ဒီတစ်ခါ မဲ ကျသူက Aye Lwin Oo လို့ခေါ်ပါတယ်။
နာမည်ကြည့်ပြီး သိပ်ပြီး မမှတ်မိဘူး။
ဒါပေမဲ့ သူ့စာ တွေ ဖတ်လိုက်တော့ မှတ်မိခဲ့ပါတယ်။

သူ့ ပထမဆုံး ရွာထဲ အဝင် ခြေလှမ်းက Sep 25, 2013  မှာ “မင်းနဲ့အတူ” ဆိုတဲ့ ကဗျာတစ်ပုဒ် ပါ။
တစ်ချို့ ချွဲတတ်သူ တွေကတော့ ” မင်းလေးသာ အနားရှိ တစ်ခြားဘာမှ မလိုပါ” ဘာညာ သာတကာပေါ့။
ဒါပေမဲ့ သူကတော့ အဲလိုမဟုတ်။ တစ်ခြား အရာ တွေ လိုသေးပုံရေးထားတာရော။
အသေအချာဖတ်ကြည့်တော့  သူက အဲဒီ တစ်ခြားဟာ တွေ ကို ပိုတောင် လို နေတာလား မသိပါဘူး။
ရွာအဝင် အစ ဆိုပေမဲ့ မှတ်ချက် တွေ ပေးပြီး စည်စည်ကားကား ဖြစ်နေခဲ့တာ တွေ့ရမှာပါ။

အဲဒီ ကဗျာ နဲ့ စပြီး ပျောက်သွားလိုက်တာ နောက် ၇ လ ကျော် May 9, 2014 မှ တစ်ကျော့ ပြန်ပေါ်လာပြန်တယ်။
ဒီတစ်ခါမှာတော့ “ခရီးဖော်” ဆိုတဲ့ ကဗျာလေး တစ်ပုဒ် နဲ့ အတူ ပန်းချီကားလေး ပါ ပါလာတာ။
ပန်းချီကားလေးကတော့ ရွာရွှေ့တုန်း ပျောက်ကျန်ခဲ့ပြီ ထင်ရဲ့။
ဘာပုံလေးလဲမှန်းကြည့်ဖို့ ဝင်ဖတ်ကြည့်ကြပေတော့။

နောက် May 17, 2014 မှာတော့  ပို့စ် တစ်ပုဒ် “? ? ? ? ? ဗျိုးးးးးးးးးးး” ဆိုတာ ကို ပုံတစ်ပုံ ပြရင်း ရွာထဲ ဗျို့ တပ်ပြီး အော်ခဲ့တယ်။
ဒီတော့ ရွာထဲ မှာ မျက်မမြင်ပုဏ္ဍားများ ဆင်စမ်း သလို ကိုယ်သန်ရာ ထင်ရာ တွေကို ပျော်ပျော်ကြီး အားပေး လိုက်ကြတာ မှတ်ချက် မှ ၂၁ ခု ရ သဗျ။
အဲဒီမှာ လဲ ပုံက မပါနိုင်တော့ မှတ်ချက် တွေဖတ်ပြီး  ဘာကို ဗျို့ တပ်ခဲ့ တယ် ဆိုတာ ကို ကွကိုယ်သာ ပုံဖော်ပေရော့။
အဲဒီ ပို့စ်လဲ ပြီးရော ဗျို့ဟစ်သူ ကဗျာဆရာတစ်ယောက်  ပျောက်သွားလိုက်တာ ၂နှစ်ကျော်ပါပေါ့။

တင်တဲ့ ပို့စ် ၃ ပုဒ် နဲ့ မှတ်ချက်ပေးတာ ၄၀ကျော်လောက်ဘဲ ပေမဲ့ သူ့မှတ်ချက် တွေ က အသက်ဝင်ပြီး ပေါ့ပေါ့ပါးပါး နဲ့ ဖတ်လူ တွေကို သူ နဲ့ ရင်းရင်းနှီးနှီး ဖြစ်စေခဲ့ပါတယ်။
ခင်မင်ဖွယ်ကောင်းသူ တစ်ယောက်လို့ မှန်းမိတယ်။

ဒါကြောင့် …
ဂျီဟောသူတို့ရဲ့ အစ်ကိုမောင်
Machine Design ဝါသနာကြီး သူ
ကိုအေးလွင်ဦးရှင့်
တစ်ယောက်ထဲရှိခဲ့တဲ့ တစ်ဦးတည်းသော အိမ်သူအတွက် အသက်ရှုတိုင်း ဖြစ်လာတဲ့ ကဗျာ တွေကို ရွာထဲ လာပြီးချ ပြလှည့် ရီမောစကားပြောလှည့် ပါဦးလား။
ကြားမိရင် ရောက်ရာ အရပ်မှ ရွာထဲ တစ်ခါတစ်လေလေး ပြန်ဝင်ခဲ့ပါလေ။

About မြစပဲရိုး

Khin Latt has written 240 post in this Website..

   Send article as PDF