင်းပြီးထည့် ငရုပ်ကောင်းလေး ခပ်လိုက်ရင် ရွှေတောင်အုန်းနို့ ခေါက်ဆွဲနဲ့ လိုက်ဖက်တဲ့ ဟင်းရည်ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~

.

.

.

မယ်တူဂျာ ခေါ် မယ်ဝါးရဲ့ အုန်းနို့ခေါက်ဆွဲပါ (ဓာတ်သေကတော့ ကွကိုယ် ပြန်ရှာထားပါတယ်)

 

အုန်းနို့ခေါက်ဆွဲ
အုန်းနို့ခေါက်ဆွဲ

 

 

  1. ငါးဖယ်ကိုကြော်ပီး သတ်သတ်ထား
  2. ဘဲဥပြုတ် အခွန်နွာ စိတ်ထားပါမယ်။
  3. ကြက်သားကို ဆား အရောင်တင်မှုန့် မဆလာ ဂျင်းကြက်သွန်ဖြူ ဟင်းခတ်မှုန့် တု့ိ နယ်ပီး နှပ်ထားပါမယ်။ ပြီးရင် ကြက်သွန်နီလှီးထဲ့ ဆီလောင်းထဲ့ ပီး မီးအေးအေးနဲ့ ဆီပြန်အောင် လုံးချက်ပါမယ်။
  4. အုန်းနို့ကို ဆူအောင်ပြစ်ပြစ်လေးတည်။ ကြက်ခြေ ထောက်ခေါင်း တွေကို ပိုဝယ်လာပြီး ဟင်းထဲ ထဲ့ မချက်ပဲ အုန်းနို့ ထဲ ထည့်ပြုတ်ပါမယ်။
    ကုလားပဲ အစိမ်းမှုန့် ကို ရေအရင် ပျော် အောင်ဖျော်ပီးမှ အုန်းနို့ရည် ထဲထဲ့ပါမယ်။
  5. ခေါက်ဆွဲပြင်ရင် အုန်းနို့ ဟင်းရည်ထဲ့ ပီး ကြက်သားဟင်းထဲ့ ငါးဖယ် ဘဲဥ ထဲ့ပြီး ပြင်ရပါတယ်။
  6. နေ့ခင်း ခေါက်ဆွဲ မစားချင်ရင်ပဲ ဖြစ်ဖြစ် အုန်းနို့ မစားတဲ့ သူပဲ ဖြစ်ဖြစ် ထမင်းအိုး တစ်လုံးတည်ထားပီး ကြက်သားနဲ့ စားလို့ရပါတယ်။

~~~~~~~~~~~~~~

.

.

.
မြိတ်ခေါက်ဆွဲ  (အမွန် ပြေါပြတာ)

 

မြိတ်ခေါက်ဆွဲ
မြိတ်ခေါက်ဆွဲ

 

သူဌေးသူငယ်ချင်း လာကျွေးတာ . . .

၁၁ မျိုး ပါရမယ်တဲ့…

  1. ခေါက်ဆွဲ
  2. ကြက်သွန်
  3. သခွားသီး
  4. ပူစီနံ
  5. သံပုရာသီး
  6. ငံပြာရည်
  7. ငရုတ်သီးမှုန့်
  8. မုန့်ကြွပ်
  9. ကြက်သား
  10. အုန်းနို့
  11. ဘဲဥပြုတ်

~~~~~~~~~~~~~~~~~~~

.

.

.

ပဲရည်ခေါက်ဆွဲ (ကေဇီ နည်း နဲ့ ဓာတ်သေ ကို မွဘုတ် အလစ်သုပ်လာပေး၍ Original Uploader ကို ခရက်ဒစ်ပေးသည်)

 

11915678_10206526866204413_8291364761762304483_n
ပဲရည်ခေါက်ဆွဲ

– ကြက်အကောင် သေးသေးတစ်ကောင်ကို နှုတ်သီး၊ ခြေသည်းစတာတွေဖြတ်ပြီး ဆား၊ နနွင်း၊ ငံပြာရည် နဲ့ အကောင်လိုက်ကို နှံ့အောင်နယ်ထားလိုက်။

– ကြိုက်တတ်ရင် ကြက်ရိုးအပိုတောင်းလာတာတို့၊ ကြက်မြစ်ကြက်သည်းတို့ရှိရင် ထည့်လိုက်ပါဦး။ အရသာနယ်ထားဖို့တော့ မမေ့နဲ့ ပေါ့ နော့။ တစ်ကောင်လုံး ကုန်တဲ့ လူအင်အားမရှိရင်တော့ ခုတ်ပြီးသား အသားကို သုံးပေါ့လေ။

– ပြီးရင် အိုး အနေတော်နဲ့ ရေမြုပ်ရုံ ထည့်ပြီး ပြုတ်လိုက်ပါ။ အဖုံးတော့ အုပ်ထားပါနော်။

– ရေ တစ်ဝက်လောက်ခမ်းသွားတဲ့ အချိန်လောက်ဆို အရိုးအသား နွှင်လို့ရတဲ့ အနေရောက်လောက်ပါပြီ။

– ကြက်သားတွေချည်းပဲ ဆယ်ထားပြီး အရိုးအသား နွှင်ခိုင်းလိုက်ပါ။ အရိုးပြိုင်းပြိုင်းကျအောင် နွှင်ခိုင်းတာ ဟုတ်ဘူးနော်။

– အသားတွေချည်းအကြမ်းလွှာ အတုံး သေးသေး တုံးထား။ အရိုးတွေကိုလည်း စားကောင်းရုံ အနေနဲ့ထားပါ။

– ကြက်သားပြုတ်ထားတဲ့ အရည်ကို သွန်မပစ်ရဘူးကွယ်။

– စိန်ဖြိုးတံဆိတ် တို့ဖူးမှုန့်ရှိတယ်။ တစ်ထုတ်ရဲ့ လေးပုံတစ်ပုံလောက်ကို ခုနက ပြုတ်ရည်ထဲ ထည့် မီးပေါ်တင်ပြီး မွှေပါ။

– ဂျုံခေါက်ဆွဲခြောက်ကို အကျွတ်ကြော်ထားပြီး နည်းနည်းခြေထားး

– ကြက်သွန်နီ၊ ဂေါ်ဖီ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်၊ ကြက်ဥပြုတ် ပါးပါးလှီးပြီး တစ်ပုံစီ ပုံထားလိုက်ပါဦး။။

– ပြီးတော့ ပဲသွေး/ဘဲသွေး၊ ကြက်သွန်ဥ အသေး စတာတွေပါ ထည့်ပြီး ဆက်ကျိုပါ။

– မီးဖိုပေါ်က ပဲရည် အပြစ်အကျဲ လိုသလောက်အနေတော် ပွက်ပြီဆိုပါက (တစ်ဦးချင်း အကြိုက်ပေါ်မူတည်၏) ပန်းကန် တစ်လုံးထဲတွင် ဂျုံခေါက်ဆွဲ ကြက်သားတုံး၊ အရိုးတုံးလေးများထည့်၊ ခုနက ပါးပါးလှီးပြီးသား အရာတွေထည့်၊ပြီးရင် ပဲရည်လေး ထည့်ကာ နယ်လိုက်ပါ။ အပေါ့အငံ ကိုယ်လိုသလိုပြင်ပြီးတာနဲ့ စားလို့ရပြီဖြစ်၏။

– အစပ်ကဲတာမှ ကြိုက်ရင် ငရုတ်သီးမှုန့်ပါ ထည့်လို့ရပါသည်။

~~~~~~~~~~~~~

.

.

.

မလေး ပဲနို့ ခေါက်ဆွဲ Soya Curry laksa (မွဘုတ် ချက် ၍ ဓာတ်ပုံပေး သည်)

 

Soya Curry laksa
Soya Curry laksa

ပါဝင်သော ပစ္စည်းများ

  1. ပဲနို့ရည် – ၅၀ဝ မီလီလီတာ
  2. ရေ -၂၀ဝ မီလီ (ဆူရင်းခန်းဖို့)
  3. ကြက် – လေးပိုင်းတစ်ပိုင်း
  4. ကြက်သွန်နီ – နှစ်လုံး
  5. ဖြူ – သုံးတက်လောက်
  6. ပျဉ်းတော်သိမ် – ဆီသတ် ရန် အနည်းငယ်
  7. ပဲပြား – တစ်ခု

.

ချက်နည်း

  • ကြက်သားကိုအရသာနယ် ကြက်သွန်နီ ဖြူ ပျဉ်းတော်သိမ် ဆီသတ်နဲ့ ချက်ထားပါ။
  • ပဲပြားခြောက်လွှာစိတ်, ထန့်ထန့်လေးကြော်ထား
  • ပဲနို့ရည် သကြားမပါတာ ဝယ်ပြီး ဆူအောင်ကြို
  • ကြက်သားနှစ်ရော
  • ပဲပြားကြော် ထည့်။ တချို့ လည်းပဲလိပ်ကြော် ထည့်ပါတယ်
  • အရသာမြည်းပြီး နို့စိမ်း နည်းနည်းပေါက်
  • ပဲတောင့်ရှည် ပဲပင်ပေါက် ရေနွေးဖြော
  • ငပ်ိကြော် နဲ့ စားပါတယ် .. (ကြက်သွန်နီ နှစ်လုံး ကြိတ်..ငရုတ်အပွခြေါက်ကို ကြိတ် ရောပြီး ကြွပ်အောင်ကြော် ငပိရော ရေနည်းနည်းထည့်)

~~~~~~~~~~~~~~~~~~

.

.

.

နို့စိမ်း ခေါက်ဆွဲချက်နည်းလေးတော့ မိုးသူဆီက ဆွဲလာတယ်။

 

IMG_8123

ပါဝင်သော ပစ္စည်းများ

  • ပဲမှုန့်အစိမ်း တစ်ဆယ်သား
  • ရေလေးလီတာ
  • ကြ်သွန်ဥနီအသေးလေးတွေ
  • ပဲပါးကိုလေးထောင့်သေးသေးလေးတွေတုံး
  • ကြက်ခြေထောင် လည်ပင်း အတောင်းပံ နှစ်ပိုင်းခုတ်
  • နို့စိမ်း သို့မဟုတ် အုန်းနိုး တစ်ဘူး

.

ချက်နည်း

  1. ပဲမှုန့်ကို ဘလန်ချာနဲ့ အရင်ညက်အောင်ဖျော်
  2. ပြီးရင် ရေလေးလီတာနဲ့ရောထား
  3. ဆီအနည်းငယ်နဲ့အစိမ်းမှုန့်ကိုဆီသတ်ထား
  4. ပဲရည်ကို မီးဖိုပေါ်တည် ပဲပါး ကြက်ရိုးအကုန်ထည့် ပြီးရင်မွှေပေး
  5. ဟင်းခတ်မှုန့်ဆား သင့်သလိုထည့် ဆူလာရင် ကြက်သွန်ဥထည့် ဆီသက်ထားတာထည့်
  6. ပြီးပြီ။ အပေါ်အနှစ်လေးတွေတက်လာတာကို နန်းကြ်းသုတ်ပေါ့။ 🙂

သူကတော့ နန်းကြီးသုတ် အတွက်ရေးတာ။
ကိုယ်ကတော့ ခေါက်ဆွဲ အတွက်ယူလိုက်တယ်။

 

23 comments

  • ဂျက်စပဲရိုး

    September 7, 2015 at 10:47 am

    မှတ်ထားမယ်ကွယ် အဲ့ချက်နည်းတွေ…
    ကိုယ့်အိမ်လေးနဲ့ ကိုယ် အေးအေးဆေးဆေး နေနိုင်တဲ့ အခါကျ ချက်စားမယ်။ း)

    • ဇီဇီခင်ဇော်

      September 7, 2015 at 3:16 pm

      အေးနော်။
      မီးဖို ရှယ်သုံးရရင်တော့ ချက်စားလို့ စိတ်အေးလက်အေးမရှိဘူးး

  • အောင် မိုးသူ

    September 7, 2015 at 10:56 am

    အုန်းနို့ခေါက်ဆွဲတော့ကြိုက်တယ် ချက်ရင်လည်း ကြက်ခြောက်ထောက် တောင်ပံ ဒူးဆစ်ရိုးတွေ ထည့်ချက်တာ ပိုကြိုက်တယ် ဟိဟိ။

    • ဇီဇီခင်ဇော်

      September 7, 2015 at 3:15 pm

      ဟုတ်တယ်။
      အရိုးတို့ အရေခွံတို့ ပါတာကြိုက်တယ်။
      ခေါက်ဆွဲ စားပြီး အရိုးကိုက်လို့ရတယ်။

      :mrgreenn:

  • CharTooLan

    September 7, 2015 at 1:33 pm

    ဝမ်းနဲဇယာ ဂုခြေနေနဲ့ ကြက်သားစားမြဝူး :'(

    • ဇီဇီခင်ဇော်

      September 7, 2015 at 3:13 pm

      ဘာလို့တုန်းးး
      ခုက။

      🙄

      • CharTooLan

        September 8, 2015 at 1:54 pm

        ၃လကျော်ပီ အသားတွေစားမရဝူး တခြားအသားကတော်သေးတယ်
        ကြက်သားကလုံးဝမရဝူး ဒါနဲ့ရွှေတောင်ခေါက်ဆွဲ အစက
        အမဲသားနဲ့ချက်တာလို့ ကြားဖူးတယ်

  • Mike

    September 7, 2015 at 1:37 pm

    .အိမ်ကဆိုင်မှာအုန်းနို့ခေါက်ဆွဲရောင်းတယ်..တစ်ခါမှမစား..ကြောက်လို့
    .ရွှေတောင်ခေါက်ဆွဲအော်ဒါရလို့ချက်ရင်တော့စာတယ်..ကြိုက်လို့ :))
    .မလေး ပဲနို့ ခေါက်ဆွဲ Soya Curry laksa ကစားချင်စရာလေး

    • ဇီဇီခင်ဇော်

      September 7, 2015 at 3:14 pm

      အင်။
      အုန်းနို့ နဲ့ ရွှေတောင် ခေါက်ဆွဲ က အပြစ်အကျဲပဲ ကွာတာ ဟုတ်ဘူးလားးး
      ခိခိ
      ဟုတ်တယ်။
      ဒီမှာ တော့ မလေး အုန်းနို့ ခေါက်ဆွဲရယ်လို့ စားရတာပဲ။
      ကျော် တို့ ခေါက်ဆွဲတွေက ပိုကောင်းပါတယ်။
      ဟိဟိ

      :k:

  • pooch

    September 8, 2015 at 11:22 am

    အုန်းနို့ခေါက်ဆွဲကြိုက်တယ် မစားဖြစ်တာကြာပြီ
    ဆရာဂျီးမုန့်ဟင်းခါးဆိုင်မှာရောင်းတယ် သွားစားအုန်းမယ်

    • ဇီဇီခင်ဇော်

      September 8, 2015 at 3:39 pm

      မန်းလေးမှာ အုန်းနို့ခေါက်ဆွဲ ကောင်းကောင်းမစားဖူးဘူးး

      🙄

  • weiwei

    September 8, 2015 at 2:53 pm

    ငယ်ငယ်တုန်းက မုန့်ဟင်းခါးသိပ်မကြိုက်ပဲ အုန်းနို့ခေါက်ဆွဲကို အရမ်းကြိုက်ခဲ့တယ် ..
    အခု ပြောင်းပြန်ဖြစ်သွားပြီး မုန့်ဟင်းခါးကို ပိုကြိုက်သွားတယ် ..
    ဒါပေမယ့် ခေါက်ဆွဲဆိုတာက ငယ်ချစ်လိုဖြစ်နေတော့ ဘယ်တော့မှ မေ့သွားတယ်မရှိ ..

    • ဇီဇီခင်ဇော်

      September 8, 2015 at 3:39 pm

      ကျနော်က ခုထိ မုန့်ဟင်းခါးမှ မုန့်ဟင်းခါး
      မုန့်တီ၊ ဆန် ခေါက်ဆွဲတွေကို ပိုကြိုက်တာ။
      ဂျုံခေါက်ဆွဲက ဒုတိယ ဦးစားပေး

      :k:

  • kai

    September 8, 2015 at 3:30 pm

    Topping ပဲဆိုပါစို့..။
    အဲဒါတွေအပေါ်ကနေ.. ဖြူးပြီးစားလို့ရတဲ့အထဲ…
    ဥပမာ..။ အုန်းနို့ခေါက်ဆွဲဆို.. ပဲကြော်။ ဘူးသီးကြော်၊ ဘဲသွေး… မုန့်ကြွတ်.. စသဖြင့်ပေါ့… စာရင်းလုပ်ထားချင်တာလေ…။

    ပီဇာဆိုလည်း… ရှိတယ်ပေါ့..။
    http://www.recipepizza.com/toppings/
    null

    • ဇီဇီခင်ဇော်

      September 8, 2015 at 3:38 pm

      စာရင်း လုပ်ပေးရမှာလားး

      ဓာတ်ပုံ အတွက်ကျ အဲဒီ တော့ပင်းတွေတွေက အသားပေးရတယ်

      :k:

      • kai

        September 9, 2015 at 4:17 pm

        တော်တော်အလုပ်ရှုပ်မယ်ထင်တယ်…။
        ဖြစ်နိုင်ရင်တော့ လိုချင်ပါ့…။
        ဒီလ သတင်းစာထဲ.. ဒီဟာတွေထည့်လိုက်ရမလား.. ?

        • ဇီဇီခင်ဇော်

          September 9, 2015 at 4:21 pm

          ရတယ် လေ။
          ခေါက်ဆွဲတွေက သတင်းစာ အတွက် စုတာပဲဟာ။
          :k:
          .
          .
          တော့ပင်းက စာရင်းပဲ ဆို ခုကို ရတယ်။
          ဓာတ်သေကတော့ ကြာမယ် ရှာရမယ်။
          ဟီးဟီး :mrgreenn:

        • kai

          September 9, 2015 at 4:25 pm

          ဓာတ်သေမလိုပါဘူးနော…။
          သတင်းစာထဲ.. ဓာတ်သေမှမထည့်တာ..။
          ဒီကို လင့်ခ်နဲ့ညွှန်းလိုက်တာမို့….။

        • ဇီဇီခင်ဇော်

          September 9, 2015 at 4:29 pm

          အာ့ဆို နောက်လ အတွက် စုထားပေးမယ်လေ။

          ဒီ လတော့ ခေါက်ဆွဲတွေသာ ယူထားတော့၊

          :mrgreenn:

  • Ma Ma

    September 8, 2015 at 6:39 pm

    စားချင်စရာတွေချည်းပဲ။
    ပြိုင်ပွဲလုပ်ခိုင်းပြီး ဒိုင်လုပ်ရရင်ကောင်းမယ်။ :k:

    • ဇီဇီခင်ဇော်

      September 9, 2015 at 3:05 pm

      ဟုတ်ပါ့နော်။
      ဟီးဟီးး
      မမ ပွဲ စီစဉ်ရအောင်။
      :k:

  • Kaung Kin Pyar

    October 22, 2015 at 9:40 am

    ကျေးဇူးပါ မချွိရေ…
    ရွှေတောင်ခေါက်ဆွဲကတော့ အရမ်းကြိုက်လို့ လုပ်စားကြည့်ချင်နေတာ…. 🙂

    • ဇီဇီခင်ဇော်

      October 22, 2015 at 9:43 am

      အမက ရွှေတောင်ခေါက်ဆွဲကို ရွှေတောင်မြို့မှာ စားဖူးပြီးကတည်းက တခြားမှာ စားမရတော့တာ။
      ငိငိ

      :k:

Leave a Reply