ခိုင်ထူး ခေတ်မှာ လူဖြစ်လာသူ တစ်ယောက်ရဲ့ ဒိုင်ယာရီ…။

black chawAugust 20, 201513min49742

လွန်ခဲ့တဲ့ ၂၀၁၄ ဒီလို အချိန်လောက်က အမျိုးသား ဇာတ်ရုံမှာ

ခိုင်ထူး One Man Show လုပ်ခဲ့ပါတယ်။

ခိုင်ထူး ခေတ်မှာ လူဖြစ်လာရသူ ဘလက်ချောကြီးတစ်ယောက်

စကိုင်းနက် က တိုက်ရိုက်လွှင့်ပေးတာကို

အသေအချာကြီး ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။

အဲဒီ ရှိုးအကြောင်းလေး ရေးထားတာပါ။

ပို့စ်ကတော့ ရေးထားတာ တစ်နှစ်လောက်ရှိတော့မှာပါ။

အခု အမှတ်တရ ပြန်တင်ဖြစ်ပါတယ်။

——————————————————————-

ဒီည ခိုင်ထူး One Man Show ရှိတယ်။

မဒမ်ဘလက်က ကိုးရီးယားကား သူရဲ။

စကိုင်းနက် International Drama ကလာတဲ့ ကိုးရီးယားကားမှန်သမျှ မလွတ်တမ်းကြည့်သူ။

ဒီညတော့ ခိုင်ထူးပွဲ လိုက်ဖ် ကြည့်မလို့ ပြင်ဆင်နေတဲ့ ဘလက်ချောကြီး

အိမ်တွင်းမားကက်တင်း ဆင်းရပြန်သပေါ့။

ပွဲမစခင် စင်ရော်မောင်မောင် ကြီးနဲ့ အင်တာဗျူးလုပ်တာ တွေ့လိုက်ရပါတယ်။

စင်ရော်မောင်မောင် ကြီးက သူ့အကြိုက်ဆုံး အဆိုတော် ၃ ယောက် ရှိပါတယ်တဲ့။

၂ ယောက်က သေသွားကြပါပြီတဲ့။ ကိုတိုးကြီး နဲ့ ကိုထီး ပေါ့။

တစ်ယောက်ကတော့ အခု ဆိုမယ့် ခိုင်ထူး။

ခိုင်ထူးကို ခရေဇီ ဖြစ်သော စင်ရော်မောင်မောင် ကြီးက သူ နောက်ရိုက်မယ့် ရုပ်ရှင်တစ်ကားထဲမှာ

ခိုင်ထူးသီချင်း ထည့်သုံးမှာလို့ ပြောသွားပါတယ်။

ကိုနေဝင်းရေးတဲ့ နောက်ဆုံးအိပ်မက် တဲ့။

ဝိုး…ရေ့…စောင့်မျှော်ကြည့်ရှုပါမည် ဦးစင်ရော်မောင်မောင်။

သူတို့ ဘက်ချ် တွေ တော်တော်များများ ပွဲမှာရောက်နေတယ် ဆိုလား ပြောသွားပါတယ်။

အော်…စင်ရော်မောင်မောင် ကိုယ်တိုင်တောင် ခိုင်ထူးပရိသတ်ဖြစ်နေပါပေါ့လား။

နောက် ပရိသတ် တစ်ယောက်နဲ့ အင်တာဗျူးပါတယ်။

သူကတော့ စစ်နဲ့ ငြိမ်းချမ်းရေး သီချင်း ဆိုမဆို ကို စောင့်ကြည့်ချင်တာပါတဲ့။

ရ နာရီ ၄၅ လောက်မှာ ရှိုးစတင်ပါတယ်။

ပထမဆုံး တေးမြုံငှက်  ကိုဆိုပါတယ်။

တေးမြုံငှက်

တေးရေး – မောင်သစ်မင်း

မိုးကောင်းကင် ငွေတိမ်ပွင့်တွေကြား

တေးဆိုမပျော်ပါးနိုင်အား…ပါ

ကမ္ဘာထောင့်ကြားနေရာလေးမှာ

လောကကို ငေးမောကြည့်နေသလို

အာခံတွင်း ထဲ ငုံကာ ထားတဲ့ တေးတစ်ပုဒ်တော့ ရှိမယ်ထင်ရဲ့

ကြင်နာခြင်းလား နာကျင် ခြင်းလား ပျော်ရွှင်ခြင်းလား ငိုယိုခြင်းလား

အိုဘယ့် အိုအိုအိုးအိုအိုး တေးမြုံငှက်…။

တခြားငှက်တွေ လေဟုန်စီးနေဆဲ

အများနှယ် မပျံဝဲပါလား ကွယ်

အမှောင်ရိပ်ထဲ ခိုဝင်နားကာ သောကတွေ ကြိုးစားမေ့နေသလို

အာခံတွင်းထဲ ငုံကာထားတဲ့ တေးတစ်ပုဒ်တော့ ရှိမယ်ထင်ရဲ့

မျိုသိပ်ခြင်းလား အိပ်မက်ခြင်းလား ငြိမ်သက်ခြင်းလား ထိမ်ဝှက်ခြင်းလား

အိုဘယ့် အိုအိုအိုးအိုအိုး တေးမြုံငှက်…။

ပန်းပွင့်တွေ အံထုတ်ပေးကာပဲ

ဘဝကို ဖန်ဆင်းနေမြဲ…သာ

ရာသီစက်ဝိုင်း အချိန်တိုင်းမှာ

မျိုးဆက်ကို ထိန်းသိမ်း ထားနေသလို

အာခံတွင်းထဲ ငုံကာထားတဲ့ တေးတစ်ပုဒ်တော့ ရှိမယ်ထင်ရဲ့

ရင်ခုန်ခြင်းလား ကျေနပ်ခြင်းလား ရှာဖွေခြင်းလား ရှောင်ဖယ်ခြင်းလား

အိုဘယ့် အိုအို အိုးအိုအိုး တေးမြုံငှက်…။

 

ပုံမှန်ပါပဲ။ သိတ် လမိုင်းကပ်ပုံမရသေး။

ဒုတိယအပုဒ်အဖြစ် ရွှေလသာမှ သီချင်းကို ဆိုပါတယ်။

ရွှေလသာမှ

တေးရေး-ဂျေမောင်မောင်

(နေရောင်အောက်က ဒို့ ရဲ့ ဘဝမျိုးထဲ မလာချင်ပါနဲ့ ကွယ်

အပူဒဏ်တွေကို မင်းမခံနိုင်ဘူး

ကြယ်ရောင်မလင်းတဲ့ ဒို့ ဘဝ လမိုက်ည မလာချင်နဲ့ဦးကွယ်

မသာယာတာတွေ မင်းမြင်မှာ စိုးတယ်)၂

CHO; (ရင်ထဲမှာ ကိုယ်လေ သိတ်ချစ်တတ်တယ်

အတူနေရရင် ပျော်စရာ ကောင်းမှန်းသိတယ်

ရွှေလမှ မသာသေးခင် အချစ်ရယ်

အတူတူနေမယ် မပြောရက်နိုင်ဘူး…။)

(အိမ်ခေါင်မိုးစုတ်အောက်က ဒို့ဘဝထဲ မလာချင်နဲ့ဦးကွယ်

ရေယိုလာရင် မင်းငိုမှာစိုး

ရွှေရောင်တောက်ပ မင်းရဲ့ဘဝမျိုးထဲ ပျော်ပျော် နေ အချစ်ရယ်

အချိန်မတန်ခင် ဝေးနေကြမယ်)၂

CHO ;

 

ဒီသီချင်းမှာလည်း ပုံမှန်ပဲ ရှိနေသေးတဲ့ အခြေအနေပါ။

တတိယအပုဒ် အနေနဲ့ ရွှေလည်တိုင် စီးရီးထဲက သိနှင့်နေသား သီချင်းကို ဆက်ဆိုပါတယ်။

(တေးရေး မမှတ်မိတော့။ စကိုင်းနက်ကလည်း စာတမ်းထိုးမပေး။

အမှန်တော့ ဒီလို လိုက်ဖ် ရှိုး မျိုးမှာ သီချင်း နာမည်နဲ့ တေးရေးနာမည်ကို တွဲပြီး ဖေါ်ပြပေးဖို့

လိုအပ်တယ်လို့ ထင်ပါတယ်။

သိတ်ခက်ခက်ခဲခဲ လုပ်စရာမလိုပါဘူး။

လိုက်ဖ် လွှင့်ရင် ဖေါ်ပြဖို့ အဆိုတော်ဆီက သီချင်း တွေစာရင်းကို

သီချင်းရေးဆရာ နဲ့ တကွ တောင်းထားလိုက်ရုံပါ။

အရေးမကြီးဘူးထင်လို့ မဖေါ်ပြတော့လည်း ဘာတတ်နိုင်မှာလဲဗျာ။)

                        သိနှင့်နေသား

သေချာစဉ်စားမိရဲ့လား လူဆိုတာဟာ နောက်ဆုံးမှာ

အားလုံးကိုခွဲ…ခွဲရမှာ

ဟိုလူကတော့ ချမ်းသာလို့ ဒီလူကျတော့ ငွေမရှိလို့ မထူးခြားပါဘူး

လူ့ဘဝကို တစ်နေ့ကျရင် ကျောခိုင်းရမှာ

(တကယ်တမ်းတွေးကြည့်လိုက်ပါလား

ပိုင်ဆိုင်သမျှနဲ ့ ရှိသမျှကို

နောက်ဆုံးထားခဲ့ရမှာပဲ ကျိန်းသေတယ်….

အငိုနဲ့စတဲ့ ဘဝဆိုတာ အငိုနဲ့ပဲ အဆုံးသတ်ရမှာ

ဘာမှမမြဲတဲ့ အဘိဓမ္မာတရား အားလုံးကို အချစ်ကို ဖုံးလွှမ်းလို့ထား)

အချစ်ဆုံးက တစ်နေ့မှာတော့ ကိုယ်လိုလူကို ရှောင်သွားမှာ

သိနှင့်နေသား မထူးဆန်းပါ

တကယ်ဆို အစနဲ့ အဆုံး အလယ်မှာ

အချိန်ဆိုတာဟာ ခဏလေးပါ

အဲဒီ့အချိန်လေးမှာ ငါ့ဘဝကို အချစ်နဲ့တည်ဆောက်ခဲ့မိတယ်…။

(တကယ်တမ်း အချစ်နဲ့ အသိဉာဏ်နဲ့

ယှဉ်ပြိုင်ခဲ့တဲ့ ပွဲအပြီးမှာ

နောက်ဆုံးအချစ်က ရှုံးမှာပဲ သိပါတယ်

လူသားဘဝရဲ့ အဓိပ္ပါယ်ကို ဂုဏ်ရွှေငွေတွေဖုံးလွှမ်းကာ

ရင်မှဖြစ်တဲ့ သစ္စာတရား အားလုံးကို အချစ်က ချိုးဖေါက်လို့သွား)

 

ရွှေလည်တိုင် စီးရီးထဲက ဒီသီချင်းလေးက စာသားအားရော

သံစဉ်အားပါ ကောင်းတဲ့ သီချင်းလေးဖြစ်ပြီး

ဒီသီချင်းမှာတော့ လမိုင်းကပ်စပြုပါပြီ။

မကျေနပ်ဘူး သိလား စီးရီးထဲပါခဲ့တဲ့ မျှော်လင့်နေတုန်းပဲ သီချင်းကိုတော့

မု(ဒ်) အတော် ကောင်းကောင်းနဲ့ ဆိုသွားနိုင်ခဲ့ပါတယ်။

မျှော်လင့်နေတုန်းပဲ

တေးရေး – ဂျေမောင်မောင်

တစ်ချိန်ချိန်မှာ တစ်ခုခု မင်းဆီက ကြားရလိမ့်မယ်လို့

(မျှော်လင့်နေတုန်းပဲ)၂ ဘိုမရေ

မပြေလည်တာတွေ တစ်နေ့တော့ ဒို့ ပြေလည်သွားရလိမ့်မယ်လို့

(ယုံကြည်ချက် ရှိတုန်းပဲ)၂ ဘိုမရေ

CHO; (ဘာသာမတူလို့ မင်းနဲ့ငါ မချစ်ရတော့ဘူးလား

သဘောပေါက်အောင်သူတို့ကို ဒို့ ဘယ်လိုရှင်း…ဘယ်လိုရှင်းပြကြမှာလဲ…

မင်းနဲ့ငါ သိတ်ချစ်တယ် မင်းနဲ့ငါ သိ်တ်ချစ်တယ် မင်းနဲ့ငါ သိတ်ချစ်တယ်…

ဒို့…ဒို့ သိတ်ချစ်ကြတယ်လေ…။)

ဘာသာမတူတဲ့ အကြောင်းနဲ့ မင်းကိုသူတို့ နားချ ကြမှာပဲ

(ဒါတွေ မဆိုင်ဘူးနော်)၂

အချိန်တွေ ဘယ်လိုကုန်သွားသွား အသည်းမှာတစ်ယောက်တည်း နင့် ချစ်နေတုန်း

(မောင့် အချစ်ဆုံး) ၂ ဘိုမရေ

တစ်ခါတစ်လေ ကိုယ်မအိပ်ပဲနဲ့ မိုးလင်းနေတောင် သတိရကောင်းနေတုန်း

(ယုံတယ် မဟုတ်လား)၂ ဘိုမရေ

တစ်ချိန်ချိန်မှာ တစ်ခုခု မင်းဆီက ကြားရလိမ့်မယ်လို့

(မျှော်လင့်နေတုန်းပဲ)၂ ဘို…မ…ရေ။

 

ဒီသီချင်းလေးက ဘာသာမတူ ပဲ ချစ်ကြိုက်မိကြတဲ့ ချစ်သူတွေ အကြိုက်တွေ့ခဲ့တဲ့ သီချင်းပါ။

မု(ဒ်) အပြည့်နဲ့ ဆိုသွားတာပါ။

နောက်တစ်ပုဒ်က မကျေနပ်ဘူး သိလား စီးရီးထဲက စပျစ်ရည်ချိုနောက်က မေ့မျက်ရည်သီချင်းပါ။

စပျစ်ရည်ချိုနောက်က မေ့မျက်ရည်

တေးရေး – ကိုနေဝင်း

နီညိုရောင်အသွေး ခွန်းဖွဲ့နွဲ့ ပြောခဲ့ဆို ဒီကမ္ဘာမှာ သူလေ မင်းအတွက် အဆင်ပြေဆုံး

စေလိုရာသုံး အချစ်စစ်လို့ ပြောခဲ့သူ တစ်ခါတစ်ရံမှာ ဘယ်ညာယိမ်းနွဲ့ စိမ်းညာမုန်း

အပြုံးလေးနဲ့ ထားခဲ့မေ အရှုံးပေးလို့ အလွမ်းနေဆယ်စင်း

အေးမြတဲ့ အရိပ်အောက်မှာ ဖွဲမီးက တစ်စတစ်စလောင်ဆဲ

တစ်ပင်တိုင်မလေး ရင်ထဲမှာ နှစ်ပါးသွားတေးဆိုလေဦး

ခုတော့ဖြင့် သနားသက်ညှာမနှင်လိုပါ

အတန်တန်မှာကြားရက်နဲ့ နားနှစ်ဖက်ပိတ်ကာ နင်လေအကန်း

ငါဟာမင်းအတွက် အပယ်ခံအမုန်း

ဝါရွှေရည်အသွေး အဆင်းလှလှ မင်းဘဝကို ချေဖျက်နင်း

တံခါးပိတ်မှ လှည့်ပြန်မလာနဲ့။

CHO;;;  စပျစ်ရည်ချိုနောက်က မင်းမျက်ရည်  တကောက်ကောက် လိုက်နေတုန်းတော့ ရယ်နှင့်ဦး

 စပျစ်ရည်ချို နောက်က နင့် မျက်ရည်  ပါးမို့မို့ ကို လွှမ်းသွားမှ မငိုနဲ့

ကြည်ပြာရောင်အဆင်း လင်းလဲ့လဲ့ မင်းအရိပ်ထင် လူပုံအလယ် ပျော်လေဦးပေါ့ ပြေလည်တုန်း

နီလာညခင်း မင်းတို့အတွက် ပြုံးအကြည့်မှာ အမှောင်ကမ္ဘာထဲ ညီညာတိုးတိုး ရှိုက်သံလွှမ်း

အပြုံးလေးနဲ့ ပြေးတဲ့မေ အရှုံးတွေ့မှ မျက်ရည်မလည်ကြေး

အမုန်းပြတိုက်တံခါးရွက်ကို တွန်းဖွင့်ဖို့ ကြိုးစားနေဆဲ

တစ်ပင်တိုင်မလေး နင့်အသည်းမှာ နှစ်ပါးသွားတေးဆိုပါဦး

ခုမှဖြင့် သနားသက်ညှာမနှင်နိုင်ပါ

ကြိုတင် သတိပေး ရက်နဲ့ အမိုက် မိုက်ခဲ့တယ်

နင်လေအမှား ငါဟာ မင်းအတွက် အပြင်လူသား

ရွှေသမင် အလှလေး အခုတော့ ဘဝပျက်ခဲ့ပြီ

မမြင်ရက်ဘူး မကြားရက်မှ နင် ခေါ်မနေနဲ့

CHO;;; စပျစ်ရည်ချိုနောက်က မေ့မျက်ရည် တစ်စက်တစ်စက် လိုက်မမီတုန်းတော့ နင်ရယ်ဦး

စပျစ်ရည်ချိုနောက်မှ နင့်မျက်ရည် အသည်းနှလုံးထဲကို စီးဆင်းမှ မငိုနဲ့

တစ်ပင်တိုင်မလေး ရင်ထဲမှာ နှစ်ပါးသွားတေးဆိုလေဦး

ခုတော့ဖြင့် သနားသက်ညှာ မနှင်လိုပါ

အတန်တန်မှာကြားရက်နဲ့ နားနှစ်ဖက်ပိတ်ကာ နင်လေအကန်း

ငါဟာမင်းအတွက် အပယ်ခံအမုန်း

ဝါရွှေရည်အသွေး အဆင်းလှလှ မင်းဘဝကို ချေဖျက်နင်း တံခါးပိတ်မှ လှည့်ပြန်မလာနဲ့

စံပျစ်ရည်ချိုနောက်ကမေ့မျက်ရည်

စံပျစ်ရည်ချိုနောက်ကမေ့မျက်ရည်

 

အရမ်းကြီးကောင်းလွန်းတာမဟုတ်ပေမယ့် အဆင်ပြေပြေလေး ဆိုသွားနိုင်ပါတယ်။

နောက်ထပ်ပြီး ကိုနေဝင်း သီချင်းတစ်ပုဒ်ဖြစ်တဲ့ စစ်ကိုင်းလမ်းကို ဆိုပါတယ်။

ရန်ကုန်တက္ကသိုလ် အရိပ်အငွေ့တွေနဲ့ စစ်ကိုင်းလမ်း သီချင်းကို ဆိုနေချိန်မှာ

နောက်ခံဘက်ဂရောင်းပေါ်မှာ ဂျဒ်စင် အင်းလျား အဓိပတိ နဲ့ စစ်ကိုင်းလမ်းပုံရိပ်တွေ

ထိုးပေးခဲ့တာကြောင့် သီချင်းက ကြွတက်လာခဲ့ပါတယ်။

 

စစ်ကိုင်းလမ်း

တေးရေး – ကိုနေဝင်း

တိုးထွက်မယ့်မနက်နေရောင်ဖြာထွန်းရင်
စစ်ကိုင်းလမ်းကစောင့်နေမယ်သူမှာလို့
ချိန်းထားတဲ့သဲမြေပြင်ဟိုရိပ်ဆီ
မျှော်သူကို ကြိုနှင့်ရန် ကိုယ်လာမယ်လို့
အခုညတော့ အိပ်နိုင်မယ်မထင်ဘူး…

နှစ်ဦးတွေ့တဲ့ညနေကိုပြန်တွေးရင်
စကားလက်စမသတ်နိုင်အောင်လေပြေသွေး
လမ်းတစ်ဝက်ထိ ကိုယ့်ကိုပြန်ပို့ရင်းဆို
နေညိုချိန် နေ့ကူးရင် မျှော်နေမယ်လို့
ဆက်ဆက်တော့ရောက်အောင်လာမယ်မေ..

အသည်းရင်လှိုင်းခတ်သံ
အတူဆုံရင်အပြုံးတွေ နှုတ်ဆက်မယ်လေ
တို့ဘဝအတွက် ခဏတာ ဒီအချိန်လေးအတွင်းမှာ
အချစ်ခွန်အား ရင်ဆိုင်ထား………

အလှမ်းဝေးတဲ့ညရယ်ကုန်ပါတော့ကွယ်
ကြားရတဲ့ရထားသံ ရင်ခုန်သံလား
စစ်ကိုင်းလမ်းသို့ သွားချိန်တန်ပြီလားကွယ်
သယ်ဆောင်ရာ အိပ်လဲပြင် ယာဉ်မြန်ကိုစီး
ခရီးထွက်လို့ တို့လာနေပြီလေ….

ခုညတော့ အိပ်နိုင်မယ်မထင်ဘူး

 

ကျွန်တော်တို့ မျိုးဆက် အတွက်တော့ ခိုင်ထူးရဲ့ စစ်ကိုင်းလမ်းသီချင်းဟာ

ကြီးကျယ်တဲ့ ဖန်တီးမှုကြီးတစ်ခုပါ။

ကိုနေဝင်း သီချင်း ၂ ပုဒ်ဆက် မှာတော့ လမ်းကြောင်းပေါ်ရောက်သွားခဲ့ပါပြီ။

စစ်ကိုင်းလမ်း ဆိုလို အပြီး ပြန်အဝင်မှာ အောက်က ခိုင်ထူး ပရိသတ်က ပန်းစည်းတွေ ပန်းကုံးတွေ တက်ပေးလို့

သီချင်း ဆိုတာကို ခဏ နားခဲ့ရတာကို ခိုင်ထူးက အားနာနေပုံပေါက်ပါတယ်။

ဂစ်တာတီးပြီးဆိုနေတာကို သိလျက်နဲ့ လက်ထဲ ပန်းစည်းတွေသွားထည့်ပေးနေတဲ့

ပုဂ္ဂိုလ်အကောင်းစားကြီးတွေကို စိတ်ပျက်မိပါတယ်ဗျ။

စစ်ကိုင်းလမ်း အပြီးမှာတော့ ဂျေမောင်မောင် ရဲ့ ဆို ကို ဆိုပါတယ်။

ဟိုတုန်းက ခိုင်ထူး အစစ်ကြီးကို ပြန်ရလိုက်တယ် လို့ ခံစားရအောင်ကို အော်သွားနိုင်ပါတယ်ဗျာ။

ဆို

တေးရေး – ဂျေမောင်မောင်

မောင့်မျက်နာ တစ်နေ့မတွေ့ရရင် စားလို့ မဝင်ဘူး အိပ်လို့ မပျော်ဘူး ဆို

မောင့်မေတ္တာ အချစ်လျော့သွားရင် အဆိပ်သောက်ပလိုက်မယ် စိတ်အညစ်မခံဘူး ဆို

မင်းပြောခဲ့တဲ့ မင်းရဲ့စကားတွေ မင်းပေးခဲ့တဲ့ မင်းရဲ့ကတိတွေ

အခုတော့ အခုတော့ ဘယ်သူ့အနား ရောက်သွားသလဲ ဘယ်သူများယူသွားသလဲ

ပြေးကြည့်လိုက်ရင် မောင့်တစ်ယောက်တည်းပါ နောက်တစ်ယောက်မချစ်ဘူး ဘယ်သူမှ မချစ်ဘူး ဆို

မင်းကလွဲရင် တခြားမိန်းကလေးတွေ စကားမပြောရတော့ဘူး မချစ်ရတော့ဘူး ဆို

မင်းပြောခဲ့တဲ့ မင်းရဲ့စကားတွေ မင်းပေးခဲ့တဲ့ မင်းရဲ့ကတိတွေ

အခုတော့ အခုတော့ ဘယ်သူ့အနား ရောက်သွားသလဲ ဘယ်သူများယူသွားသလဲ

မင်းရဲ့ဘဝမှာ ရှိမှ ဖြစ်မယ်

မင်းရဲ့ ပါးစပ်မှာ ခဏခဏ ပြောတယ်

မင်းသိတ်ချစ်တယ် မင်းသိတ်ချစ်တယ်

ဆို….ဆို….ဆို…….ဆို….ဆို….ဆို…။

 

ခိုင်ထူးက ဆိုသီချင်းကိုတော့ အတော် ပေါက်ပေါက်ကွဲကွဲ သီဆိုသွားပါတယ်။

အခွေထဲမှာ ဆိုတာနဲ့ မတူတဲ့ ဗားရှင်း မျိုးတွေနဲ့လည်း ဆို ကို အော်ဟစ် သီဆိုသွားခဲ့ပါတယ်။

ဒါမှ ခိုင်ထူး အစစ်။

ပြီးတော့ ကြာတာတွေရယ် များပြီ ဆိုတဲ့ နှင်းဝေတဲ့ ဆောင်း သီချင်းကို ဆိုပါတယ်။

တေးရေးကတော့ တိုနီတင် ထင်ပါရဲ့…။ မှားရင်လည်း ပြင်ပေးသွားကြပါဦး…။

နှင်းဝေတဲ့ ဆောင်း

တေးရေး-တိုနီတင်

ဆောင်း နှင်းဝေ့လည် မနက်ခင်းဝယ်

လွမ်းဆွတ်မှုတွေ ပိုများတယ်

မေရယ်…တစ်ကိုယ်ရည်တည်းကွယ်

မေရယ်…တစ်ကိုယ်ရည်တည်းမို့

စွဲလမ်းစိတ်တွေမပြေဘူးကွယ်

နှောင်းသွားရက်တွေကို နှမြောတယ်

ရှောင်သွေ ဖယ်ကာပြေးရင်

ဆိုတဲ့ ဆိုတဲ့ အတွေးနဲ့

နှင်းဝေတဲ့ ဆောင်းမှာ သိတ်လွမ်းတယ်….။

ကြာတာတွေရယ်များတယ်

ကြတတ်တာတွေ မကြာစေဖို့ တကယ်

ကိုယ်လေ ဆုတွေ တောင်းမယ်

ရင်ဝယ် မဆွေးချင်ဘူး တကယ်

နှင်းဝေတဲ့ ဆောင်းမှာ ဆုတောင်းမယ်…။

 

သာမန် ပါပဲ။

ပြီးတော့ အစောဆုံးမင်းပြန်ခဲ့ နဲ့ နှင်းသက်သက်ဝေ သီချင်းတွေကို တစ်ဆက်တည်းဆိုပါတယ်။

နှင်းသက်သက်ဝေ သီချင်းမှာ စာတမ်းထိုးတာ နေရာဟောင်းမှာ လို့ မှားထိုးသွားတာတွေ့ရပါတယ်။

အေးလေ ကလေးတွေ က ခိုင်ထူးကို မသိနိုင်တော့ဘူးပေါ့လေ။

ကိုနေဝင်း ရေးတဲ့ အစောဆုံး ပြန်ခဲ့ ရော နှင်းသက်သက်ဝေ ရော အရမ်းကောင်းတယ်လို့ ခံစားရပါတယ်။

အစောဆုံးပြန်ခဲ့

တေးရေး – ကိုနေဝင်း

မှောင်ရိပ်များ ကြီးစိုးကာ ညကို အကြိုထောက်ရင်

တိမ်လွှာမှာ ဆီမီးထွန်းသလိုလေ

ကြယ်ပွင့်များ လင်းလက် လမင်းကို အကြိုထောက်ရင်

ဘယ်သူမျှော်မယ် သတိရရင် တွေးကြည့်

အစောဆုံးမင်းပြန်ခဲ့တော့ကွယ်

အချစ်ရယ် နောက်ကျသွားမှာ စိုးမိတယ်…။

အာရုံဦး တိုးထွက်ကာ နေ့ကို ခုန်မကူးခင်

တိမ်လွှာမှာဆီမီး မငြိမ်းခင်လေ

ကိုယ်ရောင်လေး ယိမ်းနွဲ့ယဉ် မင်းကိုမမြင်ရရင်

ဘယ်လိုနေမယ် တမ်းတ စိတ်ကူးကြည့်

အနီးဆုံးရောက်အောင်လှမ်းခဲ့ကွယ် အချစ်ရယ် တရွေ့ရွေ့ဝေးမှာစိုးမိတယ်

အစောဆုံး မင်းပြန်ခဲ့တော့ကွယ် အချစ်ရယ် နောက်ကျသွားမှာစိုးမိတယ်

 

 

နှင်းသက်သက်ဝေ

တေးရေး – ကိုနေဝင်း

နှင်း…ဘယ်လောက်တောင်ချစ်ခဲ့ရတယ် စကားနဲ့ဆို ပြောပြမစွမ်းနိုင်ဘူး

ယုံလိုယုံ အို မင်းမို့ မမြင်ရင် အို နှင်း…ရေ…

လောကရဲ့ အေးချမ်းမှုရယ် လုံးဝကွယ်ပျောက်လုပဲကွယ်

မှီခိုရာ ကမ္ဘာပျက်မတတ်ပါပဲ

အို…နှင်း…သက်ဝေ နှင်းရေ…စောပြန်ခဲ့လေ

မင်းမိတ်ဆွေမိုးသို့ လှမ်းမှာရင်း

စိုးထိတ် ရင် စိုးရွံ့နေပြီ  နောက်အချိန်လွန်မှာစိုး

ချိုးလက်ရေ ချိုးတွက်စောင့်နေဆဲ

ကိုယ်ရယ်ပါ နှင်းသက်သက်ဝေ နှင်း…ရေ

ကိုယ်ရယ်ပါ နှင်းသက်သက်ဝေ နှင်း။

နှင်း…ရင်နင့်အောင်လွမ်းခဲ့မိတယ် မင်းနဲ့အတူ အမှတ်ရမဆုံးနိုင်ဘူး

ကြင်နာဟန် ဆုံဆည်းခဲ့ပုံတွေ

အို…နှင်းရေ…

ချမ်းမြေ့တဲ့ အပြုံးပွင့်လေးတွေ အချင်းချင်းဝေ ရင်းနှီးမိတယ်

ဖေါ်မွန်ရယ် ရည်စူးကြသူမို့

အို နှင်း…သက်ဝေ နှင်းရေ

ကမ်းလက်လှမ်းရာ

မရောက်ရောက်အောင် တရွေ့ရွေ့ ခရီးနှင်ရင်း

အမြဲထက်ပို သတိရနေတယ် မင်းသိရင် တလှည့်ပြန်ညှာပါဦး

အသက်နဲ့အတူ တမ်းတမှုတွေနဲ့

ကိုယ်ရယ်ပါ နှင်း သက်သက် ဝေ… နှင်းရေ

ကိုယ်ရယ်ပါ နှင်း သက်သက် ဝေ…နှင်း…။

 

နေရာဟောင်းမှာ သီချင်း ကိုဆက်ဆိုပါတယ်။

တေးရေး  က ခိုင်မိုးပြည့် ပါ။

ကွယ်လွန်သွားတဲ့ ခိုင်ထူးသူငယ်ချင်းမိုးကျော် ကို သတိရမိပါတယ်။

ဟိုတုန်းက ခိုင်ထူးရယ် မိုးကျော်ရယ် ရာပြည့်ရယ်

သူငယ်ချင်းသုံးယောက် ပေါင်းပြီး သီချင်းလေးတွေ ရေးခဲ့ဖူးပါတယ်။

ခိုင်ထူးဆိုဖို့ပါပဲ။

တေးရေးနာမည်ကို သုံးယောက်ပေါင်းပြီး ခိုင်မိုးပြည့်လို့ ပေးခဲ့ကြတာပါ။

အခုတော့ မိုးကျော်က မရှိတော့ပါဘူး။ ရာပြည့်က ဘယ်ဆီ ကို ရောက်နေတယ်မသိ။

သီချင်းအေးအေးလေးမို့ ခိုင်ထူးအတွက် အခက်အခဲ သိတ်မရှိပါ။

နေရာဟောင်းမှာ

တေးရေး – ခိုင်မိုးပြည့်

ဟေမာန်ဆောင်းဦးကို တေးညည်းဆိုကြိုမယ့်ငှက်ငယ်လေးရယ်

ဘယ်ဌာနေမှာ မင်းမှေးစက် နေပျော်နေသလဲကွယ်

သင်ပျံလာမယ့် လမ်းကြောင်းတစ်လျှောက် အစဉ်ပဲ စောင့်မျှော်မိတယ်

နေရာဟောင်းလေးမှာ ပြန်လည်ဆုံးဆည်းကြစို့ကွယ်

သင်ခိုနားရင်းနဲ့

ချွေးသိပ်ဖြေနေခဲ့ ဖြစ်စဉ်လေးမှာ

ဒီရင်ခွင်ကို မင်းမေ့ရက်နေနိုင်တယ်လားကွယ်

အတူနေစဉ်မှာ ထားတဲ့ ကတိတွေ အလွယ်ဆုံးမမေ့နိုင်သေးရင်

နေရာဟောင်းလေးမှာ ပြန်လည်ဆုံဆည်းကြစို့ကွယ်

အသည်းအိမ်ထဲ စွဲနေတဲ့ အသံ

ဝေးနေလည်း ကြားယောင်တယ်

အမြဲတမ်းမိတ်ဆွေရယ်…

ဆောင်းမှာလည်း ရောက်မလာခဲ့သူ

မိုးမှာလည်း မတွေ့နိုင်တယ် ခရီးသွားငှက်ငယ်ရေ…

ဒီနွေ ကူးပြောင်းရင်

အလွမ်းစိတ်ဖြေ ပြေမယ့် မင်းကိုယ်စားကို

ဘယ်ရာသီမှာ ရုန်းထွက်လို့ စေနိုင်မှာလဲလေ

နေနေနိုင်တဲ့ ဘဝသစ်မှာ အဆင်သင့်မဖြစ်နိုင်ခဲ့ရင်

နေရာဟောင်းလေးမှာ ပြန်လည်ဆုံဆည်းကြစို့ကွယ်…။

 

သိလား သီချင်း ကိုဆိုတော့ ဟိုတုန်းက အသံနဲ့ မု(ဒ်) အတိုင်း ခံစားရပါတယ်။

ဒါမှ ခိုင်ထူး အစစ်ပါ။

သိလား

တေးရေး – ဂျေမောင်မောင်၊ ဆလိုင်းသွအောင်

နေ့ရက်အချိန်လေးတွေ ပြောင်းပေမယ့်
နှလုံးသားထဲမှာ

အချစ်ဆုံးကိုဘယ်လိုမှ မမေ့နိုင်
သိလား

အိပ်မက်ချိန်ထဲမှာ တွေ့ပေမယ့်
တစ်ရေးနိုးတဲ့အခါ

ကွယ်ပျောက်သွားမှာ တကယ် နှမြောမိတယ်
သိလား

ချစ်ရတဲ့သူ့ကို

ဒါတွေသာပြောခွင့်ရရင်
ရင်နာရမလား အကြင်နာရမလားကွယ်
သိလား

သူ့ရဲ့အသံလေးတွေ ကြားနေဆဲ နားထဲမှာ

အချစ်ဆုံးရယ်
ဘယ်လိုမှမဖျောက်နိုင်
သိလား

အထီးကျန်ဇာတ်လမ်းကို ဆက်ချင်လဲ
သူ့စိတ်ထဲမှာ

ဘယ်လိုရှိမယ် ကြိုတင်မတွေးရဲပါ
သိလား

သူ့တစ်ယောက်ကလွဲရင် ဘယ်သူမှ ချစ်လို့မရပါ
သူသိသားနဲ့နေနိုင်လား အချစ်ရယ်
သိလား

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ…ဒီသီချင်းအဓိပ္ပါယ် သိပါစေ…
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ…ရည်ရွယ်တဲ့အကြောင်းကို

သူမြန်မြန်သိပါစေ
သူမြန်မြန်ကြားပါစေ

သိလား
ချစ်ရတဲ့သူ့ကို လိုချင်တာ တောင်းခွင့်ရရင်
အကြင်နာသစ်ဆု အကြင်နာသစ်ဆုကို တောင်းမယ်

ပြီးတော့ မကျေနပ်ဘူး (ဂျေမောင်မောင်) ကို ဆက်ဆိုပါတယ်။

မကျေနပ်ဘူးကို အော်နေတဲ့ အချိန်မှာ ခိုင်ထူးတစ်ယောက် အသံကုန်သွားမှာ စိုးရိမ်တဲ့စိတ်ဝင်လာမိပါတယ်။

ဒီအသက်အရွယ်ကြီးနဲ့ အော်နေတာက ကီးအမြင့်စားကြီးတွေလေ။

မု(ဒ်) က ဝင်နေပြီဆိုတော့ ညှာဆိုတာတွေ ဘာတွေတောင် မလုပ်တော့ပဲ စွတ်အော်နေပြီလေ။

မကျေနပ်ဘူး

တေးရေး – ဂျေမောင်မောင်

ငါ့ကို လူတွေ ကြားထဲလာ မျက်စောင်းထိုး မနေနဲ့

ငါ့သိက္ခာ အရောင်လက်သွားအောင် ရွှေချနေတာလား

မကျေနပ်ဘူး…လုံးဝ မကျေနပ်ဘူး…မကျေနပ်ဘူး

ငါ့ဝါသနာ တားဆီးနေတာ မင်းချစ်တာလား

ငါ့ဝါသနာ ငါ့အလုပ်ကို ငါစွန့်ရမှာလား

မကျေနပ်ဘူး…လုံးဝမကျေနပ်ဘူး…မကျေနပ်ဘူး

ကိုယ်လိုရာကိုယ်ဆွဲတွေးနေရင် တစ်ဖက်သတ်မှန်လိမ့်မယ်

မယုံသင်္ကာစကားလုံတွေ မသုံးနဲ့ စော်ကားတယ်

မကျေနပ်ဘူး မကျေနပ်ဘူး

ငါအချစ်ဆုံးသူ တစ်ယောက်တည်းဆိုတာ မင်းမသိဘူး မဟုတ်လား….။

သွားလေရာကို လိုက်ဖို့မခေါ်တာ မချစ်လို့ ဟုတ်လား

ငါ့မိတ်ဆွေတွေ မင်းနားလည်စွာ ဆက်ဆံတတ်သလား

မကျေနပ်ဘူး…လုံးဝမကျေနပ်ဘူး…မကျေနပ်ဘူး

ပိုက်ဆံ ရှာဖွေအပ်တဲ့ အချိန် ငါမင်းရဲ့ အချစ်ဆုံး

အလုပ်ကို မစော်ကား တဲ့သူဆိုတာ မြဲမြဲ မှတ်ထား

မကျေနပ်ဘူး…လုံးဝမကျေနပ်ဘူး…မကျေနပ်ဘူး

မင်းထင်ရာ စွတ်စွဲချက်တွေ ဖြေရှင်းရမှာလား

မင်းထင်သလို မဟုတ်မဟတ် တွေ ငါလုပ်မယ့်လူလား

မကျေနပ်ဘူး…လုံးဝမကျေနပ်ဘူး…မကျေနပ်ဘူး…။

 

ဘယ်သူမှ မကောင်းဘူး (ဂျေမောင်မောင်) ကိုဆက်ဆိုလိုက်တဲ့အခါ ပရိသတ်လက်ခုတ်သံတွေ ညံသွားပါတယ်။

ထူးထူးခြားခြား မကျေနပ်ဘူး သိလား စီးရီး ထဲပါခဲ့တဲ့ ဂျေမောင်မောင် သီချင်းချည်း သုံးပုဒ်ဆက်သီဆိုမှုပါပဲ။

ဘယ်သူမှ မကောင်းဘူး

တေးရေး – ဂျေမောင်မောင်

ကိုယ်သူတို့နဲ့ ဆက်ဆံကြည့်မှ အလိုလို နောင်တရလာတယ်

ဘာမဟုတ်တဲ့ ပြသနာမျိုးမှာ မင်းလောက်သဘောထားမကြီးကြပါလားကွယ်

အိမ်မှာ ထမင်းစားရတာ မကောင်းလို့ အပြင်မှာ ဝယ်စားကြည့်တဲ့အခါ

ဆိုင်ကရောင်းတဲ့ ထမင်းနဲ့ဟင်းဟာ မင်းချက်တဲ့ ဟင်းလောက်မကောင်းဘူး

CHO: (မင်းလောက်ကိုယ့်အပေါ် ဘယ်သူမှမကောင်းဘူး

မင်းတစ်ယောက်တည်းပါ ကိုယ့်အတွက် အကောင်းနိုင်ဆုံး အဖေါ်

မင်းလောက်ကိုယ့်အပေါ် ဘယ်သူမှမကောင်းဘူး

ကိုယ့်ရဲ့အကြောင်းကို မင်းပဲ သိတယ် ကိုယ့်ရဲ့ အပြစ်အနာ မင်းပဲခွင့်လွှတ်တတ်သူရှိတယ်။)

ကိုယ်အိတ်ထဲမှာ သုံးစရာပြတ်တော့ ရွှေနားကပ်လေး ချွတ်ကာ

ပေါင်နှံသုံးဖို့ပေးတယ် မင်းလို ကိုယ့်ဘက်သူတို့လှည့်မကြည့်ကြပါလားကွယ်

နေထိုင်မကောင်းလို့ အိပ်ယာထဲမှာ ကိုယ်တစ်ယောက်တည်းအားငယ်နေ

ဝေယျာဝစ္စ မင်းလို ကိုယ့်အပေါ် ဘယ်သူ့မှ ပြုစုမပေးဘူး

CHO:(     )

ကိုယ်အိတ်ထဲမှာ သုံးစရာပြတ်တော့ ရွှေနားကပ်လေး ချွတ်ကာ

ပေါင်နှံသုံးဖို့ပေးတယ် မင်းလို ကိုယ့်ဘက်သူတို့လှည့်မကြည့်ကြပါလားကွယ်

အိမ်မှာ ထမင်းစားရတာ မကောင်းလို့ အပြင်မှာ ဝယ်စားကြည့်တဲ့အခါ

ဆိုင်ကရောင်းတဲ့ ထမင်းနဲ့ဟင်းဟာ မင်းချက်တဲ့ ဟင်းလောက်မကောင်းဘူး

CHO;(      )

ရှာမနေတော့ဘူး မင်းလောက် ကိုယ့်အပေါ် ဘယ်သူမှ မကောင်းနိုင်ဘူး

ရှာမနေတော့ဘူး မင်းလောက် ကောင်းတဲ့လူ ရှိတော့မှာ မဟုတ်ဘူး။

 

သိတ်အတ္တ ကြီးလွန်းတဲ့ လူတွေအတွက်ရည်ရွယ်ပြီးဆိုထားတာပါ ဆိုတဲ့

အတ္တ သမားသို့ သီချင်း (သန်းဌေး၊ ဒေဗီ) ကိုဆက်ဆိုပါတယ်။

ရွှေလည်တိုင်စီးရီးထဲက သီချင်းတစ်ပုဒ်ပါ။

အတ္တ သမားသို့

တေးရေး – သန်းဌေး၊ ဒေဗီ

 ဟောင်းနွမ်းဆွေးမြေ့တဲ့ သပြေရောင်စန္ဒယားကြီးမှာ ဗီသိုဗင်တေးသွားများကို

 ဆူညံကာ ဖန်တီးရင်း နဲ့ အပျင်းပြေ ကျေနပ်နေသူ

 တစ်မိုက်ထု ရှိတဲ့ ဖုန်တွေနဲ့ ဆေးလိပ်တို သူ့နံဘေးများကျဲပြန့်ကာ

 ဂန္ထဝင်မြောက် ကျမ်းကြီးများနဲ့ အပျင်းဖြေ ကျေနပ်နေသူ

 ပင့်ကူမှေးများနဲ့ ချောင်ချိုချောင်ကြားများထဲမှာ အရက်ပုလင်းလွတ်များစွာ

 သူရာရည်ယစ်မူးရင်းနဲ့ အပျင်းဖြေကျေနပ်နေသူ

 အခန်းကျဉ်းကလေးထဲမှာ ကမ္ဘာငယ်တစ်ခု သီးသန့်သူ ဖန်ဆင်းလို့ဘဝကို

 တစ်ကိုယ်ရည်တည်းစူးစမ်းရင်းနဲ့သာ

 ဘဝကို အသုံးချတဲ့နေရာ ကိုယ့်အတွက်ချည့်ပဲ ကြည့်နေရင်

 ခြေရာခွက်ကလေးထဲက အော်…ဖားသူငယ်လို

 လောကကြီးထဲမှာ သင့် တစ်ယောက်တည်းမနေနိုင်

 အခန်းကျဉ်းလေးထဲမှာ သင်ဖန်ဆင်းလို့ထားတဲ့ ပညာရပ်အမျိုးမျိုးကို

 ကမ္ဘာသူ ကမ္ဘာသား အားလုံး သိထိုက်စေ…။

 CHO;;;

( တစ်ယူသန် ပညာရှင်ကြီး ကပ်စေးနှဲလွန်းတယ်

 ပညာတွေ မှိုတက်ပြီး ချစားသွားလိမ့်မယ် )

 

 ဒီသီချင်းလေးကလည်း ရာဇဝင်လေးနဲ့ပါ။

အဲဒီအချိန်က တစ်ယောက်တည်း တစ်ကိုယ်ရည်လေ့လာနေပြီး

ပညာတွေ ပြန်ဝေမျှ ဖို့ ကပ်စေးနှဲနေသူ တစ်ယောက်ကို

လှောင်ပြောင် ချင်တဲ့ရည်ရွက်နဲ့ သရော်ထားခဲ့တာလို့ ကြားဖူးပါတယ်ဗျာ။

ဒီသီချင်းအပြီးမှာတော့ စိုင်းသာဌေးရဲ့ ပကားရှင်းနဲ့ တွဲဖက်လို့

ခတ္တာ သီချင်းကို ဆက်ဆိုပါတယ်။

 ခတ္တာ

 တေးရေး – ကိုနေဝင်း

 V1;;; စိမ်းလဲ့လဲ့ည လရိပ်သန်း အချစ်နှုတ်ခမ်း အနမ်းတွေဖူးပွင့်ဖို့လေ

 မျှော်သူကို သံသယကြိုးရစ်နှောင်လွှမ်းရစ်နေတုန်း

 သရဝဏ် ကူလှည့်ဦး ကြင်နာမယ့်အသည်းရှိတဲ့ အရပ် ညွှန်မယ်ဆို

 CHO ;;; ဝါဆိုပန်းမင်းလွင် ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့

 သိဂ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ…။

 V2;;; နှောင်းခက်ခက်စု အချစ်ရိပ်ဦး စွန့်သည့်မျှား အသည်းမှာ စူးနစ်ခဲ့လို့

 သည်ဒါဏ်ကို ရင်မှာ ထွေးပွေ့ပိုက်ထွေးထားနေတုန်း

 သရဝဏ် ကူပါဦး အရင်လူ ဖျက်ဆီးခဲ့တဲ့ အချစ်ပြင်မယ်ဆို

 CHO ;;; ဝါဆိုပန်းပွင့်ဝေ ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့

 သိဂ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ…။

 V3;;; ဆွေးမြေ့မြေ့နေ့ မောင့်ကိုယ်စားမလွမ်းချင်ဘူး အသက်ရယ် မင်းဆုံးဖြတ်မှ

 ယုံမယ်နော် ဒီတစ်ခါ မင်းသစ္စာမြဲရစေမေ

 သရဝဏ် ကူညီလို့ ဒီအရင် ကြေကွဲခဲ့တဲ့ အတိတ် ပြင်မယ်ဆို

 CHO ;;;

 

ဒီသီချင်းဆိုနေစဉ်မှာ ပန်းစည်းတွေ ပန်းကုံးတွေအပြင်

ငွေစက္ကူတွေကို ပန်းကုံးလုပ်ပြီး ဆုချကြတာကိုလည်း တွေ့ရပါတယ်။

ခိုင်ထူးအတွက် ပီတိဖြစ်ရပါတယ်။

တစ်ပွေတည်း သို့ တစ်ရံတစ်ခါဆီ သီချင်းကို ဆက်ဆိုပါတယ်။

ရေးသူ ကိုတော့ မမှတ်မိတော့ပါ။

 တစ်ပွေတည်း သို့ တစ်ခါတစ်ရံဆီ

 ရင်ခုန်သံတွေ တိုးတိတ်သွားပြီပဲ

 စကားသံတွေ မသည်းကွဲ ဒို့ ၂ ယောက်လည်း

 သံဇကာအလယ်မှာ တစ်ယောက်တစ်ဖက် ရှိနေဆဲ

 ဥဩသံရယ် ရထားထွက် မျက်နှာလွဲ

 ကံဆိုတာ ပြောရခက်တယ် အသည်း

 ပြန်မဆုံနိုင်သရွေ့တော့ ဒို့တစ်ပွေတည်း

 အဆင်မပြေခင်လေးတော့ ဝေးမှာပဲ

 အတူနေတာ အချစ်ရဲ့ နိဗ္ဗာန်ပဲ

 နေပူမှာ မိုးမသည်းနဲ့လေ

 စင်းလဲခြင်းရဲ့ အမျက်ဒဏ်လေး

 ဆုံးရှံးမှုအတွက် အသက်ကိုစတေး

 ချစ်လျက်နဲ့ တစ်ဖက် အခက်တစ်ရာ အရေး

 ပြန်လည်ကာ တိုင်ပင်နေဆဲ

 လမ်းခွဲဖို့ ရထား ရှိုက်သံစွဲ

          မှောင်ချိန်မတန်ခင် လင်းခဲ့နေ့တွေ

          တောင်ခြေတစ်နေရာ ဘုရားမြတ်ရှေ့မှာ

          သူရယ်ကိုယ်ရယ် နှစ်ဦးသားတောင်းဆုခြွေ

          ကိုယ်စီ လက်ထဲ ပန်းမြတ်သစ္စာ သူလေ ယူငင်ပေါင်း၍ အတူစုစည်း

          ရင်ပြင်တော်မှာ ပန်းအိုးထဲကို ပြန်လည်ဆုံအောင် အမှတ်တရနဲ့လေ

          ဘယ်ညာခြေကို လှမ်းရင်းအနားသို့နှင်

          ယဉ်ယဉ် ယဉ်ပါး ဆင်မလေးရဲ့ဟန်

          တူညီညီတူ ပန်း ၂ စည်းပေါင်းကာ ထားအတူနေတော့ကွယ်

          ရင်မှာလေ ဖွင့်ပြောမပြတတ်အောင်

          သာယာတယ် ဒီအချိန်လေး မင်းနဲ့လေ

          ကူညီခေါ်လက်ခြင်းဆက်ထားမယ်

          မယုံနိုင်တဲ့  ကံတရားရဲ့ အရှေ့ကို

          ကျော်နိုင်အောင် ဒို့ ရဲရဲ သွားမယ်လေ မေရယ်

          ရင်ထဲ အပြုံးချင်းညိစုံ

          နေရယ်သာတဲ့ နေ့ရဲ့နေ့တွေ တစ်ရံတစ်ခါဆီမှာ ရှိခဲ့ဖူးပါရဲ့…။

          ပြန်ချိန်တန်လို့ ခွဲရတော့ကွယ်

          ဝေဒနာတွေရယ် အတိုင်းအဆမသိအောင်

          ဒီလူတစ်စုံကိုထွေးပွေ့ထားရက်တယ်

          အလာရယ် အပြန်ရယ် ရှိရစမြဲမို့

          ဖြေနိုင်စရာကို တမ်းတ မမြင်သော်လည်း

`        အိုလေ မေရယ် ရထားစထွက်ပြီ။

          တုံရီနေတဲ့ လက်တစ်ဖက်ထုတ်ခါ

          အဝါရောင် စာလွှာ လှမ်းပေး လှမ်းရင်းယူ

          ငိုသံလိုလို သဲ့သဲ့တစ်ချက်သာ

          ကျန်နေသူမှာ ကြားလိုက်ရတယ် ဒို့လေ ဒို့ဝေးပြီ။

          (ကြင်နာသူရေ စိတ်ချပါရစေ

          စာလွှာမှာ သူမှာ ရေးတဲ့ စကားကြောင့်လေ

          မြေပြင်ကို ရန်ညှိုးဖွဲ့ မိုးတွေ

          ဘယ်အချိန်ဘယ်အထိ  သည်းမလဲ မသိခင်

          ခိုလှုံရာကို တွေးသိ မိသည်နောက်

          ရောင်စဉ်ခုနှစ်ဖျာ သက်တန့်မင်းကို

          မျှော်ရည်ယုံကြည်တောင့်တဖူးတယ် တစ်ရံတစ်ခါဆီကို သတိရမိပါရဲ့။) ၂

         

          အချစ်သီချင်းလို့ စာတမ်းမှားထိုးသွားတာ တွေ့ရပါတယ်။

စဆိုကတည်းက မနားတမ်းဆိုနေတာမို့ ခိုင်ထူးတစ်ယောက်

ပင်ပန်းနေရှာရော့မယ်လို့ စိတ်ပူမိပါတယ်။

ဒီသီချင်းအပြီးမှာ Aces အဖွဲ့တက်လာပါတယ်။ ခိုင်ထူးကတော့ ဂစ်တာ လွယ်လျက် မတ်တပ်ပဲ ခင်ဗျ။

ကိုနေဝင်းလက်ရာ ကြယ်ကြွေချိန်ညလေးတစ်ည ကို ဆိုပါတယ်။

 

ပိုင်စိုးမှုဧကရီ စီးရီးကတည်းက ဒီသီချင်းကို ဖိုးချို က ဆိုခဲ့တာပါ။

ကိုဇာလျန်းကြီးက မုဆိတ်ဖြူဖြူကြီးတွေနဲ့ ခင်ဗျ။

ချစ်စရာ လေးစားစရာ ကောင်းလိုက်တဲ့ လူကြီးတွေ။

အချစ်သီချင်း ( ဂျေမောင်မောင် နဲ့ ဆဲစ်) ကို ဆက်ဆိုပါတယ်။

အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့ အတူတူ ပူဆွေးမှုများလည်း သူခေါ်ခဲ့တယ် ဆိုတဲ့ သီချင်း။

ခိုင်ထူး အင်ပါယာကို အင်အားတောင့်တင်းစေခဲ့သော သီချင်းတစ်ပုဒ်ပါ။

မကျေနပ်ဘူး သိလား စီးရီးထဲက သီချင်းတစ်ပုဒ်ပါ။

အဲဒါပြီးတော့ ကိုမောင်မောင် ရဲ့ သီချင်းတစ်ပုဒ်ပန်းတစ်ဆုပ်။

လူမရှိတော့ပေမယ့် သူရေးခဲ့တဲ့ သီချင်းလေးက ပွဲလယ်တင့်တုန်း။

အဲဒါပြီးတော့ ရွှေလည်တိုင် စီးရီးရဲ့ အေဆိုဒ် ပထမဆုံးသီချင်း

အလွင့်တွေထဲမှာ ငါ့တစ်ယောက်တည်း (တိုနီတင်) ကို ဆိုပါတယ်။

ပြီးတော့ ချစ်ခြင်း ရဲ့ အပြစ်ဒါဏ် ကို ဆက်ဆိုပါတယ်။

ရွှေလည်တိုင် ကို ဆက်ဆိုပါတယ်။

ရွှေလည်တိုင် ဆိုနေရင်းမီးပျက်သွားပြီခင်ဗျ။

စိတ်အနှောက်အယှက် အကြီးအကျယ် ဖြစ်ရပါပြီခင်ဗျာ။

ဘာတတ်နိုင်မှာလဲ။

ကျွန်တော်လည်း လက်ပ်တော့ လေးကို အသာပိတ်လိုက်ရပြီပေါ့ဗျာ။

အတော်ကြာကြာနေတော့မှာ မီးပြန်လာပါတယ်။

ဖိုးသာထူး (ဇာလျန်း) သီချင်းက ပြန်ကြည့်ရပါတယ်ဗျာ။

ကြားထဲက သီချင်းတွေ မသိလိုက်ရတော့။

ဖိုးသာထူး ပြီးတော့ ကျွန်တော့် ဖေးဘရိတ် ဆိုင်သူကိုယ်ဆီနဲ့ သီချင်းဗျာ။

ဂျေမောင်မောင် လက်ရာပေါ့။

ရှိပြီးသား ခံစားချက်ကိုယ်စီကို ဒို့ ၂ ယောက်အသိနဲ့ ထိန်းသိမ်းလိုက်ကြစို့ ဆိုတဲ့ သီချင်း။

ဒို့ ၂ ယောက် ခုထက်ပို စောတွေ့ကြရင် ပျော်ကြရမှာ ဆိုတဲ့သီချင်းပါ။

ကိုမောင်မောင့်လက်ရာ လေးမြှားတစ်လက်နဲ့ သီချင်းသည် ကို ဆက် ဆိုတဲ့အခါ ကျွန်တော့်စိတ်ထဲ

ဘာကို ဝမ်းနည်းမိမှန်းမသိ ဝမ်းနည်းစိတ်ဝင်နေမိပါတယ်။

ကိုမောင်မောင် ကား လူသေပေမယ့် အနုပညာမသေသူပါတကား။

မဒမ်ဘလက် က အိပ်ယာထဲကလှမ်းပြီး အသံနည်းနည်းတိုးပါဦး ဟု တောင်းဆိုလာသည်။

အားလုံးကို ကျော်ဖြတ်ရမယ် (ကိုနေဝင်း) သီချင်းကို ဆက်ဆိုပါသည်။

ချွေးသံတစ်ရွှဲရွှဲ နဲ့ မနားတမ်း ဆိုနေသော ခိုင်ထူး ၏ သက်လုံကို အံ့ဩမိသည်အထိဖြစ်ရပါသည်။

စစ်နဲ့ ငြိမ်းချမ်းရေး။

ဟိုတုန်းက အပိတ်ခံခဲ့ရတဲ့ သီချင်း။

အခု ကျွန်တော်တို့ တကယ် နားထောင်ခွင့် ရနေခဲ့ပါပြီ။

ပရိသတ်က လက်ခုတ်သံ တစ်ဖြောင်းဖြောင်း။

အမှန်တကယ်တော့ ဒီသီချင်းက စင်ပေါ်မှာ ထင်ပေါ်ရမယ့် သီချင်းကောင်းတစ်ပုဒ်ပါ။

တကယ်လို့ ခိုင်ထူးသာ စီးရီးအသစ်လုပ်ခဲ့ရင် ကျိန်းသေပေါက် ထည့်ကို ထည့်ရမယ့်သီချင်းခင်ဗျ။

အံ ကြိတ်ပြီး မေးကြောကြီးတွေ ထောင်ထနေအောင် အော်နေသော

ခိုင်ထူးရဲ့ မု(ဒ်) ဝင်နေမှုက သိသာလွန်းပါသည်။

ဒီပွဲအတွက် အချိန်ယူ ပြင်ဆင်ခဲ့ပုံရပါသည်။

မကောင်းလည်းကိုယ်ကောင်းလည်းကိုယ် စီးရီးမှ ဂျေမောင်မောင့်လက်ရာသီချင်း တစ်ပုဒ်ကို ဆက်ဆိုပါသည်။

ခေါင်းစဉ် မမှတ်မိတော့။

တီဗီ မှ လည်း စာတန်းမထိုးတော့။

လောကမှာ တစ်ယောက်တစ်ယောက် ချစ်ရုံနဲ့

မပြီးဘူးဆိုတာ ကျွန်တော်သိပြီ

ဆိုတဲ့ သီချင်းပါ။

အဲဒါပြီးတော့ ဂျေမောင်မောင် က မန္တလေးမှာ ရှိနေမယ် ကို တက်ဆိုပါတယ်။

ခိုင်ထူး ခေတ္တ နားပါတယ်။

ခိုင်ထူး ရဲ့ နာမည်ကြီးသီချင်းပေါင်းမြောက်များစွာကို ရေးဖွဲ့ခဲ့လေသူ။

ဒီပွဲမှာ ပါဝင်ဖို့ သူထက်ထိုက်တန်သူ မရှိပါဘူးဗျာ။

ထုံးစံအတိုင်း ဂျင်းဘောင်းဘီ အပြာနှင့် ရှပ်အနက်လက်တို ကို ဝတ်ဆင်ထား။

ပေါ့ပါး သွက်လက်နေပေမယ့် ကိုဂျေကြီး အနည်းငယ် ဝ နေတာ သိသာပါတယ်။

မန္တလေးမှာ ရှိနေမယ် သီချင်းက အချစ်ရေ့စီးရီးရဲ့ ဆိုက်ဘီ နောက်ဆုံးသီချင်းပါ။

ဂျေမောင်မောင် က ဒုတိယ အပုဒ်အနေနဲ့ ကြာခဲ့ပြီ ဆိုတဲ့ သီချင်းကို ဆက်ဆိုပါတယ်။

ဘာဂျာကို ကိုယ်တိုင်မှုတ်သေးတာခင်ဗျ။

ကိုငှက် ကိုတောင် သတိရလိုက်မိသေး။

ကိုငှက်သာ ရှိရင် ခိုင်ထူးပွဲမှာ တက်ဆိုမှာ မြင်ယောင်နေမိသေး။

ပြီးတော့ ခိုင်ထူး ပြန်တက်ပါတယ်။

စပို့ရှပ် အဖြူကြား ကို ဝတ်လာပါတယ်။

ကိုနေဝင်း ရဲ့ တွေဝေလမ်းခွဲကို စ ဆိုပါတယ်။

ကိုဂျေကြီးက ဘာဂျာနဲ့ အားဖြည့်ပါတယ်။ ကိုနေဝင်းတို့ ကိုရဲလွင်ကြီးတို့လာရင်

သိတ်ကောင်းမှာလို့ တွေးမိပါတယ်။

နောက်တစ်ပုဒ်က ကိုဇာလျန်းကြီးလက်ရာ လိုရင်အကုန်လုံးယူ သီချင်းပါ။

တီဗီက အခါမတိုင်တဲ့မိုး လို့ စာတန်းထိုးသွားပါတယ်။

မကောင်းလည်းကို ကောင်းလည်းကိုယ် စီးရီးရဲ့ အေဆိုက် ပထမဆုံးသီချင်းပါ။

ဟိုတုန်းက ချွေးရွှဲနေတဲ့ တီရှပ်အဖြူကြီးကို လက်နဲ့ဆွဲဆွဲပြီး လိုရင်အကုန်လုံးယူ သီချင်းကို

ဆိုခဲ့ဖူးတာ သတိရမိပါတယ်။

ကိုသန်းဌေး ရေးတဲ့ တို့လာတယ် ကို ဆိုတဲ့အခါ အရင်ကလို အော်နိုင်ပါ့မလား ဆိုတဲ့ သံသယစိတ်

ဝင်မိပါတယ်။

ခို်င်ထူးရဲ့ ရှိုးတွေမှာ မပါမဖြစ်သီချင်း။

ထင်ထားတဲ့ အတိုင်း လောကရဲ့အလယ်သစ္စာရှိဖို့ တိုက်တွန်းရအောင် ဒို့…ဒို့…ဒို့…ဒို့….လာတယ်

ဆိုတဲ့နေရာမှာ ရောက်အောင် မအော်နိုင်ခဲ့တော့ပါဘူး။

၂ ခါအော် ၂ ခါလုံး မရောက်တော့တာကို တော့ ဝမ်းနည်းစိတ်ဝင်မိရပါတယ်။

ခိုင်ထူး ကိုယ်တိုင်လည်း လက်မခံချင်ပဲ လက်ခံလိုက်ရပုံပါပဲ။

ဒို့လာတယ် အပြီးမှာ ကိုနေဝင်း လက်ရာ နောက်ဆုံးအိပ်မက် သီချင်းကို ဆိုပါတယ်။

ကိုဂျေကြီးက ဘာဂျာနဲ့ အားဖြည့်ပါတယ်။

ဟိုတုန်းက အဆောင်တွေရှေ့မှာ ဆိုခဲ့တဲ့ ဂစ်တာသမားတိုင်း နောက်ဆုံးအိပ်မက် နဲ့

မကင်းခဲ့ကြပါဘူး။

တချို့တွေ နေနိုင်လွန်းတယ် ဆိုတဲ့ သီချင်းပေါ့။

နောက်ဆုံးအိပ်မက် နဲ့ ပွဲသိမ်းခဲ့ပါတယ်ဗျာ။

၅ဝ တန်း အဘိုးကြီးပေါက်စတွေ ပျော်ခဲ့ ကဲခဲ့တဲ့ ည လို့ ဆိုချင်ပါတယ်။

ပွဲအပြီး ပရိသတ်ကို နှုတ်ဆက် ကြတဲ့ အခါ ပရိသတ်က တောင်းဆိုလွန်းတဲ့ အတွက်

ခိုင်ထူး က သီချင်း လေး တချို့ ထပ်ဆိုရပြန်ပါတယ်။

ပရိသတ် အခိုင်အမာရှိဆဲ ဆိုတာ သိလိုက်ရတဲ့အတွက် ခိုင်ထူးအတွက် ပီတိဖြစ်ရပါတယ်။

အော် ကိုယ်လည်း ဘာထူးလို့လဲ။ အခုထိ ခိုင်ထူး ပရိသတ် စစ်စစ်ကြီးဖြစ်နေဆဲဆိုတာ

ရှိုးကြည့်ရင်း ဒီပို့စ်ကို တပြိုင်တည်း ရေးနေတာက သက်သေပဲလေ။

ကိုနေဝင်းရဲ့ အခါမတိုင်တဲ့ မိုး နဲ့ ကြွေမယ့်မိုး မသည်းနဲ့လေ သီချင်း ၂ ပုဒ်ကို တစ်ဆက်တည်း

ဆိုပါတယ်။

၂ ပုဒ်ဆိုပြီးတာတောင် ပရိသတ်က ပြန်ချင်ကြပုံ မရသေးတာကိုလည်း တွေ့ခဲ့ရပါတယ်။

တစ်ပွဲလုံးကို သုံးသပ်ရရင် ခိုင်ထူး ရဲ့ တစ်ကိုယ်တော် ပွဲဟာ အောင်မြင်ခဲ့ပါတယ်။

ဒို့လာတယ် သီချင်းတစ်ပုဒ် လောက်ပဲ ပြောစရာ အားနည်းချက် ရှိပေမယ့်

ကျန်တဲ့ သီချင်းတွေမှာတော့ ကျေနပ်လောက်စရာ အသံအားရှိနေဆဲဆိုတာ တွေ့ခဲ့ရပါတယ်။

ဒီပွဲ က အမြတ်ရလိုက်တာကတော့ စစ်နဲ့ ငြိမ်းချမ်းရေး သီချင်းကို ကျွန်တော်တို့ နားထောင်ခွင့်

ရလိုက်တာပါပဲ။

ကိုခိုင်ထူး ကျန်းကျန်းမာမာ နဲ့ အနုပညာ အလုပ်တွေကို နှစ်ပေါင်းများစွာ

လုပ်နိုင်ပါစေလို့ ဆုတောင်းပေးရင်း

ပို့စ်ကို အဆုံးသတ်ပါရစေတော့ ခင်ဗျာ။

ချစ်ခင်လေးစားတဲ့

ဘလက်ချော…။

 

 

42 comments

  • ဇီဇီခင်ဇော်

    August 21, 2015 at 8:43 am

    နွေ အကြို ရွှေဥဩ
    ပန်းပိတောက်ကို မြင်မှ
    နွေရောက်တာ ကိုယ်သိတယ်
    ဪ နွေတဲ့လားးးး

    အဲဒီ သီချင်းကတော့ ခိုင်ထူး သီချင်းမလား?
    🙄

    • ဦးကျောက်ခဲ

      August 21, 2015 at 8:56 am

      အဲသည့်သီချင်းရဲ့ အော်ရီဂျင်နယ် အဆိုရှင်က…
      “အက်စ်ကဲနက်” ပါကွီ … ကြားဖူးရဲ့လား… ဟမ်း… 🙁

    • ဦးကျောက်ခဲ

      August 21, 2015 at 9:14 am

      တိန် … ကျောက်စ်အရင်မန့်ထားတာ Spam ထဲရောက်သွားတယ်…
      ♫ ♪ မကျေနပ်ဘူး… လုံးဝ မကျေနပ်ဘူး… မကျေနပ်ဘူးးးးးး ♪ ♫ 🙁

      • ဇီဇီခင်ဇော်

        August 21, 2015 at 9:24 am

        ခွိခွိ
        ဘုန်းရှင်ကံရှင်ကို ဆူလို့ အဲလိုဖစ်တာ။
        (ဘာဖြစ်တုန်းမသိ။ တဂျီး ကလိနေလားမသိဘူးးး၊ ကော်မန့်ကို ပြန်ပို့တာ မရဘူးး ဒီမိုးရှင်းဖစ်ပြီထင်တယ်)

        :mrgreenn:

        ကြားဖူးပါ့။
        သများတို့ ငယ်တုန်းက တီဗီ မှာ လာတာကော။
        ဂျာပွန်ဆာမူရိုင်း ကေလေး နဲ့ အသားဖြူဖြူလေးဟာမလား

        :k:

        • black chaw

          August 21, 2015 at 9:30 am

          ဟုတ်တယ်…။
          ဟိုတုန်းက တီဗီ မင်းသားပေါ့…။
          ဗီဒီယို ခေတ်ဦးတုန်းက မင်းသားလုပ်လိုက်သေးတယ်…။
          ဆော်ကြည်ဘဲ ဗျ…။
          ဒီနေ့ခေတ် စိုင်းစိုင်း ဆော်ကြည်တာ သူ့ကို မမှီ ပါဘူးဗျာ…။
          :mrgreenn:

        • ဇီဇီခင်ဇော်

          August 21, 2015 at 9:48 am

          စိုင်းစိုင်း မပါဂျေး
          စိုင်းစိုင်း မပါဂျေးးးး

          ကျနော်လည်း နောက် ၁၀-၁၅ နှစ် စိုင်း သီချင်းတွေကို ဂလို ရေးရတော့မယ်နဲ့ တူရဲ့။
          ခိခိ

          :mrgreenn:

  • black chaw

    August 21, 2015 at 8:54 am

    @ ဇီဇီခင်ဇော် ;
    ဟုတ်ဘူးဗျ…။
    အဲဒီ သီချင်းက အက်စ်ကဲနက် ရဲ့ မာစတာပိစ်…။
    စလီဘဏ်း ဆိုတဲ့ ဆရာ ရေးခဲ့တဲ့ သီချင်း…။
    ရင်သို့တိုးဝှေ့ဆဲပါ ခိုင် ပါဗျာ…။
    ခုနောက်ပိုင်းတော့ မာရာဇ္ဇ ပြန်ဆိုတာ သိလိုက်တယ်…။
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • kai

    August 21, 2015 at 9:06 am

    အောင်မလေးးး ပို့စ်ရှည်ချက်လို့တွေးနေတာ… ၂ခါထပ်နေတာကိုး…
    ဘာပဲဖြစ်ဖြစ်တန်ပါတယ်..
    ကျုပ်လည်း.. ခိုင်ထူးနဲ့ကြီးခဲ့တာ…။
    သူအယ်လ်အေလာဆိုတုံးကလည်း.. အောက်ကလိုက်အော်တာနဲ့..အသံတွေဝင်…

    • black chaw

      August 21, 2015 at 9:16 am

      @ kai ;
      ၂ ခါ ထပ်နေတယ် ???
      ဘာပဲ ဖြစ်ဖြစ် တန်ပါတယ်ဗျာ…။
      သူကြီးလည်း ခိုင်ထူးခေတ်မှာ လူဖြစ်လာတယ်ဆိုတာ
      သိလိုက်ရတာပေါ့…။
      ပြီးခဲ့တဲ့ စီးပွားရေးတက္ကသိုလ် ရွှေရတု ဒေးဒင်နာမှာ
      ခိုင်ထူးရယ် အောင်နိုင် ရယ် ဂျေမောင်မောင် ရယ်
      လာဆိုပေးကြတယ်ဗျ…။
      ခိုင်ထူး တစ်ယောက်တည်း ၁၅ ပုဒ်လောက် ဆိုသွားတယ်ဗျာ…။
      ချွေးတွေ က ရေချိုးထားသလို စိုရွှဲလို့…။
      အောက်က နောက်တစ်ပုဒ်ဆိုပါဦး လို့ ပြောတိုင်း ဆိုဆိုပေးနေလိုက်တာ
      ၁၅ ပုဒ်လောက်ရောက်မှ
      ဒီတစ်ပုဒ်တော့ တကယ် နောက်ဆုံးပါ လို့ ကို ပြောယူရတယ်…။
      One Man Show ကြည့်ရသလိုပါပဲ…။
      ကွန်းမန့်လေး အတွက် ကျေးဇူးပါ သူကြီးရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဦးကျောက်ခဲ

    August 21, 2015 at 9:11 am

    မင်္ဂလာရှိလိုက်တာ ကိုကြီးဘလက်ရေ…
    ဖြတ်သန်းခဲ့တဲ့ ခေတ်တွေလည်းတူ ခိုင်ထူး ခရေဇီဖြစ်တာလည်းတူပါတယ်…
    တော်ရုံသီချင်းကို နားမတိုးပေမယ့်… ဘယ်သီချင်းကို အကြိုက်ဆုံးလို့ ရွေးရခက်အောင်…
    သံစဉ် စာသား အသံ ခွန်အားပြည့်ဝလှတဲ့ ခိုင်ထူးရဲ့သီချင်းတွေကို စွဲလမ်းမိပါတယ်…
    “စစ်နဲ့ ငြိမ်းချမ်းရေး” ကိုတော့ ခေတ်ဟောင်းက “ဓနသိဒ္ဓိ” ဗွီဒီယိုအခွေဆိုင်ရှေ့မှာ…
    ကိုတင်ဦးသောင်းနဲ့ ကိုခိုင်ထူးတို့ တီး/ဆိုပြတာ နားထောင်ဖူးပါရဲ့ … လွှတ်ကြိုက်…
    ရွှေလည်တိုင်သီချင်းကတော့ မောင်ဂီလင့်ခ်ပေးမှ အသည်းကွဲသွားတယ်…
    ဟောင်ကောင် အဆိုတော် Agnes Chan ရဲ့ ၁၉၇၆ လောက်က Give A Little Love ကို
    သံစဉ်အလိုက် မှီငြမ်းထားတာခင်ဗျ …
    ဘာပဲဖြစ်ဖြစ်… ရင်ဘတ်ကြီးထဲ စည်တီးအောင် အဆိုနိုင်ဆုံး အဆိုတော်တွေက…
    ခိုင်ထူး စိုင်းထီးဆိုင် ထူးအိမ်သင် … မို့လို့ ကျေးဇူးအထူးတင်ရှိပါကြောင်း…
    (စကားမစပ် … စာတွေ ထပ်နေတယ် ထင်ရဲ့…)

    • black chaw

      August 21, 2015 at 9:22 am

      @ ဦးကျောက်ခဲ ;
      ခိုင်ထူး ကို ခိုက်တယ်ဆိုတာနဲ့တင် ဘီစီ ချီးမြှင့်လိုက်ရပါတယ်ဗျာ…။
      စာတွေ ထပ် နေတယ် ဆိုရင် တော့ ဆောဒီး ကိုကျောက်ရေ…။
      ရေးထားတာ ကြာနေပြီဗျ…။
      စတစ်တစ်ခုပြန်မွှေနောက်ရင်းထွက်လာလို့ တင်လိုက်တာပါ…။
      နည်းနည်းပြန်အက်ဒစ်လုပ်ကြည့်ပါဦးမယ်…ဗျ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

    • kai

      August 21, 2015 at 9:41 am

      ထပ်နေတာ.. ကျုပ်ပြင်လိုက်ပြီ..ကိုရင်ဘလက်ရေ..
      အောက်မှာ.. ရွှေလည်တိုင် အော်ရီဂျင်နယ်လင့်..
      အသည်းကွဲနေရဲ့..။

      https://www.youtube.com/watch?v=VMl2L3YDxxE

  • black chaw

    August 21, 2015 at 10:06 am

    @ kai ;
    ပြင်ပေးတာ အတွက်ရော
    ရွှေလည်တိုင် အော် လေး နားထောင်ခွင့်ရတာ အတွက်ပါ
    ကျေးဇူးပါသူကြီးရေ…။
    ရွှေလည်တိုင် သီချင်းအကြောင်းကို
    ချိုပေါ့ကျ ၈ မှာ ကျွန်တော် ရေးခဲ့ဖူးသေးတယ်ဗျ…။

    မြင့်သွင် (နမ္မတူ) ရေးပြီး ကိုခိုင်ထူးကြီး ဆိုခဲ့တဲ့
    ရွှေလည်တိုင်သီချင်းလေးဆို ဘယ့်နှယ့်လဲဗျကျောင်းအစ်မ။
    အဲဒီသီချင်းကလည်း ရာဇဝင်လေးနဲ့ဗျ။
    မှတ်မိသလောက် ပွားလိုက်ဦးမယ်။ အာဟိ…။ :mrgreen:
    ခိုင်ထူးက ကိုယ်ပိုင်သံစဉ်တွေပဲ အမြဲဆိုတဲ့ အဆိုတော်ပါ။
    အဲဒီ ရွှေလည်တိုင် အခွေကလည်း ကိုယ်ပိုင်သံစဉ် ဆိုပြီး
    ကြော်ငြာခဲ့တဲ့ အခွေပါ။ ဖြစ်ချင်တော့ စီးရီးတိုင်တည် သီချင်း
    အဲဒီ ရွှေလည်တိုင် ဆိုတဲ့ သီချင်းက ကော်ပီသီချင်းဖြစ်နေတယ်ဗျာ။
    စီးရီးထွက်သွားတဲ့အထိ အဆိုတော်ခိုင်ထူးကိုယ်တိုင် မသိခဲ့ဘူးဗျ။
    နောက်မှ လူတွေက ပြောလာကြတော့မှ တေးရေးကို မေးရတော့တာပေါ့။
    တေးရေးကလည်း ရန်ကုန်နဲ့ မနီးတဲ့နေရာကဆိုတော့
    သီချင်းလေးကို ရေးပြီး တိပ်ခွေလေးထဲ ဂစ်တာလေးနဲ့ အသံအကြမ်းသွင်း
    စာသားလေးရေးပြီး ရန်ကုန်ကို ပို့လိုက်တာဆိုတော့
    ကော်ပီတေးဆိုတာ မပြောလိုက်မိဘူးတဲ့။
    အဲဒါကို ခိုင်ထူးကြီးက နားထောင်ပြီး ကြိုက်တော့
    အခွေထဲထည့်ဆိုလိုက်တာပေါ့ဗျာ။
    စီးရီးထွက်သွားပြီးတော့ မှ ရွှေလည်တိုင် ဆိုတဲ့ သီချင်းက
    ကော်ပီသီချင်းမှန်းသိကြတာ။
    ဆိုတော့ ဒါမျိုးကြီးတွေ ဖြစ်တတ်တယ် ဆိုတာလေး
    ဒီဘက်ခေတ်လူငယ်တွေ ကို ဗဟုသုတအဖြစ် ပြန်ပြောပြတာပါဗျာ။

    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • Mike

    August 21, 2015 at 11:19 am

    .က ျုပ်တို့ကေ ျာင်းသားဘွက အလွန်ကြိုက် အလွန်ခိုက်ခဲ့သောအဆိုတော်တစ်ယောက်ပေါ့
    .အသက်တောင်အတူတူလောက်ရှိမယ်မှတ်တယ်…
    .စစ်နဲ့ငြိမ်းချမ်းရေး သီချင်းကိုတော့ RASU က RC ထဲမှာဖျော်ဖြေတော့ .အရှင်လတ်လတ်နားထောင်ခဲ့ရပါသဗျာ
    .သူ့သီချင်းတွေကိုတော့ ဘယ်ဟာအကြိုက်ဆုံးလို့ပြောရခက်လောက်အောင် အားလုံးကြိုက်ခဲ့တာပါ
    .ပြောနေရင်း လွှမ်းမိုးကြီးလည်းသတိရသဗျာ…မောင်မယ်သစ်လွင်ကြိုဆိုပွဲတစ်ခုမှာ ♫♪♫ဆရာမ…ငယ်ငယ်က စိုးစိုး ဘဝနဲ့…..သောတဆင်နိုင်ဖို့ပါ♫♪♫..ဆိုသွားတာလေး :))

  • black chaw

    August 21, 2015 at 2:57 pm

    @ Mike ;
    ခိုင်ထူး က နည်းနည်းတောင်ကြီးမလား မသိဘူးဗျ…။
    ကျွန်တော် ကတော့ အားလုံး မကြိုက်ဘူးဗျ…။
    ခိုင်ထူး ရဲ့ အစပိုင်း စီးရီးစ် တွေမှာ ခွန်သန်းထွန်း စတိုင်တွေ
    လွှမ်းမိုးခံခဲ့ရဟန်တူပါတယ်…။
    နားထဲ သိတ်မဝင်တဲ့ သီချင်းတွေ အများကြီးရှိခဲ့တယ်ဗျ…။
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ ကိုမိုက်ရေ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • တောင်ပေါ်သား

    August 21, 2015 at 3:15 pm

    ခိုင်ထူးသီချင်းတွေကြိုက်တယ် ၊ လိုက်တော့ မဆိုနိူင်

    စာသားတွေပါ ရေးပေးလို့ ကျေးဇူး ကိုဘလက်

  • black chaw

    August 21, 2015 at 4:03 pm

    @ တောင်ပေါ်သား ;
    ကြိုက်တော့ ကြိုက်တယ် လိုက်တော့ မဆိုနိုင်ဘူးဆိုရင်
    ကာရာအိုကေ သွားရင် ကျွန်တော့် ကို ခေါ်ပါ…။
    ခိုင်ထူး ၃ ပုဒ် တွံတေးသိန်းတန် တစ်ပုဒ် နှုန်းလောက်ဆိုရင်
    လိုက်ပါတယ်…တွံတေး ကိုမျိုးသန့်ရေ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • တောင်ပေါ်သား

      August 21, 2015 at 4:34 pm

      လူဆိုး

      တွံတေးတို့ ကိုတင်လှိုင်တို့ သိပ်ကြိုက်ဗျာ

      အင်းးးးးးး ဆုံကြဦးမယ်လေ ပျော်ပျော်ပါးပါးပေါ့ 🙂

  • @QUIL@

    August 21, 2015 at 8:49 pm

    ရွှေလည်တိုင် က မူရင်းထက် ၉၈-၂၀၀ဝ လောက်မှာ အဲလက်စ် ပြန်ဆိုတဲ့ ဗားရှင်းကို ပိုကြိုက်မိတယ်
    (ဦးခိုင်ထူး ကို သွားစေ့ အံကြိတ်ပြီး ဆိုတတ်လို့ သိပ်မနှစ်သက်တာလည်းပါမယ်)

    ခေတ်နဲ့လည်း ဆိုင်မယ်ထင်တယ် … အရင်ခေတ်က ဒေသသံပါတဲ့ ဆောင့်တဲ့ ငေါက် တဲ့ အသံမျိုးတွေ ခေတ်စားတယ်ထင်ပါ့
    ဥပမာ… မပြေလည်စရာလေးတွေ ကို …. မပြေလည်စရာ လေ့ တွေ…. ဆိုပြီး နာနာကျင်ကျင် ဆောင့် ဆိုတာမျိုး ပေါ့…
    သည်ဘက်ခေတ်ကျတော့ မပြေလည်စရာ လေးးးး တွေ … ဆိုပြီး ဆွဲဆွဲငင်ငင် ဆွေးပြီး ဆိုတတ်တာ ခေတ်စားတယ်ပေါ့..

    နောက်ပြီး key ဗျ… ယောက်ျား tenor သံမှာ ဒီသီချင်းကို C Major ကနေ D Major တင်ဆိုသွားတဲ့ အဲလက်စ်ဗားရှင်းက
    လူငယ်တွေနဲ့ ပိုပြီး အာတွေ့ တာတော့အမှန်…။ သူဆိုခဲ့တာ အခုပြန်ရှာတော့ ရှာမတွေ့ဘူး…။
    သိတော်မူတဲ့အတိုင်း အနှီကာလက ခေတ်စားတဲ့ မြောက်များလှစွာသော ပြန်ဆိုတေး အတွဲခွေ တခွေခွေထဲကဖြစ်မပေါ့ဗျာ.

    (အာ ဆိုလို့ အာဂေါင်နီ ပြန်ဆိုတာ အနှီ အဲလက်စ် ဖရိမ်အတိုင်းဗျ)
    သူဆိုတာတော့ သိပ်မနှစ်သက်မိဘူး….။ အော်ရီဂျင်နယ်ကို တဆစ်ချိုး ပြောင်းပြီး ပြန်ဆိုသူရှိခဲ့ပြီး နောက် ၁ဝနှစ်လောက်
    ကြာပြီး သူ့အလှည့်မှာ ဒုတိယလူပုံစံ အတိုင်း လုပ်ချသွားလို့ပါ…။ ပြောစရာဆိုလို့ ပြီးခါနီး တနေရာမှာ band တခုလုံး
    fine ချပြီး vocal သံ သက်သက် လွှတ်လိုက်တဲ့ ဘားဝက်စာလောက်ပဲ ရှိရဲ့ – စကားချပ်

    Intro ကလည်း စကားပြောသဗျ … ဦးခိုင်ထူး version က power chord နင်းပြီး အဆိုတော်ကို အတီးဆြာက ကီးပြပေးသယောင် ခင်းထားတာ
    သည်ဘက်ခေတ် ပြန်တီးတော့ကျတော့ အပ္ပက်ဂျီယို ဆန်ဆန် melodic ဖြစ်သွားပြီ .. hollow guitar ကို ပလက်ကင် ထက် အလုံးနည်းနည်းပိုများထားတယ်
    ပဲ အလွယ် ပြောကြစို့ရဲ့…။ (တယောနဲ့ချွဲရင် ပိုလှမယ် ထင့်)

    အနှီ Intro ကို ဥကျောက်စ် ဆီကရတဲ့ ဟာမိုနီကာ နဲ့ မှုတ်မဟဲ့ ဆိုပြီး စမ်းတုန်း ဟိုတရုတ်မနဲ့ တွေ့တာပဲဗျို့…
    ဂီတာပေါ်မှာက ကြိုးက ၆ချောင်း လက်က ၄ချောင်း သာယာ သေးတယ်ဗျ (ဌာန်ကရိုဏ်းကျကျမကျကျ အသံထွက်အောင်တော့ လုပ်ရသေးတာ)
    ဟာမိုနီကာမှာကျတော့ ပါးစပ်က တပေါက်ထဲလေဗျာ… လုပ်လို့ရတာဆိုလို့ blow & draw ပဲရှိတယ်။
    blow & draw တလှည့်စီလောက် ဆိုရင် တော့ မထောင်းသာဘူးပေါ့…
    blow-blow-blow-draw တို့
    draw-blow-blow-blow-draw-draw တို့ ဆိုရင်တော့ မျက်စိပါပြာပြီ…
    ကြာကြာမှုတ်ရင် မျက်လုံးပြူးပြီး သွားပါခေါသွားမလား မဆိုနိုင်ဘု…။ (အင်ထရို မယ်လိုဒီ က အဲ့ဒါမျိုး)
    တော်သေးဘီ
    စိတ်နာတယ် ရွှေလည်တိုင်။

    • black chaw

      August 22, 2015 at 9:18 am

      @ @QUIL@ ;
      တွေ့ရ မြင်ရ ခဲတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ ညီလေးရေ…။
      အမှန်တော့ ကိုယ်တို့တောင် ခိုင်ထူး ခေတ် ကို မမှီမကမ်းလေး မှီလိုက်တာပါ…။
      ခိုင်ထူး ရဲ့ အထဋ် အထိပ် အချိန်က
      မကောင်းလည်းကိုယ် ကောင်းလည်းကိုယ် စီးရီးစ် ထွက်ချိန်လို့ ကိုယ်က ယူဆပါတယ်…။
      ချွေးတွေစိုစိုရွှဲနေတဲ့ တီရှပ်အဖြူကို ဝတ်၊ ဂစ်တာတီးနေတဲ့ ခိုင်ထူးရဲ့ ပုခုံးထက်မှာ
      အဖြူရောင်ချိုးငှက်ကလေး နားနေတဲ့ ပုံနဲ့ ဝေါရှိ ထွက်လာတော့
      အဲဒီ အချိန်က ကိုယ် ဆယ်တန်းကျောင်းသား ဘဝပေါ့…။
      ဓါတ်ပုံ ချယ်ရီဖေအောင် လက်ရာ လို့ ထင်ပါတယ်…။
      ကိုယ်တို့ အင်းမမြို့ကလေးမှာ တိတ်ခွေအငှားဆိုင်ဖွင့်တဲ့
      ကိုအေးနိုင် (ရွှေဂစ်တာ) ဆီက အဲဒီ ဝေါရှိ ကို ပြန်ဝယ်ပြီး
      အိမ် ဧည့်ခန်းထဲမှာ တခမ်းတနား ချိတ်ခဲ့ဖူးပါတယ်ဗျာ…။
      အဲဒီနောက်တော့ ခိုင်ထူး လည်ပင်းခွဲစိတ်ကုသလိုက်ရသေးတယ်လို့ ဖတ်ဖူးမှတ်ဖူးပါတယ်…။
      ရွှေလည်တိုင် စီးရီးစ် ထွက်လာတော့ ခိုင်ထူး ဆိုတဲ့ အရှိန်နဲ့
      အနည်းငယ် ဆက်လိမ့်နေသေးပေမယ့်
      နောက်ထွက်တဲ့ စီးရီးစ်တွေကျတော့ ငုတ်သွားတော့တာပါပဲ…။
      နောက်တစ်ခု က အဲဒီရွှေလည်တိုင် သီချင်း ကို
      Arrange လုပ်တဲ့ ဂီတမှူး (ပက်ထရစ် ထင်ပါရဲ့) ကိုယ်တိုင်က
      အော် ကို လုံးဝ နားမထောင်ဖူးလိုက်ဘူးဗျ…။
      ရွှေလည်တိုင် သီချင်းကို ကိုယ်ပိုင်သံစဉ် တစ်ခု အနေနဲ့
      Arrange လုပ်သွားတာ ဆိုတော့
      မတူကွဲပြားတဲ့ အရသာတစ်ခု ကို ခံစားရတာ အမြတ်ပေါ့ဗျာ…။
      ကိုယ်တို့တောင် မမှီမကမ်း ခိုင်ထူးကြီးကို
      မင်းတို့လို အရွယ်က ရင်းရင်းနှီးနှီးကြီး သိနားလည်နေတယ်ဆိုကတည်းက
      ကိုယ့်ညီ က နှန့်စပ်ပါပေတယ်လို့ ချီးကျူးချင်ပါတယ်ဗျာ…။
      ဒီလို စိတ်ဝင်တစား ဝင်ရောက်ဆွေးနွေးပေးတဲ့ အတွက်လည်း
      ညီလေး ကို အထူး ကျေးဇူး တင်ရှိပါတယ်ဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • Ma Ma

    August 21, 2015 at 9:07 pm

    ခိုင်ထူးကလည်း သူ့ခေတ်တစ်ခေတ်ထူထောင်နိုင်ခဲ့တဲ့ အဆိုရှင်ပေ့ါ။
    ခိုင်ထူးကို အမျိုးသားတွေ ပိုကြိုက်တယ်လို့ ပြောနိုင်မလား မသိဘူး။
    ကျမကတော့ စိုင်းထီးဆိုင်သီချင်းတွေကို ပိုကြိုက်တယ်။

    • black chaw

      August 22, 2015 at 9:34 am

      @ Ma Ma ;
      စိုင်းထီးဆိုင် ကို ကျွန်တော်လည်း ကြိုက်တယ်ဗျ…။
      တစ်မျိုးဆီပေါ့လေ…။
      ခိုင်ထူး နဲ့ ခေတ်ပြိုင် လို့ ပြောလို့ရမယ်ထင်ပါတယ်…။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ မမရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • မြစပဲရိုး

    August 21, 2015 at 9:59 pm

    မီးပျက်သွားချိန် Laptop ပိတ်ရတယ် ဆိုတော့
    “မဒမ်ဘလက်” ကို တီဗီ ပေးထားရတဲ့ သဘောပေါ့။
    တယ်ချစ်ဖို့ကောင်း။ :-))

    ခိုင်ထူးဆိုရင် “အဝေးဆုံး” သီချင်းဘဲ အရင်ကြားတယ်။
    အဉ္ဇလီအတွက်ဂီတဉ္ဇလီ ကိုတော့ အကြိုက်ဆုံးပါ။
    အဲဒီ နှစ်ပုဒ် ကို မဆိုခဲ့ဘူးပေါ့။
    (Sorry …
    အဉ္ဇလီအတွက်ဂီတဉ္ဇလီ က ခင်မောင်တိုး ဆိုတာကို။ အခုပြန် နားထောင်ပြီး မှ ပြန်သတိရသွားတယ်။ သီချင်းလေးများ အတွက် ကျေးဇူးပါ) :-))

    ခိုင်ထူး – အဝေးဆုံး

    https://www.youtube.com/watch?v=ekybkdkqg-Y

    • black chaw

      August 22, 2015 at 12:48 am

      @ မြစပဲရိုး ;
      အစ်မ လတ် ကွန်းမန် ့လေး
      အရင် ပြန် ပါရ စေ ဗျာ။
      ဒီပို ့စ်က
      ခိုင် ထူးနဲ ့ အပြိုင် Live ရေးထားတဲ့
      ပို ့စ်ပါ အစ်မ ရေ။
      ရှိုးကြည့် ရင်း တစ်ပြိုင် တည်း
      ပို ့စ် ရေး။
      ရှိုးပြီးတော့ ပို ့စ် ပြီး။
      သီချင်းစာသားတွေက တော့
      ပြီးမှ ပြန် ရိုက်တာရိုက်
      ကော်ပီကူးတာကူး ပေါ့။
      ခိုင် ထူးက အဉ္ဇလီ ပဲ ဆိုခဲ့တာခဗျ။
      ခင် မောင် တိုး ကြီး က
      အဉ္ဇလီ အတွက် ဂီတဉ္ဇလီ ဆိုတာ ခဗျ။
      နောက်ပိုင်းမှာ ကိုမောင်မောင် က
      ခိုင် ထူး ကို သီချင်း မ ပေးတော့ဘူး။
      ခင် မောင် တိုး က ကိုမောင်မောင် သီချင်း
      အ တော်များများ ဆိုခွင့် ရလိုက်တာ
      ကံကောင်းပါတယ်။
      အဉ္ဇလီ ကို မီးပျက်နေချိန်ဆိုသွားလား မသိ။
      ကွန်းမန် ့လေးတွေ အတွက်
      ကျေးဇူးပါ အစ်မ ရေ။
      ပွိုင့် တစ်သိန်း ပြည့် အောင်
      ဖြတ်သန်းခဲ့ရတဲ့ ခရီးရှည်ကြီး အတွက်လည်း
      ဂုဏ်ယူပါတယ် ခဗျာ။
      ချစ်ခင် လေးစားတဲ့
      ဘလက်ချော…။

  • ဦးဦးပါလေရာ

    August 21, 2015 at 10:05 pm

    ခိုင်ထူးဆိုလို့ အပြေးအလွှားဝင်လာတာ..
    ..
    တက္ကသိုလ်စရောက်တော့ အာစီတူးက အီကိုဆောင်နောက် စားသောက်တန်းမှာလဲ တနေကုန်ခိုင်ထူး..
    ဘီအီးဒီကင်တင်းမှာလဲ တနေကုန်ခိုင်ထူး..
    ညဦးပိုင်းရောက်လို့ အဆောင်တွေရှေ့မှာလဲ ခိုင်ထူးမှခိုင်ထူး …
    တကယ့်ခိုင်ထူးခေတ်မှာ ကျောင်းတက်ခဲ့ရတာပါ…
    ..
    စကားမစပ်…
    စပျစ်ရည်ချိုနောက်က မေ့မျက်ရည် သီချင်းစာသားလေးအတွက် ကျေးဇူးပါကိုချောရေ..

    • black chaw

      August 22, 2015 at 9:39 am

      @ ဦးဦးပါလေရာ ;
      သူကြီးပြောသလို ပြောရမယ်ဆိုရင်တော့
      ဒီပို့စ်တင်ရတာ တန်သွားပြီပေါ့ဗျာ…။
      ကိုပါကြီး ကွန်းမန့်ကို ဖတ်ခွင့်ရလိုက်လို့ပါ…။
      ဟုတ်တာပေါ့…။
      ကိုပါကြီးတို့ မှ တကယ့် ခိုင်ထူးခေတ်ကို ဖြတ်သန်းခဲ့ရမှာပါ…။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးအထူး ပါ ကိုပါကြီးရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • မြစပဲရိုး

    August 21, 2015 at 10:22 pm

    အဉ္ဇလီ နှင့် အဉ္ဇလီအတွက်ဂီတဉ္ဇလီ – ခိုင်ထူး :ခင်မောင်တိုး (၁၉၈၀)

    https://www.youtube.com/watch?v=ofPFRs7faAo

  • အောင် မိုးသူ

    August 22, 2015 at 9:05 am

    ကိုခိုင်ထူး ဆိုပေါက်ကို သိပ်မနှစ်သက်ပေမယ့် သူ့သီချင်းတွေကိုတော့ ကြိုက်မိတယ်။ ခုတင်ပြထားတဲ့ သီချင်းတွေထဲက တော်တော်များများကိုလည်း သိတယ်။ ကောင်းကောင်းလည်းဆိုတတ်တယ် ဟိဟိ။

    • black chaw

      August 22, 2015 at 9:45 am

      @ အောင်မိုးသူ ;
      စိတ်ဝင်စားသွားပြီ…။
      သီချင်းတွေကို သိလည်း သိတယ်…။
      ကောင်းကောင်းလည်း ဆိုတတ်တယ် ဆိုလိုု့…။
      ကြုံရင် နားထောင်ချင်ပါသေးတယ် ညီ ရေ…။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါဗာျ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • nozomi

    August 22, 2015 at 9:36 pm

    စစ်ကိုင်းလမ်း အပြီးမှာတော့ ဂျေမောင်မောင် ရဲ့ ဆို ကို ဆိုပါတယ်။
    ဟိုတုန်းက ခိုင်ထူး အစစ်ကြီးကို ပြန်ရလိုက်တယ် လို့ ခံစားရအောင်ကို အော်သွားနိုင်ပါတယ်ဗျာ။ လို့ ကိုချောက ပြောတယ်

    ဒီပို့စ် ဖတ်ပြီးချိန်မှာတော့ ကျနော်တို့ ချစ်ခင် သဘောကျတဲ့ ကိုချော အစစ်ကို ပြန်တွေ့ရတယ်လို့ ခံစားမိပါတယ်

    စကားမစပ် ကျနော်လဲ မင်းလောက် ကိုယ့်ပေါ် ဘယ်သူမှမကောင်းဘူး လို့ အသံပြဲကြီးနဲ့ ဆိုခဲ့ဘူးတဲ့ ခိုင်ထူး ပရိတ်သတ်တစ်ယောက်ပါ

  • black chaw

    August 23, 2015 at 8:05 am

    @ nozomi ;
    တန်သွားပြီ။
    ဒီပို့စ်ကို တင်ရတာ တန်သွားပြီဗျာ။
    မြင်တွေ့ရခဲတဲ့ ကိုပါကြီးရယ် မောင်ဂီ ရယ်
    ကိုနိုကြီးရယ် ကွန်းမန့်ဝင်ရေးသွားလို့
    တန်သွားတာပါဗျာ။
    ခိုင်ထူးအစစ်ကြီးကို ပြန်ရလိုက်တယ်လို့ ကျွန်တော်က ခံစားတယ်။
    ဘလက်ချော အစစ်ကို ပြန်တွေ့ရတယ်လို့ ကိုနို က ခံစားတယ်။
    ကျွန်တော်ကလည်း ကိုနို အစစ်ကြီးကို ပြန်ရလိုက်သလို ခံစားရပါတယ်ဗျာ။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • @QUIL@

      August 23, 2015 at 4:34 pm

      ဆက်ဆက်တော့ ရောက်အောင်လာမယ်လေ…
      ဆိုတဲ့ စာသားကို ကြိုက်တာမလား…???

    • black chaw

      August 23, 2015 at 7:17 pm

      @ Alinsett @ Maung Thura ;
      အေးအေးလေး…၊
      ငြိမ့်ငြိမ့်လေး…၊
      စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာ…လို့…။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာကျေးဇူး ပါညီလေးရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • aye.kk

    August 23, 2015 at 8:20 pm

    ခိုင်ထူးသီချင်းမှန်သမျှ
    အသဲစွဲတဲ့တူလေးကြောင့်
    ခိုင်ထူးသီချင်းကိုသေသေချာနားထောင်
    ခံးစားကြည့်မှခံစားရင်းနှစ်သက်မိခဲ့တယ်။
    ငယ်စဉ်ကတော့အထူးသဖြင့်ပြောပြချင်မိတဲ့
    အဆိုတော်ဝင်းဦး၊ဇော်ဝမ်း၊လားရှိုးသိန်းအောင်
    မြန်မာပြည်သိန်းတန်၊ကံ့ကော်တောမျိုးအောင်သီချင်းတွေနဲ ့နားယဉ်ကြီး
    ပြင်းလာခဲ့တယ်၊ဆယ်ကျော်သက်မှာစိုင်းထီးဆိုင်သီချင်း
    တွေကိုခံစားနှစ်သက်လာမိပြန်ပါတယ်။
    အသက်သုံးဆယ်ဝန်းကျင်ရောက်လာတော့ချစ်ကေါင်းဆိုတဲ့သီချင်း
    နှစ်သက်မိပါတယ်။နောက်ဆုံးနှစ်သက်မိတဲ့
    အဆိုတော်အနေနဲ ့ပေါ့နော်။တူလေးနားထောင်နေကျ
    ခိုင်ထူးသီချင်းကိုလိုက်နားထောင်ကြည့်ရာကနေ၊ခံစားနှစ်သက်မိပါတယ်။။

    • black chaw

      August 23, 2015 at 9:43 pm

      @ aye.kk ;
      မိုနို တွေနဲ့ ကြီးပြင်းလာခဲ့ရတယ်ပေါ့…။
      ချစ်ကောင်း က လည်း ခေသူမဟုတ်ပါဘူး အစ်မရယ်…။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ ခင်ဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • လုံမလေးမွန်မွန်

    September 2, 2015 at 12:23 pm

    ဟီး.. ခိုင်ထူးဆိုရင်လေ… ဟိုသီချင်းပဲ သိတာ…

    တို့.. တို့.. တို့တတွေ အမြဲသတိရှိကြမယ်… တို့… တို့… တို့တတွေ သမိုင်းပေး ညီအစ်ကိုများ..
    :k:

    • black chaw

      September 4, 2015 at 9:09 am

      @ လုံမလေး မွန်မွန် ;
      အေးပေါ့…အေးပေါ့…။
      ညီးတို့က ငယ်သေးတယ်ဆိုတော့ ခိုင်ထူးခေတ်ကို မမီလိုက်ဘူးပေါ့။
      ဟိုတုန်းက စတိတ်ရှိုးတွေက အခုလို အဆိုတော် သုံး လေး ယောက် နဲ့
      လုပ်တာမျိုး မဟုတ်ဘူး။
      ရှိသမျှ အဆိုတော် အကုန်ပါခဲ့ကြတာ။
      တစ်ယောက်ကို သုံး လေး ပုဒ်ထက်ပို မဆိုကြဘူး။
      တချို့ နာမည်မရှိတဲ့ အဆိုတော်တွေဆို တစ်ပုဒ် သို့မဟုတ် နှစ်ပုဒ်ပဲ ဆိုကြရတာ။
      အဲဒီလိုပွဲတွေမှာ နောက်ဆုံးပွဲသိမ်းကို ခိုင်ထူး ပဲ ဆိုရတာ။
      အဲဒါတွေ ကြုံရင် ပြန်ပြောပြပါဦးမယ်အေ။
      ညီးပြောတဲ့ သီချင်းက မြသန်းစံ ရေးတဲ့ ပေါ်လစီ သီချင်းပါဗျာ။
      အဲဒီ သီချင်း ဆိုချိန်က ခိုင်ထူး ခေတ်ကုန်နေပြီအေ့။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါဗျာ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • kai

    September 2, 2015 at 3:10 pm

    ခင်မောင်တိုးယူအက်စ်လာဆိုတော့.. စပွန်စာက.. ဆရာဝန်..။
    ဆိုတော့.. ရောက်တာနဲ့ ထုံးစံအတိုင်းဆေးစစ်လိုက်တာ.. အသည်းရောဂါ တန်းပေါ်လာတာပဲ..။

    အဲဒီနောက်.. တနိုင်ငံလုံးလှည့်ဆိုပြီး.. နောက်ဆုံးအယ်လ်အေကို.. ခင်မောင်တိုးတို့ရောက်လာတယ်..။
    ဘယ်ကဘယ်လိုဖြစ်တယ်မသိ…။ ရုံကြီးရုံကောင်းမှာမဆိုလိုက်ရပဲ.. မြန်မာစာသင်တန်း..။ ပင်ပေါင်ရိုက်တာတွေလုပ်နေကျ.. ဟောခန်းလေးတခုမှာ.. ခင်မောင်တိုးဆိုခဲ့တယ်..။
    အဲဒီနောက်… ပြန်သွားပြီး.. ကုရင်း..ကုရင်း.. ဆုံးသွားတာပါပဲ..။
    အမှတ်မမှားရင်.. အယ်လ်အေမှာသူဆိုသွားတာ.. နောက်ဆုံးပဲ…။

    ပြောချင်တာက…
    ခိုင်ထူးကတော့.. ကျုပ်မှီတဲ့ခေတ်ထဲ… ကျန်နေသေးတဲ့.. ကြိုက်တဲ့အဆိုတော်တယောက်…။
    သူအယ်လ်အေလာတော့..အသည်းကင်ဆာနဲ့ မေမေဆုံးထားတာ.. ရက်ပိုင်း..။
    ဖေဖေကလည်း.. အယ်လ်အေမှာရှိနေတာမို့.. စိတ်ပြေလက်ပြောက်ဖြစ်အောင်.. ဖေဖေ့ပါခေါ်ပြီးပွဲသွားကြည့်တယ်..။
    ဘာတွေဘယ်လိုဆိုတယ်.. သိပ်မခံစားလိုက်ရ…။

    အင်း..
    ခိုင်ထူး.. အမှတ်ရယ်… တရ…။

  • black chaw

    September 4, 2015 at 9:13 am

    @ kai ;
    သူကြီးအမေ အတွက် စိတ်မကောင်းပါဘူးဗျာ။
    မှတ်မိတယ်။
    ခင်မောင်တိုး ကို ခေါ်ဖို့ သူကြီးချိတ်တော့
    ကျွန်တော် ခင်မောင်တိုးကြီး ဖုန်းနံပတ် ပေးလိုက်တာကို။
    အဲဒီဖုန်းနံပတ်ကို Jမောင်မောင် ကြီး ဆီက တောင်းလိုက်တာဗျ။
    ဖုန်းနံပတ်ရတော့ ကိုတိုးကြီးကို လှမ်းဆက်လိုက်တယ်။
    အမေရိကားက ကိုတိုးကြီးကို ပွဲလုပ်ဖို့ ချိတ်ချင်နေတယ်
    အဲဒါ ဖုန်းနံပတ် ပေးလိုက်မယ် လို့ ခွင့်တောင်းတယ်။
    သူကလည်း ဟာ ပေးလိုက်ပါ ရပါတယ်ဗျာ လို့ ပြန်ပြောတယ်။
    အဲဒါ ကိုတိုးကြီးနဲ့ တစ်ခါတည်းသော စကားပြောဖူး ခြင်းပါပဲ။
    ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် လေးတွေပေါ့ဗျာ။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • uncle gyi

    May 11, 2016 at 1:36 pm

    ခိုင်ထူးသီးခ ျင်းအတော်မ ျားမ ျားကြိုက်တယ်
    အကုန်တော့မကြိုက်ဖူး
    သို့တရံတခါဆီကိုအကြိုက်ဆုံးပဲ

  • black chaw

    May 11, 2016 at 2:08 pm

    @ uncle gyi ;
    သို့တရံခါဆီ ကို ကျွန်တော်လည်း ကြိုက်ပါတယ် ခင်ဗျာ။
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ အန်ကယ်ကြီးရေ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

Leave a Reply